စတုတ္တအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် Gender Equality ခေါင်းစဉ်နဲ့ဆု ရခဲ့တဲ့ “သေနတ်တလက်နဲ့ မိန်းမ” ဇာတ်ကားကို ရဝမ်လူမျိုး၊ လူငယ်မျိုးသမီး ဒါရိုက်တာ မေရီနဲ့ မရူပါမိုးမိုးက ရိုက်ကူးပုံဖော်ခဲ့ပါတယ်။
ဇာတ်ကားရဲ့ထူးခြားချက်ကတော့ ကချင်ပြည်နယ် ပူတာအိုမြို့ ဖုန်ကန်ရာဇီရေခဲတောင်အထိ အမျိုးသမီး ၂ ဦး က ကြိုးစားရိုက်ကူးခဲ့လို၊ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်ကလည်း ရဝမ်အမျိုးသမီးတဦးဖြစ်ပြီး သေနတ်ပစ်တဲ့နေရာမှာ ထူးချွန်တဲ့ အမျိုးသမီးတဦီးရဲ့ အကြောင်းဖြစ်ပါတယ်။
ဇာတ်ကားရိုက်နေစဉ်မှာ ကြုံတွေခဲ့ရတဲ့ အခက်အခဲတွေ၊ ဇာတ်ကားကို ပုံဖော်ခဲ့တာနဲ့ ပတ်သက်ပြီး ရဝမ်လူမျိုး၊ လူငယ် အမျိုးသမီးဒါရိုက်တာ မေရီကို ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး ။ ။ ဒီဇာတ်ကားကို ရိုက်ဖို့ စိတ်ကူး ဘယ်လိုရခဲ့ပါသလဲ။
ဖြေ ။ ။ အစကတော့ ကျောင်းသားကားတကား ရိုက်ပါတယ်။ ၃ယောက်တဖွဲ့စီနဲ့ ဇာတ်ကား ၄ကား ရိုက်ခဲ့ပါတယ်။ ရိုက်ပြီး သွားတော့ Gender Equality Network ကလည်း အမျိုးသမီးနဲ့ အမျိုးသားနဲ့တန်းတူရိုက်ဖို့အတွက် ကျမတို့ကျောင်းနဲ့ ချိတ် ပါတယ်။ အဲဒီမှာကျတော့ ၂ယောက်တဖွဲ့ နဲ့ ရိုက်ပါတယ်။
“သေနတ်တလက်နဲ့ မိန်းမ” ဇာတ်ကားကတော့ ဘယ်လိုရိုက်ဖြစ်သွားလဲဆိုရင်တော့ တခြား ၃ ကားက ရန်ကုန်မှာပဲ ရှာကြတယ်။ ကျမက ရဝမ်လူမျိုးဖြစ်တဲ့အတွက် ဆရာက တိုင်းရင်းသားလည်း ပါအောင်ရိုက်ဖို့ တိုင်းရင်းသား Issue လည်း ရှာကြည့်ပါဦးဆိုပြီး ပြောလာပါတယ်။
အရင်က Gender Issue ပြောရင် ဖိနှိပ်ခံရတဲ့သူ စဉ်းစားခဲ့တယ်။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ အမျိုးသမီးတွေလည်း အမျိုးသားတန်းတူ ဒီလိုမျိုးစွမ်းဆောင်နိုင်တယ်ဆိုတဲ့ Issue အပေါ် ရိုက်ရမယ်ဆိုတော့ နည်းနည်းခက်တယ်။ အဲဒါနဲ့ ရဝမ် အမျိုးသမီး လက်ဖြောင့်သမားကို သွားရှာတွေ့သွားတာပါ။ အဲဒါနဲ့ ကျမနဲ့ ရူပါမိုမို သွားရိုက်ခဲ့တာပါ။
မေး ။ ။ ဇာတ်ကားကို ဘယ်နေရာမှာ သွားရိုက်ခဲ့ပါသလဲ။
ဖြေ ။ ။ ဒီဇာတ်ကားကို ကချင်ပြည်နယ် ပူတာအိုမြို့က “ ကောင်ကထောင်”ရပ်ကွက်နဲ့ ဖုန်ကန်ရာဇီရေခဲတောင်မှာ သွား ရိုက်ခဲ့တာပါ။
မေး ။ ။ “ သေနတ်တလက်နဲ့ မိန်းမ” ဇာတ်ကားက ဘယ်သူ့အကြောင်းအရာကို အခြေခံပြီး ရိုက်ထားပါသလဲ။
ဖြေ ။ ။ သေနတ် လက်ဖြောင့်တဲ့ ရဝမ်အမျိုးသမီးတဦးရဲ့ အကြောင်းပါ။ သူ့ရဲ့ အမျိုးသားက မြန်မာ့တပ်မတော်က တပ်ကြပ်ကြီး ၁ ဦးပါ။ တပ်သားရဲ့အမျိုးသမီးပါ။ သူတို့ကို ရဲမေလို့ ခေါ်ကြပါတယ်။ သူတို့ ယောကျာ်တွေ ရှေ့တန်းသွားရင် သူတို့ က လုံခြုံရေးအရ နောက်တန်းမှာ ကာကွယ်လို့ရအောင် စစ်ပညာသင်ရတယ်လို့ ပြောပါတယ်။ အဲဒီကနေပြီး သေနတ်ပစ် တာတွေ ပြိုင်တယ်။
တပ်မတော်နေ့မှာ သေနတ်ပစ်ပြိုင်ပွဲမှာလည်း သူက ပထမဆုရတယ်။ ဒီကားမှာတော့ သူက ဆုတွေ အများကြီးရတယ်။
မေး ။ ။ ရဝမ် လူမျိုးအမျိုးသမီးကို ဘာကြောင့် ရိုက်ပြဖြစ်တာလဲ။
