သမ္မတ ဦးထင်ကျော်အစိုးရက အပစ်အခတ်ရပ်စဲရေး မပြုလုပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းတွေနဲ့ ပထမဆုံး အကြိမ် တရားဝင် တွေ့ဆုံညှိနှိုင်းမှုစတင်ပြုလုပ်ပါတော့မယ်။
ဒီလိုတွေ့ဆုံညှိနှိုင်းဖို့ အတွက် နိုင်ငံတော် အစိုးရက အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဖွဲ့စည်းပေးထားတဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂)” အဖွဲ့ကို ဖွဲ့စည်းပြီး အဲဒီအဖွဲ့အနေနဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၂ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
အစိုးရသစ်က ဖွဲ့စည်းပေးထားတဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂)” နဲ့ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ” စတဲ့ ကော်မတီ နှစ်ရပ်မှာ အတွင်းရေးမှူး အဖြစ် တာဝန်ယူထားတဲ့ ဦးလှမောင်ရွှေကို ဧရာဝတီ သတင်းထောက် ကျော်ခ ကဆက်သွယ် မေးမြန်း ထားပါတယ်။
မေး ။ ။ မနက်ဖြန် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အပစ်မရပ်ရသေးတဲ့ လက်နက်ကိုင်တွေနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ ပထမဆုံး အကြိမ် တွေ့ဆုံမယ့် အထဲမှာ အစိုးရကိုယ်စားလှယ်အဖွဲ့ဘက်က ဘယ်သူတွေပါမလဲ။ နောက်ပြီးတော့ ဘာတွေ ဆွေးနွေး ကြမလဲ။
ဖြေ ။ ။ ဦးဆောင်တာကတော့ ကော်မတီ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၂) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းပေါ့။ နောက် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဦးမိုးဇော်ဦး (နိုင်ငံတော်အတိုင်ပင်ခံရုံး) နဲ့ ကျနော်၊ ကျနော်တို့ရဲ့ ရုံးအဖွဲ့မှူး ဦးကျော်လင်းပေါ့။ အားလုံး ငါးယောက် ပါပါတယ်။ မနက်ဖြန် (ဇွန်လ ၃ ရက်) ကျနော်တို့ဘက်က ရည်ရွယ်တာကတော့ ချင်းမိုင်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် အားလုံးနဲ့ တွေ့လိုပါတယ်။ ဒါပေမယ့် မနက်ဖြန်မှာတော့ DPN ကတော့ သူတို့နဲ့အရင်ဆွေးနွေးဖို့ဆိုတဲ့ အတွက် DPN နဲ့အရင်ဆွေးနွေးဖြစ်မှာပေါ့။
အဓိကကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ပါဝင်နိုင်ဖို့အတွက် သူတို့ကို ကျနော်တို့ရှိနေတဲ့ အခင်း အကျင်းတွေ၊ နည်းလမ်းတွေ၊ ဖြစ်နိုင်တာတွေကို ရှင်းပြပြီးတော့ သူတို့ဘက်က အဆိုပြုတာတွေကို ဆွေးနွေးဖို့ပါပဲ။
မေး ။ ။ အပစ်မရပ်သေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမယ့် အထဲမှာ NCA လက်မှတ်ထိုးဖို့ ကိစ္စရော အစီအစဉ်တွေထဲမှာ ပါလား။
ဖြေ ။ ။ လောလောဆယ်တော့ NCA ကိစ္စက အဓိက မဟုတ်သေးပါဘူး။ ညီလာခံကိစ္စကို အဓိကထားပြီး အရင်ဆွေးနွေးမှာပါ။ ကျန်တာကတော့ ဖြည်းဖြည်းချင်းကြမှ ဆက်ဆွေးနွေးရမှာပါ။
မေး ။ ။ အပစ်မရပ်သေးတဲ့အဖွဲ့တွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ကို ပါဝင် လာနိုင်အောင် လုပ်ဆောင်မယ့်အခါမှာ ဘယ်အရာတွေက စိန်ခေါ်မှုဖြစ်မယ်လို့ထင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့မြင်တာကတော့ အခုဟာက အစိုးရအသစ်တရပ်ဖြစ်လာတော့ အခင်းအကျင်းအသစ်တရပ်လို့ ပြောလို့ ရတာပေါ့။ အခင်းအကျင်းအသစ်မှာ အခွင့်အလမ်းက နှစ်ဖက်လုံးမှာရှိတယ်။ အဲဒီအခွင့်အလမ်း နှစ်ဖက်လုံးမှာ ရှိတဲ့ အချိန်မှာ ကျနော်တို့ ညှိနှိုင်းနိုင်ဖို့က အဓိကလို့ထင်ပါတယ်။ ဒါကြောင့်မို့လို့ အချိန်ကလည်း ဒီ ၂ လအတွင်းမှာပဲ ဒီအခွင့်အလမ်းတွေက တကယ်ရှိမယ်လို့ပဲယူဆတယ်။ ဒါကို ကျနော်တို့ ကြိုးစားဖို့ပေါ့လေ။ ဒါကြောင့်လည်း ကျနော်တို့ ချင်းမိုင်မှာ စတွေ့ဖို့ သွားတာပါ။ ပြီးရင်လည်း အခြားလူတွေလည်း ဖိတ်ပြီးတော့ ယုံကြည်မှုတည်ဆောက်ပြီးတော့ ခုန ကျနော်တို့ ပြောနေတဲ့ ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ပါပဲ။
