ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းလင်း ကျေးရွာအုပ်စု နားဟိုင်းလုံကျေးရွာမှာ ရွှေတူးဖော်မှု စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ နမ့်ခမ်းချောင်း တိမ်ကောမှု၊ လယ်ယာပျက်စီးမှုတွေ ကြုံတွေ့ နေရပါတယ်။
ရွှေတူးဖော်မှုကို ၂၀၀၇ ခုနစ်မှ စတင်ကာ စိုင်းတစ် ၊ လွယ်ခမ်းလုံ၊ စိုင်းစိုက်ပျိုးရေး ကုမ္ပဏီတို့ က လုပ်ကွက် ရထားပါတယ်။
အဲဒီ ရွှေတူးဖော်တွေမှုကြောင့် လယ်ယာမြေဧက ၃၀၀ ကျော် ပျက်စီး ခဲ့ရပါတယ်။
ရွှေတူးဖော်မှုကို ရပ်ဆိုင်းဖို့အတွက် ဦးဆောင်နေသည့် နားဟိုင်းလုံ ကျေးရွာမှ သားဖွား ဆရာမ နန်းလား(ခ) နန်းကောင်တစ် ကို လက်ရှိကျေးရွာအတွင်း ရွှေတူးဖော်မှုကြောင့် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ ကျန်းမာ ရေး အခြေအနေတွေကို ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
နန်းလား(ခ) နန်းကောင်တစ် ဟာ ရွှေတူးဖော်မှု ရပ်ဆိုင်းရေးကို ကူညီဆောင်ရွက်ပေးတဲ့အတွက်၂၀၁၄ ခုနစ်က ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ မဟာဒေဝီ စဝ်ဆုစန္ဒီချီးမြှင့် တဲ့ Sao Thusandi Leadership Award ကို ရရှိခဲ့သူတဦးလည်း ဖြစ်ပါတယ်။
မေး။ ။ အမျိုးသမီးတဦး အနေနဲ့ ရွှေတူးဖော်မှု ကန့်ကွတ်တဲ့နေရာမှာ ဘာလိုစပြီး ဦးဆောင်ဖြစ်ခဲ့ပါသလဲ။ ဘာကြောင့် ဦးဆောင် ခဲ့ပါသလဲ။
ဖြေ။ ။ ကျမက နားဟိုင်းလုံမှာ မွေးတယ်။ ဒီရွာရဲ့ဒေသခံပေါ့။ ပြီးတော့ ဒီရွာမှာပဲ သူနာပြု ဆရာမအဖြစ် ပြန် တာဝန်ထမ်းဆောင်ပါတယ်။ အရင်တုန်းကလည်း ကျမရွာမှာ လယ်ယာတွေ ဘယ်လိုကောင်းခဲ့လဲ။ အခု ဘယ်လို ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေလဲဆိုတာ လက်တွေ့မြင်ရပါတယ်။ ဒီလယ်ယာပြဿနာတွေ ထဲမှာလည်း ကျမတို့လယ်လည်း ပါပါတယ်။ ပျက်စီးမှုတွေများလာလို့ ကျမလည်း မခံနိုင်တော့ဘူး။ အခုဆိုရင် လယ်ယာတွေ မလုပ်စားနိုင်တော့သလို သောက်သုံးရေလည်း သုံးလို့မရတော့ဘူး။ ဒီဒုက္ခတွေကို ရွာသားတွေက နေ့စဉ် နဲ့ အမျှ ငြင်းနေကြတယ်။
ဒီရွာမှာ မြန်မာစကား တတ်တဲ့သူလည်း မရှိ။ ကျမတယောက်တည်း မြန်မာစကား ပြောတတ်တော့ ၂၀၁၄ ခုနစ် မှာ ကျမကပဲ ရွာသားတွေကို ဦးဆောင်ပြီး ရှမ်းပြည်နယ် သတ္တုဝန်ကြီးဌာန က ဝန်ကြီး ဦးအိုက်ပေါင်းနဲ့ သွား တွေ့ ခဲ့ပါတယ်။ အဲ့ဒီကနေစပြီး ကျမ ဦးဆောင်ခဲ့တာပါ။
