နေပြည်တော်မြေသိမ်းမှုတွေနဲ့ပတ်သက်လို့ ဘယ်လို အဖြေရှာမလဲ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးစီး အကောင်အထည်ဖော်ခဲ့သော နေပြည်တော်သည် ၂၀၀၆ ခုနှစ် အစိုးရရုံးများ စတင် ပြောင်းရွှေ့ အခြေစိုက်ခဲ့ရာမှ စတင်လှုပ်ရှားလာခဲ့ပြီး ၁၀ နှစ် နီးပါး ရှိလာသည်အထိ မြေသိမ်းမှု ပြဿနာများ အဖြေမရှာနိုင်သေးဘဲ တရားဥပဒေ စိုးမိုးရေး ပျောက်ဆုံးနေဆဲဖြစ်သည်။ NLD အစိုးရသစ်လက်ထက်တွင်လည်း ဒေါက်တာမျိုးအောင် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သော နေပြည်တော်ကောင်စီကို  ဖွဲ့စည်း ထားပြီဖြစ်ရာ ယင်းကောင်စီအနေဖြင့် နေပြည်တော်မြေသိမ်းမှု ပြဿနာများကို မည်သို့ မည်ပုံဖြေရှင်းမည်ကို နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း ကိုဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။    ။ နေပြည်တော်ကောင်စီ နယ်မြေထဲမှာရှိတဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေကို ဘယ်လို ဖြေရှင်းဆောင်ရွက်ပေးနေလဲဆိုတာ သိချင် ပါတယ်။
ဖြေ ။    ။ လယ်ယာမြေနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီက နေပြည်တော်ကောင်စီကို တင်ပြလာတဲ့စာတွေကို အရင် မြို့နယ်၊ ခရိုင်က တာဝန်ရှိတဲ့ ထွေ/အုပ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းဦးစီးဌာနတို့က စိစစ်ပါတယ်။ စိစစ်ပြီးရင် နေပြည်တော် ကောင်စီကို ပြန်တင်ပြပါတယ်။ တင်ပြတဲ့အခါ ကျနော်တို့ အဆင့် နဲ့ ဖြေရှင်းပေးလို့ရတာ ရှင်းတာ။ မရရင် အထက်ကို တင်ပြလိုက်တာလည်း ရှိတယ်။ တချို့ကိုတော့ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီကို ဆက်တင်ပြ ပေးနေ တယ်။ အကုန်လုံးကိုတော့ စိစစ်တင်ပြပေးနေပါတယ်။

မေး ။    ။ လယ်မြေကိစ္စတွေ စိစစ်တဲ့အခါမှာ ဘယ်လို ဖြစ်စဉ်မျိုးတွေများလဲ။
ဖြေ ။    ။ အများအားဖြင့် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွေမှာ လုပ်ငန်းလိုအပ်ချက်အရ သိမ်းယူခဲ့တာတွေ ရှိတယ်။ ဥပမာအားဖြင့် နေပြည် တော် လေဆိပ်ပေါ့။ နေပြည်တော် တည်ဆောက်လုပ်ရေးလုပ်ငန်း၊ အမြန်လမ်းမကြီး ဖောက်လုပ်ရေးအတွက် သိမ်းခဲ့ရတာတွေ ရှိတယ်။ ဝန်ကြီးဌာနတွေ တည်ဆောက်တဲ့အခါ အသိမ်းခံရတာတွေ ရှိပါတယ်။

