မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ သွားရောက်ပြီ ဖြစ်သည်။ ယင်းခရီးစဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက် အခြေစိုက် အာဆီယံအရေး ကျွမ်းကျင်သူ Kavi Chongkittavorn ကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်က မေးမြန်းထားပါသည်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံကို နောက်တကြိမ် သွားရောက်နေပါတယ်။ အခုတကြိမ် ဘေဂျင်းကို သွားတာက NLD အစိုးရသစ်ရဲ့ ခေါင်းဆောင် အနေနဲ့ သွားမှာဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာတွေ မျှော်လင့်နိုင်ပါသလဲ။
ဖြေ။ ။ သူရဲ့ အစိုးရအဖွဲ့အတွက် အရေးအကြီးဆုံး နိုင်ငံခြား ခရီးစဉ်ဖြစ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် အပေါ်တိုက်ရိုက် အကျိုးသက်ရောက် စေပါလိမ့်မယ်။ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဖြစ်ပါတယ်။
သူ့ရဲ့ အနောက်တိုင်းနဲ့ ကာလရှည်ကြာစွာရှိခဲ့တဲ့ ဆက်ဆံရေးနဲ့ ပုဂ္ဂိုလ်ရေး ပတ်သက်မှုတွေကို ထိခိုက်နစ်နာမှု မရှိစေဘဲ တရုတ် နိုင်ငံနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်သိပါတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ သံတမန် ရေးရာ ကျွမ်းကျင်မှုနဲ့ လက်တွေ့သဘောဆောင်မှုကို ဒေါ်အောင်ဆန်းစုကြည်က တလျှောက်လုံးပြသနိုင်ခဲ့တဲ့ အတွက် ၂ ဘက်လုံး အကျိုးရှိမယ့် (win-win) အခြေအနေဖြစ်ပါတယ်။
မေး။ ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ စိတ်လှုပ်ရှားစရာနိုင်ငံရေး အပြောင်းအလဲတွေအတွက် အသင့်မဖြစ်ခဲ့တဲ့ပုံ မျိုး ဖြစ်နေတယ်။ အခုဆိုရင် တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရပ်ဝန်းသစ်နဲ့ ပတ်သက်လို့ ချိန်ညှိမှုတွေ ပြုလုပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအဖွဲ့ ခေါင်းဆောင်ဟောင်းတွေ အပါအဝင် အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ တက်တက်ကြွကြွ ထိတွေ့ ဆက်ဆံမှုတွေ ပြုလုပ်နေတယ်။ ဒီဆက်ဆံရေး အသစ်ကနေ အာဆီယံက ဘယ်လို အကျိုးအမြတ် ရှိနိုင်မလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ နို်င်ငံရေး တည်ငြိမ်မှုရှိတာနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်တာက အာဆီယံ-တရုတ် ဆက်ဆံရေးကို ကြီးမားစွာ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံ ရေးက စံနမူနာတခု ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အစိုးရက ရွေးကောက်ခံအစိုးရဖြစ်ပြီး နိုင်ငံတကာ ကလည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားလို့ ဖြစ်ပါတယ်။ ဒါက ဦးနုအစိုးရ နောက်ပိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာဆက်ဆံရေး ကောင်းမွန်တဲ့ ယုံကြည်ချက်တွေနဲ့ တိုးတက်လာနိုင်ပြီး ရွေးချယ်စရာတွေ အားလုံးပွင့်လင်းလာနိုင်ပါ တယ်။ အဲဒီလိုပဲ တရုတ်-မြန်မာ ဆက်ဆံရေးက ၂ နိုင်ငံလုံး ဗျူဟာအရ အကျိုးအမြတ်တွက်တဲ့ အခြေအနေကနေ တိုး တက်လာပါ လိမ့်မယ်။ ဒီလို ယထာဘူတကျတာမျိုးက ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေရတဲ့ တရုတ်-အာဆီယံ ဆက်ဆံရေး အတွက် အကျိုး အမြတ်ရှိစေပါလိ်မ့်မယ်။
မေး။ ။ အရပ်သားပဲ ဖြစ်ဖြစ်၊ စစ်တပ်ပဲဖြစ်ဖြစ် မြန်မာခေါင်းဆောင်တွေက အနောက်တိုင်းကို မသွားခင် တရုတ်နိုင်ငံကို အရင်သွားဖို့ ရွေးချယ်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အလားတူပဲ။ အဲဒါက ပါးနပ်တဲ့ လှုပ်ရှားမှုတခုလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားတာက ပါးနပ်တဲ့ ဆောင်ရွက်ချက်တခု ဖြစ်ပါတယ်။ သူ့ရဲ့ တိုင်းပြည်အပေါ် တိုက်ရိုက် သက်ရောက်မှုရှိနိုင်တဲ့ (တရုတ်နိုင်ငံ အပြင်) တခြား အဓိက အင်အားကြီး နိုင်ငံ မရှိပါဘူး။ နယ်စပ် ကုန်သွယ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေ၊ လုံခြုံရေးနဲ့ ၂နိုင်ငံ ပြည်သူချင်း အပြန်အလှန် ဆက်ဆံရေးတွေက ကောင်းမွန်တဲ့ ဆက်ဆံရေးအပေါ်မှာ မူတည်နေပါတယ်။ အရေးကြီးတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ရှီ ကျင့်ဖျင် ရဲ့ ခေါင်းဆောင်မှုကို အထူးအလေးပေးခဲ့တာပါပဲ။
အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ မူဝါဒလမ်းကြောင်းချမှတ်မှုနဲ့ အကောင်အထည်ဖော်မှုမှာ သြဇာလွှမ်းမိုးမှု ရှိတဲ့ ဒေသတွင်းက အာဏာပိုင်တွေကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။
မေး။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနဲ့ စတင် ဆက်သွယ် ထိတွေ့ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ မကြာခင်မှာ အာဆီယံ ထိပ်သီး အစည်း အဝေးကျင်းပတော့မယ့် လာအို နိုင်ငံကို ပထမဆုံးသွားရောက်ခဲ့တယ်။ ဒုတိယအကြိမ် အနေနဲ့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ် ၂ ခုလုံးမှာ အိမ်ရှင်နိုင်ငံတွေက ကောင်းမွန်စွာ ကြိုဆိုခဲ့ကြပြီးတော့ သူ့ရဲ့ သံတမန် ရေးရာ ကျွမ်းကျင်မှုကို ပြသခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ ခရီးစဉ်တွေ မတိုင်မီက “ဆောင်ရန်၊ ရှောင်ရန်” တွေကို ခင်ဗျားက ရေးသားခဲ့ တယ်။ ခင်ဗျားက သူ့ အပေါ် သံသယ ရှိခဲ့လို့လား။
ဖြေ။ ။ အာဆီယံ မြို့တော်တွေကို သွားရောက်တဲ့ ခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သံတမန် ရေးရာ ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့ပါတယ်။ သူ့ကိုယ်သူ ဘယ်လိုလုပ်ရ မယ်ဆိုတာကို သူသိတယ်။ အာဆီယံ အစည်းအဝေး အားလုံးမှာ သူ့ကိုယ်သူ နှိမ်ချပြီး မထင်မရှားနေခဲ့တယ်။ လူ့အခွင့်အရေ၊ ဒီမိုကရေစီနဲ့ နိုင်ငံတကာ ဥပဒေစိုးမိုးရေးနဲ့ ဆိုင်တဲ့ အရေးပါတဲ့ ကိစ္စတွေကလွဲရင် စကားနည်းနည်းပဲ ပြောခဲ့တယ်။ သူက လျင်လျင်မြန်မြန် သင်ယူပြီး အာဆီယံ အသိုင်းအဝိုင်းနဲ့ လိုက်လျော ညီထွေဖြစ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွေမှာ သူ့ရဲ့ အင်္ဂလိပ်ဘာသာ စွမ်းရည်က ပေါ်လွင်ထင်ရှားပြီး ဆွေးနွေးမှုတွေကလည်း ထိရောက်ခဲ့ပါတယ်။
မေး။ ။ မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲရဲ့ အရှိန်အဟုတ်ကို ဒေသတွင်းမှာ အများအပြားက ချီးမွမ်းခဲ့ကြပါ တယ်။ ဒါပေမယ့် ဒေသတွင်းက တချို့နိုင်ငံတွေကတော့ ဂငယ်ကွေ့ပြန်ကွေ့နေကြတယ်။ အာဆီယံရဲ့ သြဇာအရှိန်အဝါ ကျဆင်းမှုလို့ မြင်တဲ့သူက မြင်နိုင်တယ်။ တချိန်တည်းမှာပဲ အမေရိကန်၊ တရုတ်နဲ့ ဂျပန် အပါအဝင် အင်အားကြီး နိုင်ငံတွေက ဒေသတွင်းမှာ သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားနေတာကို မြင်ရတယ်။ အနာဂတ်မှာ မြန်မာနိုင်ငံက ဘယ်အခန်းကဏ္ဍက ပါဝင်မှာလဲ။
ဖြေ။ ။ ဆက်လက် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ မြန်မာနိုင်ငံက အာဆီယံ အတွက် လမ်းသစ်ဖောက်တဲ့ နိုင်ငံတခု ဖြစ်နေပြီးသားပါ။ တံခါးဖွင့်ဖို့ အတွက် မြန်မာနိုင်ငံလုပ်ခဲ့တဲ့ အခြေခံခြေလှမ်းမျိုး တွေကို တခြား ဘယ် အာဆီယံနိုင်ငံမှ မလုပ်ခဲ့သေးပါဘူး။ နိုင်ငံရေးအရဆိုရင် နာမည်ကျော်ခေါင်းဆောင် တဦး ရှိတဲ့ ဒီမိုကရေစီ နိုင်ငံတခုအနေနဲ့ အာဆီယံထဲမှာ မြန်မာနိုင်ငံက အဆင့်အတန်းမြင့်ပါတယ်။ ရခိုင်ဒေသက လူမှုအသိုင်း အဝိုင်း ပဋိပက္ခတွေမှာ သူ့ရဲ့ ပါဝင်မှုနဲ့ ပတ်သက်လို့ ဝေဖန်မှု အချို့ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိက္ခာနဲ့ သြဇာက အာဆီယံ အတွင်းမှာ အမြင့်ဆုံးပါပဲ။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ‘Burma is Already a Game-Changer for Asean’: Kavi Chongkittavorn ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ Kavi Chongkittavorn သည် ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ် လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး ဌာန (Institute of Security and International Studies) မှ အကြီးတန်း ပညာရှင်တဦး ဖြစ်ပါသည်။