မေး။ ။ ရွှေတူးဖော်မှုက နားဟိုင်းလုံမှာ ဘယ်ခုနစ်က စတင်ခဲ့ပါသလဲ။
ဖြေ။ ။ ရွှေတူးဖော်မှုကတော့ ၂၀၀၇ ခုနစ်ကပါ။ အဲ့ဒီတုန်းက ကုမ္ပဏီ ၃ခု ဖြစ်တဲ့ လွယ်ခမ်းလုံ၊ စိုင်းစိုက်ပျိုးရေး၊ စိုင်းတစ် ပဲ တူးဖော်ပါတယ်။ ရွာကလယ်တွေကတော့ ၂၀၁၂ ခုနစ်မှာ စတင်ပျက်စီးလာတယ်။ ၂၀၁၂ ကတော့ ကျမ ဒီရွှေတူးဖော်မှု ကန့်ကွက်တဲ့ကိစ္စ ဘာမှ ကူမလုပ်သေးပါဘူး။ ကျမ က စောင့်ကြည့်ရုံ သက်သက်ပါပဲ။ နောက်ပိုင်း ရွာသားတွေကလည်း မြန်မာစကား မပြောတတ် ပြီးတော့ ဘာမှ မလုပ်ဆောင်တတ်တော့ ကျမက ဦးစီးဦးဆောင် လုပ်လိုက်တာပါ။
မေး။ ။ လယ်ယာမြေတွေ ပျက်စီးတာတွေ နမ့်ခမ်းချောင်း တိမ်ကောမှု ဖြစ်လာတော့ နားဟိုင်းလုံ ကျေးရွာ က ဒေသခံတွေ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရပါသလဲ။
ဖြေ။ ။ ကျမတို့ နားဟိုင်းလုံ ကျေးရွာက လယ်တွေကိုပဲ အဓိကစိုက်ပျိုးရေးလုပ်ခဲ့တယ်။ ဘာစီးပွားရေးမှ မလုပ် စား ခဲ့ဘူး။ အဲ့ဒါကြောင့်မလို့ စီးပွားရေးဆိုလည်း ဒီလယ်ပဲ။ စားဝတ်နေရေး ဆိုရင်လည်း ဒီလယ်နဲ့ပဲလုပ်ခဲ့တယ်။ အခုနောက်ပိုင်းမှာလယ်တွေ မလုပ်စားရတဲ့အတွက် စားဝတ်နေရေးအတွက်လည်း အဆင်မပြေလာခဲ့ဘူး။ သူတို့ ကလေးတွေ ကျောင်းထောက်ပံ့ဖို့ကလည်း အဆင်မပြေဘူး။ ၅ တန်း ၆ တန်းနဲ့ ကျောင်းထွက်ခဲ့ကြတယ်။ လူငယ်ပိုင်းဆိုရင် အပြင်မှာသွားပြီး အလုပ်ရှာရတယ်။ လယ်မရှိတော့ အပြင်မှာ အလုပ်လုပ်ကြတယ်။
မေး။ ။ လူငယ်တွေ အပြင်မှာ အလုပ်လုပ်ကြတယ် ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုချင်ပါသလဲ။
ဖြေ။ ။ လူငယ်ပိုင်းတွေကတော့ မိုင်းလား၊ လာအိုမှာရှိတဲ့ ကာစီနိုတွေမှာ သွားလုပ်တယ်။ အသက် အလတ်ပိုင်း ကတော့ ပန်းရံတွေ လုပ်ကြတယ်။
မေး။ ။ အမျိုးသမီး တယောက်အနေနဲ့ ဒီလိုဒေသခံတွေ ရွာသားတွေ ကို ဦးစီးဦးဆောင် လုပ်တဲ့အခါမှာ ဘယ်လို အတွေ့အကြုံ ဘယ်လိုအခက်အခဲတွေ ကြုံရပါသလဲ။
ဖြေ။ ။ အခက်အခဲကတော့ အများကြီးတွေ့ရတယ်။ ရွာသားတွေကလည်း နားမလည်တာတွေ ပြီးရင် တခုခု ဆိုရင် ရွာသားတွေကို ဌာနဆိုင်ရာတွေ ကုမ္ပဏီတွေက လာခြိမ်းခြောက်ရင် သူတို့က ကြောက်ကြတယ်။ စစ်တပ် တို့ သေနတ်ကိုင်ဝင်လာရင် သူတို့ ကြောက်လန့်ပြီး ဘာမှ မပြောရဲ မလုပ်ရဲကြတော့ဘူး။
