တပ်မတော်နဲ့ လက်ရှိ တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းက အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ တအောင်း(ပလောင်) ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ ရက္ခိုင် တပ်မတော်နှင့် ကိုးကန့်တို့ရဲ့ မြန်မာ အမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ တို့က သြဂုတ်လ ၃၁ ရက် စတင်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တက်ရောက်ရန် ၎င်းတို့ အဆင်သင့်ဖြစ်နေပြီလို့ သြဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရဘက်က အဖွဲ့ ၃ ဖွဲ့ကို “လက်နက်ကိုင်လမ်းစဉ်ကို ချုပ်ငြိမ်းဖို့ ဆန္ဒရှိကြောင်း” ဆိုတဲ့ ထုတ်ပြန်ချက် ထုတ်ပေးပါမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်လို့ရနိုင်မယ်လို့ ပြောဆိုထားပါတယ်။
အစိုးရ ကိုယ်စားလှယ်တွေ ယခင်အပတ်က အဲဒီ ၃ ဖွဲ့နဲ့ မိုင်းလား အထူးဒေသ ၄ မှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။
အဲဒီလို ဆွေးနွေးမှုအပြီး တပတ်အကြာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မှု အသင့်ဖြစ်နေကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ အစိုးရဘက်က လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ဝင်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ဖို့ ဖိတ်ကြားမယ်လို့သိရတယ်။ အဖွဲ့ အားလုံးကို ဖိတ်မှာလား။
ဖြေ။ UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ) ၇ ဖွဲ့ (အဖွဲ့ကြီး ၄ ဖွဲ့နဲ့ အဖွဲ့ငယ် ၃ ဖွဲ့) နဲ့ ဝ၊ မိုင်းလား အဖွဲ့တွေကို ဖိတ်သွားမယ်။ သူတို့ ၃ ဖွဲ့ ကို ကျနော်တို့ စတိတ်မန့် ထုတ်ခိုင်းထားတဲ့ဟာမှာ ကျနော်တို့ လိုချင်တဲ့ သူတို့ ကတိပြုမှု ပါဖို့လိုတယ်။ အဲဒါမျိုးမပါဘူးဆိုရင် ကျနော်တို့ သူတို့နဲ့ စကားပြောစရာ မရှိသေးဘူးလေ။
မေး။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတက်ဖို့ လက်မှတ်မထိုးရသေးတဲ့ တခြား အဖွဲ့တွေ ဥပမာ UNFC ဆို လက်မှတ်ထိုးထိုး မထိုးထိုး တက်လို့ရတယ်လို့သိထားတယ်။ သူတို့ကိုရော မဖိတ်နိုင်ဘူးလား။
