ပင်လုံစာချုပ် ကဲ့သို့သော စာချုပ် ပြန်လုပ်ဖို့ လိုတယ်
This article has been converted from Zawgyi One to Unicode
တပ်မတော်နှင့် တိုင်းရင်းသား လူမျိုးစုများသည် နိုင်ငံ၏ ဆိုးမွေကို အတူတကွ ခံစားနေရသူများဖြစ်သည့်အတွက် အပြန် အလှန် အပြစ်တင်နေပါက ဖြေရှင်းရမည့် ပြဿနာများ ပြေလည်မည် မဟုတ်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကြိုတင်ပြင်ဆင်ရေး ကော်မတီဝင်တဦး ဖြစ်သူ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောလိုက်သည်။
ဆလိုင်း လျန်မှုန်းသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)တွင် လက်မှတ်ထိုးပြီး ဖြစ်သည့် ချင်း အမျိုးသား တပ်ဦး၏ ဒုဥက္ကဋ္ဌ တဦးလည်း ဖြစ်သည်။
မကြာသေးမီက Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် တွေ့ဆုံစဉ် တပ်မတော်နှင့် ဆက်ဆံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာ၊ တိုင်းရင်းသား အရေးတို့နှင့်ပတ်သက်ပြီး ဆလိုင်း လျန်မှုန်း ပြောပြထားသည်များထဲမှ ကောက် နုတ်ဖော်ပြလိုက်ပါသည်။
မေး။ ။ ၂၁ရာစုပင်လုံနဲ့ NCA နှစ်ခုကြားက အဆက်အစပ်က ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ NCA မှာ ကျနော်တို့ သဘောတူထားတဲ့ အခြေခံအချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည် ထောင်စု တည်ထောင်ရမယ် ဆိုတာပါပဲ။ ဒီအချက်က နိုင်ငံရေးအရ ဆိုရင်တော့ အရေးအပါဆုံးပါပဲ။ ဒုတိယအရေးကြီးဆုံး က အဆင့်၇ဆင့်ပါတဲ့ နိုင်ငံရေး လမ်းပြမြေပုံပါပဲ။
(၁)က NCA လက်မှတ်ထိုးရမယ်။ (၂)က နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ သဘောတူညီချက် ယူရမယ်။ (၃) အမျိုးသား နိုင်ငံ ရေးဆွေးနွေးပွဲ လုပ်ရမယ်။ (၄)က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံလုပ်ရမယ်။ (၅)က ပြည်ထောင်စု သဘောတူ စာ ချုပ်ချုပ်ရမယ်။ (၆) ဒါကို ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းရမယ်။ (၇) ဒါကို အကောင်အထည် ဖော်ရမယ်ဆိုပြီး လုပ် ထားတယ်။ အခုက ၂၁ရာစုပင်လုံ ညီလာခံဆိုပြီးတော့ သုံးလာကြတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါတဲ့ အစည်းအဝေးမှာ NLD ဘက်က ပြောတာက NCA စာချုပ်ပေါ်မှာ အခြေခံရမယ်။
အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဆိုတာက နာမည်လည်း လှ တယ်၊ အနှစ်သာရလည်း ပြည့်ဝတယ်။ ၂၁ရာစုပင်လုံ ဆိုတာကလည်း နာမည်လည်းလှတယ်၊ အနှစ်သာရလည်း ပြည့်ဝ တယ်။ ပြီးတော့ (၁၉၉၈ မှာ NLD နဲ့ တိုင်းရင်းသားလူမျိုးစုပါတီတွေ စုပေါင်းတည်ထောင်တဲ့) ပြည်သူ့လွှတ်တော် ကိုယ်စား ပြုကော်မတီ ခေတ်ကတည်းက၂၁ရာစု ပင်လုံညီလာခံဆိုတာ သုံးလာကြတာ၊ အဲဒီဆက်စပ်မှုကို ဖော်ချင်တယ်။ အဲဒီ အတွက်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာ စုပင်လုံဆိုပြီးတော့ သုံးထားတယ်။ ဆက်စပ်မှုက အဲဒီမှာ ခိုင် မာသွားတာပေါ့။
