မီး ၂၄ နာရီရဖို့က ဓာတ်အားခနဲ့ မူဝါဒ အပေါ်မှာပဲ မူတည်ပါတယ်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အစိုးရသစ်လက်ထက်တွင် လ ျှပ်စစ်မီးအခြေအနေမှာ အလွန်ဆိုးရွားနေပြီး မကြာခဏ မီးပျက်ခြင်းကြောင့် ရန်ကုန်မြို့နေ ပြည်သူများမှာ လူမှုစီးပွားဘဝများစွာ အခက်အခဲကြုံနေရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကမူ  လျှပ်စစ်ဓာတ်အား အလုံအလောက် ရရှိနိုင်စေရန် ဆောင်ရွက်သွားမည်ဟုဆိုသည်။ သို့သော် လက်ရှိချိန်တွင် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု၏ ၅၀ ရာခိုင်နှုန်းကို အသုံးပြုနေသော စီးပွားရေးလုပ်ငန်း အများစုတည်ရှိရာ ရန်ကုန်တိုင်းတွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေသည့် အတွက် ရန်ကုန်တိုင်း လျှပ်စစ်ပြတ်တောက်နေမှုအခြေအနေ၊ တိုးချဲ့ လုပ်ကိုင်နေသည့်အခြေအနေများကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် တဦးဖြစ်သူ ဦးအောင်ကျော်ဦးနှင့် ဧရာဝတီမှ သတင်းထောက် မေစိုးစံက တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။    ။ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သိပါရစေ။

ဖြေ။    ။ ရန်ကုန်တခုလုံးကို ဓာတ်အားပေးနိုင်ဖို့ စက်နဲ့ မဟာဓာတ်အားလိုင်းနဲ့ ပေါင်းထားချိန်မှာ တခုခုက အားနည်း ချက် ဖြစ်လာရင် ဓာတ်အားသုံးတာနဲ့ ပေးတာ မမျှတ တာဖြစ်လာတယ်။ ဒီလိုချိန်မှာ သုံးတာနဲ့ ပေးတာကို မျှတအောင် ဓာတ်အားဝန်အားလျှော့တဲ့ အလုပ်ကို လုပ်ပေးရတယ်။ ယခုဖြစ်နေတဲ့ ကိစ္စက အဲဒါ့တွေပါ။

ဒီရက်ပိုင်းအတွင်း အလုံမှာရှိတဲ့ တိုယိုထိုင်း ဂတ်စ်တာဘိုင် နှစ်လုံး ရပ်သွားတယ်။ နောက်ပြီး သူနဲ့တွဲထားတဲ့ စက်ပါ ရပ်သွားတော့ မဂ္ဂါဝပ် ၁၂၀ လောက် ထွက်သွားတယ်။ အလုံမှာရှိတဲ့ ပင်မဓာတ်အားခွဲရုံက အဓိကအားဖြင့် မြို့တွင်း အနောက်ပိုင်းခရိုင်ကို ပေးတဲ့ အကြီးစား ဓာတ်အားခွဲရုံ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဧရိယာမှာရှိတဲ့ ဓာတ်အားအသုံးကို လုံလောက်အောင် မပေးနိုင်တဲ့ အနေအထား ရှိတယ်။ မပေးနိုင်ဘဲ ပေးရင် လျှပ်စစ်ပစ္စည်းတွေ ပျက်စီးတာမျိုး လုံး၀ မီးပျက်တာမျိုး ဖြစ်သွားနိုင်တယ်။ သုံးတဲ့သူကို  အလှည့်ကျ ပေးနေတာ ဖြစ်တယ်။ အခုဖြစ်နေတဲ့ကိစ္စကပါပဲ။

မြို့ထဲပိုင်းကို ပေးနေတဲ့အလုံမှာ မီးစက်အဟောင်းတွေ ရှိတယ်။ Capacity က မရှိဘူး။ လောလောဆယ် စက်နှစ်လုံးပဲ လည်နိုင်တယ်။ မဂ္ဂါဝပ် ၃၀ ကနေ ၅၀ ပဲထွက်တယ်။ သိပ်အများကြီး မထွက်ပါဘူး။ နောက်ပြီး Independent Power Producer (IPP )ကနေ မီးထုတ်ပြီး ကျတော်တို့ကို ရောင်းတဲ့ မီးစက်နှစ်လုံးကလည်း အခုရက်မှာ ပျက်သွားတယ်။ အဲဒီ နှစ်လုံး စုစုပေါင်းက ၁၂၀ မဂ္ဂါဝပ်ရှိတယ်။ အဲဒီလောက်လျှော့ သွားတဲ့ပမာဏက မီးဘယ်လိုမှ မပေးနိုင်တော့ဘူး။ အနောက်ပိုင်း ခရိုင်မှာ မီးဖြတ်နေရတယ်။