ဖြေ။ UNFC နဲ့ မတူဘူး။ UNFC က ကျနော်တို့နဲ့ စစ်တိုက်နေတဲ့ အဖွဲ့ မဟုတ်ဘူး။ သူတို့က လောက်ကိုင်တိုက်ပွဲ (ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီ ၂၀၁၅ တွင် ပြန်ဖြစ်ခဲ့သည့် စစ်ပွဲ)ကို နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်အောင် လုပ်ထားတဲ့အဖွဲ့ ဖြစ်တဲ့ အတွက်ကြောင့်မို့ သူတို့ ၃ ဖွဲ့ကို သီးခြားစဉ်းစားပါတယ်။ မတူပါဘူး။
မေး။ ။ ဒီလလယ်မှာ သူတို့ ၃ ဖွဲ့နဲ့ သွားတွေ့တုန်းက အဆင်ပြေတယ်လို့ သတင်းထုတ်ပြန်ထားပြီး အခုက ဘယ်လိုဖြစ်တာပါလဲ။
ဖြေ။ ။ ဟုတ်တယ်လေ။ သူတို့ အဲဒါကို ကျနော်တို့ဆီ တရားဝင် အကြောင်းပြန်ပေးမယ် ပြောတယ်။ အမှန်ဆို တရားဝင် ပြန်ဆက်သွယ်ဖို့ ကောင်းတယ်။ သူတို့ ထုတ်ပြန်ချက်က ကျနော်တို့နဲ့ ညှိထားတဲ့အတိုင်းဆိုရင် အပေါင်းလက္ခဏာ ဖြစ်မှာပေါ့။ မဟုတ်ရင်တော့ အနှုတ်လက္ခဏာ ဖြစ်မှာပေါ့။ အဲဒါ သူတို့က ကျနော်တို့ဆီ တရားဝင်စာပြန်တာမဟုတ်။ ဘာမှမပြောလာဘူး။ အမှန်ဆို သူတို့တရားဝင် ပြန်ပြောပြီး ဆက်သွယ်ဖို့ ကောင်းတယ်။ ကျနော်တို့က သူတို့ တရားဝင် ပေးတာကို လိုချင်တယ်။ ဒီအတိုင်း လူထုကို ထုတ်ပြန်လိုက်တာကို မလိုချင်ဘူး။
မေး။ ။မိုင်းလားမှာ အဖွဲ့ ၃ ဖွဲ့နဲ့ သွားဆွေးနွေးစဉ်က နောက်ထပ် ဆက်သွယ်မှုကို ဘယ်လို ပုံစံနဲ့ လုပ်မယ်လို့ ပြောခဲ့ကြလဲ။
ဖြေ။ ။ မိုင်းလားမှာ တွေ့တာဆိုတော့ မိုင်းလားကနေ ပြန်ပြောလို့ရတယ်။ ကြားခံလူ ဖြစ်တဲ့ မိုင်းလားကနေလည်း ဆက်သွယ်လို့ရတယ်။ ခု မိုင်းလား ကလည်း သူတိုု့ ဘာမှ မသိဘူးပြောတယ်။ ကျနော်တို့ ညှိထားတာကို သဘောတူရင်လည်း တူတယ်ဆိုတဲ့အကြောင်း မတူရင်လည်း ဒါမျိုးတော့ ဒီလိုရှိတယ် ဆိုတဲ့အကြောင်း ကျနော်တို့ကို ပြန်ပြီး gentleman လမ်းကြောင်းက ပြောသင့်တယ်။
မေး။ ။ ညီလာခံ မစခင် ထပ်ပြီး ဆွေးနွေးမှုတွေ ရှိအုံးမလား။ ဘယ်လိုဆက်ဆောင်ရွက်မလဲ။
ဖြေ။ ။ သူတိုု့ မဆက်သွယ်ရင်တော့ မရှိဘူး။ ကျနော်တို့ကတော့ ဆက်သွယ်စရာ မရှိဘူး။
အဲဒါ (ဘယ်လိုဆက်ဆောင်ရွက်မလဲဆိုတာ) သူတို့နဲ့ ကျနော်တို့က စကားပြောဖို့ လိုသေးတယ်လေ။ သူတို့က (ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ) တက်ချင်တိုင်း တက်ဖို့က တောင်ပြုန်းပွဲမှ မဟုတ်တာ။”
မေး။ ။ အဲဒီလိုဆိုရင် သူတို့ ၃ ဖွဲ့ကို အစိုးရဘက်က ဦးခင်ဇော်ဦးတို့ တောင်းတဲ့ စကားလုံးကို ကတိမပြုမချင်း ညီလာခံကို တက်လို့ မရဘူးဆိုတဲ့ သဘောလား။
ဖြေ။ ။ ဒါပေါ့။ ငြိမ်းချမ်းရေး လုပ်ချင်တယ်ဆိုရင် သူတို့က ဒါကို မဖော်ပြနိုင်သမျှ ကာလပတ်လုံး ညီလာခံကို တက်စရာ အကြောင်းမရှိဘူး။။