မေး။ ။ ငြိမ်းချမ်းရေး ညီလာခံရဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်အကြောင်း ပြောပြပေးပါ။
ဖြေ။ ။ NLD ရွေးကောက်ပွဲနိုင်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီမှာ သူ နဲ့ ကျနော်တို့နဲ့ သဘောတူညီချက်က မူဘောင်ကိုရေးဆွဲတဲ့အခါမှာ ပြောင်းလွယ်ပြင်လွယ် ဖြစ်ရမယ်ဆိုပြီး သဘောတူ ထား တယ်။ NCA လမ်းကြောင်းပေါ်မှာတော့ အခြေခံမယ်။
ဘာကြောင့်လဲဆိုတော့ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ဆုံးပြီး NLD အစိုးရတက်တဲ့အချိန်မှာ လူအပြောင်းအလဲ လုပ်ဖို့ လိုမယ်၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေထဲမှာ NCA ကို လက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်း တွေ လာရင်လည်း သူတို့ဆန္ဒကို ဖော်ပြပေးဖို့လိုတယ်။ အဲဒီအတွက်ကြောင့် မူဘောင်ကိုတော့ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် လုပ် ရမယ်လို့ ကျနော်တို့ သဘောတူညီမှု ရခဲ့တယ်။
ဒီတော့ ကျနော်တို့ အခုလုပ်နေတာက NCA လမ်းကြောင်းနဲ့လည်း ကိုက်ညီတယ်။ ပြီးတော့ ရှစ်လေးလုံး အရေးတော်ပုံက နေပြီးတော့ ကျနော်တို့ မျှော်မှန်းထားတဲ့ မျှော်မှန်းချက်တွေနဲ့လည်း ကိုက်ညီနေတယ်။ အဲဒီအတွက်ကြောင့် ကျနော်က တော့ မျှော်လင့်ချက်ကြီးကြီးမားမားကို ထားတယ်။ အောင်မြင်မယ်လို့လည်း မျှော်လင့်တယ်။ တပ်မတော်ကလည်း NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတရပ်အနေနဲ့ အပြည့်အဝ ထောက်ခံတယ်ဆိုတာကို သွားပြီး သတိထားမိတယ်။
မေး။ ။ တပ်မတော်က မဟာလူမျိုးကြီးဝါဒ ကျင့်သုံးတယ်ဆိုပြီး ဝေဖန်သူတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာပြောချင်ပါ သလဲ။
ဖြေ။ ။ မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးတယ်ဆိုတာ လက်ရှိတပ်မတော်လား၊ လက်ရှိတပ်မတော်က နာမည်ဆိုးကို အမွေ ဆက်ခံနေရတာလား၊ ဒါကို ခွဲပြီးတော့ ကြည့်ဖို့လိုတယ်။ မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးခဲ့ပြီး တပ်မတော်ကို အလွဲသုံးစား လုပ်ခဲ့တဲ့လူတွေက ၁၉၆ဝ ကာလလောက်က တပ်မတော်လို့ ကျနော် ပြောချင်တယ်။ အဲဒီ အရှိန်အဝါကြီးက ကြီးနေတော့ ၁၉၉ဝ နဝတ၊ နအဖ စစ်အစိုးရ အထိတောင် အရှိန်က မသေဘူး။ ဒါပေမယ့် ကျနော် ၂နှစ်၊ ၃နှစ်လောက် တပ်မတော်နဲ့ ဆွေးနွေးလာခဲ့တော့ လက်ရှိတပ်မတော်မှာ အများစုက ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်ကြပါတယ်။
