အမေရိကန်ပြည်ထောင်စုက မေလ ၁၇ ရက်နေ့တွင် မြန်မာ အစိုးရ ပိုင် လုပ်ငန်း ၇ ခုနှင့် အစိုးရပိုင် ဘဏ် ၃ ခုအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ပယ်ဖျက်လိုက်ပြီး တပ်မတော်ပိုင် အင်းဝဘဏ်နှင့် မြဝတီ ဘဏ်ကို ကန့်သတ်ချက်တချို့ ဖြေလေ ျှာ့ပေးခဲ့သည်။ သို့ရာတွင် ပုဂ္ဂလိကပိုင်ဖြစ်သော ဦးထွန်းမြင့်နိုင်၏ အေးရှား ဝေါလ် ကုမ္ဗဏီနှင့်ပတ်သက်သော ကုမ္ဗဏီ ၆ ခုကို စီးပွားရေးပိတ်ဆို့မှု စာရင်းတွင် ထပ်မံ ထည့်သွင်း ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ပိတ်ဆို့မှု ဖြေလေ ျှာ့မှုများနှင့်ပတ်သက်ပြီး မြန်မာစီးပွားရေး အသိုင်းအဝိုင်း၏ အမြင်များကို ဧရာဝတီသတင်းထောက် သစ်နေမိုးနှင့် မေစိုးစံက မေးမြန်း ထားသည်။
ဦးသိန်းထွန်း
ဥက္ကဋ္ဌ၊ ထွန်းဖောင်ဒေးရှင်းဘဏ်
အစိုးရဘဏ် ၃ ခုကိုလွတ်သွားတဲ့ အခါကျ အန်ကယ်တို့ လုပ်ရကိုင်ရတာ ပိုပြီးတော့ ကောင်း သွားတယ်။ ဒီဘဏ်တွေက International လုပ်လာတာ နှစ်ပေါင်း တော်တော်ကြာပြီ။ ဆန်ရှင်ရှိတဲ့ အခါကျ အစိုးရ ယန္တရားတွေ လုပ်ရကိုင်ရခက်တယ်။ ဒီလိုလုပ်လိုက်တော့ ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်သွားတာပေါ့။ စင်္ကာပူဘဏ် တွေက သွားရတော့ ပြသနာတွေရှိတယ်။ ခုတော့ ဒါတွေမရှိတော့ဘူး။
မြန်မာနိုင်ငံသားတယောက်အနေနဲ့ ဆန်ရှင်လုံးဝမရုပ်သေးတဲ့အပေါ်မှာ မြင်တာဆိုရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံက ဒီမိုကရေစီအစိုးရဖြစ်သော်လည်း အခုချိန်ထိ စိုးရိမ်မှု သံသယ ရှိမှုတွေ ရှိနေတယ်လို့ အန်ကယ် က ရိုးရိုးသားသားမြင်ပါတယ်။နောက်ပြီးတော့ ဒီဆန်ရှင်ကလည်း တဦးတယောက်ချင်းဆန်ရှင်နဲ့ အစိုးရနဲ့ ဆန်ရှင်ပေါ့။ အစိုးရနဲ့ ဆိုင်တဲ့ ဆန်ရှင်တွေကို လျှော့ပေးပြီးတော့ တဦးတယောက်နဲ့ဆိုင်တဲ့ ဆန်ရှင်တွေကို ဒီတိုင်းထားတာက သူတို့မှာ သိတဲ့ အချက်တွေရှိလိပ်မယ်ထင်တယ်။အခုဟာ အစိုးရအဖွဲ့အစည်းတွေကို လျှော့ပေးလိုက်တာကိုး။အခြားဆန်ရှင်တွေ ရှိနေတာလည်း သူတို့ဘဝင်မကျတဲ့ အချက်တွေ အထိုက် အလျောက်ရှိနေလို့ပေါ့။အခက်အခဲကတော့ ဆန်ရှင်လုပ်ခံရတဲ့ သူတွေအတွက် အခက်အခဲပေါ့။
ဦးမင်းကိုဦး
အတွင်းရေးမှူး ၊ ပဲ၊နှမ်း လုပ်ငန်းရှင်များအသင်း