IPP ကို အကောင်အထည်ဖော်တာ ၅နှစ်ပဲရှိသေးတယ်။ ကျတော်တို့က ဓာတ်ငွေ့ပေးတယ် သူတို့က စက်စိုက်တယ်။ စက်မောင်းခကို တယူနစ်နဲ့ ဘယ်လောက်ဆိုပြီး ပိုက်ဆံပေးရတယ် ။ဓာတ်ငွေ့က လောလောဆယ် ကမ်းလွန်၊ ကုန်းတွင်း တို့က ရသမျှ ဓာတ်ငွေ့နဲ့ပဲ မောင်းတာပဲ။ လက်ရှိက ကျတော်တို့ဆီမှာ ရှိတဲ့ဓာတ်ငွေ့စက်ရုံတွေက တဖြေးဖြေးနဲ့ ကွာလတီ က ကျလာပြီ။ မီးက သိပ်မထွက်တော့ဘူး။ မီးကသိပ်မထွက်တော့ ဂတ်စ်ပမာဏအတူတူမှာ မီးအတူတူ မထွက်နိုင်တော့ ဘူး။

လက်တလောမှာ နည်းပညာအရ ထိခိုက်မှုအနည်းဆုံး ဖြစ်အောင်တော့ လုပ်နေတယ်။ စက်က လတ်တလောမှာ လကုန်မှာ စက်တလုံးဝင်မယ် ၊ပျက်နေတဲ့စက်ကလည်း အဖြေမထွက်သေးဘူး။ အဲဒီနှစ်လုံးနဲ့ ကျနော်တို့လည်း ဒုက္ခရောက်နေတယ်။ ဂတ်စ်တာဘိုင်က ရှိတဲ့အနေအထားကလည်း နည်းနည်းလေး အခက်အခဲရှိတယ်။ အဲဒါကြောင့်မို့ အခုလိုမျိုးဖြစ်နေတာ။

မေး။    ။ အခု အစိုးရသစ်တက်လာချိန်မှာ လျှပ်စစ်မီးရရှိဖို့အတွက် အဓိကလုပ်ကိုင်သွားဖို့ ရှိနေတယ်ဆိုတော့ ဘာတွေ ကို စတင်လုပ်ကိုင်နေပြီလဲ။

ဖြေ။    ။ ပထမ ရက် ၁၀၀ စီမံချက် အနေနဲ့ကတော့ ဓာတ်အားဖြန့်ဖြူးတဲ့ ထရန်ဖော်မာအသေး အလုံး ၁၅၀ ကို တည်ဆောက် ဖို့ ရှိပါတယ်။ ၃၃ ကေဗွီကနေပြီး ၁၁ ကေဗွီကိုချပေးတဲ့ ထရန်စဖော်မာ ၂ လုံး တပ်ဆင်ဖို့ရှိပါတယ်။

မေး။    ။ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေမှု အပေါ်မှာ တချို့က အရန်မဟာဓာတ်အားလိုင်းနဲ့ ပတ်သက်လို့ ပြောနေတာရှိပါတယ်။ သိပါရစေ။

ဖြေ။    ။ ဓာတ်အားစနစ်တခုကို ရေအားနဲ့ ထုတ်တာရှိတယ်။ ဂတ်စ်ရလို့ ထုတ်တာရှိတယ်။ ကျောက်မီးသွေးကတော့ တီကျစ်နားမှာ ထုတ်နေတာ တခုပဲရှိတယ်။ ဓာတ်အားဖြန့်ဖြူး တဲ့နေရာမှာ ရေအားက ထုတ်တဲ့ဓာတ်အားက ဈေးနှုန်းချို သာတယ် ဒါပေမယ့် ရေအားလျှပ်စစ် အရင်းအမြစ်ရှိတဲ့နေရာက နိုင်ငံရဲ့ မြောက်ဖျားနဲ့ အရှေ့မြောက်ဖျားးမှာ ရှိတယ်။ မီးတကယ် သုံးတဲ့နေရာက စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ တောင်ပိုင်း ရန်ကုန်မြို့မှာပဲ အသုံးအများဆုံးဖြစ်နေတယ်။