ဌာနဆိုင်ရာတွေ ဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ စရဖ တွေ ကျမကိုလည်း ခြိမ်းခြောက်တယ်။ ကျမက ဘာကြောင့် ဦးစီးဦးဆောင် လုပ်ရတာလဲ။ ကျမဒီကိစ္စ နဲ့ ဘာဆိုင်လဲ။ ပြီးတော့ အစိုးရဝန်ထမ်း တယောက်ဖြစ်တဲ့အတွက် ဒီလို မလုပ်သင့်ဘူး။ အလုပ်ပါ ဖြုတ်လို့ရတယ် ဆိုပြီး ခြိမ်းခြောက်လာပါတယ်။
ကျန်းမာရေး ဝန်ထမ်းနဲ့ ဒီလုပ်ရပ်တွေ မဆိုင်ဘူးဆိုတာတွေကိုလည်း ကျမကတော့ ပြန်ပြီးဖြေရှင်းချက် ပေး လိုက်ပါတယ်။ အခုကိစ္စက ကျန်းမာရေးနဲ့ ဆိုင်တယ်။
ဥပမာ အခုဆိုရင် ကျမရွာသားတွေက တွေ့နေရတယ်။ တချို့ရွာသားတွေက သူတို့တွေ ဘယ်နေ့ ရွာပြောင်း ရမလဲ။ အိမ်ပြောင်းရမှာလဲ၊ ဘယ်တော့ ရွာကို ရေလွှမ်းမိုးလာမှာလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ စိတ်ရောဂါလိုမျိုး ဖြစ်နေပါတယ်။
ပြီးတော့ ကျမတာဝန်ကျစက၂၀၀၇ ကနေ၂၀၁၂ အထိကလေးတွေ ဘာမှမဖြစ်ခဲ့ဘူး။၂၀၁၃ နောက်ပိုင်းမှာ ကလေးတွေ လမစေ့ ပေါင်မပြည့် မွေးလာတာတွေ့ရတယ်။ အသေမွေးလာတာ တွေ့ရတယ်။ ကလေးပျက်ကျ တာလည်း တွေ့ရတယ်။ အဲ့ဒီလိုမျိုးဖြစ်တဲ့အတွက် ကျမနဲ့ဆိုင်တယ်လို့ ပြောတယ်။
နောက်တခု က ကုမ္ပဏီတွေရဲ့ ပိုက်ဆံတွေ ရထားတဲ့ ရွာသားတွေဆိုရင်လည်း ကျမရဲ့နောက်ကွယ်မှာ ဘာတွေ ပြောလဲ ဆိုတော့ ဒီရွာမှာ မြန်မာစကား တတ်တာ သူပဲရှိတယ်။ မြန်မာ စကားတတ်တဲ့သူကို သတ်လိုက်ရင် အားလုံးအေးဆေးပဲ ဆိုတာတွေ ပြန်ကြားရပါတယ်။
မေး။ ။ ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ရော ဒီလို လုပ်ဆောင်တာတွေကို ဘာဖိအားတွေ လာပေးပါသလဲ။
ဖြေ။ ။ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ကျမကို ဘာဖိအားမှ မပေးသလို။ ဘာထွေထွေထူးထူးမှလည်း မပြော ပါဘူး။ ဒါပေမယ့် ကျန်းမာရေး ဝန်ကြီးဌာန ဆီကိုတော့ တိုင်စာရောက်တယ်။ ကျမ မလုပ်သင့်တာ လုပ်သွားရင် တော့ သူတို့ စဉ်းစားမှာပေါ့။ သူတို့ကတော့ လုပ်သင့်တာဆိုရင် လုပ်ပါ။ အရမ်းနာမည်ထွက်အောင်တော့ မလုပ် ပါနဲ့တော့ ပြောပါတယ်။ တားမြစ်တာတော့ မရှိပါဘူး။
ပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနကိုတော့ ကျမ ဘာကြောင့် ဒီလို ဦးဆောင်လုပ်ပေးနေရတာလဲ ဆိုတာ ရှင်းပြ ပါတယ်။ သူတို့ကတော့ ဘာမှမပြောပါဘူး။ သူတို့လည်း နားလည်ပါတယ်။
မေး။ ။ နားဟိုင်းလုံ ကျေးရွာက ရွာသားတွေရဲ့ စိုးရိမ်မှုကဘာတွေလဲ။ အခက်အခဲကရော ဘာတွေလဲ။
