ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး လက်ရှိအချိန်တွင်လည်း စစ်ရေးအခြေအနေ တင်းမာလျက် ရှိနေသည်။ တိုက်ပွဲများကြောင့် ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင် ရခိုင်စစ်ပြေး ဒုက္ခသည် ၁၇၀၀ ခန့် ရှိနေသည်။
ရခိုင်တကျော့ပြန် တိုက်ပွဲများနှင့် ပတ်သက်ပြီး နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် လွှတ်တော်တွင်လည်း တိုက်ပွဲများ ရပ်တန့်ရေးအတွက် လွှတ်တော်အမတ်များက အဆိုတင်သွင်းကြသော်လည်း ကာကွယ်ရေး ဝန်ကြီးချုပ်က ကန့်ကွက် ပြောဆိုခဲ့မှုကြောင့် အောင်မြင်မှုမရှိခဲ့ပေ။ ကာကွယ်ရေးဝန်ကြီးချုပ်က AA အဖွဲ့ကသာ လက်နက်စွန့်ရမည် ဖြစ်ကြောင်းနှင့် ဒီမိုကရေစီကို ဆန့်ကျင်နေသည်ဟု လွှတ်တော်၌ ပြန်လည် ပြောဆိုသွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း မည်သည့် ရည်ရွယ်ချက်ကြောင့် တိုက်ပွဲများဖြစ်ပွားနေပုံ၊ ရခိုင်ပြည်နယ်ရှိ စစ်ရေး အခြေအနေများ၊ ငြိမ်းချမ်းရေး အလားအလာတို့နှင့် ပတ်သက်ပြီး AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ရခိုင်ပြည်နယ်မှာ စစ်ရေးအခြေအနေ ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ စစ်ရေးအခြေအနေက အတော်လေး တင်းမာနေတယ်။ တိုက်ပွဲတွေက အခုရက်ပိုင်းတော့ မရှိဘူး။ ဒါပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ဆင်ရေးတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် အချိန်မရွေး တိုက်ပွဲတွေ ပြန်ပြီးဖြစ်နိုင်တဲ့ အနေအထားပါပဲ။
မေး။ ။ တကျော့ပြန်တိုက်ပွဲမှာ AA က တပ်မတော်ကို စတင် ပစ်ခတ်ခဲ့တယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ စတင် ပစ်ခတ်တယ်ဆိုတာတော့ ဟုတ်တယ်။ စတင်ပြီး ရန်လိုတဲ့အလုပ်ကို လုပ်တာကတော့ ကျနော်တို့ မဟုတ်ဘူး။ ကျနော်တို့ တပ်စခန်းတွေ ရှိတဲ့နေရာကို တပ်မ ၃ ခုနဲ့ စစ်ဆင်ရေး ထိုးလာတယ်။ စကခ ၅၊ ၁၅၊ ၉ နောက် စစ်တွေ ဒကစ လက်အောက်ခံတပ်ရင်းတွေ အကုန်ပါတယ်။ အဲဒီတော့ တကြောင်းနဲ့ မတိုးရင် တကြောင်းနဲ့ တိုးတော့မှာပဲ။ တပ်မအင်အားတွေနဲ့ အလုံးအရင်းထိုးလာတော့ ကျနော်တို့နေတဲ့ နေရာဆိုတော့ ကျနော်တို့ အရင်မြင်တာပေါ့။ အရင်မြင်တော့ စပစ်ရတာပေါ့။ တကယ်တမ်း စစ်ဆင်ရေးလုပ်လာတာက တပ်မတော်က လုပ်လာတာပါ။