နောက်ဆုံး အခြေနေက မဂ္ဂါဝပ် ၂၆၅၀လောက် သုံးနေတဲ့အထဲ မှာ ရန်ကုန်က ၁၂၀၀ ကျော်လောက်ရှိတယ်။ အဲဒီ ဓာတ်အား ပမာဏကို မြန်မာနိုင်ငံရဲ့ မြောက်ဘက်မှာရှိတဲ့ နေရာကနေ တောင်ဘက်ကို ပို့တဲ့ချိန်မှာ ကြားမှာ ဓာတ်အား လိုင်း တွေ လိုအပ်လာပါတယ်။ လိုအပ်တဲ့နေရာတွေမှာ အချို့မှာ အရန် ဓာတ်အားလိုင်းတွေ မရှိတာတွေရှိတဲ့အတွက် လောလောလတ်လတ် System Break down ဆိုတာဖြစ်လာရတာပါ။

မေး။    ။ System Break down မကြာခဏ ဖြစ်ပေါ်နေရတဲ့ အကြောင်းကိုလည်း သိပါရစေ။

ဖြေ။    ။ ဓာတ်အားလိုင်း တလိုင်းက ဓာတ်အားသယ်နေတာ မဂ္ဂါဝပ် ၂၅၀ -၃၀၀ လောက် သယ်နေတယ်။ တလိုင်းပြုတ် ရင် မဂ္ဂါဝပ် ၂၀၀ လောက်ရှိတဲ့ ဓာတ်အားက ၁၀ ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းလောက် ပြုတ်သွားရင် စနစ်က မတည်ငြိမ်တော့ ဘူး တလိုင်းပြုတ်တာနဲ့ နောက်တလိုင်းကို သွားပြီး ဓာတ်အားစီးတာနဲ့ နောက်တလိုင်းပါ လိုက်ပြုတ်တဲ့အတွက်ကြောင့် System Break down ဆိုတာဖြစ် လာတာဖြစ်တယ်။

ရန်ကုန်မြို့ပေါ်မှာ ပတ်ဝန်းကျင်ထိခိုက်မှု နည်းပြီး ထိထိရောက်ရောက်ဖြစ်နိုင်တဲ့ ဂတ်စ်ဖြန့်ဖြူးခြင်းကို လုပ်သင့်တယ်။ ဒါပေမယ့် နိုင်ငံမှာ ဂတ်စ်က လုံလုံလောက်လောက် မရှိတဲ့အတွက်ကြောင့် ကျောက်မီးသွေးနဲ့ သုံးသင့်တယ်ဆိုပြီး JICA ဘက်ကနေ အကြံပြုထားတွေရှိတယ်။ ကောင်းတာက အများကြီးသုံးစွဲနေတဲ့နေရာမှာ Generation ထုတ်လုပ်တဲ့ဟာ ရှိရင် အကောင်းဆုံးပဲ။

လျှပ်စစ်စွမ်းအင်ကို ရန်ကုန်မှာ ထုတ်နိုင်ရင်တော့ အကောင်းဆုံး ဒါပေမယ့် အဓိက လိုနေတာ ဘယ်အရင်းအမြစ်ကနေ သုံးမလဲ ဆိုတာက မူဝါဒပိုင်းဆိုင်ရာ အများကြီးတွေးပြီးတော့မှ ဈေးနှုန်းသက်သာဖို့လိုမယ် နိုင်ငံရဲ့ ပကတိအနေအထားပေါ် မူတည်တယ်။ နောင်လာမယ့် စွမ်းအင်ရဲ့ ဖြစ်လာမယ့်အခြေအနေ ရလာဒ် အကုန်လုံးကို စဉ်းစားပြီးမှာ Power System ဆိုတာကို တည်ဆောက်လို့ရမယ်။ ဒါတွေက အမှားအယွင်းလည်း ရှိတတ်ပါတယ်။ မှားခဲ့ရင် ချက်ချင်းတော့ သက်ရောက်မှု က မရှိဘူး နောင်ကာလ ရှည်လာတာနဲ့မျှ ဒါတွေက အများကြီးသက်ရောက်မှု ဖြစ်တယ် နိုင်ငံတနိုင်ငံရဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ဖို့ လူမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပေါ်လစီရေးဆွဲတဲ့အပေါ်မှာ အများကြီးမှုတည်ပါတယ်။

