မြန်မာရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့၂၀၁၅ နှစ်ကုန်ပိုင်းက တကျပ်သား ရွှေဈေး ၈ သိန်းကျော် အထိ ဈေးတက် သွားခဲ့ပါ တယ်။လက်ရှိမန္တလေး ရွှေဈေးကွက် မှာတော့ တကျပ်သားကို ကျပ် ၇ သိန်း ၇ သောင်း ဝန်းကျင် နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ နှစ်ဆန်းပိုင်းမှာ ဈေးနှုန်းမတည်ငြိမ်မှုတွေ ရှိခဲ့တဲ့ ရွှေဈေးကွက်ရဲ့ ၂၀၁၆ အလားအလာနဲ့ အထူး ကုန်စည် အဖြစ် အခွန်ပေးဆောင်ရမယ့် ကိစ္စတွေကို မန္တလေးတိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းကို မန္တလေး အခြေစိုက် သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ လတ်တလောမှာ ဖြစ်နေတဲ့ မန္တလေး ရွှေဈေးကွက်ရဲ့ အခြေအနေကို အရင်နှစ်နဲ့ယှဉ်ပြီး သုံးသပ်ပေးပါရှင့်။
ဖြေ။ ။ ရွှေက အခု ဈေးပြန်ကျတယ်။ မနှစ်ကနဲ့ ဒီနှစ် နှိုင်းယှဉ်ကြည့်ရင် ဈေးပြန်ကျသွားတယ်။ ပြီးတော့ ရွှေဈေးက အရင်ကနဲ့ မတူတော့ဘူး။ ကမာ့္ဘရွှေဈေးပေါ် မူတည်ပြီး ပြောင်းလဲတယ်။ အရင်က ဒေါ်လာဈေး၊ ငွေလဲနှုန်းတွေနဲ့ အပြောင်းအလဲဖြစ်တယ်။ အခု ကမာ့္ဘရွှေဈေးက အဓိက ဖြစ်သွားပြီ။
မေး။ ။ ဒါဆို ဈေးကျတယ်ဆိုတော့ ရွှေဈေးကွက် အနေအထားကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဈေးကွက် အနေအထားကတော့ အပြင်က အရောင်းအဝယ်နည်းတယ်။ ရွှေလုပ်ငန်းတွေ ကြားထဲမှာပဲ အရောင်းအဝယ် ဖြစ်တယ်။ အပြင်က ဝယ်တဲ့သူက အင်မတန် ရှားသွားပြီ။ စီးပွားရေးကျတဲ့ အတွက် ရွှေကို ဝယ်ယူ စုဆောင်းသူ ကျသွားတယ်။ ရွှေလုပ်ငန်းဆိုတာ တခြားစီးပွားရေးတွေကို မှီခိုပြီး ကောင်းရတာ။ ဥပမာ ပြောရရင် မြေ အရောင်းအဝယ်။ အခုအခြေအနေမှာ မန္တလေးရဲ့ မြေအရောင်းအဝယ်က လုံးဝရပ်သလောက် ဖြစ်နေတယ်။ မရောင်းရ တော့ ငွေမပေါ်။ ငွေမပေါ်တော့ ရွှေမဝယ်နိုင်ဘူးလေ။
အရင်က မြေသမားတွေက မြေပေါ်ရင် ရွှေဝယ်တယ်။ မြေဝယ်ချင်ရင် ရွှေပြန်ရောင်းတယ်။ ပြီးတော့ ကျောက်သမား။ သူကလည်း အစိုးရသစ် မတက်ခင်ကတည်းက သူတို့လုပ်ငန်းက အလုပ်မဖြစ်တာ။ အရင်က ကျောက်သမားတွေ ပွဲဖြစ်ပြီ ဆို ရွှေကို ပိသာနဲ့ချီဝယ်တာ။ ကျောက်ဝယ်မယ်ဆိုလည်း ပိသာချီ ပြန်ရောင်းကြတာ။ ကားတို့၊ ဖုန်းတို့ဆိုရင် လည်း အဲဒီလိုပဲ။ ကားသမားတွေ အရောင်းအဝယ် မဖြစ်သလို ၁၅၀၀ တန် ဆင်းကဒ် ထွက်လာပြီးနောက်ပိုင်း ဖုန်းသမားတွေလည်း အဆင်မပြေတော့ဘူးလေ။ အဲဒါတွေ စီးပွားရေးမကောင်းလေ ရွှေမှာ အရောင်းအဝယ်ပါးလေပဲ။
