မြန်မာနိုင်ငံရဲ့လူဦးရေ ဒုတိယအများဆုံးနေထိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ နေထိုင်သူ ၆ ဒဿမ ၁ သန်းကျော် ရှိပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပါတယ်။ NLD အစိုးရသစ် တာဝန်ယူလာပြီးနောက်ပိုင်း ဧရာဝတီ တိုင်း အတွင်းရှိ ပြုပြင်ပြောင်းလဲမှုများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနဲ့ ပတ်သက်ပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးကို ဧရာဝတီသတင်းဌာနရဲ့ အကြီး တန်း သတင်းထောက် ဆလိုင်းသန့်စင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဝန်ကြီးတို့ အခုလက်ရှိဆောင်ရွက်နေတဲ့ ရက် ၁၀၀ စီမံကိန်း လုပ်ဆောင်နေမှု အခြေအနေတွေကို ပြောပြ ပေးပါ။
ဖြေ။ ။ ရက် ၁၀၀ စီမံကိန်းအနေနဲ့ လုပ်ဆောင်နေတာက ကျနော့်လက်အောက်က လမ်းဦးစီးဌာနမှာဆိုရင် တင်ဒါ စည်းကမ်းတွေ ပြောင်းလိုက်တယ်။ စိတ်ဝင်စားကြေးဆိုတာကို လုံးဝမကောက်တော့ဘူး။ ကျနော်ကိုယ်တိုင် ကက်ဘိ နက် (အစိုးရအဖွဲ့အစည်းအဝေး)မှာ တင်ပြပြီး ဆုံးဖြတ်လိုက်တယ်။ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ မရှိရင် တခြားနည်းနဲ့ စဉ်းစားမယ်။ ဝန်ကြီးချုပ်ကိုလည်း ဒီကိစ္စကို ပြောပြီးပြီ။ နောက်ပြီး တင်ဒါဝင်ပြိုင်မယ့် လူတွေ အတွက် ကန်ထရိုက် လိုင်စင် သက်တမ်းတိုးတဲ့ကိစ္စကိုလည်း ပိုက်ဆံမကောက်တော့ဘူး။ စိတ်ဝင်စား ကြေးအစား Show Money (လေလံဆွဲနိုင်တဲ့ ငွေပမာဏ) ပြခိုင်းတဲစနစ်ကို ပြောင်းလဲထားပါတယ်။
ရေအရင်းအမြစ်နဲ့ မြစ်ချောင်းထိမ်းသိမ်းရေး ဌာနဆိုရင်လည်း တိုင်းအတွင်းက မြစ်ကျောက်၊ မြစ်သဲ တူးဖော်တဲ့ကိစ္စကို ကွင်းဆင်းစစ်ဆေးပြီး ဘယ်မြို့နယ်၊ ဘယ်အကွက်၊ ဘယ်ဧရိယာကိုပဲ တူးဖော်ခွင့်ပေးမယ်ဆိုတာ စိစစ်တင်ပြထား ပါ တယ်။ ဒါပေမယ့်လည်း တချို့နေရာတွေမှာ တူးတဲ့လူက လုပ်ပိုင်ခွင့်ထက် ကျော်လွန်တဲ့ တခြားဧရိယာမှာပါ ဝင်ပြီးခိုး တူး နေတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် ကျနော်တို့သိရတယ်။