မေး။    ။ တည်ငြိမ်တဲ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းဖြစ်လာဖို့ ဘယ်လို လုပ်သွားမလဲ။

ဖြေ။    ။ ဌာနတိုင်းမှာ သူဘာဝနဲ့ အခက်အခဲ ဆိုတာရှိတယ်။ အမြင် တခုတည်းကနေ လုပ်လို့မရဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အဖွဲ့ကလည်း လက်ရှိအနေအထားအရ ဓာတ်အားခနှုန်းထား သက်သာတာရယ် နိုင်ငံရဲ့ ဓာတ်အားစနစ်အရ မီးအားအများကြီး သုံးနေတဲ့ ရန်ကုန်မှာ ပါဝါ စတေရှင် မရှိဘဲ ဓာတ်အားစနစ်ကို ဘယ်တော့မှ တည်တည်ငြိမ်ငြိမ်ရမှာ မဟုတ်ဘူး။

ဆိုတာက မြောက်ဘက်ပိုင်းမှာ တခုခု ဖြစ်လိုက်တာနဲ့ ဒီ ရန်ကုန်က ထိခိုက်မှာပဲ။ System Break down ဆိုတဲ့ဟာက နိုင်ငံတနိုင်ငံလုံးရဲ့ စီးပွားရေးကို အများကြီး ထိခိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာတပြည်လုံး မီးပြတ်သွားတဲ့အတွက် မြန်မာတပြည်လုံး မှာရှိတဲ့ လုပ်ငန်းအားလုံးရပ်သွားတာ။ အဲဒီဟာရဲ့ ထိခိုက်မှုက အခုပြောနေတဲ့ ဓာတ်အားခ များတယ်တို့ နည်းတယ်တို့ ထက် ပိုပြီး ထိခိုက်တယ်။

ပြီးခဲ့တဲ့ ၅ နှစ်လောက်ကတည်း နိုင်ငံတကာအဖွဲ့အစည်းတွေက လုပ်ခဲ့တာရှိတယ်။ စီမံကိန်းတွေမှာ အကန့်အသတ် ရှိတယ် ။ဥပမာ- ပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ကန့်ကွက်လိုက်လို့ ဒီစီမံကိန်းရပ်သွားတယ် နောက်ဆုတ်သွားတယ်ဆိုတဲ့ ချိန်မှာ လျှပ်စစ်ဓာတ်အားကတော့ ရပ်မနေဘူး မီးသုံးတဲ့သူတွေကလည်း တက်နေတယ်။ လျှပ်စစ်ဓာတ်အားလုပ်ငန်းက အများကြီး က ခက်ခဲတဲ့ အနေအထား ကို ရောက်နေတယ်။

လျှပ်စစ်ရရှိရေးက အများကြီး မတည်ငြိမ်တဲ့ လျှပ်စစ် နဲ့ ကွာလတီ မကောင်းတဲ့ လျှပ်စစ်နဲ့ ဘယ်သူမှ လာပြီးတော့ မရင်းနှီး မမြုပ်နှံဘူး။ မီးပြတ်လိုက်တာနဲ့ သူထိခိုက်သွားတာက အများကြီးပဲ။ ဒါကြောင့် ရေအားဆို ကန့်ကွက်ဖို့ လုပ်နေတဲ့ ဟာတို့ ကျောက်မီးသွေးဆို ကန့်ကွက်ဖို့ လုပ်နေတဲ့ဟာတို့ ဒါကို ထည့်သွင်းစဉ်းစားရမယ့်အချက်တော့ ပါပါတယ်။ ဘက်စုံထောင့်စုံ ကနေပြီး နိုင်ငံတိုးတက်ဖို့ ဝိုင်းစဉ်းစားဖို့ လိုပါတယ် ကန့်ကွက်နေယုံနဲ့ မရပါဘူး။ ဓာတ်အားက တည်ချင်တိုင်းလည်း တည် လို့ မရပါဘူး။

မေး။    ။ လျှပ်စစ်နဲ့ ပတ်သက်ပြီး ဂျပန်၊ ADB၊ World Bank တို့က အကူအညီတွေပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သိပါရစေ။