အင်အားကြီးတဲ့ နိုင်ငံတခုက ဆန်ရှင်လျှော့လိုက်တယ်ဆိုရင် အကိုတို့ဒီနိုင်ငံအတွက် အထိုက် အလျောက် အကျိုးရှိမယ် ယူဆတယ်။ အခု MFTB တိို့ MICB တို့ဆိုတာ နိုင်ငံခြားငွေတွေ မြန်မာနိုင်ငံမှာ အဓိက ကိုင်တွယ် သုံးနေတဲ့ ဘဏ်တွေပေါ့။ဒီဘဏ်တွေကို ပြီးခဲ့တဲ့ နှစ်တွေမျာ အမေရိကန် ဆန်ရှင်တွေ ရှိတော့ ဘာတွေမှာ အခက်အခဲဖြစ်လဲဆို ပဲရောင်းတဲ့ အခါမှာ အိန္ဒိယဘက်က ဝယ်မယ်ဆိုရင် စင်္ကာပူမှာ ရုံးဖွင့်ပြီးတော့ စင်္ကာပူဘဏ် တွေကနေရတဲ့ငွေကို ဒီဘက်ကို TT လွှတ်တယ်ပေါ့။ငွေရောက်ပီးမှ ပစ္စည်းတင်တဲ့ စနစ်မျိုး လုပ်ရတယ်ပေါ့။ ဒီထက်ပိုပြီး တွင်ကျယ်အောင် လှမ်းလို့မလွယ်တော့ဘူး ဥပမာ စင်္ကာပူ အာဆီယံနိုင်ငံ အသိုင်းအဝိုင်းလောက်မှာပဲ အရောင်းအဝယ် လုပ်လို့ရတဲ့ သဘောဖြစ်နေတာပေါ့။
အခြားနိုင်ငံတွေ ဥရောပနိုင်ငံတွေနဲ့ဆို ဒီဆန်ရှင်ထိထားတော့ ငွေလွှဲတဲ့ အခါမှာ နိုင်ငံတခုမှာ သွားပြီးထောက် တာ တို့ ဘာတို့ ဒါတွေ ပြသနာဖြစ်လာနိုင်တယ်။ဆန်ရှင်ရှိနေတဲ့ အတွက် လုပ်ငန်းပိုပြီး တွင်ကျယ်အောင် လုပ်ဖို့ ခက်တာပေါ့။ ဒီဆန်ရှင်က မရှိတော့ဘူးဆို အိမ်နီးချင်းနိုင်ငံ ထိုင်းတို့ ဗီယက်နမ်တို့ ပုံစံမျိုး လွတ်လွတ်လပ်လပ် run လို့ရတယ် ဆိုရင် ပထမဆုံးအချက်က ဘဏ်စနစ်တွေ ပိုပြီးအားကောင်းလာမှာပေါ့။ ဘဏ်တွေအားကောင်းရင် စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကလည်း ပိုကောင်းလာမှာပေါ့။ ဆိုတာက ဆယ်နိုင်ငံလောက် အလုပ်လုပ်ရာ ကနေ နိုင်ငံ လေးငါးဆယ်ကို အလုပ်လုပ်နိုင်ရင် ဘာပဲပြောပြော ဈေးကွက်ပိုကျယ်ပြန့်မယ်။
အကျိုးအမြတ်လည်း ပိုရှိလာမယ်။ဒါ ကောက်ပဲသီးနှံအနေနဲ့ ထောက်ပြတာပါ။ ကျန်တာကတော့ ဒီဆန်ရှင်နဲ့ ပတ်သတ်လို့ ကျောက်မျက်တို့ သတ္တုတို့ ပုလဲတို့ ဒါတွေပါသွားပီပေါ့။သူတို့ အတွက်တော့ ပိုကောင်းပြီပေါ့။ အကိုတို့ ကောက်ပဲသီးနှံကလည်း ဆန်ရှင်ဖြေလျှော့လိုက်တဲ့ အတွက် ဘဏ်တွေ ပိုအားကောင်းလာရင် အရောင်းအဝယ်လုပ်ငန်းတွေပိုအားကောင်းမယ်လို့ သုံးသပ်တယ်။
အစိုးရသစ်အပေါ်အာဏလွှဲပြောင်းတာလဲ အရမ်းညှင်သာတယ်ပေါ့။အခု လက်ရှိ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်လျှောက်နေပြီ။ သွားလဲ သွားနေပြီဆိုတော့ ဆန်ရှင်က လျှော့သင့်တယ်ဆိုရင် တခါတည်း အပြီးအပြတ်လျှော့ချလိုက်တာတော့ လိုချင်တာပေါ့။
ဦးတင်ချို
အကြံပေး၊ ပါရမီစွမ်းအင်အုပ်စု
ဒါအစိုးရရဲ့ ပြုပြင်ပြောင်းလဲလာတဲ့ ခြေလှမ်းတွေကို ကြိုဆိုတာပေါ့။ဆန်ရှင် ဆက်ထားတယ်ဆိုတဲ့ဟာကတော့ နည်းနည်း သတိကြီးကြီးထားပြီးလုပ်တဲ့ သဘောပေါ့။ နောက်တခုက သူတို့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကိုလည်း ပြန်ကြည့်ဖို့လိုမယ် ထင်တယ်။ ဒီနှစ်က သူုတို့ ရွေးကောက်ပွဲ နှစ် နိုဝင်ဘာမှာ သမ္မတ ရွေးပွဲလုပ်မယ်ပေါ့။
