မြန်မာနိုင်ငံရဲ့ရက်ဂေးအဆိုတော်တဦးဖြစ်တဲ့ စောဖိုးခွားဟာ “ငြိမ်းချမ်းပါစေ… မြန်မာပြည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံဒေသအများအပြားဆီသို့ သွားရောက်ပြီး ရက်ဂေးသီချင်းတွေနဲ့ လှည့်လည်ဖျော်ဖြေဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ လှည့်လည်ဖျော်ဖြေပွဲတွေရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မြို့ကြီး ၆ မြို့ဖြစ်တဲ့ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ ပြင်ဦးလွင်နဲ့ မန္တလေးမြို့တွေမှာ သြဂုတ်လ ၂၇ ရက်နေ့ကနေ စက်တင်ဘာလ ၄ ရက်နေ့အတွင်း သွားရောက်ဖျော်ဖြေတင်ဆက်မယ်လို့ ဆိုပါတယ်။ ဒီလို သွားရောက်ဖျော်ဖြေရခြင်းရဲ့အဓိက ရည်ရွယ်ချက်အနေနဲ့ အသက် ၇ နှစ်ကနေ ၂၀ နှစ် အတွင်းရှိ ကလေးငယ်တွေရဲ့ နှလုံးသားထဲမှာ “ငြိမ်းချမ်းရေးမျိုးစေ့” ဖြန့်ကြဲပေးချင်တာကြောင့်လို့ ဆိုပါတယ်။ အဆိုတော် စောဖိုးခွားရဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်တဲ့့ ဒီ နယ်လှည့် ဖျော်ဖြေပွဲတွေကို ရှမ်းပြည် မြောက်ပိုင်းကနေအစပြုပြီး ကချင်၊ ကရင်နဲ့ ရခိုင်ဒေသတွေအထိ သွားရောက်ဖို့အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။
အဆိုတော် စောဖိုးခွားဟာ သူ့ရဲ့ နောက်ဆုံးတေးစီးရီး ဖြစ်တဲ့ “ကိုင်းကြီးကြီးမှာနား” အပါအဝင် တေးစီးရီး စုစုပေါင်း ၅ ခွေ ထွက်ရှိထားကာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တေးသီချင်းတွေနဲ့ လူသိများတဲ့ ရက်ဂေး အဆိုတော်တဦးပါ။ စောဖိုးခွားရဲ့ ဒီလကုန်ပိုင်းမှာစမယ့် ငြိမ်းချမ်းရေးနယ်လှည့်ဖျော်ဖြေပွဲတွေ စီစဉ်ဖြစ်ရတဲ့ ရည်ရွယ်ချက်၊ သူ့ရဲ့ ငြိမ်းချမ်းရေးအပေါ် ခံယူချက်၊ လူငယ်နဲ့ ကလေးတွေဆီမှာ ဘယ်လိုမျိုး ငြိမ်ချမ်းရေး မျိုးစေ့တွေ ချထားပေးမလဲဆိုတာ ဧရာဝတီ သတင်းထောက် တင်ထက်ပိုင်က ဆက်သွယ် မေးမြန်းထား ပါတယ်။
မေး။ ။ ကိုစောဖိုးခွား အခုလုပ်မယ့် “ငြိမ်းချမ်းပါစေ… မြန်မာပြည်” နယ်လှည့်ဖျော်ဖြေ တင်ဆက်မှုတွေကို ဘာကြောင့် စီစဉ် ဖြစ်သွားတာပါလဲ။