ဒီ ပြည်တွင်းစစ်ပြဿနာ၊ ဒီတိုင်းပြည်ရဲ့ ပြဿနာစပေါ်တုန်းက ကျနော်တို့အားလုံးဟာ မွေးတောင် မမွေးသေးပါဘူး။ ကျနော်တို့အားလုံးက ဒီတိုင်းပြည်ရဲ့ဆိုးမွေကို အတူတကွ ခံစားနေရတာပါ။ ဘယ်သူက မဟာလူမျိုးကြီး ဝါဒသမားလဲ၊ ဘယ်သူက ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်ရှိသူလဲ ဆိုပြီးတော့ အချင်းချင်းအပြစ်တင်ပြီး ရန်ရှာနေတာထက် ပေါင်းပြီး တော့လုပ်မှဖြစ်မယ်၊ တိုင်းပြည်ပြဿနာကို အတူတကွ ဖြေရှင်းဖို့လိုတယ် ဆိုတဲ့ခံစားချက်မျိုးနဲ့ ချဉ်းကပ်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်မှာ ဖြစ်တယ်။ အဲဒီလိုမှ မဟုတ်ဘဲ တပ်မတော်က ကျနော်တို့ တိုင်းရင်းသားတွေကို အပြစ်တင်လိုက်၊ ကျနော်တို့က တပ်မတော်ကို အပြစ်တင်လိုက်၊ NLD ကို ကြားမှာ ခံလိုက်နဲ့တော့ ဒီပြဿနာဟာ ပြေလည်မှာမဟုတ်ပါဘူး။
မေး။ ။ NLD ဟာ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းရာမှာ အကျပ်ရိုက်သွား၊ ကြားညပ်သွားနိုင်ပါသလား။
ဖြေ။ ။ မညှပ်နိုင်ပါဘူး။ ပြန်စဉ်းစားကြည့်ပါ။ ပြည်တွင်းစစ်ကို အကြောင်းပြပြီးတော့ စစ်အာဏာရှင်စနစ် ကြာရှည်လာ တယ်။ လူထုက မခံနိုင်တော့ ၁၉၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။ NLD ပေါ်ပေါက်လာခဲ့တယ်။ ၁၉၉ဝ အလွန် ကာလတွေတုန်းက နိုင်ငံတကာက ကျနော်တို့နိုင်ငံရဲ့ ပြဿနာကို ဒီမိုကရေစီနဲ့ စစ်အာဏာရှင် ပြဿနာလို့ပဲ မြင်တယ်။ တိုင်းရင်းသား ပြဿနာကို တွဲမမြင်ကြဘူး။
သူတို့နိုင်ငံတကာက သိထားတာက The Beauty and the beast ပေါ့၊ အလှမယ်လေးကတော့ အိမ်ထဲမှာ အကျယ်ချုပ် ခံထားနေရတယ်၊ စစ်ဘီလူးတွေက အပြင်မှာ သောင်းကျန်း နေကြတယ်ပေါ့၊ The Beauty ကို လာကယ်ချင်ကြတယ်၊ ကျနော်တို့ တိုင်းရင်းသားပြဿနာကို ပြောမယ်ဆိုရင်တော့ သူတို့ နားမထောင်ချင်ကြဘူး။
လက်ရှိအနေအထားမှာ NCA က ဘာကြောင့် အရေးကြီးနေလဲ ဆိုတော့ အဓိက အခြေခံအကြောင်းအရာဖြစ်တဲ့ တပ်မ တော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက လက်မှတ် ထိုးထားတာဖြစ်နေတယ်။ အဲဒါကြောင့် ဒီအပေါ်မှာ အခြေခံပြီး တော့ ပြဿနာကို ဖြေရှင်းမယ်ဆိုရင် ကျနော်တို့က အခြေခံကို ကိုင်ပြီးသားဖြစ်မယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေးကိစ္စတွေကို ၂၁ရာစုပင်လုံ ညီလာခံမှာ ဆွေးနွေး သွားမယ်၊ ကျန်တဲ့စီးပွားရေး၊ လူမှုရေးဆိုင်ရာတွေကို CSO Forum လို့ ခေါ်တဲ့ အရပ်ဘက်အဖွဲ့များနဲ့ တွေ့ဆုံပွဲမှာ ဆက် လက်ပြီးတော့ ဆွေးနွေးမယ်လို့ သိရတယ်။