မေး။ ။ ခုနက ဦးတင်ထွန်း ပြောတဲ့အထဲ က ကမ္ဘာ့ ရွှေဈေးပေါ်မှာပဲ မူတည်တော့တယ်။ ဒေါ်လာ အပြောင်းအလဲနဲ့ သိပ်မဆိုင် တော့ဘူးဆိုတာ ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါလား။
ဖြေ။ ။ ၂၀၁၆ အစိုးရသစ် တက်ခါနီးမှာ ဒေါ်အောင်ဆန်းစုကြည် နိုင်ပြီဆိုတာနဲ့ နိုင်ငံခြားရင်းနှီး မြှပ်နှံမှုတွေ ဝင်လာ တော့မယ်။ ဝင်လာရင် နိုင်ငံခြားငွေတွေ အများကြီးပါလာမယ်ဆိုပြီး ဒေါ်လာဈေးကို တအားဆွဲချလိုက်တာ ၁ ဒေါ်လာ ကို မြန်မာငွေ ၁၃၀၀ ကျပ်ကနေ လက်ရှိမှာ ၁၁၀၀ ကျပ် ကျော်ကျော်ပဲ ရှိတော့တယ်။ အရင်က ဒေါ်လာဈေးပေါ်မှာ ရွှေက တအားမူတည်တယ်။ အခုတော့ ၁၀ ဒေါ်လာ ပြုတ်ကျသွားရင်တော့ ရွှေဈေးက ၂ ထောင်၊ ၃ ထောင်ပြုတ်ချင်မှ ပြုတ်တာ။ အခု အခြေအနေကတော့ ကမ္ဘာ့ရွှေဈေးပေါ်မှာပဲ မူတည်တော့တယ်။ ဒါပေမဲ့ နိုင်ငံခြားမှာလည်း ကမ္ဘာ့ ရွှေ ဈေးကွက်မှာ ကစားသူ တအားများတော့ ကမ္ဘာရွှေဈေးကလည်း အပြောင်းအလဲ အရမ်းများတယ်။
မေး။ ။ မန္တလေး ရွှေဈေးကွက်မှာ ရွှေဝင်နှုန်းကရော အရင်နှစ်တွေနဲ့ယှဉ်ရင် နည်းသွားလား၊ ဒါမှမဟုတ် များလာ ပါသလား။
ဖြေ။ ။ ဒီနှစ် ရွှေအဝင်နည်းတယ်။ မန္တလေး ဈေးကွက်ကို ရွှေသွင်းတာ တပိုင်တနိုင် လုပ်ကွက်လေးတွေ များတယ်။ ကောလင်း၊ မြစ်ကြီးနားတဝိုက်၊ စဉ့်ကူးနဲ့ မိုးထိမိုးမိ တို့ဘက်ကနေ လာတာများတယ်။ လာသွင်းတဲ့ တပိုင်တနိုင် လေးတွေဆီမှာ ရွှေအထွက်နှုန်းကျနေတာ။ အရင်ကနဲ့ ယှဉ်မယ်ဆိုရင် တဝက်လောက်ကို ကျသွားတယ်။ အရင် အစိုးရလက်ထက်က နီးစပ်ရာ၊ ဆိုင်ရာပိုင်ရာ ကုမ္ပဏီကြီးတွေကို ရွှေလုပ်ကွက်တွေ ချပေးကြတယ်။
အဲဒီလို ချပေးတဲ့အထဲမှာ တပိုင်တနိုင်လက်လုပ်လက်စားတွေရှိတဲ့ လုပ်ကွက်တွေလည်း ပါတယ်။ အဲဒီတော့ တပိုင်တနိုင်တွေက လုပ်ခွင့်မရတော့တဲ့အတွက် ရွှေအထွက်နှုန်းကျသွားသလို မန္တလေးဈေးကွက် အဝင် နည်း သွားတယ်။ ကုမ္ပဏီကြီးတွေ ရွှေရောင်းပေးတယ်ဆိုတာ မန္တလေး ဈေးကွက်မှ ကုမ္ပဏီကြီး တခုပဲ ရှိတယ်။ အကြီးစား စက်နဲ့ထုတ်တဲ့ ရွှေတွေက ပြည်သူတွေဆီ ရောက်ဖို့တော့ မလွယ်သလို ဈေးကွက်ထဲလည်း မရောက်ပါဘူး။ ဘယ်က နေ ဘယ်လိုထွက်လဲတော့ မသိဘူး။ အခုအခြေအနေက Export, Import လည်း လုပ်မရတော့ ရှင်းရှင်းပြောရရင် ခိုးထွက်တာပေါ့။