ဖြေ။ ။ ကျနော် နဂိုကတည်းက ရည်ရွယ်ချက်ရှိတယ်။ ကျနော်တို့ရဲ့ မျိုးဆက်တခုမှာ ကျနော်တို့ အဝိုင်း အဝန်းမှာ ဖြစ်နေတဲ့ ဘယ်တော့မှ ငြိမ်းချမ်းမှု မရနိုင်တော့တဲ့ လူမျိုးစွဲ၊ ဘာသာစွဲ အတ္တတွေနဲ့ ဖြစ်နေတာ တွေကို ကျနော် ဖြတ်ပစ်လိုက်ချင်တယ်။ သူတို့ အသက်အရွယ်တွေကြားထဲမှာ ငြိမ်းချမ်းရေး သဘောတရား တွေရယ်၊ လူဟာလူပဲပေါ့နော်၊ အဲဒီလိုအမြင်နဲ့ပဲ အနာဂါတ်တခုကို သွားမယ်ဆိုရင် ကျနော်ထင်တယ်၊ စည်းလုံးဖို့လဲလွယ်သွားမယ်၊ ဘယ်လိုအန္တရာယ်တွေပဲလာလာ စုပေါင်းပြီးတော့ ညီညီညာညာနဲ့ မြန်မာနိုင်ငံသားဆိုတဲ့ အသိစိတ်တွေနဲ့ အရာရာကိုကျော်ဖြတ်သွားနိုင်မယ်လို့ ထင်တယ်။
ကျနော်ဆိုလိုတာက အကုန်လုံးကိုထားခဲ့ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဟာတွေပဲ တဝဲလည်လည်နဲ့ လည်ပတ်နေပြီးတော့ ဝိုင်းလုပ်တဲ့သူတွေကလည်း တထောင့်တနေရာကနေ ဝိုင်းလုပ်ပေးနေတာပဲ၊ လုပ်သင့် သလောက် လုပ်တယ်။ နိုင်ငံခြားက အထောက်အပံ့တွေနဲ့လည်းလုပ်နေကြတာပဲ။ ဒါပေမယ့်လည်း အမြစ်ပြတ်သွားတယ်ရယ်လို့ မရှိဘူး။ အမြစ်ပြတ်တာမရှိတဲ့ အပြင်ကိုလုံလောက်တဲ့ ငြိမ်းချမ်းရေးရဲ့ လမ်းကြောင်းတခုပေါ် ရောက်မလာဘူး။ အဲဒီတော့ ဒီကလေးတွေရဲ့ အားကအဓိကပဲ။ ဒီကလေးတွေနဲ့ပဲ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုပြီး အမြင်တခုရလာတယ်။
နောက်တခုက ကျနော်က မိဘမဲ့ကလေးဂေဟာတွေ၊ နယ်တွေမှာရှိတဲ့၊ စစ်ရှောင်ဒေသတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတို့ ကယ်ဆယ်ရေးစခန်းတို့ကနေ ကျနော့်ကိုမကြာခဏဖိတ်ခေါ်ပြီးတော့ သူတို့ဆီကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပွဲလေးတွေ သွားသွားပေးရတယ်။ အဲဒီတော့ သွားလိုက်၊ လာလိုက် ခဏလေး ပြန်ပျောက်သွားလိုက် ဖြစ်မယ့်အတူတူအစဉ်အမြဲ ဖြစ်သွားအောင်လို့ ပြောရမယ်ဆိုရင်တော့ မျိုးစေ့ချတဲ့ သဘောပါ။ သူတို့ရဲ့ ရင်ဘတ်ထဲမှာ၊ သူတို့ရဲ့ မျိုးဆက်တခုမှာ၊ သူတို့ရဲ့ အနာဂါတ်မှာပါလာဖို့အတွက်ကို မြန်မာနိုင်ငံမှာရှိနေတဲ့ နေရာတွေ သွားမယ်။ ပထမဆုံးကတော့ ရှမ်းမြောက်ကို ရွေးချယ်တာက အဲဒီမှာရှိတဲ့ ကလေးတွေက ကျနော်နဲ့ ပိုပြီးတော့ ရင်းနှီးတယ်။ သူတို့ရဲ့ လက်ခံအား အရမ်းကောင်းနေတဲ့အချိန်၊ ကျနော်နဲ့ကလည်း ရင်းနှီးနေပြီဆိုတော့ ပိုုပြီးတော့ လွယ်ကူတယ်။
မေး။ ။ဒီ ဖျော်ဖြေပွဲတွေမှာ ကိုစောဖိုးခွားရည်ရွယ်တဲ့ ပရိသတ်က ၇ နှစ်ကနေ အသက် ၂၀ လို့ ဆိုထားတယ်။ ဘာဖြစ်လို့ အဲဒီအသက်အရွယ်အတွက် အဓိကရည်ရွယ်တာပါလဲ။
ဖြေ။ ။ ကျနော်က ဒီကလေးတွေ အရွယ်ကို Target ထားတယ်လို့ ပြောတာပါ။ အဲ့ဒီပွဲတွေကိုတော့ ဘယ်သူမဆို အခမဲ့ လာပြီးတော့ ကြည့်လို့ရပါတယ်။