လက်ရှိ ဒီမိုကရက်တစ်အစိုးရအနေနဲ့ သူတို့ရဲ့ အခြေအနေကို ကျဆင်းမသွားစေချင်လို့ အပြီးအပိုင် တခါတည်း ရုတ်တာ မဟုတ်ဘဲနဲ့ အရစ်လိုက်လျှော့နေတဲ့သဘော။
ဦးသန်းလွင်
အကြံပေး၊ ကမ္ဘောဇဘဏ်
ကျနော်တို့ အိမ်နီးချင်းနိုင်ငံဆို ဗီယက်နမ်ပဲဖြစ်ဖြစ် စင်္ကာပူ ထိုင်း ဒီ ၃ နိုင်ငံက ဒီမိုကရေစီနိုင်ငံမှ မဟုတ်ပဲဗျာ။ ဆန်ရှင်ကမရှိဘူး။ဒီမှာ အရပ်သားအစိုးရလည်း တက်လာပြီးပြီ။ ဘာပဲပြောပြော ဒီလိုအခြေအနေကောင်းတွေ တိုးတက်လာတာမှာ ဒါကို ဆန်ရှင်ဆက်ပြီးထားတယ် ဆိုတဲ့ အဓိပါယ်ကတော့ ကျနော့်ထင်တာတော့ မတရားဘူး၊ မလုပ်သင့်ဘူးထင်တာပဲ။
စောင့်ကြည့်ဦး မယ် စောင့်ကြည့်ဦးမယ်ဆိုတာတွေကလည်း အခုဟာ သက်တမ်း ၁နှစ်တောင် ထပ်ပြီး တိုးမယ်ဆိုတော့လည်း မကောင်းပြန်ဘူး။ ဥပမာဆိုပါတော့ ၃လလောက် ခဏစောင့်ကြည့်ပြီး လွှတ်ပေး မယ်ဆိုတဲ့သဘောဆို တော်သေးတာပေါ့ဗျာ။ အခုဟာ ၁ နှစ်က ထပ်ပြီးတိုးတယ်ဆိုတဲ့ အဓိပ္ဗာယ်က ကျနော်တို့က နောက်ကြောင်းပြန်သလားဆိုတဲ့ အဓိပ္ဗာယ်ရောက်တယ်။ ဟုတယ်မို့လား။
နောက်ကြောင်းပြန်မယ်ဆိုတဲ့ဟာ ကျနော်တော့ မမြင်ဘူး။ သွားနေတဲ့ လမ်းစဉ်မှာ ဆန်ရှင်က ထားဦး မယ်ဆိုတော့ ကျနော်တို့ကို တရုတ်လက်ထဲ တွန်းပို့သလိုဖြစ်နေတယ်။ ဒါကို ကျနော်တို့လည်း မလိုလားဘူး။ သူတို့လည်း လိုလားမှာ မဟုတ်ဘူး။ ဒါကျနော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ခင်ဗျတို့ ဆန်ရှင်ထားတဲ့ ရည်ရွယ်ချက်က တရုတ်လက်ထဲကို တွန်းပို့သလိုဖြစ်နေတယ်လို့။
ဦးမြတ်သင်းအောင်
ဥက္ကဋ္ဌ၊လှိုင်သာယာ စက်မှုဇုန်
ဒါအများကြီးကောင်းသွားတာပါ။ အရင်တုန်းကလို တဆင့်ခံပေါ့လေ။ မြန်မာကနေပြီး အမေရိကန်သွားမယ်ဆို တိုက်ရိုက်သွားလို့မရဘူး။ စင်္ကာပူကတဆင့် ယိုးဒယားကတဆင့် အဲ့လို သွားရတော့ အချိန်လည်း ကုန်တယ်၊ အခြားဘဏ်တွေကိုလည်း ငွေလွှဲခွင့်တွေက ပေးရတယ်။ ဒါရိုက်ဆိုတော့ တခါတည်း ပြီးသွားတာပေါ့။ မြန်ဆန် သွားတာပေါ့။ အခုအစိုးရဌာန ဘဏ်တွေ လွှတ်လိုက်တယ်ဆိုတော့ အားလုံးကောင်းသွားတာပေါ့လေ။ နောက်ပို့ကုန်တွေလည်း သစ်တို့ ကျောက်မျက်တို့ ဒါတွေလည်း အမေရိကန်ကို ပို့ရမယ်ပေါ့လေ။ ဒီကသာ ကုန်ကြမ်းကြီး မပို့ဘဲ Value added ပို့ ရင်တော့ ပိုကောင်းတာပေါ့။
ဦးကျော်ကျော်ဝင်း
အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း