မေး။ ။ တိုက်ပွဲမှာ ဖက်ဒရယ်တပ်မတော်က AA ကို လာကူတယ်လို့ သိရတယ်။ သူတို့က ဘာ့ကြောင့် ရခိုင်တိုက်ပွဲမှာ ပါလာရတာပါလဲ။ AAရဲ့ မဟာမိတ်တွေကရော ဘယ်သူတွေလဲ။
ဖြေ။ ။ ကျနော်တို့ မဟာမိတ် မိတ်ဆွေများတယ်။ ကချင်ပြည်မှာရော၊ တအာင်းရော၊ ကရင်ရော၊ DKBA မှာရော၊ ကျနော်တို့ နှစ်ပေါင်းများစွာ မဟာမိတ်တွေ ရှိပါတယ်။ ဒေသအလိုက် ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ ဒီမှာ ဘယ်အဖွဲက ပါဝင်တိုက်တယ် ဆိုတာကတော့ အတိအကျ မှတ်ချက် မပေးလိုပါဘူး။ အဓိကကတော့ ရကိ္ခုင့်တပ်မတော်ကပဲ လှုပ်ရှားတာပါ။
မေး။ ။ ဒီနှစ်ပိုင်းတွေထဲ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်။ AA ရဲ့ စစ်ရေးရည်မှန်းချက်က ဘာလဲ။
ဖြေ။ ။ စစ်ရေးရည်မှန်းချက်က ကျနော်တို့ပုံမှန် တပ်မတော်တခုရဲ့ တာဝန်ဝတ္တရားကို ထမ်းဆောင်ဖို့ပဲ။ ရခိုင် ပြည်နယ် လုံခြုံရေး၊ ရခိုင်ပြည်သူလူထုကို ကာကွယ်ရေးပေါ့။ ဒါကတော့ ကျနော်တို့ရဲ့ တာဝန်ပဲ ။ တပ်မတော်တိုင်းက ဒီတာဝန်ကို ထမ်းဆောင်နေတာပါပဲ။ ဒါ့ကြောင့် စစ်ရေးရည်မှန်းချက်က ရခိုင်ပြည်မှာ ရကိ္ခုင့်တပ်မတော်က ရှိကိုရှိရမယ်ဆိုတာ နံပါတ် (၁) တခုပဲ။ နောက်တခုက တခြားတပ်မတော်များ နည်းတူပဲ ကျနော်တို့ တိုက်ပွဲဝင်မယ်။ ကျွန်ပြုနေတာကို တော်လှန်မယ်။
မေး။ ။ ရခိုင်တိုင်းရင်းသား ပြည်သူတွေရဲ့ အနာဂတ်မျှော်လင့်ချက်က AA နဲ့ရော တထပ်တည်းကျမယ်လို့ ယူဆပါလား။
ဖြေ။ ။ လုံး၀ ယုံကြည်ပါတယ်။ ဒါ့ကြောင့်မို့လို့လည်း ရခိုင်လူထုရဲ့ ထောက်ခံချက်တွေ လူထုနဲ့ လက်တွဲထား နိုင်တာပါ။ ကျနော်တို့ ကြိုးစားလာတာ ၇ နှစ် ရှိပါပြီ။ ဒီမတိုင်ခင်ကတည်းက ကျနော်တို့ရှေ့က မျိုးဆက်တွေက ကြိုးစားခဲ့တယ်။ ဒါ သမိုင်းပေးတာဝန်နဲ့ ရခိုင်လူမျိုးများရဲ့ လျှောက်လှမ်းရာ လမ်းကြောင်း ဖြစ်ပါတယ်။ ထပ်တူကျပါတယ်။ လူထုရဲ့ လိုအပ်ချက်တွေကိုပဲ ကျနော်တို့က ရပ်တည်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ အကျိုးကို မကြည့်ပါဘူး။ လူထုအကျိုးကိုပဲ ကြည့်ပါတယ်။
မေး။ ။ လက်ရှိမှာ တိုက်ပွဲတွေကြောင့် ရခိုင်တိုင်းရင်းသား ပြည်သူတွေ ထောင်နဲ့ချီပြီး စစ်ရှောင်နေရတယ်။ အဲဒီတော့ AA အနေနဲ့ ပြည်သူတွေနဲ့ရော လက်ရှိဆက်ဆံရေး ဘယ်လိုအခြေအနေ ရှိပါလဲ။