မေး။ ။ ဒီ ၇ နှစ်ကနေ ၂၀ ဆိုတဲ့ အသက်အရွယ် အပိုင်းအခြားကိုရော ဘာဖြစ်လို့ Target ထားတာပါလဲ။
ဖြေ။ ။ ကျနော့်ရဲ့ အတွေ့အကြုံအရ ကျနော်က ကလေးတွေနဲ့ပိုပြီး ဆက်ဆံရတယ်။ ကလေးတွေနဲ့ ပိုပြီး ရင်းနှီးမှု ရှိတယ်။ သူတို့ရဲ့အထဲမှာ Absorb လုပ်နိုင်တဲ့ အရာအများဆုံးရှိတယ်။ ဒီအရွယ်က မျိုးစေ့ထည့်လို့ ကောင်းတယ်။ သေချာရှင်းပြနိုင်မယ်ဆိုရင် သူတို့အနေနဲ့ ဒီဟာက တသက်လုံးပါသွားနိုင်တယ်။ မျိုးစေ့ချလို့ ကောင်းတယ်။ သူတို့ရဲ့အခြေအနေကဘယ်လိုရှိလဲဆိုရင် မြေဆီလွှာကောင်းတခုလိုပဲ ဒီဟာကိုလက်ခံနိုင်တဲ့ မြေဆီလွှာကောင်းတခုလိုပဲ။ ဒါကို ကျော်သွားတဲ့ အသက်အရွယ်ကတော့ အတွေ့အကြုံအရပဲပြောပြော နည်းနည်းရင့်ကျက်နေပြီ။ အဆင်မပြေတော့ဘူး။ အဲဒါကို မြင်လို့ ကျနော် အဲ့ဒီအရွယ်ကို Target ထားခြင်း ဖြစ်ပါတယ်။
မေး။ ။ ကိုစောဖိုုးခွားရဲ့ ပထမဆုံးပွဲက သြဂုတ်လ ၂၇ ရက်နေ့ကနေ စက်တင်ဘာ ၄ ရက်နေ့လို့ သိရတယ်။ ဘာ့ကြောင့် ဒီအချိန်ကိုရွေးချယ်ထားပါလဲ။
ဖြေ။ ။ ဒီလ ၂၇ မှာကျောက်မဲမှာစမယ်၊ ဘာဖြစ်လို့ အဲဒီရက်တွေကိုရွေးချယ်တာလဲဆိုတော့ ကျနော်ရယ် One Love ရယ် ကျနော့်ရဲ့ ဝိုင်းတော်သားတွေရဲ့ အားတဲ့အချိန်ကို လုပြီးတော့ အဲဒီရက်တွေက အကိုက်ညီ ဆုံး ဖြစ်တယ်။ အဲဒီအရပ်ဒေသရဲ့ ရပ်မိရပ်ဖတွေ အခြေအနေကိုလည်း ကြည့်ရသေးတယ်။ သူတို့ လက်ခံ နိုင်တဲ့ အခြေအနေနဲ့ ခန်းမတွေ ဘာတွေ ငှားတာတွေ လုပ်ရတယ်၊ အဲဒီနေရာထိုင်ခင်းတွေ အားတဲ့အချိန် ကိုလည်း ကြည့်လိုက်တဲ့အခါမှာ ဒီအချိန်ဖြစ်သွားတာပါ။
မေး။ ။ သြဂုတ်လ ၃၁ ရက်နေ့ဆို ၂၁ ရာစု ပင်လုံညီလာခံကလည်း စတော့မယ်ဆိုတော့ အချိန်က တိုက်ဆိုင်သွားတာလား။
ဖြေ။ ။ ဟုတ်ကဲ့ အချိန်ကသူ့ဘာသာတိုက်ဆိုင်သွားတာပါ။ လုပ်ချင်နေတာ ကြာပြီ။ အစီအစဉ်တွေ ပရိုဂရမ်တွေ ရှိတယ်။ Vision ကတော့ ရှိနေတာ ကြာပြီ။ ဒါပေမယ့် ပထမဆုံးခြေလှမ်းအနေနဲ့ ဒီရက် ဒီအချိန်တွေမှာ စလုပ်ဖြစ်တယ်။
မေး။ ။ ကိုစောဖိုးခွားပြောတဲ့အထဲမှာ နည်းနည်းတော့ ပါသွားပြီးပါပြီ။ ကျောက်မဲအပါအဝင် ရှမ်းမြောက်ဘက်ကို ပထမဆုံးသွားရတဲ့ အကြောင်းက ဒီရှမ်းမြောက်က ကလေးတွေနဲ့က ရင်းနှီးနေပြီးသား ဖြစ်တဲ့အပြင် တခြားအကြောင်းအရင်းများ ရှိပါသေးလား။
ဖြေ။ ။ ရှိပါတယ်။ တချို့ ငြိမ်းချမ်းရေးလုပ်တဲ့သူတွေက Armed conflict ကို တခုလုပ်ရင်လုပ်မယ်၊ မလုပ်ရင် Religious conflict ကိုလုပ်မယ်ပေါ့နော်။ ကျနော်က ၂ ခုစလုံးကိုလုပ်တာ။ ကလေးအရွယ်ဆိုတော့ အဲဒီ ၂ ခုစလုံး အကြောပြတ်သွားအောင် လုပ်တာ။ လက်နက်ကိုင်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ လူမျိုးရေးနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဘာသာရေးနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် အဲဒီဟာတွေ အကုန်လုံးမလှဲနိုင်အောင် လုပ်တယ်။ ကျနော့်ကို ဒီ အရပ်ဒေသက ဖိတ်ခေါ်မှု ပိုများပြီးတော့ စစ်ရှောင်တွေရှိတဲ့ ကျောက်မဲဘက် မကြာခဏသွားရတော့ ကျနော့်ရဲ့လုပ်ရပ်က ဒီခြေလှမ်းက ဒီမှာစလိုုက်တာ ကောင်းတယ်။ ဒါမှ အရပ်ရပ် ဒေသတွေက သိသွားတဲ့အခါကျရင် ဒီလိုပုံစံလေး ဖြစ်မယ်။ ကျနော်က ဒါပြီးရင် ကရင်သွားမယ်၊ ပြီးရင် ကချင်သွားမယ်၊ ပြီးရင် ရခိုင်သွားမယ် အဲဒီလိုမျိုးလေးရှိတော့ အဲဒီအားလုံးထဲကနေ ဒီအရပ်ကို ရွေးခြင်းက ကျနော်နဲ့ ရင်းနှီးပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရလွယ်တယ်။ နောက်ပိုင်းနေရာတွေကို သွားတဲ့အခါ ဒီလိုပုံစံနဲ့ လာမှာလားဆိုပြီး ပြင်ဆင်လို့ရအောင် ရွေးလိုက်တာ ဖြစ်ပါတယ်။
မေး။ ။ ကိုစောဖိုးခွားအနေနဲ့ ငြိမ်းချမ်းရေးနဲ့ လူငယ်ဆိုတာကို ဘယ်လိုဆက်စပ်မလဲ။
ဖြေ။ ။ ကျနော့်ရဲ့ အမြင်နဲ့ အယူအဆအရ လူငယ်ဆိုတာက ကြိုးဝိုင်းပေါ် ရောက်တဲ့အရွယ် ရောက်သွားပါပြီ။ သူက Fight ရတဲ့ အရွယ် ရောက်သွားပြီ။ ကလေးကျတော့ သင်ယူနေရတဲ့ အရွယ်၊ လူကြီးကတော့ တိုက်ပွဲကနေ ကြိုးဝိုင်းပေါ်ကနေ ဆင်းသွားတဲ့အရွယ်၊ သူတို့အတွေ့အကြုံတွေကို ပြန်သင်ကြားပို့ချပေးတာတွေ ဘာတွေ ရှိမယ်။ လူငယ်အချိန်မှာ ငြိမ်းချမ်းရေးက ကလေးဘဝက သင်ကြားလာခဲ့တဲ့ သိရှိလာတဲ့ဟာတွေကနေ တိုက်ပွဲဝင်နေရတဲ့အရွယ် ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် စိတ်သွားတိုင်းကိုယ်ပါပြီးတော့ ကစားသမားတယောက် အနေနဲ့ မြင်ရမယ်ဆိုရင် ကွင်းထဲမှာဝင်ကစားနေတဲ့၊ လက်ဝှေ့သမားဆိုရင်လည်း ကြိုးဝိုင်းထဲမှာဝင်ထိုးနေရတဲ့ နေရာမှာရောက်နေတဲ့သူပေါ့လေ။ အဲဒီလို ကျနော်မြင်တယ်။ သူ့ရဲ့ အနေအထားက သူလုပ်တာမှားရင် မှားသလို သူ့ရဲ့ အနာဂါတ်တခုဟာ အဖြေပေါ် သွားလိမ့်မယ်။ မှန်ရင်လည်းမှန်သလို အောင်ပွဲရသွားလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့က ကြိုးဝိုင်းထဲမှာ အောင်ပွဲရဖို့အတွက်ဆိုတာ ကလေးဆိုတဲ့အရွယ် သင်ယူနေတဲ့အရွယ်မှာအရေးကြီးပါတယ်။ သင်ယူမှု နည်းမှန်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ကြိုးဝိုင်းပေါ် ရောက်သွားတဲ့ အချိန်မှာ သူသင်ကြားခဲ့ရတဲ့အတိုင်း လုပ်မယ်။ အဲဒီအခါမှာသူ အမှားတွေ သင်လာရင်တော့ အမှားတွေပဲလုပ်သွားမှာပဲ။
မေး။ ။ ကိုစောဖိုးခွားအနေနဲ့ ငြိမ်းချမ်းရေးဆိုတာကို ဘယ်လိုအနက်ဖွင့်ဆိုမလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးဆိုတာမရှိမဖြစ် လိုအပ်တဲ့အရာတခု ဖြစ်တယ်၊ အရေးအကြီးဆုံးအရာတခု ဖြစ်တယ်။ ငြိမ်းချမ်းရေးမရှိရင် ကျန်တဲ့အရေး ဘာအရေးမှ လုပ်လို့မရတော့ဘူး။ ငြိမ်းချမ်းရေးဟာ အရာအားလုံးရဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ ကျနော်တို့ သက်ရှိကမ္ဘာကြီးရဲ့ ဖြစ်တည်မှုမှာအဓိကအကျဆုံးနဲ့ မရှိမဖြစ် လိုအပ်တဲ့ အရာတခု ဖြစ်ပါတယ်။
ကမ္ဘာကြီး ဖြစ်တည်ကတည်းက ငြိမ်းချမ်းရေးဆိုတာရှိပြီးသားပါ။ တကယ်တော့ လူသားတွေကပဲသူတို့ရဲ့ အတ္တတွေကြောင့်ပဲ ဖြစ်ဖြစ် တခုခုကြောင့် အဲဒီမှာ ငြိမ်းချမ်းရေးကပျောက်သွားတာပါ။ တကယ်တော့ ငြိမ်းချမ်းရေးက ကျနော်တို့ လိုက်ရှာစရာမလိုပါဘူး။ ငြိမ်းချမ်းရေးဆိုတာ နဂိုကတည်းကရှိနေတဲ့ အရာတခု ဖြစ်တယ်။ အဲဒီဟာကလူတွေကြောင့်ပဲပျက်စီးသွားတယ်။ အဲဒါကြောင့်မို့လို့ လူတွေရဲ့ နှလုံးသားထဲမှာပဲ ငြိမ်းချမ်းရေးကို ထုတ်ယူနိုင်တဲ့အရာတခုရှိတယ်။ အဲဒါကဘာလဲဆိုတော့ နှလုံးသားထဲက ချစ်ခြင်းမေတ္တာ ဆိုတာကိုကျနော် မြင်တယ်လေ။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတခုရှိနေရင် ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ အရမ်းလွယ်ပါတယ်။ အဓိကကလေးတွေရဲ့ နှလုံးသားထဲမှာထည့်မှာကလည်း အဲဒီဟာပါပဲ။
မေး။ ။ ဒီဖျော်ဖြေပွဲတွေကနေကလေးတွေကိုဘာတွေ ပေးနိုင်မယ်လို့ မျှော်လင့်ထားပါလဲ။
ဖြေ။ ။ ပထမဆုံးသူတို့မှာ ဖြစ်နေတဲ့ တချို့က လူမျိုးစွဲမှိုင်းတိုက်ခြင်းခံရတာရှိတယ်။ တချို့က ဘာသာရေးမှိုင်းတိုက်ခြင်းခံရတာရှိတယ်။ အဲဒီလိုသမိုင်းရာဇဝင်နဲ့ ချီပြီးရှိခဲ့တဲ့ အမုန်းတရားစိတ်တွေ ခိုအောင်းနေတာရှိတယ်။ အရင်ဆုံးသူတို့ဆီမှာ အဲဒါတွေ တော်တော်များများလျော့သွားမယ်လို့ ကျနော် ယုံကြည်ပါတယ်၊ မျှော်လင့်ထားပါတယ်။