မေး။ ။ ကျမတို့ သိသလောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်တယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဖွဲ့မှာ ပါနေတဲ့ ဗိုလ်ချုပ်ကြီး (ဟောင်း) တို့ အနေနဲ့ ဒီသဘောထားအတိုင်း ကိုယ်စားပြု သွားနေရတာလား။ နှစ်ဖက်စလုံး ပြေလည်နိုင်မယ့် နည်းလမ်းက ဘာဖြစ်နိုင်မလဲ။
ဖြေ။ ။ ဒီအချိန်မှာ တပ်မတော်ရဲ့ သဘောထားနဲ့ နိုင်ငံတော်ရဲ့ သဘောထားက တထပ်တည်းကျပါတယ်။ ကျနော်တို့ သွားတာကတော့ တပ်မတော်ကရော နိုင်ငံတော်ကရော ပေးတဲ့ သဘောထားကိုယူပြီး သွားတာပေါ့။ တပ်မတော်က A လမ်းသွားပြီး နိုင်ငံတော်က B လမ်းသွားမယ်ဆိုတာတော့ မဟုတ်ပါဘူး။
သူတို့ ပြောတဲ့အထဲမှာ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပါ့မယ်ဆိုပေမယ့် ကျနော်တို့ တောင်းထားတဲ့ ကတိပြုချက် မပါဘူး။
မေး။ ။ အခုက စကားလုံးတွေနဲ့ ကပ်ညှိနေတဲ့သဘောလားမသိဘူးရှင်။
ဖြေ။ ။ စကားလုံးတစ်ခုတည်းကို ကပ်တာမဟုတ်ဘူးလေ။ စကားလုံးရဲ့ နောက်မှာ အဓိပ္ပာယ်က ရှိသေးတယ်။ သူတို့က ကျနော်တို့ကို နိုင်ငံရေးဆွေးနွေးမယ်ပြောတယ်။ သူတိုု့ လက်နက်ကိုင်လမ်းစဉ်နဲ့ ဆက်ပြီး ဘယ်လိုလုပ်မလဲဆိုတာ မပါဘူး။ သူတို့က တချိန်မှာ လက်နက်ကိုင်နည်းလမ်းကို အပြီးတိုင်ချုပ်ငြိမ်းစေလိုတဲ့ ဆန္ဒသဘောထားတော့ သူတို့ဖော်ပြရမှာပေါ့။
မေး။ ။ အကယ်၍ အဖွဲ့ ၃ ဖွဲ့က တောင်းဆိုတဲ့အတိုင်း ကတိပြုတယ်လို့ ဆိုရင်တောင် ဒါက လက်မှတ်ထိုး ရဖို့လား။ ဒါမှမဟုတ် ၂၁ ရာစုပင်လုံကို တက်ခွင့်ရဖို့လား။
ဖြေ။ ။ ဒါက မတူဘူးလေ။ သူတို့ကို လက်မှတ်ထိုးဖို့ထိ မစဉ်းစားသေးဘူး။ သူတို့က ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ ပါချင်တယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ချင်တယ်ဆိုတဲ့ ကတိမျိုး ပေးရမယ်။ နိုင်ငံရေးဆွေးနွေးချင်တာတွေ လာမပြောနဲ့။ ငြိမ်းချမ်းရေး လုပ်ချင်ရင် လုပ်ဆောင်ချက်နဲ့ ပြရမယ်။ ပေါက်လွှတ်ပဲစား ငြိမ်းချမ်းရေး လုပ်ချင်တယ်လို့ ပြောလို့မရဘူးလေ။ အပြောချည်းပဲ မရဘူးလေ။ ငြိမ်းချမ်းရေးလုပ်ချင်တဲ့ လမ်းကြောင်းကို လိုက်ရမယ်လေ။
မေး။ ။ ဒါဆို အားလုံးပါဝင်ရေးအတွက် အစိုးရဘက်က ဘယ်လောက်ထိ လိုက်လျော ဆောင်ရွက်မလဲ။
ဖြေ။ ။ အားလုံးပါဝင်ရေးဆိုတာ တချိန်တည်းနဲ့ အားလုံးပါဝင်ရေးက မဖြစ်နိုင်ဘူး။ တချိန်မှာတော့ ဖြစ်သွားလိမ့်မယ်