ဖြေ ။ ။ အမှန်တော့ ကိုယ့်ရဝမ်ဒေသမှာ ဖိနှိပ်ခံရတဲ့သူတွေ အမျိုးသမီးတွေက အမျိုးသားတွေလောက် အခွင့်အရေး ပေးတာမခံရဘူး။ ဘိုးဘွားစဉ်ဆက် ယောကျာ်တွေဆို အမွေပိုရတာလို့။ အစကတည်းကလည်း ရဝမ်ဒေသနဲ့ ပတ်သက်ပြီး ရိုက်ချင်ပါတယ်။
ပြီးတော့ တောင်ပေါ်ဒေသ အမျိုးသမီးတွေ အတင်းအဓမ္မကျင့်ခံရတဲ့ ဇာတ်ကားကိုရိုက်ဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် Issue က ထူးချွန်တဲ့ အမျိုးသမီးအကြောင်းပဲဆိုတော့ အတင်းအဓမ္မကျင့်ခံရတဲ့ ဇာတ်ကား မရိုက်လိုက်ရဘူး။ အခြေအနေ အခွင့်အလမ်းပေးမယ်ဆိုရင်တော့ အဲဒီဇာတ်ကားကို ထပ်ရိုက်ချင်ပါတယ်။ ရဝမ်ဒေသမှာ တိမ်မြုပ်နေတဲ့အကြောင်းတွေကို ပြန်ဖော်ပြီး ရိုက်ချင်ပါတယ်။
မေး ။ ။ ဒီဇာတ်ကားတွေရိုက်တဲ့ အချိန်မှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။ စစ်တပ်နဲ့ သက်ဆိုင်နေတယ်ဆိုတော့ ဘယ်လိုညှိနှိုင်းပြီး ရိုက်ကူးခဲ့ပါသလဲ။
ဖြေ ။ ။ အခက်အခဲကတော့ သိပ်မရှိပါဘူး။ ရေခဲတောင်တက်ပြီး ရိုက်ရတဲ့ အချိန်တော့ နည်းနည်း ခက်ခဲတယ်။ ပြီးတော့ သေနတ်ပစ်တဲ့ အခန်း ရိုက်တာလည်း သက်ဆိုင်ရာနယ်မြေ ပြည်သူ့စစ်တွေ အာဏာပိုင်တွေ ကြိုသွားပြောရတာတွေရှိပါတယ်။ သူတို့က တပ်ရဲ့နာမည်ကို မဖော်ပြခိုင်းဘူး။ တံဆိပ်ကို မဖော်ပြခိုင်းတာတွေ။
ပြီးတော့ ရာသီဥတု အခြေအနေစောင့်ပြီး ရိုက်ရတယ်။ ဒီဇာတ်ကားရိုက်ဖို့ ၁ လကျော် အချိန်ပေးလိုက်ရပါတယ်။ သူက မအားတာနဲ့ဆိုတော့ ကျမတို့ စောင့်ရတာတွေလည်း ရှိပါတယ်။ သိပ်တော့ ခက်ခဲတာတွေမရှိပါဘူး။
မေး ။ ။ ဇာတ်ကားရိုက်တာတွေ၊ ဒါရိုက်တာလုပ်တာတွေရော အတွေ့အကြုံ ရှိခဲ့ဖူးလား။
ဖြေ ။ ။ သင်တန်းသားတွေနဲ့ ပေါင်းရိုက်တဲ့ ကျောင်းသားကား တကားတော့ရှိတယ်။ ပျောက်ဆုံးခြေရာဆိုတဲ့ ဇာတ်ကားပါ။ အဲဒီကားပြီးတော့ ဒီသေနတ်တလက်နဲ့ မိန်းမကို ရိုက်တာပါ။ ဒီဇာတ်ကားကတော့ အမျိုးသမီး ၂ ယောက် တည်းရိုက်တာပေါ့။
မေး ။ ။ ဆုရတဲ့အတွက်ရော ဘယ်လို ခံစားရပါသလဲ။
ဖြေ ။ ။ အရမ်းဝမ်းသာပါတယ်။ ဒီဇာတ်ကားရိုက်ဖို့ တော်တော်လည်း ပင်ပန်းတယ်။ ရေခဲတောင်ကိုလည်း ပင်ပင်ပန်းပန်း တက်ရတာတွေ၊ ခက်ခဲတာတွေနဲ့ဆိုတော့ ဆုရတာ ဝမ်းသာပါတယ်။ ကြိုးစားရကျိုးလည်းနပ်တယ်။ ပြီးတော့ ကိုယ်တိုင်ကလည်း ရဝမ်လူမျိုးတဦးဖြစ်တဲ့အတွက် ရဝမ် အမျိုးသမီးဇာတ်ကားနဲ့ ဆုရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။
မေး ။ ။ မေရီအနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ ဒီဇာတ်ကားကို နေရာတကာမှာ ပြသနိုင်ရင်တော့ ကောင်းပါတယ်။ ဒါမျိုးလေးတွေ ယောကျာ်မိန်းမ နည်းနည်း ခွဲခြားခံရတာတွေ။ အမှန်တော့ မရှိသလိုလိုနဲ့ ရှိနေတယ်။ အမျိုးသမီးတွေ နေရာပေးတဲ့ကဏ္ဍမှာ ခေါင်းဆောင်ပိုင်းမှာ ထည့် ရင်ပိုကောင်းပါတယ်။ ခေါင်းဆောင်ပိုင်းမှာ အမျိုးသားတွေပဲဖြစ်နေရင် အမျိုးသမီးကိစ္စတွေကို ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး လေ။