အဲဒီတော့ မြစ်ကျောက်ခိုးတူးတာတွေ့ရင် အဲဒါကို မှတ်တမ်းတင်ပါ။ ဘယ်ကုမ္ပဏီက လုပ်လဲပေါ့။ ပြီးတော့ ကျနော့် ဝန်ကြီး ရုံးကို လာတွေ့ပါ။ အဲဒီလုပ်ငန်းရှင်က သတ်မှတ်ထားတဲ့အကွက် မဟုတ်ဘဲ တခြားနေရာမှာ တူးနေတယ် ဆိုရင် အရေးယူမယ်။ ဒီလိုမြစ်ကျောက် ခိုးတူးတဲ့ကိစ္စတွေက မြန်အောင်ဘက်မှာ အများဆုံး ဖြစ်နေတယ်။ အရင်တုန်းကတော့ ဒေသခံတွေက တင်ပြပေမယ့် အရေးယူမှု မရှိတာတွေ ဖြစ်ခဲ့တယ်။ ကျနော်တို့ လက်ထက် မှာ တော့ ဒီလိုမျိုးကိစ္စတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်သွားဖို့ ပြင်ဆင်ထားပါတယ်။
လက်ရှိကျနော်တို့အတွက် စိန်ခေါ်မှုဖြစ်နေတာက ကျေးလက်မီးလင်းရေးကိစ္စ။ ဒီကိစ္စတွေက အရင်တုန်းက ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်အောက်မှာ ရှိတယ်။ ပြည်သူက ၅၀ ရာခိုင်နှုန်း၊ ကျေးလက်က ၅၀ ရာခိုင်နှုန်း စသဖြင့် ထည့်ဝင်ပြီးလုပ်ကြဖို့ သဘောတူညီမှုတွေနဲ့ မြို့နယ်တိုင်းက ရွာတွေမှာ လုပ်ခဲ့ကြတယ်။ အဲဒီလိုတွေ လုပ်ခဲ့ပြီးတဲ့အခါမှာ သူတို့ဌာနမူပြောင်းသွားတော့ ကျေးလက်ဌာနက ဘတ်ဂျတ်ချမပေးနိုင်တော့ဘူး။ တချို့ရွာတွေဆို တန်းလန်းတွေ ဖြစ်ကုန်တယ်။ မီးမရတော့ဘူး ဖြစ်ကုန်တယ်။
ဒါပေမယ့် ကမ္ဘာ့ဘဏ်ကလုပ်မယ့် လုပ်ငန်းတွေရှိတယ်။ ဒါကလည်း အမှန်တကယ်ကျ ရွာထဲအထိ မရောက်ဘူး။ ဓာတ်အားက ထရန်စဖော်မာအထိပဲ ရောက်မှာ။ ထရန်စဖော်မာကနေ ရွာထဲသွားဖို့က တပိုင်းဖြစ်သွားပြီ။ အဲဒါကို ကျေးရွာ လူထုကို နားလည်အောင် ရှင်းပြရမှာပေါ့။ အခုလက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး Data (အချက်အလက်) တွေ ကောက်နေတယ်။ ဒီကိစ္စကိုလည်း ရက် ၁၀၀ အတွင်းမှာ အချက်အလက်တွေ စုံလင် အောင် ကောက်ယူပြီး ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ တိုင်းအတွင်းကာ မြို့ချင်းဆက်လမ်းတွေက အသစ်ခင်းပြီး ၁ နှစ် လောက်ကြာရင်ပျက်ပြီ။ ဆိုလိုချင်တာက လမ်းအရည်အသွေး ညံ့ဖျင်းမှုပေါ့။ အခုအစိုးရသစ်လက်ထက်မှာ ဒီလိုမျိုး အရည်အသွေးညံ့ဖျင်းတဲ့ လမ်းခင်းတာတွေ မဖြစ်အောင် ဘယ်လိုစီမံလုပ်ဆောင်မှာပါလဲ။
ဖြေ။ ။ လက်ရှိ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်မှာ လုပ်ဆောင်မယ့်လမ်းတွေကို Material (သုံးစွဲသည့် ကုန်ကြမ်း ပစ္စည်း) ရော၊ Workmanship (လုပ်ငန်းပြီးဆုံးမှု အဆင့်) ရော သေချာစစ်ဆေးမယ်။ ပြည်သူတွေ၊ လွှတ်တော် ကိုယ်စား လှယ်တွေနဲ့ ဝိုင်းဝန်းစောင့်ကြည့်မှုတွေနဲ့ အရည်အသွေးကောင်းအောင် လုပ်ရမှာပေါ့။