ဖြေ။ ။ ရွာသားတွေရဲ့ အခက်အခဲကတော့ ဒီရွာကနေ မပြောင်းရွှေ့ဖို့ပါပဲ။ ပြီးတော့ လယ်ယာတွေ သူတို့ ကောင်းကောင်း မွန်မွန် ပြန်လုပ်စားနိုင်ဖို့ပါပဲ။ အခု လယ်တွေ မလုပ်စားနိုင်တဲ့အတွက် သူတို့ ခြေပြတ် လက်ပြတ် သလို ခံစားနေရပါတယ်။ တခြား စီးပွားရေးဆိုလည်း မလုပ်စားတတ်ဘူး။ သူတို့က အခု ကြုံနေရတဲ့ ပြဿနာကတော့ ငွေရေး ကြေးရေး အဆင်မပြေတဲ့အတွက် ပြဿနာ အများကြီး တွေ့ရပါတယ်။ ဥပမာ ကျန်းမာရေး နဲ့ဆိုင်တဲ့ ရောဂါ ဖြစ်လာရင် တာချီလိတ်ကိုတက်ပြီး သွားကုတာ မလုပ်နိုင်ဘူး။
မေး။ ။ ရွှေတူးဖော်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနကိုရော ဘာတွေ ဆက်ပြောချင်လဲ။ ဘယ်လို ဆက်လုပ် သွားမှာ လဲ။
ဖြေ။ ။ သက်ဆိုင်ရာ ဌာန ကို ၂၀၁၄ ခုနစ်မှာ ဒီ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ရွာက ဘယ်လို ပျက်စီးနေပြီလဲ။ ချောင်းတွေ ဘယ်လို တိမ်ကောနေပြီလဲ ဆိုတာ သွားတင်ပြတယ်။
ပြီးတော့ တောင်ကြီးမှာ သတင်းစာရှင်းလင်းပွဲ သွားလုပ်ခဲ့ပါတယ်။ အဲ့ဒါတွေတင်ပြပြီး သတင်းစာ ရှင်းလင်းပွဲ ပြီးတဲ့ နောက်ပိုင်းမှာတော့ သက်ဆိုင်ရာက ပျက်စီးတာတွေ ဟုတ်တယ်။ ကုမ္ပဏီတွေ ရပ်ဆိုင်းဖို့ ရပ်ဆိုင်း သင့်တယ်လို့ ဆုံးဖြတ်ပေးတယ်။
ဒါပေမယ့် ၂၀၁၅ မှာတော့ သူတို့က ဒီရွှေတူးဖော်ရေး လုပ်ကွက်က နေပြည်တော်က ခွင့်ပြုတာပါလို့ သတ္တုတွင်း ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ကျမတို့ကို ပြန်ပြီး ပြောပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာပဲ ရွှေတူးဖော်မှုက ပြန်လုပ် လာပါတယ်။
မေး။ ။ အခု တက်လာတဲ့ ရှမ်းပြည်နယ် အစိုးရ သစ်တွေ ၊ ပြီးတော့ သတ္တုတွင်း ဝန်ကြီးဌာန က ဝန်ကြီးတွေ၊ နိုင်ငံတော် အစိုးရ အဖွဲ့ဝင်တွေကိုရော ထပ်တင်ပြဖို့ ရော ရှိပါသလား၊
ဖြေ။ ။ ကျမတို့ကတော့ ထပ်တင်ပြချင်ပါတယ်။ ဒါပေမယ့် အရင်အစိုးရလိုမျိုး ပြန်ဖြစ်မှာ ကြောက်တယ်။ ကျမ တို့က တင်ပြတယ်၊ သူတို့ကလာ ပြီး ဆင်းကြည့်တာ မရှိဘူး။ လာကြည့်ရင်လည်း သူတို့က ရွာသားတွေ ဘက် ကို မပါဘူး။ ကျမ ပြောရဲတာကတော့ ရွာသားဘက်ကို မကြည့်ဘူး။ ကုမ္ပဏီဘက်ကိုပဲ သူတို့ကြည့်တယ်။
ကုမ္ပဏီတွေကိုပဲ လာပြုပြင်ပေးခိုင်းတယ်။ ကုမ္ပဏီတွေက လာပြုပြင်ပေးပါတယ်။ ဒါပေမယ့် ပြုပြင်ပေးတာတွေ ကလည်း အရာမရောက်ပါဘူး။ ပြုပြင်ပေးပြီး ဓာတ်ပုံရိုက်သွားတယ်။