မေး ။    ။ အခုအစိုးရရဲ့ ပေါ်လစီက လယ်စိုက်သူ လယ်ပြန်ပိုင်ရမယ်ဆိုတဲ့ ပုံစံမျိုးဆိုတော့ နေပြည်တော်ကောင်စီ လက်အောက်မှာရှိတဲ့ သိမ်းဆည်းခံ လယ်မြေတွေကို မူလပိုင်ရှင်ဆီကို ပြန်ပေးမှာလား။
ဖြေ ။    ။ ပြန်ပေးဖို့တော့ စိစစ်နေတယ်။ ဒါပေမယ့် သိမ်းထားတာ ဘယ်နှစ်ဧက၊ ဘယ်လောက်ကိုတော့ ပြန်ပေးမယ်ဆိုတာမျိုးတော့ အတိအကျ မပြော နိုင်သေးပါဘူး။ နေပြည်တော်အတွင်းမှာ ပြန်ပြီးစွန့်လွှတ်တဲ့ မြေတွေလည်း ရှိပါတယ်။ ဥပမာ ပြန်ကြားရေးဝန်ကြီးဌာနကနေ ပြန်ပြီး စွန့်လွှတ်တဲ့မြေတွေ ရှိ တယ်။ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ဦးစီးဌာန တည်ဆောက်ဖို့အတွက် သိမ်းထားတဲ့မြေတွေ လိုအပ်သလောက်ပဲ တည်ဆောက်ပြီးတဲ့အခါ တချို့မြေတွေကို ပြန်စွန့်လွတ်တာပါ။ အဲဒီမြေတွေကို နဂိုပိုင်ရှင်တွေ ပြန်ရအောင် အဆင့်ဆင့် စိစစ်တာတွေ လုပ်နေတယ်။

မေး ။    ။ တပ်မတော်က သိမ်းဆည်းတဲ့ မြေတွေကရော ဘယ်လောက်များများ ရှိလဲ။
ဖြေ ။    ။ တပ်မတော် သိမ်းတဲ့မြေက ရှိတော့ရှိတယ်။ အများကြီးတော့ မဟုတ်ပါဘူး။

မေး ။    ။ နေပြည်တော်ကောင်စီနယ်မြေထဲမှာ တောင်သူတွေကို မြေကျူးကျော်တယ်ဆိုပြီးတော့ အစိုးရက တရားစွဲဆိုထားတာတွေ ရှိပါတယ်။ အဲဒါတွေက ဘယ်နှစ်မှုလောက်ရှိပြီးတော့ ဘယ်လို ဖြေရှင်းပေးနေလဲ။
ဖြေ ။    ။ တရားရုံးမှာ ဖြေရှင်းနေရတဲ့ အမှုတွေ ရှိပါတယ်။ တရားရုံးရောက်တော့ သူတို့အနေနဲ့ နစ်နာပါတယ်။ သူတို့မှာ နေစရာ မရှိလို့ ဒီလိုနေရတာပါ။ သူတို့လယ်မြေတွေလည်း သိမ်းဆည်းခံရတယ်။ သိမ်းဆည်းခံရပြီးတော့ ဒီလိုပဲ နေရင်းကနေ ကျူးကျော်မိတာကို မသိဘူးလို့ ပြောတဲ့သူတွေလည်း ရှိတယ်။ အမှုတွေကတော့ ရှိပါတယ်။ ကျူးကျော်လို့ သတ်မှတ်ခံရတဲ့အခါ တင်ပြလာကြလို့ ပြန်ကြားနာပြီး စိစစ်ပေးနေတာတွေလည်း ရှိပါတယ်။ လုံး၀ ပြန်မစိစစ် တော့ဘူး။ လုံးဝအပြီးပဲ ဆိုတာမျိုးတော့ မဟုတ်ပါဘူး။
မြေအမှုက အမျိုးမျိုးရှိပါတယ်။ ပြီးခဲ့တဲ့အပတ်ကဆိုရင် လယ်ဝေးဘက်မှာ နေပြည်တော်ကောင်စီက လူကြီးတွေရယ် မြို့နယ်အုပ်ချုပ်ရေးပိုင်းက လူတွေရယ် ဒေသခံတွေရယ် တွေ့ဆုံတဲ့အခါမှာ ပြည်သူတယောက်က တင်ပြပါတယ်။ လယ်ဝေးမြို့မှာ စည်ပင်သာယာရေး ဦးစီးဌာနက လမ်းဖောက်တော့ သူမြေပါသွား တယ်။ သူတင်မကဘူး။ သူ့ညီအကို မောင်နှမတွေရဲ့ မြေတွေလည်း ပါသွားတယ်။  ဘာလုပ်ပိုင်ခွင့်မှ မရဘူးလို့ တင်ပြတဲ့ အခါ ကံအားလျော်စွာ ဒီမြေသိမ်း ဆည်းမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်နေတဲ့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် ပါလာတယ်။ သူ(ဦးအေးမောင်စိန်)ကလည်း အဲဒီ Case ကို စိစစ်ထားပြီးသား။