မေး ။ ။ အပစ်မရပ်သေးတဲ့ အဖွဲ့တွေ NCA လက်မှတ်ရေးထိုးနိုင်ရေးမှာ UNFC ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို လက်မှတ်ထိုးရေးမှာ အားလုံးပါဝင်ရေးမူကို ဆက်လက်ဆွဲကိုင် သွားမယ်လို့ ဆိုပါတယ်။ UNFC မှာ တပ်မတော်က လက်မခံချင်တဲ့ အဖွဲ့တွေလည်းပါနေတယ်ဆိုတော့ ဒါကရော အခက်အခဲ ဖြစ်မလာနိုင်ဘူးလား။
ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့ဘက်က အားလုံးပါဝင်နိုင်ရေးကိုတော့ ကြိုးစားကြည့်မှာပေါ့ဗျာ။ ဒါကတော့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအပေါ်မှာလည်း မူတည်နိုင်သေးတာကိုး။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ အဆင့်တိုင်း၊ အဆင့်တိုင်းမှာ ပါဝင်သင့်တဲ့လူတွေ ပါဝင်နိုင်ရေး ကြိုးစားဖို့ဆိုတာပြောတာကိုး ဆိုတော့ အဲဒါကိုတော့ ကျနော်တို့ ဆက်ကြိုးစား ရမှာပေါ့ဗျာ။ အဲတော့ ဒီလိုမျိုး အခင်းအကျင်းအသစ် မှာ အခွင့်အလမ်းကရှိတာပဲ။ ရှိတော့ ဒီအခွင့်အလမ်းပေါ်မှာ ကျနော်တို့ အားလုံးဝိုင်းပြီး ကြိုးစားဖို့ပေါ့ဗျာ။
မေး ။ ။ UNFC ကနေ လောလောလတ်လတ် နှုတ်ထွက်စာတင်ထားတဲ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော်(MNDAA) လို့ခေါ်တဲ့ ကိုးကန့် အဖွဲ့ အပါအဝင် သူတို့ရဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့် တပ်မတော် (AA) တို့ကို တပ်မတော်က NCA စာပွဲဝိုင်းကို ဆွဲမခေါ်ချင်ဘူးဆိုပြီး ပြောနေတာတွေ ရှိတယ်။ ဆိုတော့ ဒီသုံးဖွဲ့ပါဝင်လာနိုင်ရေးကို ဆရာတို့အနေနဲ့ ဘယ်လို ဆောင်ရွက်ကြမလဲ။
ဖြေ ။ ။ ရပါတယ်။ ဒါကတော့ ကြိုးစားရမှာပေါ့။ ကျနော်တို့တာဝန်ကတော့ အားလုံးကို တွေ့ရမှာပဲလေ။ အားလုံးကို ကျနော်တို့ တွေ့မယ်လေ။ တွေ့ပြီးရှင်းပြမှာပဲ။ ဒီအခင်းအကျင်းအသစ်မှာ ပါဝင်နိုင်ဖို့ ကမ်းလှမ်းမှာပေါ့ဗျာ။ ညှိနှိုင်းစရာရှိတာ ဆက်တော့ ညှိနှိုင်းရမှာပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့က ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလေ။ အချက် အလက်တွေ ရှာပြီး ပြန်တင်ပြဖို့ပါပဲ။ ဒီသုံးဖွဲ့နဲ့ ပတ်သက်ပြီး ပထမ အဆင့်ကတော့ တွေ့ပြီး ရှင်းပြဖို့ပါပဲ။ အခုလောလောဆယ် တော့ ကျနော်တို့ဘက်ကတော့ ဒီလောက်ပဲပြောလို့ရပါတယ်။ တွေ့တာတော့တွေ့မယ်။ တွေ့ပြီးရှင်းပြမယ်။
မေး ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အပါအဝင် NCA လက်မှတ်ရေးထိုးရေးအတွက် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် -မိုင်းလားအဖွဲ့ (NDAA)နဲ့ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) စတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံရေးကိုရော အစီအစဉ်တွေ ရှိနေပြီလား။
ဖြေ ။ ။ အစီအစဉ်ရှိပြီးသားပါ။ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့သူအကုန်လုံးနဲ့ ကျနော်တို့တွေ့မယ်။ အစီအစဉ် တွေက တော့ အဆင်သင့်ရှိပြီးသားပါ။ တွေ့ဖို့ပဲလိုပါတော့တယ်။