ပြီးတော့ နောက်ပိုင်းပြန် ပျက်စီးတာပဲ။ ဘာမှ မထူးဘူး။ အဲ့ဒီလို ပြန်ဖြစ်မှာ စိုးရိမ်တယ်။ တကယ်လို့ အဲ့ဒီလို ဆက်နေသွားရမယ် ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ရင်တော့ စာတက်တင်ရမယ်။ ကျမတို့လည်း အစိုးရသစ်ကို မျှော်လင့်ပါတယ်။ ကျမတို့သွားတိုင်ပေမယ့်လည်း တုံ့ပြန်မှုက ဘာမှ မထူးလာမှာကို စိုးရိမ်မိပါတယ်။ ဒီအစိုးရ သစ် ကို လက်ခံပေးမလား၊ လာကူဖြေရှင်းပေးမလား။ ကျမကတော့ လာကူဖြေရှင်းပေးဖို့ မျှော်လင့်ပါတယ်။
မေး။ ။ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်တွေရော ရွာကို ကွင်းဆင်း ကြည့်တာ ရှိပါသလား။
ဖြေ။ ။ နိုင်တာ NLD က ဟုတ်ပါတယ်။ မဲမရခင်တော့ လာကြပါတယ်။ မဲမရခင် ရွေးကောက်ပွဲ မတိုင်ခင် ကတော့ ပါတီ ပေါင်းစုံ လာပါတယ်။ ရွာသားတွေ ရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။ ပြီးတော့ မဲရရင် သူတို့ ရွာသားတွေဆန္ဒ သူတို့ လိုက်လုပ်ပေးမယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲပြီးတော့ ဘာမှ မလာ တော့ပါဘူူး။ တခြားပါတီတွေလည်း အားကိုးလို့မရပါဘူူး။
မေး။ ။ ရှမ်းဒေသဖွံ့ဖြိုးမှု အတွက် နှစ်စဉ်ပေးတဲ့ စဝ်သုစန္ဒီ ဆုရတဲ့သူ တဦးလည်းဖြစ်တဲ့အတွက် လူငယ်တွေကို ဘာတွေ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျမတို့ လုပ်တော့ လုပ်နေပါတယ်။ တခါတလေ ကိုယ့်တယောက်တည်း လုပ်နေတာတော့ အားမရ ဘူး။ ရွာသူရွာသားတွေ မပါလာလို့ လုပ်ရတာ အားမရဘူး။ ဒါပေမယ့် ကိုယ်က စိတ်ပါဝင်စားနဲ့တော့ လုပ်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက် လုပ်ပေးချင်တယ်။ ကျမရွာသူရွာသားတွေက ပညာမတတ်တော့ နည်းနည်း စိတ်အားငယ်တာတော့ ရှိတယ်။ နားလည်တဲ့သူက နည်းတယ်။
တကယ်လို့ ကျမတို့ ရွာလို ဒီလိုမျိုးကြုံတွေ့လာရင် ပြောပါ။ ပြောခွင့်ရှိပြီဆိုတော့ ပြောမှရတာ။ ပြောခိုင်းစေချင် တယ်။ တင်ပြစေချင်တယ်။ ပါတီတွေလည်း ရှိတယ်။ ပြောရဲဆိုရဲမှ အထက်ကလူကြီးတွေ သိမှာလေ။
ကိုယ့်ရှမ်းလူငယ်တွေ ဦးစ်ီးဦးဆောင်စေချင်တယ်။ လူကြီးတွေက သူတို့က တချို့ကလည်း သူတို့ အသက် အရမ်း ကြီးတော့ ဘာမှ မလုပ်နိုင်တော့ဘူး။ လူငယ်တွေက အားရှိလာတဲ့အတွက် လူငယ်တွေကို အားပေးချင် ပါတယ်။ ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ဒေသခံတွေ ကျမတို့ ဒေသမှာ သဘာဝ ပတ်ဝန်းကျင် အရမ်းထိခိုက်တယ်လေ။ ဒါက ရှမ်းပြည် ကိုလည်း ပျက်စီးဆုံးရှုံးမှု မဖြစ်စေချင်ဘူးလေ။ ဦးစီးဦးဆောင် လုပ်ခိုင်းစေချင်ပါတယ်။ ။