ဖြေ။ ။ ပြည်တွင်းစစ်က ထပ်ဆင့်ဖန်တီးလိုက်တဲ့ ပြဿနာတွေရှိတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့လိုတယ်။ ဒီတော့ လူမှုရေးကဏ္ဍမှာ ဖော်ပြလိုက်တဲ့ ပြန်လည် နေရာချထားရေးလို ကိစ္စမျိုးတွေက နိုင်ငံရေးဆွေးနွေးပွဲမှာ မဆွေးနွေးဘဲ CSO ကို သွားပို့လိုက်တာဟာ လက်တွေ့မကျဘူး။ ပြီးတော့ မြေယာကိစ္စ။ ပြည်တွင်းစစ် စဖြစ်တုန်းက ကရင်အများစုက ဧရာဝတီ တိုင်းနဲ့ ရန်ကုန်မှာ နေတယ်။ ဒီတော့ သူတို့ပြန်လာရင် ဘယ်ကိုလာမလဲ။ ဒါတွေကို လူမှုရေးကဏ္ဍဆိုပြီး သွားထားလို့ မရ ဘူး။
မေး။ ။ ၂၁ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရခဲ့ရင်တောင်မှ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တပ်မတော်ဘက်က လက်ခံနိုင်ပါ့မလား။
ဖြေ။ ။ အဲဒါကတော့ ကျနော်တို့ သဘောတူထားပြီးသား အချက်နဲ့ ပြောပါ့မယ်၊ NCA မှာ ကျနော်တို့ ဘယ်လိုရေးထားသ လဲ ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကနေပြီးတော့ ပြည်ထောင်စု သဘောတူ စာချုပ်ချုပ်တဲ့အခါမှာ နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေတွေကို ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့၊ ပြုပြင်သင့်တာ ပြုပြင်ဖို့၊ ပြောင်းလဲသင့်တာ ပြောင်းလဲဖို့ အခြေခံဖြစ်ရမယ်ဆိုတာကို တပ်မတော်ကလည်း သဘောတူပြီးသားဖြစ်တယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစိတ်ဓာတ်ကို အခြေခံပြီးတော့ ကိုယ် ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားကြဖို့ တိုင်းရင်းသားတွေကို တိုက်တွန်းထားတာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ဘဝတခုလုံးကို ပေးပြီးတော့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တယ်။ ပြည်ထောင်စုအတွက် ကျနော် တို့အားလုံးကို ပေးဆပ်ခဲ့ပြီးပြီ။ ကျနော်တို့ပေးဆပ်တာကိုတော့ အခုထိ အသိအမှတ် မပြုသေးဘူး။ အဲဒါကို အသိအမှတ် ပြုဖို့ တော့ လိုလိမ့်မယ်။
ပင်လုံစာချုပ်ကဲ့သို့သော စာချုပ် ပြန်လုပ်ဖို့ လိုတယ် ဆိုတာက ကျနော်တို့ မရသင့်မရထိုက်တဲ့ အခွင့်အရေးတွေ၊ မဖြစ်နိုင် တာတွေကို တောင်းဆိုဖို့ မဟုတ်ပါဘူး၊ ကျနော်တို့ ဘိုးဘွားပိုင်မြေတွေကိုလည်း ပြည်ထောင်စုထဲမှာ ပေါင်းထည့်လိုက်ပြီး ပြီ။ ကျနော်တို့လူမျိုးရဲ့ ကံကြမ္မာအားလုံးကိုလည်း ဒီတိုင်းပြည်ရဲ့ကံကြမ္မာထဲမှာ ပေါင်းထည့်လိုက်ပြီ။ ယနေ့အထိ ကျနော် တို့ကို အသိအမှတ်မပြုသေးဘူး။ အသိအမှတ်ပြုဖို့တော့ လိုပါတယ်။ ။