မေး။ ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ ဒီနှစ်ဆန်းပိုင်းလောက်ထိ ရွှေဈေး အတက်အကျကြမ်းခဲ့တာ ဘာကြောင့်ပါလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလို ဈေးအတက်အကျဟာ လေပတ်ကားနဲ့ ပတ်သက်လို့ ဖြစ်တာပါ။ အန်ကယ် ဥက္ကဋ္ဌအဖြစ် ၂၀၀၃ ခုနှစ်ကနေ ဆက်တိုက် တာဝန်ယူခဲ့တယ်။ အရင်တုန်းကတော့ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အခြေအနေနဲ့ လုပ်ခဲ့ကြတယ်။ လေပတ်ကားကို လုပ်ခိုင်းလို့ရတာ လုပ်ခိုင်းပြီး ရပ်ခိုင်း တဲ့အခြေအနေမှာ ရပ်ခဲ့ရတာလည်း ရှိတယ်။
အဲလိုနဲ့ပဲ ရပ်တည်လာရတယ်။ ဒါပေမဲ့ ရွှေဈေးတက်ရင် ကုန်ဈေးနှုန်းကတက်တယ်။ စပါးဈေးကအစ လိုက်တက် တယ်။ အဲဒီတော့ တက်နေတဲ့ ရွှေဈေးဟာ သမာရိုးကျ မဟုတ်ဘဲ ဆွဲတင်၊ ဆွဲချကြောင့် တက်ရင် တားတဲ့နည်းလမ်း လေးတွေ အန်ကယ်တို့ဆီမှာ အစီအစဉ် ရှိပြီးသားပါ။ ဥပမာ အားဖြင့် ရွှေကို စုပြီးရောင်းမလား။ လေပတ်ကားကို ရပ်မလား ဆိုတာမျိုးပေါ့။
အရင် အစိုးရလက်ထက်တုန်းက ဝန်ကြီးတပါးက အန်ကယ်ကို မေးဖူးတယ်။ ဈေးကွက်ထဲမှာ ရွှေ ဘယ်နှစ်တန် ထုတ်ရောင်းရင် ရွှေဈေးကျမလဲတဲ့။ အများကြီးမဟုတ်ဘူး။ ၁ တန် ( ၆၆၆ ပိသာ) ထုတ်ရောင်းပေးပါလို့ ပြန်ဖြေခဲ့ တယ်။ အန်ကယ်တောင် အစည်းအဝေးအခန်းထဲက မထွက်ရသေးဘူး။ သတင်းက ဘယ်လိုပေါက်သွားလဲ မသိဘူး။ ရွှေဈေးက ပြုတ်ကျသွားတယ်။ အဲဒီအချိန်မှာ ရောင်းရင် မှတ်ပုံတင်နဲ့မှ၊ ငါးမူးသားမှ ရောင်းမယ်ဆိုပြီး စည်းကမ်းချက် တွေ ထုတ်လိုက်တဲ့အခါ ရွှေဈေးက ချက်ချင်း တန်းတက်သွားတယ်။ တကယ်တမ်း ဈေးကွက်ထဲမှာ အဲဒီရွှေတတန်က မရောက် ဘဲနဲ့ကို သတင်းနဲ့ ဈေးက အတက်အကျဖြစ်နေတာ။ အဲဒါကြောင့် အစိုးရဌာနတွေကိုလည်း တခုပြော ချင်ပါတယ်။ မနိုင်ဘဲ မပိုင်ဘဲ မလုပ်ပါနဲ့။
မေး။ ။ ရွှေကို အထူးကုန်စည်အဖြစ် အခွန်ဆောင်ရမယ့်ကိစ္စ နဲ့ ပတ်သက်ပြီးလည်း သိပါရစေ။
ဖြေ။ ။ အခုထိလည်း တိတိကျကျ မသိရသေးဘူး။ ၂၀၀၆-၂၀၀၇ ခုနှစ်လောက်က မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အနေနဲ့ အများပိုင် ကုမ္ပဏီတည်ထောင်ပြီး မြန်မာ့ရွှေကို အိတ်စပို့၊ အင်ပို့ ပို့ဖို့ကိစ္စ အန်ကယ်ကိုယ်တိုင် တင်ပြခဲ့ဖူးတယ်။ ကုမ္ပဏီတခုရှိမှသာ အိတ်စပို့၊ အင်ပို့ လုပ်လို့ရမယ်လေ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ရွှေဟာ ကန့်သတ်ကုန် ဖြစ်နေတဲ့အတွက် အရင် အစိုးရလက်ထက်က ခွင့် မပြုပေးခဲ့ဘူး။ မအောင်မြင်ခဲ့ဘူးပေါ့။