သူ့ကိုလည်းပဲ ၆၀ ပတ်လည် မြေတကွက် ပေးထားပြီးသား။ သူ့မောင်နှမတွေကိုလည်း တကွက်စီပေးထားပြီးသား။ လျော်ကြေး ကလည်း မိသားစုတခုလုံးအတွက်ကို ပေးထားတာ။ သူကလည်း အဲဒီက အချိုးကျရပြီးသား။ အဲဒါကိုကျတော့ သူက တင်ပြဖို့ မေ့နေတယ်။ ၆၀ ပတ်လည် မြေကွက်ရလားဆိုတော့။ ရပါတယ်တဲ့။ မောင်နှမတွေရော ရလာဆိုတော့ ရတယ်တဲ့။ အဲလို ရှင်းပြတော့ သူလည်း နားလည်သွားတယ်။ အဲဒီလို စိစစ် ပေးပါတယ်။

မေး ။    ။ အရင်အစိုးရလက်ထက်တုန်းက နေပြည်တော် အသုံးစရိတ်ဟာ များလွန်းတယ်ဆိုပြီး ဝေဖန်ခံခဲ့ရတယ်။ အခုလက်ရှိမှာရော နေပြည်တော် အသုံးစရိတ် လျှော့ချသွားဖို့ ရှိလား။
ဖြေ ။    ။ နိုင်ငံတော် သမ္မတကြီးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးခေါ်သွားတယ်။ အဲဒီမှာ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့မူတွေ သူပြောသွားပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး ရန်ပုံငွေကို ပိုသုံးစွဲဖို့ မှာသွားပါတယ်။ ခုနက ပြောတာလည်း မှန်ပါတယ်။ နေပြည်တော်ကောင်စီမှာက ဘတ်ဂျက်တွေ ရှိပါတယ်။ ဒီဘတ်ဂျက်တွေက ထိရောက်မှု ရှိဖို့ လိုပါတယ်။ ဘတ်ဂျက်အနေအထားအလိုက် သုံးစွဲဖို့ မလိုအပ်တဲ့လုပ်ငန်းတွေကို တခြား နေရာတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမားရေး၊ ရေရရှိရေးနဲ့ စိုက်ပျိုးရေးလို ကိစ္စတွေမှာ သုံးစွဲနိုင်ဖို့ Review လုပ်ထားပြီးသားပါ။
ကျနော်တို့အရင်က သင်ခန်းစာတွေ ရခဲ့တယ်။ အားသာချက်၊ အားနည်းချက်တွေမှာ အားနည်းချက်ကို တတ်နိုင်သမျှ နည်းပါးအောင် လုပ်မယ်။ အားသာချက် များများရအောင် လုပ်မယ်။ နေပြည်တော် ကောင်စီ ဥက္ကဌကိုယ်တိုင် အဖွဲ့ဝင်တွေနဲ့ ကျနော်တို့ မြို့နယ်တွေကို သွားပါတယ်။ လူထုနဲ့ ကျနော်တို့တွေ့တယ်။ လူထု က တင်ပြတာတွေ ရှိတယ်။ ကျေးရွာတွေမှာ လူထုက တင်ပြလာတာတွေကို ဖြစ်နိုင်သမျှ ဖြည့်ဆည်းပေးတယ်။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် လယ်ဝေးမှာ ကျနော်တို့ တွေ့ခဲ့တယ်။ ဒီမတိုင်ခင်က ပျဉ်းမနားမှာ လူထုနဲ့တွေ့တယ်။ ပြီးရင် တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိတို့ အဲလို တောက်လျှောက်တွေ့မှာပါ။ ဥက္ကဌ ကိုယ်တိုင် လိုက်တွေ့မှာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading