နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ လက်ပိုင်ရှင်တွေပါ

ဧရာဝတီ
ငြိမ်းချမ်းစိမ်းလန်း

လမ်းပေါ်မှာ ဘဝတွေများစွာ ရှိပါတယ်။ အဲဒီဘဝတွေနဲ့အတူ ရုန်းကန် လှုပ်ရှားမှုတွေလည်း မြင်သာထင်သာရှိပါတယ်။ အမှုမဲ့အမှတ်မဲ့ သွားလာနေထိုင်ရင်း နောက်တကြိမ် ပြန်မရတော့တဲ့ မြင်ကွင်းတွေဟာလည်း လမ်းမများထက်မှာ သူ့သဘောသူဆောင်ကာ လောကထဲကနေ ပျောက်ကွယ်သွားတတ်ပါတယ်။

အဲဒီလမ်းမထက်က အနုပညာမြောက်နေတဲ့ မြင်ကွင်းတွေကို အလွတ်မခံ စိုက်လိုက်မတ်တပ် မှတ်တမ်းပြု ဖော်ဆောင်လေ့ ရှိပြီး ပြီးခဲ့တဲ့၂၀၁၅ မှာ Street Photography စာအုပ်တအုပ်လည်း ထွက်ထားတဲ့ မန္တလေးမြို့က စာရေးဆရာ ညီပုလေး (ခ) Street Art ဓာတ်ပုံသမား ငြိမ်းချမ်းစိမ်းလန်းကို ဧရာဝတီ ကော်ပီအယ်ဒီတာ K ငြိမ်းချမ်းက မေးမြန်းထားပါတယ်။

မေး ။   ။ Street Photography အကြောင်းနည်းနည်း ရှင်းပြပေးပါဦး။

ဖြေ ။  ။ Street Photography ဆိုတာ စက္ခု ၂ ကွင်း အလင်းရတဲ့သူ၊ ဘယ်သူမဆို ခံစားလို့ရတဲ့ ဓာတ်ပုံအမျိုးအစားပါ။ လူထုနဲ့ အလွန်နီးစပ်တဲ့ ဓာတ်ပုံအမျိုးအစားပါ။ ဘယ်သူမဆို ရိုက်လို့ရတယ်။ အလွန်စရိတ်ကျဉ်းတယ်။ လက်ထောက်တွေ အကူတွေ မလိုသလို မိတ်ကပ်တွေ စတူဒီယိုတွေလည်း မလိုဘူး။ ကိုယ့်အနီးနား ပတ်ဝန်းကျင်မှာတင် Street Photo ရိုက်စရာ အကြောင်းအရာတွေက ရှိပြီးသား။ ငပလီ၊ ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ ပုဂံ၊ ဘန်ကောက်၊ စင်ကာပူ သွားရိုက်မှ Street Photo တွေ ရိုက်လို့ရတာမဟုတ်ဘူး။

ကိုယ့်ပတ်ဝန်းကျင်မှာတင် ရှိတယ်။ တကယ်လို့ ငပလီ၊ ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ စင်ကာပူ ရောက်သွားခဲ့ရင်လည်း အဲဒီအရပ် မှာ Street Photo ရိုက်စရာတွေ တွေ့မှာပဲ။ ကိုယ်က မြင်တတ်ဖို့ ရိုက်မိဖို့ပဲလိုတာ။ Street ပုံတပုံရထားရင် အလွန်ပီတိ ဖြစ်စရာ ကောင်းပါတယ်။ ရိုက်ကြည့်ကြစေချင်တယ်။

မေး ။   ။ ဘယ်အချိန်လောက်က စပြီး ဒီ Street Art တွေကို ရိုက်ဖြစ်ခဲ့တာပါလဲ။

ဖြေ ။  ။ ကျနော် Street Photo တွေ ရိုက်ဖြစ်တာ ၃ နှစ်လောက်ပဲ ရှိသေးတယ်။ သိပ်မကြာသေးဘူး။ ဒါပေမယ့် စွဲစွဲမြဲမြဲ ရိုက်သွားမှာ။ Street Photo တွေချည်း စွဲစွဲမြဲမြဲရိုက်သွားဖို့ ဖြစ်လာတဲ့ အကြောင်းတရားတွေကလည်း ကျနော်မှာ ရှိတယ်လေ။

မေး ။   ။ Street Art Photography တွေက အဓိက ပေးချင်တဲ့ Message က ဘာပါလဲ ဆရာ။

ဖြေ ။  ။ Street Art Photography တွေက အဓိကပေးချင်တဲ့ Message ကတော့ ပြောရခက်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ Art တမျိုး၊ Art ဖြစ်နေလို့ပဲ။ ကျနော် တွေ့မြင်ခံစားလိုက်ရတာ တခုကို အမိအရ ရိုက်လိုက်တာပါပဲ။ မိတ်ဆွေတွေကို ချပြတဲ့အခါ ရသွားတဲ့ Message တွေက တူမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မိတ်ဆွေတွေရဲ့ အသက်အရွယ်တွေ ဘဝ ဖြတ်သန်းမှုတွေ အနုပညာ လေ့လာအားတွေ မတူခဲ့ကြလို့ပါဘဲ။

မေး ။  ။ ဆရာရိုက်တဲ့ Street Art တွေ ကြည့်ရင်းနဲ့ တမျက်နှာဝတ္ထု ဖတ်သလို ဖြစ်ရပါတယ်။ ဆရာပေးချင်တဲ့ Message နဲ့ ခံစားသူ ယူသွားတဲ့အမြင် လွဲတာမျိုးရော ဖြစ်ဖူးလား။