ဖြေ။    ။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ အချက်အလက် အတိအကျ ပြောနိုင်ဖို့က အရေးကြီးပါတယ်။ ADB နဲ့ လုပ်တဲ့ကိစ္စကတော့ လောလောဆယ် ပစ္စည်းစရောက်နေပြီ။ ဖြန့်ဖြူးရေးပိုင်းကို JICA ကနေ လုပ်ပေးတဲ့အပိုင်း ပါတယ်။ JICAနဲ့က ချေးငွေအတွက်ကိုတော့ သဘောတူပြီးပြီ။ ဒါပေမယ့် consultant ထားတဲ့အပိုင်းကို သူ့အစီအစဉ် အတိုင်း ဆက်လုပ်နေတယ်။ ကမ္ဘာဘဏ်နဲ့က ပေးထားတာ စုစုပေါင်း သန်း၄၀၀ မှာ သန်း၃၁၀က လျှပ်စစ်ဝန်ကြီး ဌာနကနေ သုံးဖို့ ကျန်တဲ့ သန်း ၉၀ ကတော့  မွေးရေနဲ့ ကျေးလက်ဖွံ့ဖြိုးရေးက သုံးတယ်။

မေး။    ။ လျှပ်စစ်ဓာတ်ကြိုးလိုင်းစနစ်တွေနဲ့ ပတ်သက်လို့ကလည်း ADBလို အဖွဲ့က ထောက်ပြထားတာတွေရှိပါတယ်။ အဲဒီကိစ္စတွေမှာရော။

ဖြေ။    ။ လျှပ်စစ်ဓာတ်ကြိုးတွေ ရှင်းလင်းဖို့က လုပ်နေတယ်။ ဒါပေမယ့် အချိန်တခုတော့ကြာမယ်။ မြေအောက်မှာ ရှိနေတဲ့ ကြိုးတွေက ၁၉၅၇ -၁၉၆၀ ခုနှစ်က မြေအောက်ကြိုးတွေပါ။ မြို့ထဲမှာ အဲဒါမျိုးတွေ သုံးနေရတယ် ဆိုတော့ ဟိုခေတ်တုန်းက လူဦးရေနဲ့ သုံးထပ်တိုက်လောက်နဲ့က အဆင်ပြေနေတာပေါ့။ အခု အထပ် ၂၀ ၊ ၁၆ ထပ်တွေ ချက်ခြင်း တည်လိုက်တဲ့ အခါမှာ ကျတော်တို့ ဘယ်လိုမှ မီးပေးလို့ မရတော့ဘူး။ အဲဒါတွေ အကုန်လုံးက မနိုင်ဝန်ထမ်းရင် ခဏလေးနဲ့ လောင်သွားတယ်။ အဲဒီပြဿနာတွေလည်းရှိတယ်။

ရန်ကုန်တိုင်းမှာရှိတဲ့ ဓာတ်အားပေးစက်တွေရဲ့ လောလောဆယ် ထုတ်နိုင်တာကတော့  ၄၅၀- ၅၀၀ မဂ္ဂွါဝပ်လောက်ပဲ ရှိတယ်။ ရန်ကုန်သုံးတာက ၁၁၅၀- ၁၂၀၀ မဂ္ဂါဝပ်ကျော်လောက် နီးပါးတက်သွားတယ်။ ဒီနှစ် ပိုတက်လာတာပေါ့ မနှစ်က အမြင့်ဆုံးတက်တာ မဂ္ဂါဝပ် ၁၀၉၇ ပဲရှိခဲ့တယ်။

မေး။    ။ အစိုးရသစ်က စက်မှုဇုန်တွေဖွံ့ဖြိုးဖို့ လုပ်မယ်ဆိုရင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဘယ်လိုဖြည့်သွားမလဲ။

ဖြေ။    ။၂၄နာရီလုံး ရဖို့အတွက်က မူဝါဒကတော့ ကျတော်အနေနဲ့က ပြောရခက်တယ်။ ဓာတ်အားခ ၁၅၀ နဲ့ပေးရင် ပြည်ပကနေပြီးတော့မှ သူလောင်စာ သူစက်နဲ့ ဝင်လာပြီးတော့ တယူနစ် ၁၅၀ ဒါမျိုးဆို သူတို့ကလည်း ပေးနိုင်တယ် ။ ဒီမှာဆိုရင် တချို့နေရာမှာ မဂ္ဂါဝပ် ရာထောင်ချီပြီးထုတ်လို့ရတာရှိတယ်။ ဘာမှ မခက်ပါဘူး။ လ ျှပ်စစ်မီး ၂၄ နာရီရဖို့က ဓာတ်အားခနဲ့ မူဝါဒ အပေါ်မှာပဲ မူတည်ပါတယ်။

Loading