ဖြေ။ ။ ရခိုင်လူထုက ရက္ခိုင့်တပ်မတော်ကို ဘယ်လောက်ပဲ ဒုက္ခဖြစ်ဖြစ် လက်ခံတယ်။ ရခိုင်လူထုက ရက္ခိုင့်တပ်မတော်ကို လုံး၀ ကြိုဆိုတယ်။ ထောက်ခံတယ်။ ဒါက နေ့တိုင်းမြင်နေရတဲ့ မြင်ကွင်းပဲ။ တိုက်ပွဲတခု ဖြစ်လာပြီဆိုရင် စစ်ရဲ့အနိဋ္ဌာရုံတွေကတော့ ရှောင်လွဲလို့မရပါဘူး။ စစ်ပြေးဒုက္ခသည်က ရှိလာမှာပဲ။ အဲဒါကို လူမှုအခြေပြု အဖွဲ့အစည်းတွေက နိုင်ရာတာဝန်ကို ယူကြမယ်။
ကျနော်တို့အနေနဲ့က အရပ်ဘက်ဝင်ပြီး နိုင်ငံရေး ဦးဆောင်မှုလုပ်တဲ့ ကျနော်တို့ရဲ့ ULA (ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်) က စစ်ပြေးဒုက္ခသည်ဆိုင်ရာ ကိစ္စတွေနဲ့ စစ်ဒေသတွေမှာ အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်။
မေး။ ။ AA ကို ရခိုင်လူထုက ထောက်ခံတယ်လို့ ပြောတာက AA အနေနဲ့ ပြည်သူတွေ ပူးပေါင်းမှုရအောင် စည်းရုံးထားတာပါလား။
ဖြေ။ ။ ဒါကတော့ တကူးတက စည်းရုံးစရာ မလိုပါဘူး။ ရခိုင်လူမျိုးတွေနဲ့ နှစ်ပေါင်းများစွာ အခွင့်အရေးတွေ ဆုံးရှုံးမှု၊ အမျိုးသားအရေး နစ်နာမှုတွေအတွက် ရခိုင်လူထုတရပ်လုံးက ကြိုဆိုထောက်ခံတာ ဖြစ်တယ်။ ရခိုင်လူမျိုးတွေ တမျိုးသားလုံး လိုအပ်ချက်တွေ ဆန္ဒတွေနဲ့အညီ ကျနော်တို့ အလုပ်လုပ်တယ်။ ရက္ခိတလမ်းစဉ် ပေါ့နော်။ ရခိုင်လူမျိုးတွေ လျှောက်လှမ်းမယ့် လမ်းစဉ်ဆိုတာ ချမှတ်ထားတာရှိတယ်။
ရခိုင့်လူ့ဘောင်ကို ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်မယ်။ ကျနော်တို့ရဲ့ ချိုးနှိမ်ထားခံရတဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည် တည်ဆောက်မယ်။ ရခိုင်တွေ ဒုက္ခရောက်နေတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ နိုင်ငံရေးအရလည်း အဖြေရှာမရတဲ့ အချိန်မှာ ရကိ္ခုင့်တပ်မတော်ကို ရခိုင်လူထုက ထောက်ခံတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။
မေး။ ။ အခုရက်ပိုင်းထဲမှာ နိုင်ငံတော် အတိုင်ခံပုဂ္ဂိုလ်က ခေတ်သစ် ပင်လုံညီလာခံလုပ်ဖို့ ထပ်မံပြောလာတယ်။ AA အနေနဲ့ ဘယ်လိုပုံစံနဲ့ တက်ရောက်ဖို့ မျှော်လင့်ထားပါလဲ။ နိုင်ငံရေးရည်မှန်းချက် ဘာတွေထားရှိထားပါလဲ။