နောက် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် ရောက်ရင်တော့ ပြည်သူတွေလိုအပ်ချက်နဲ့ ကိုက်ညီအောင် အချက်အလက် တွေကို ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြင်ပပညာရှင်တွေရဲ့ အကူအညီတွေစုပေါင်းပြီး လမ်းဦးစီး ဝန်ထမ်း တွေနဲ့ ပူးပေါင်းပြီးတော့ သေချာအောင် စီမံချက်ဆွဲပြီး ကြိုးစားလုပ်ဆောင်သွားမှာပါ။
မေး။ ။ တိုင်းအတွင်း နေရောင်ခြည်စွမ်းအင်သုံးပြီး လျှပ်စစ်မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်မယ့် စက်ရုံဆောက်ဖို့ ထိုင်းနိုင်ငံ အခြေစိုက် ကုမ္ပဏီတခုနဲ့ ဆွေးနွေးနေတယ်လို့ ကြားရတဲ့အပေါ်လည်း ပြောပြပေးပါ။
ဖြေ။ ။ တိတိကျကျပြောရရင်တော့ တိုင်းဒေသကြီးအစိုးရနဲ့ ဝမ်တိုး (Won Toll) ကုမ္ပဏီကြားမှာ ဘာသဘော တူညီမှုမှ မရှိသေးပါဘူး။ သူတို့လုပ်ချင်တဲ့ ကိစ္စလေးတွေကို လာပြီးရှင်းပြခွင့် ပြုပါဆိုလို့ ရှင်းပြခွင့်ပေးရုံ သက်သက် ပါပဲ။ သဘောတူညီထားတာ တခုမှမရှိသေးပါဘူး။ ဒါနဲ့ ဆက်စပ်လို့ ရှင်းပြရရင် ဝမ်တိုးကုမ္ပဏီနဲ့ တွေ့ဆုံတဲ့ညနေပိုင်း မှာပဲ ဧရာဝတီတိုင်းရဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်နဲ့ ပညာရှင်တွေ ဖိတ်ကြားပြီး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်။
ဒီအလုပ်ရုံ ဆွေးနွေးပွဲွမှာ တိုင်းဒေသကြီးရဲ့လျှပ်စစ်ကဏ္ဍကို လုံလောက်အောင် ဘယ်လိုထုတ်လုပ်မလဲ၊ ဖြည့်တင်း မလဲဆိုတာကို အဓိက ဆွေးနွေးကြတယ်။ ဂက်စ်နဲ့ လုပ်မလား၊ ဒီဇယ်နဲ့လား၊ ဒီရေအတက်အကျနဲ့ လုပ်မလား၊ လေရဟတ်နဲ့ လုပ်မလား စသဖြင့်ပေါ့။ ကျောက်မီးသွေးနဲ့ လုပ်မလားဆိုပြီး ဆွေးနွေးတဲ့လူတောင် ပါသေးတယ်။ ဘယ်နည်းနဲ့ပဲထုတ်ထုတ် ကောင်းကျိုးဆိုးကျိုး ရှိတယ်လေ။ ဆိုလာနဲ့ ထုတ်မယ်ဆိုလည်း မြေဧကတွေ ထောင်နဲ့ချီ ပေးရမယ့် ပြဿနာတွေ ရှိတယ်။ အဲတော့ ဒီဆွေးနွေးချက်တွေကို ကျနော်တို့ မှတ်တမ်းတင်ထားတယ်။
ဒီထက်ပိုကျယ်ပြန့်တဲ့ ဒုတိယအကြိမ်၊ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်မယ်။ အဲဒီအခါမှာ ကျနော်တို့ ဧရာဝတီတိုင်းအတွက် သင့်တော်တဲ့လျှပ်စစ်ဓာတ်ကို ဘယ်လိုနည်းတွေနဲ့ ထုတ်လုပ်မလဲဆိုတဲ့ အဖြေရမှာပါ။ အဲဒီလို အဖြေရပြီးတဲ့အခါ အကောင်အထည်ဖော်တဲ့ အပိုင်းကို စဉ်းစားမယ်။ အဓိကကတော့ ပြည်သူလူထုအတွက် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ လျှပ်စစ်ဓာတ်အားရနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လုပ်ဆောင် နေပါတယ်။