အခု အစိုးရလက်ထက်မှာ ကင်းလွတ်ကုန်အဖြစ် ရအောင်လုပ်နေတယ်။ ပြီးခဲ့တဲ့လ အစည်းအဝေးက ရွှေကို အထူး ကုန်စည် ၂ အဖြစ် သတ်မှတ်ပြီး ကုန်သွယ်လုပ်ငန်းခွန်ဆောင်ဖို့ ကိစ္စဖြစ်လာတယ်။ အခွန်မဆောင်တဲ့ ကုန်သည် တွေကို သိန်း ၅၀ ထိ ဒဏ်ငွေ တပ်နိုင်သလို ဥပဒေအရလည်း အရေးယူနိုင်တဲ့ အပိုင်းတွေပါလာတယ်။ ဒီလ ၁၁ ရက်နေ့ ရန်ကုန်မှာ အဲဒါနဲ့ပတ်သက်ပြီး အစည်းအဝေး လုပ်မယ်။
မြန်မာတနိုင်ငံလုံးက ရွှေအသင်းတွေ စုပြီး စည်းဝေး ကြမယ်။ ရွှေတဆယ်သားပေါ်မှာ ဘယ်လိုအခွန် ကောက်သင့်တယ် ဆိုတာ အားလုံးတိုင်ပင်ပြီးရင် စီးပွားကူး သန်း ဝန်ကြီးဌာနနဲ့ အကောက်ခွန်ကို တင်ပြမယ်။ အစည်း အဝေးကို အန်ကယ်သွားမယ်။ အဲဒီအစည်းအဝေး ပြီးရင် တော့ တိတိကျကျသိရမှာပါ။ ဒါပေမဲ့ အခုအခြေအနေ အတိုင်းဆိုရင် ရွှေကို Import, Export လုပ်ဖို့ ခဲယဉ်းနေဦးမယ်။
မေး။ ။ မန္တလေးဈေးကွက်မှာ တရုတ်ရွှေ ဆိုပြီး ရွှေအတုတွေ ဖမ်းမိတဲ့ကိစ္စကရော ဘယ်လိုဖြစ်တာပါလဲရှင့်။
ဖြေ။ ။ တနိုင်တပိုင်လုပ်ကွက်တွေ ပျောက်သွားတဲ့အခါမှာ ရွှေက အင်မတန်ရှားသွားတယ်။ ရွှေရှားတဲ့အတွက် လုပ်ကိုင်ရတဲ့အခါ တခါတလေ Supply နဲ့ Demand မမျှဖြစ်တယ်။ အဲလိုမမျှတဲ့အခါ အပြင်ကနေ ဝင်လာတဲ့ သဘောပေါ့။ အကြီးစားကုမ္ပဏီတွေက မဝင်၊ တနိုင်တပိုင်တွေက လျှော့၊ အဲဒီလိုဖြစ်တဲ့အခါ တရုတ်ဘက်က ရွှေတွေ ဝင်လာတယ်။ ဝင်တယ်ဆိုတာကလည်း မှောင်ခိုလမ်းကြောင်းနဲ့ ဝင်လာတယ်။ တခါတလေ ကျတော့လည်း စစ်ဆေးမေးမြန်းမှုတွေရှိတော့ မိတာတွေလဲရှိတယ်။ တခါတလေ တရုတ်ကဝင်တယ်။ အိန္ဒိယဘက်ကို ပြန်ထွက် သွားတာတွေ ရှိတယ်။
မေး။ ။ ဒီနှစ် ရွှေဈေးကွက် အလားအလာလေးသုံးသပ်ပေးပါအုံးရှင့်။
ဖြေ။ ။ အလားအလာကတော့ လက်ရှိအခြေအနေက ကမ္ဘာရွှေဈေးပေါ်ပဲ မူတည်နေတယ်။ မှန်းလို့မရနိုင်ဘူး။ ဒါပေမဲ့ ရွှေ ဆိုတဲ့အရာက အမာခံပစ္စည်းပဲလေ။ ကျသွားတယ်ဆိုတာ မရှိဘူး။ တက်မှာပဲ။ ကမ္ဘာရွှေဈေးကွက်ကို စိတ်ဝင်တစားနဲ့ ကစားတဲ့သူတွေ အရင်ကထက် များလာတယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ။ ရွှေဈေး၊ ငွေဈေးဖြစ်ဖြစ် နိုင်ငံရေးပေါ်မှာ အများကြီးမူတည်ပါတယ်။ နိုင်ငံရေးအမြတ်ထုတ်တဲ့ စီးပွားရေး သမားတွေ အများကြီးရှိပါတယ်။ အဲလို စီးပွားရေးအမြတ်ထုတ်တဲ့သူတွေကို မထုတ်နိုင်အောင် ဈေးကွက် တည်ငြိမ်အောင် နိုင်ငံတော်က သေချာလုပ်ပေးရပါမယ်။ အစိုးရနဲ့ ပြည်သူ ယှဉ်ပြီး လုပ်ရဲမှ၊ ပွင့်လင်းမှ ဈေးကွက် တည်ငြိမ်မှာပါ။ ပြီးတော့ တပိုင်တနိုင် လက်လုပ်လက်စား ရွှေသမားလေးတွေကို လုပ်ခွင့်ပေးသင့်ပါတယ်။ ပြည်တွင်းမှာ အထွက်နည်းရင် ပြည်ပက ဝင်လာမှာ အသေအချာပါပဲ။