ဖြေ။ ။ ကောင်းမွန်တဲ့ နိုင်ငံရေးအားလုံးကို ကျနော်တို့ ကြိုဆိုပါတယ်။ လက်တွေ့မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ပြီး ဆောင်ရွက်ရပါလိမ့်မယ်။ နဂိုကတည်းက ပြည်သူ့အစိုးရကို အပြုသဘောနဲ့ ကြိုဆိုနေတယ်။ ကျနော်တို့ ဒီအစိုးရကို မတက်ခင်ကတည်းက မျှော်လင့်ချက်တွေ ထားတယ်။ အစိုးရနဲ့ နိုင်ငံရေးအရ ပြဿနာတွေကို ဖြေရှင်းဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်။
နိုင်ငံရေး ရည်မှန်းချက်ကတော့ ကျနော်တို့ ရခိုင်ကံကြမ္မာကို ကျနော်တို့ရခိုင် ဖန်တီးနိုင်ရမယ်။ ကျနော်တို့ လူမျိုး တွေရဲ့ ကံကြမ္မာကို ကိုယ်ပိုင် ပြဌာန်းချက်တွေနဲ့ပဲ ရှေ့ဆက်မယ်။ သူများ ပြဌာန်းပေးထားတာတွေနဲ့ပဲ လုပ်လို့မရဘူး။ ကျနော်တို့လူမျိုးရဲ့ ကံကြမ္မာကို လွတ်လပ်စွာဖန်တီးနိုင်မယ့် လူ့ဘောင်တခုဖြစ်အောင် ကျနော်တို့ ကြိုးစား တည်ထောင်သွားမယ်။
မေး။ ။ မေလ ၄ ရက်က ပြည်သူ့လွှတ်တော်မှာ တပ်မတော်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး စိန်ဝင်းက AA က အစိုးရကို မကျေနပ်လို့ ဒီမိုကရေစီကို ဆန့်ကျင်ဖို့ တိုက်ခိုက်နေတယ်လို့ ပြောတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တိုက်ပွဲတွေရပ်ပြီး AA ကို နိုင်ငံရေးဆွေးနွေးဖို့ ခေါ်ဖို့ပြောတဲ့ အဆိုလည်း တပ်မတော်က ပယ်ချလို့ မအောင်မြင်ခဲ့ဘူး။ အဲဒီအပေါ်ရော ဘယ်လိုသဘောထားရှိပါလဲ။
ဖြေ။ ။ မေလ ၄ ရက်က လွှတ်တော်မှာ အဆုံးအဖြတ်နဲ့ ဖြစ်ပျက်ခဲ့တဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် ဒါက တိုင်းရင်းသား ပြည်သူတွေအတွက်၊ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မေးခွန်းတွေရော၊ ပဟေဠိတွေရော၊ သံသယ ဖြစ်စရာတွေရော တွေ့ရတယ်ဗျ။ ကျနော်တို့က ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ထားတဲ့ ပြည်သူ့အစိုးရကို အမြဲတမ်း ကြိုဆိုတယ်။ နိုင်ငံရေးအရ အဖြေရှာဖို့လည်း အမြဲတမ်း အဆင်သင့်လုပ်ထားတယ်။ အဲဒါက အမှန်တရားပဲ။
တိုက်ပွဲဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နဂိုတည်းက သူတို့က ရက္ခိုင့်တပ်မတော်ကို အငြိုးထားပြီးတော့မှ အမြစ်ပြတ် ချေမှုန်းမယ်လည်း ပြောထားတယ်။ သူတို့က စစ်ဆင်ရေးတွေ လုပ်လာတော့ စောစောက ပြောတဲ့အတိုင်း ကျနော်တို့လည်း ခုခံရမှာပဲ။ လူထုရဲ့ဆန္ဒကို လူထုရဲ့ ကိုယ်စားလှယ်က တင်ပြတယ်။ အဲဒါကို လွှတ်တော်မှာ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ကိစ္စကို ကန့်ကွက်လိုက်တယ်။ ငြိမ်းချမ်းရေးကို ကန့်ကွက်တယ်ဆိုတာ့ ဘယ်သူက စစ်လိုလားတယ်ဆိုတာ မြင်သာပါတယ်။