ကောင်းကျိူးကတော့ရှိပါတယ်။ ချက်ခြင်း မဟုတ်တောင်မှဘဲ တဖြည်းဖြည်းတော့ ကောင်းလာမှာပါ။ အမေရိကန်ကို သစ်ပို့တယ် ဆိုရင်လည်း ပို့ချင်တိုင်းပို့လို့ရတာ မဟုတ်ဘူး။ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်ဖို့ လိုတယ်။ ဒါပေမယ့် သစ်နဲ့ ပတ်သက်လို့ အမေရိကန်က ခွင့်ပြုပေးထားတာ ကြာပါပြီ။ တနှစ် နှစ်နှစ် ရှိပြီ။ သစ်လုပ်ငန်းရှင် အသင်း အနေနဲ့ကတော့ အမေရိကန်ကို သွားပြီးတော့ သစ်တင်ပို့ရောင်းချဖို့အတွက်ကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကို သင်တန်းတက်တာ လုပ်ပြီးသွားပါပြီ။ ဖွံ့ဖြိုးမှုအလားအလာတော့ ရှိလာတာပေါ။
ဆန်ရှင်ပယ်ဖျက်တဲ့အပေးမှာက သစ်မှာတေ့ာ အပြောင်းအလဲတော့ သိပ်မရှိဘူး။ သစ်က သဘာဝသစ်တော တွေက ကုန်နေပြီ။ သစ်နဲ့ ပတ်သက်လို့ ဘာမှ မျှော်လင့်ချက် မရှိဘူး။ ဆန်ရှင်လွှတ်လိုက်တော့ ကောင်းတယ်။ နည်းမှန်လမ်းမှန်နဲ့ လုပ်မယ့်ကိုင်မယ့်သူ လာပြီ။ သစ်နဲ့ပတ်သက်လို့က ဘာမှ ထူးထူးခြားခြား မရှိနိုင်ဘူး သစ်တွေက ကုန်နေပြီ ဒါပေမယ့် သစ်တွေကို လာစိုက်ပေးတာမျိုးတော့ရှိနိုင်တယ်။ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေ တို့က မြန်မာနိုင်ငံမှာ သစ်လာစိုက်မယ်လို့ ကမ်းလှမ်းတာတွေ ရှိတယ်။ ဆန်ရှင်တွေ လွှတ်လိုက်ရင် COMMUNITY FORESTတို့ လာစိုက်ပေးမယ်ဆိုရင် မြန်မာပြည် အတွက်က သစ်တောတွေ ပြန်လည်ပြီးတော့ စိမ်းလန်းစိုပြေလာနိုင်တာပေါ့။
ဦးခင်မောင်ဟန်
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်း ( ဥက္ကဌ )
နိုင်ငံအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ကောင်းတဲ့ဘက်ကို သွားတာပါပဲ။ ကောင်းကျိုးအနေနဲ့ ဆိုရင်တော့ လက်ရှိ ရှိနေတဲ့ အခြေအနေက သတ္တုတွေကို ထုတ်တယ်။ ကိုယ်နည်းပညာနဲ့ပဲ တတ်ဆင်နိုင်တယ်။ ၉၉. ၉၉ ဆိုတဲ့ သတ္တုတွေကို သန့်စင်ခြင်းအထိတော့ ကျတော်တို့က မလုပ်နိုင်သေးဘူး။ ဒီအချိန်အတွင်းမှာ ကိုယ်ထုတ်နိုင်တဲ့ သတ္တုနဲ့ပဲ တင်ပို့နေရတာ။ အဲဒီလို ရောင်းတဲ့အခါမှာ ကမ္ဘာပေါက်ဈေးနဲ့ ရောင်းရတာ မဟုတ်ဘူး အိမ်နီးချင်း အာဆီယံ ဒေသပေါက်ဈေးနဲ့ပဲ ရောင်းရ တာ။ အဲဒီလို အခြေအနေကနေ ဆန်ရှင်လွှတ်လိုက်တဲ့ အတွက်ကြောင့် နိုင်ငံတကာနဲ့ သွားဖို့အတွက် နိုင်ငံတကာရဲ့ ရင်းနှီးမြုပ်နှံမှုတွေက စီးဆင်းလာမယ်လို့ မျော်လင့်ရတယ်။ နည်းပညာ ရင်းနှီးမြုပ်နှံမှု ဝင်လာတဲ့အတွက် နောက်ဆုံး ကုန်ချောအထိ ထုတ်လုပ်နိုင်မယ်လို့ မျော်လင့်တယ်။ ကမ္ဘာပေါက်ဈေးနဲ့ ရလာနိုင်တဲ့အတွက် ကိုယ်သတ္တုတွေအတွက် ကြီးမားတဲ့ ကောင်းကျိုးပါပဲ။ မကြာခင် ဖြစ်လာတော့မယ်လို့ မျှော်လင့်ပါတယ်။