မေး။ ။ ဧရာဝတီတိုင်းမှာ လက်မှုလုပ်ငန်းတွေထွန်းကားပြီး အစိုးရပံ့ပိုးကူညီမှု မရတဲ့အတွက် အခက်အခဲ အမျိုးမျိုး ကြားက ရပ်တည်နေရတယ်။ ဒီလိုလက်မှုလုပ်ငန်းကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စီမံထားတာရော ရှိပါလား။
ဖြေ။ ။ လက်မှုလုပ်ငန်းတွေ အနေနဲ့က ပထမအနေနဲ့ အရင်းအနှီးရရှိအောင် SME ချေးငွေ (အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများအတွက်ချေးငွေ) ရရှိအောင် ကြိုးစားပေးဖို့ လိုပါတယ်။ ပြည်တွင်းပြည်ပ ဈေးကွက် လည်း ရှာဖို့လိုတာပေါ့။ ဒါမှသာ ဧရာဝတီတိုင်းက လက်မှုလုပ်ငန်းတွေ တိုးတက်ထွန်းကားလာမယ်လို့ ထင်ပါတယ်။
မေး။ ။ အစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီက အကျင့်ပျက်ခြစားမှု တိုက်ဖျက်သွားမယ်လို့ ပြောဆိုထားပါတယ်။ ဒီအပေါ်မှာ ဝန်ကြီးတို့အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ အကောင်အထည် ဖော်ဆောင်နေတာတွေရှိရင် ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံတိုင်းမှာ Corruption (အကျင့်ပျက်ခြစားမှု) ကိစ္စကို အမြဲထည့် ပြော ပါတယ်။ ပြည်သူအတွက် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ Corruption ရှိနေရင် ဒီနိုင်ငံ ဘယ်တော့မှ မတိုးတက် ဘူး။ ပြီးရင်ဘယ်နိုင်ငံမှလည်း လှူဒါန်းတာတွေ ကူညီတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောထားတယ်။ အဓိကတော့ ခေါင်းဆောင် အရေးကြီးတာပါပဲ။ ခေါင်းဆောင် Corruption ကင်းရင် အောင်ခြေကလည်း လျော့သွား မယ်။ ပပျောက် သွားမယ်လို့ ယူဆပါတယ်။
ဒီနေရာမှာ အောက်ခြေဝန်ထမ်းရဲ့ ဘဝအခြေအနေကို ပြန်ကြည့်ဖို့တော့လိုတယ်။ သူတို့မှာ စားဝတ်နေရေးအတွက် ပြည့်စုံ ရဲ့လား၊ အဆင်ပြေရဲ့လားဆိုတာ ကိုယ်ချင်းစာစိတ်နဲ့ ကြည့်မှရမယ်။ အောက်ခြေမှာက လိုအပ်ချက်တွေ ဗလပွနဲ့ ဖြစ်နေတာကို မြှင့်တင်ပေးမှု၊ ဖြည့်ဆည်းပေးမှုတွေ လုပ်ဆောင်ရမယ်။ တဖက်ကလည်း စည်းရုံးရေးနဲ့ သွားရမှာပေါ။