စစ်ကို ဖန်တီးခြင်းအားဖြင့် အစိုးရအတွက် အကျပ်အတည်းတွေ ဖန်တီးတာ ဖြစ်ပါတယ်။ ကျနော်တို့က နိုင်ငံရေးအရ အဖြေရှာဖို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အဖြေရှာနေတဲ့အစိုးရကို ကျနော်တို့က အနှောင့်အယှက် ပေးစရာ ဘာမှမရှိပါဘူး။ ဒါ့ကြောင့် နိုင်ငံရေးအခက်အခဲ ပေါ်ပေါက်လာအောင် ဖန်တီးတဲ့အုပ်စုက ဘယ်အုပ်စု ဖြစ်နိုင်လဲဆိုတာကို ဦးနှောက်တခြမ်းပဲ ရှိတဲ့သူလည်း တွေးတတ်ပါတယ်။
မေး။ ။ တပ်မတော်ဘက်က ပြောလာတဲ့အထဲမှာ AA စစ်ဦးစီးချုပ်ရဲ့ ဆွေမျိုးတော်စပ်သူတွေက အစိုးရယန္တရားမှာ ပါဝင်နေပြီမို့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ဖို့လည်းပါတယ်။ နောက်ပြီးအပြင်မှာ ပြောဆိုနေကြတာတွေကိုလည်း ရှင်းပြပေးပါ။
ဖြေ။ ။ အမျိုးသားရေး ယုံကြည်ချက်၊ နိုင်ငံရေး ယုံကြည်ချက်ဆိုတာ ဆွေမျိုးတော်စပ်မှုနဲ့ ဘာမှ မဆက်စပ်ပါဘူး။ ဆွေမျိုးကဆွေမျိုး ဖြစ်တယ်။ အမျိုးသားရေး နိုင်ငံရေးယုံကြည်ချက် ခံယူချက်တွေက သတ်သတ်ဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်အတွက် လိုအပ်လို့ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ ဆွေမျိုးတော်စပ်တယ်၊ မတော်စပ်တယ်ဆိုတာ ဘာမှ ဆက်စပ်မှု မရှိပါဘူး။ နိုင်ငံရေးကိစ္စက နိုင်ငံရေးကိစ္စပဲ ဖြစ်တယ်။ ဒီကိစ္စတွေကို စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အတွေးအခေါ် ခံယူချက်နဲ့ ယုံကြည်ချက်တွေကတော့ အမျိုးသားရေး အကျိုးစီးပွားကိုပဲ ဦးထိပ်ထားပါတယ်။
မေး။ ။ တပ်မတော်နဲ့ တပ်ပိုင် သတင်းဌာနတွေမှာ AA ကို သောင်းကျန်းသူလို့ပဲ သုံးတယ်။ တိုင်းရင်းသား တပ်ဖွဲ့တခု အနေနဲ့လည်း အသိအမှတ်မပြုဘူး။ ဒီအပေါ်ရော ဘယ်လိုမှတ်ချက်ပေးချင်ပါလဲ။
ဖြေ။ ။ တပ်မတော်ဆိုတဲ့ စကားလုံးက ရခိုင်အဘိဓာန်ထဲက ဖြစ်တယ်။ တပ်ဆိုတာ ကျနော်တို့မှာ ခြံစည်းရိုးကို တပ်ခြံစည်းရိုးလို့ ခေါ်တယ်။ ကျနော်တို့ရဲ့ မူပိုင်အဘိဓာန်ဖြစ်လို့ ကျနော်တို့ နာမည်ကို သုံးစွဲတာဖြစ်တယ်။ ဘယ်သူ့ဆီကမှ ငှားရမ်းသုံးစွဲတာလည်း မဟုတ်ဘူး။ ကျနော်တို့မှာ နိုင်ငံရေးခံယူချက် အမျိုးသားရေး ခံယူချက်တွေနဲ့ ရပ်တည်ပြီး အလုပ်လုပ်နေတာဖြစ်တယ်။ ဘယ်သူက ဘယ်လိုပဲခေါ်ခေါ် ရပ်တည်ချက်အတိုင်း