မေး။ ။ ကိုစောဖိုးခွားရဲ့ ဒီဖျော်ဖြေပွဲတွေမှာတခြားဘယ်အနုပညာရှင်တွေ ပူးပေါင်းပါဝင်ဖို့ ပြောထား တာရှိလဲရှင့်။
ဖြေ။ ။ ကျနော်တဦးပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီဟာကို သွားမယ်ဆိုတော့ အင်အားတွေ အများကြီး လိုတယ်၊ ညီအကိုမောင်နှမတွေ စည်းရုံးကြည့်ပါတယ်။ ဒါပေမယ့် အားရလောက်တဲ့ တုံ့ပြန်မှု ကျနော်မရဘူး။ အဲဒီလိုပါပဲ အရင်တုန်းကကျနော်လုပ်ခဲ့တဲ့ အလုပ်တွေမှာအင်အားတွေ မရှိတဲ့အတွက် ကျနော် မလုပ်ရတော့ ဘူးလားဆိုတဲ့ စိတ်နဲ့ ကျနော်တို့ တဖွဲ့ပဲ နောက်ဆုံး ပြန်ညှိပြီးတော့ သွားဆိုပြီးတော့ လုပ်လိုက်ရတဲ့ ပုံစံ ရှိပါတယ်။ ဒါပေမယ့် ကျနော်ကကျန်တဲ့ အနုပညာသမားတွေကို complain တက်နေတာမဟုတ်ပါဘူး။ အပြစ်ပြောတာမဟုတ်ပါဘူး။ သူတို့မှာလည်းသူတို့ယုံကြည်ချက်နဲ့ သူတို့ ခံယူချက်နဲ့ သူတို့လျှောက် နေတာတွေ ရှိပါတယ်။ သူတို့ရဲ့အနေအထားနဲ့ လျှောက်နေရတာတွေရှိတော့ ကျနော် ထင်ပါတယ် ကျနော်တို့ လုပ်ဆောင်လိုက်ခြင်းအားဖြင့် တုံ့ပြန်မှုကောင်းတခုခုကို မြင်လာရင် သူတို့လည်း ပါဝင်ပူးပေါင်း လာမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် အရင်ဆုံးအနေနဲ့ ကျနော်တယောက်ကနေစပြီးတော့ လှုပ်ရှားခြင်း ဖြစ်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ အခုလက်ရှိသွားနေတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော်ကတော့ လိုက်မမီဘူးလေ။ ကျနော်ကတော့ ကလေးအတွေးနဲ့ တွေးပြီးတော့ပဲ လုပ်နိုင်တဲ့ တပိုင်တနိုင်စာပဲလုပ်တဲ့အခါကျတော့ နောက်ပိုင်းမှာ နောက်ပိုင်းဆိုတာ ပြီးခဲ့တဲ့ တနှစ်၊ နှစ်နှစ်လောက်က စပြီးတော့ ကျနော် မကြည့်တော့ဘူး၊ ဘယ်သူလုပ်တာမှ မကြည့်တော့ဘဲနဲ့ ကိုယ့်အပိုင်းကိုယ်ပဲ အာရုံ သေချာစိုက်ပြီးတော့ လုပ်တာ ဖြစ်တဲ့အတွက် …. သူတို့ ငြိမ်းချမ်းရေးအတွက် လုပ်တယ်ဆိုတဲ့ဟာ မှန်သမျှတော့ ကျနော် ကောင်းတယ်လို့ပဲထင်ပါတယ်။ အခုပွဲဟာဆိုရင်လည်း ဘယ်အစိုးရ ဘယ် အဖွဲ့အစည်းနဲ့မှ ပတ်သက်ပြီးတော့ လုပ်တာမဟုတ်ဘဲ သူတို့ကိုကူညီတဲ့ သဘောစိတ်ထဲမှာထားပြီးတော့ လုပ်တာဖြစ်တဲ့အတွက် ကောင်းနေမှာပါ။ ဒီအစိုးရမှ မဟုတ်ဘူး၊ ငြိမ်းချမ်းရေးအတွက် လုပ်တယ်ဆိုတဲ့ဟာ တခုကတော့ ကောင်းတယ်လို့ပဲ ကျနော်မြင်ပါတယ်။