မေး။ ။ဝန်ကြီးအနေနဲ့ လက်အောက်က ဦးစီးဌာနတွေနဲ့ လက်တွဲလုပ်ကိုင်ရတာရော အဆင်ပြေမှုရှိရဲ့လား။
ဖြေ။ ။ အခက်အခဲက ရှိတာပေါ့ဗျာ။ အစိုးရအဖွဲ့ လုပ်ငန်းအောင်မြင်ဖို့ဆိုတာ အောက်ကဦးစီးဌာနတွေက အလုပ်လုပ် ပေးမှ အဆင်ပြေမှာလေ။ သူတို့တွေ အရင်တုန်းက လုပ်နည်းလုပ်ဟန်တွေအတိုင်း လုပ်နေရင်လည်း လိမ္မာပါးနပ်စွာနဲ့ပဲ ညွှန်ကြားဆောင်ရွက်သွားရမှာပေါ့။ ဌာနဆိုင်ရာတွေ ဘာလုပ်သလဲကြည့်တယ်။ ကိုယ်လိုချင်တဲ့ အချက်အလက်တွေ တောင်းယူတယ်။ တော်တော်များများလဲ စိတ်ဓာတ်ရှိစွာနဲ့ ကြိုးစားကြပါတယ်။
အခက်အခဲဖြစ်လာတဲ့ ကိစ္စတွေကို ကျနော်တဦးတည်း မလုပ်နိုင်ရင် ကျနော့်ကိုကူညီပေးမယ့် လွှတ်တော် ကိုယ်စား လှယ်တွေ ရှိတယ်။ ကိုယ်စားလှယ်အောက်မှာ ပြည်သူတွေရှိတယ်။ သူတို့ အကူအညီယူမယ်။ ပြီးတော့ အစိုးရသစ်ကို ကူညီပေးချင်တဲ့ ပညာရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အများကြီးရှိတယ်။ အဲ့ဒီလူတွေ အကူအညီယူပြီး ဖြေရှင်းဆောင်ရွက်သွားမှာပါ။
ကျနော်တာဝန်ထမ်းဆောင်တဲ့ အချိန် ၂ လနီးပါးမှာ သွားလာထိတွေ့ရင်း မြင်ရတာက တချို့ဝန်ထမ်းတွေမှာ ပြောင်းလဲ ချင်စိတ် ရှိတယ်။ ကျနော်ကလည်း ပြောတယ်။ ကျနော်တို့က ပြည်သူကို ဗဟိုပြုတဲ့ အစိုးရဖြစ်တဲ့အတွက် ခင်ဗျားတို့ အထဲမှာ ပြောင်းလဲချင်တဲ့လူတွေ အများကြီးရှိတယ်ဆိုတာ ကျနော်သိတယ်။ ဒါကြောင့် ပြောင်းလဲကြပါ။ ဒီအချိန်လေး မှာမှ မပြောင်းရင် ကျနော်တို့မပြောင်းတော့ဘူးနော်ဆိုတော့ ပြောင်းလဲဖို့စိတ်ဝင်စားတာတွေ တွေ့ရပါတယ်။ နှစ်ပေါင်း များစွာ ဆင်းရဲတွင်းနစ်ခဲ့ကြတော့ ပြောင်းလဲဖို့ အချိန်တော့ယူရဦးမှာပေါ့။
မေး။ ။ ဝန်ကြီးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာ ရှိပါလဲ။
ဖြေ။ ။ အခုလက်ရှိ တိုင်းဒေသကြီး ဝန်ကြီးတယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရပြီ။ ကိုယ်တာဝန် ထမ်းဆောင် တဲ့ ၅ နှစ် အတွင်းမှာ ကိုယ်တတ်နိုင်သမျှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့လုပ်သွားမယ်။ ပြီးလို့ရှိရင် နောင် ၅ နှစ် တွေမှာ ဝန်ကြီးအသစ်တွေ ရှိလာမှာပဲ။ သူတို့တွေအတွက်ပါ အဆင်ပြေချောမွေ့အောင် ပြင်ဆင်ပေးသွားမယ်လို့ စိတ်ပိုင်း ဖြတ် ထားပါတယ်။