လုပ်ဆောင်စရာရှိတာ လုပ်မှာဖြစ်တယ်။ နိုင်ငံရေးအရလည်း စည်းကမ်းတကျနဲ့ ကျနော်တို့ ဆက်လက် ကြိုးစားသွားဖို့ပဲ ရှိပါတယ်။ အဲဒါက ကျနော်တို့ကို လိုလားတဲ့သူကတော့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုမှာပေါ့လေ။ အဲဒါကို အငြင်းပွားစရာ မလိုပါဘူး။ ခိုင်မာသောယုံကြည်ချက်နဲ့ ဆက်လုပ်သွားမှာပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးစီးမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်ရော ကြိုတင်ပြင်ဆင်ထားတာတွေ ရှိပြီလား။ ဘာတွေလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ပြင်ဆင်သင့်သလောက်တော့ ပြင်ဆင်ထားတယ်။ စဉ်းစားသင့်သလောက်လည်း စဉ်းစားထားတယ်။ ကျနော်တို့ တဖက်မှာလည်း ဒီကိစ္စမှာ ပြောတဲ့အတိုင်း လွယ်လွယ်နဲ့ အောင်မြင်မှာလားဆိုတဲ့ သံသယတွေ ရှိနေတာကြောင့် အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားပါတယ် ခင်ဗျ။ နိုင်ငံရေးအတွက် အဖြေရှာဖို့ဆိုရင်တော့ တိုင်းရင်းသားတွေ အကုန်လုံး အကြိမ်ပေါင်းမြောက်များစွာ ညှိနှိုင်းပြီးပြီ။ ဒါ့ကြောင့် ကျနော်တို့ ဘာလိုအပ်လဲ ဆိုတဲ့ဟာကိုလည်း စနစ်တကျ ပြင်ဆင်ထားတာ ရှိပါတယ်။
မေး။ ။ အခုချိန်မှာ စစ်ဘေးပြေးရှောင်နေရတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေကိုရော ဘာများ အမှာစကား ပါးချင်ပါလဲ။
ဖြေ။ ။ ကျနော်တို့ ကြိုးစားနေပါတယ်။ လူထုရဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်လာအောင် ကြိုးစားရမှာပါ။ ကျနော်တို့ ကြိုးစားနေတဲ့ တိုက်ပွဲဝင်နေတဲ့ ကာလမှာတော့ ဒုက္ခတွေကိုတော့ ခံစားရမှာပါပဲ။ အဲဒါအတွက်တော့ စိတ်ဓါတ်မကျပါနဲ့။ လူတွေခံစားနေရတာနဲ့ ပတ်သက်ပြီး အထူးဝမ်းနည်း စိတ်မကောင်း ဖြစ်မိပါတယ်။ စစ်ပွဲတခု ဖြစ်လာပြီဆိုရင်တော့ ဒုက္ခတွေက ရှောင်လွဲလို့မရဘူး။ သို့သော် ကျနော်တို့ ကူညီနိုင်ဖို့အတွက် နိုင်ငံတကာ မိတ်ဆွေတွေရော၊ တိုင်းရင်းသား မိတ်ဆွေတွေနဲ့ရော လက်တွဲကြိုစားသွားပါမယ်။ လူမှုအခြေပြု အဖွဲ့အစည်းတွေ အနေနဲ့လည်း စောင့်ရှောက်မှု ကူညီမှုပေးဖို့ ကြိုးစားပေးနေတဲ့အတွက် ဝမ်းသာပါတယ်။ ဒီဒုက္ခသည် စောင့်ရှောက်ရေး လူ့အခွင့်အရေး ကာကွယ်ရေးတို့ကိုလည် စနစ်တကျ အဖွဲ့တွေဖွဲ့ပြီးလုပ်ရင် ပိုကောင်းမယ်လို့ သုံးသပ်ပါတယ်။