ဖြေ ။  ။ ကျနော် ကြိုးစားအားထုတ်ထားတဲ့ Street Photo တပုံဟာ ပရိသတ်က အမျိုးမျိုး၊ ခံစားမှုလည်း အမျိုးမျိုး။ အမြင်ချင်း တူတာလည်းရှိ လွဲတာလည်းရှိတယ်။ တူရင်လည်း ရာနှုန်းပြည့် ထပ်တူတာ ဟုတ်ချင်မှ ဟုတ်မယ်။ Street Photo ကြည့်နေကြတဲ့ Street Photo ချစ်သူတွေကို လျှော့တွက်လို့ မရဘူး။ ဖန်တီးရိုက်ကူးလိုက်တဲ့ သူထက်တောင် သူတို့ တွေ့မြင်ခံစားတာပိုတာတွေ ရှိနိုင်တယ်။ ကျနော် သူတို့ကို ဘယ်တော့မှ အထင်မသေးဘူး။

မေး ။  ။ ပြည်တွင်း၊ ပြည်ပက ဆရာ လေးစားအားကျတဲ့ Street Photography သမားတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ ။  ။ သြဇာရှိတဲ့ သြဇာကြီးတဲ့ Street Photographer ဆရာကြီးတွေ နိုင်ငံတကာမှာ အများကြီးပါပဲ။ ပညာယူလို့ မကုန် နိုင်အောင်ပါဘဲ။ သူတို့ကို လေးစားအားကျမိပါတယ်။

မြန်မာပြည်က Street Photographers တွေလည်း အဆင့်မနိမ့်ကြဘူးလို့ ထင်တယ်။ အထူးသဖြင့် လူငယ်တွေ တော်ကြ တယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ လက်ပိုင်ရှင်တွေပါ။ မြန်မာလူငယ်တွေကိုလည်း အထင်ကြီးအားကျတယ်။ သူတို့ ပုံတွေ ကြည့်ပြီး ကြိုးစားချင်စိတ်ပေါ်မိတယ်။

မေး ။  ။ ဟိုတလောလေးက ဖတ်လိုက်ရတယ်။ Street Photography ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေခြင်းပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေပြီး တွေ့ရှိလာတဲ့ အတွင်းသားကို လှစ်ဟပြခြင်းပဲလို့။ ဆရာရော ဘယ်လို အဓိပ္ပာယ်ဖွင့် ချင်ပါလဲ။

ဖြေ ။  ။ Street Photography ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေခြင်းတဲ့လား။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေပြီး တွေ့ရှိလာတဲ့ အတွင်းသားကို လှစ်ဟပြခြင်းတဲ့လား။

ကျနော်ကတော့ အဲဒီလို နက်နက်နဲနဲ မစဉ်းမိပါဘူး။ ကျနော်ရိုက်လိုတဲ့ ပုံတွေရိုက်။ မိတ်ဆွေတွေကိုပြ၊ စာအုပ်ထုတ်။ ပြပွဲတွေ ဝင်ပြ။ ဒီလို အဆိုအမိန့်တွေ ဖတ်ဖူးတယ်။ ဒါပေမယ့် မစဉ်းစားဖူးဘူး။ ကျနော် ဘာအဆိုအမိန့်မှ မပြောလိုဘူး။ Street Photo ပရိသတ် ဒါမှမဟုတ် သုတေသီတဦးဦးက အကဲဖြတ်ပြီး ငြိမ်းချမ်းစိမ်းလန်းရဲ့ Street Photo တွေကတော့ဖြင့် ဘာဖြစ်တယ်၊ သူ ဘာဖြစ်သွားပြီ ပြောရမှာပေါ့။

မေး ။  ။ အောင်မြင်တဲ့ Street Photographer သမားတယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်ပါလဲ။

ဖြေ ။  ။ Street Photography ဖြစ်ဖို့ တစိုက်မတ်မတ် ရိုက်နေဖို့လိုတယ်။ သတ္တိကတော့ ကောင်းကြတာများတယ်။ သတ္တိရှိလို့ Street Photo ရိုက်ကြတာလေ။ အမြင်တွေ စူးရှနေရလိမ့်မယ်။

မေး ။  ။ Street Art Photography ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဘာများ အကြံပြုချင်တာရှိပါလဲ။

ဖြေ ။  ။ ဖြစ်နိုင်ရင် Street Photography ကို နေ့တိုင်းရိုက်ပါ။ သွားလေရာမှာ သူရဲ့နှလုံးသားပါသလို ကင်မရာကိုလည်း ယူဆောင်ထား၊ ပါသွားစေချင်တယ်။ ပါ၀ါခလုတ်ကို အမြဲဖွင့်ထား၊ ကျားဖမ်းဖို့ ထွက်လာတာ။ ယုန်ကလေးတွေ လိပ်ပြာ ကလေးတွေ မဖမ်းနဲ့။ စိတ်ရှည်ရမယ်၊ ဇွဲရှိရမယ်၊ သတ္တိရှိရမယ်။ ကင်မရာ ခလုတ်နှိပ်ပြီးရင် ကိုယ်ရိုက်တဲ့ပုံ ပြန်ပြန်ကြည့်တဲ့ အကျင့် မလုပ်နဲ့။ ပုံကောင်းရတယ်ထင်ပြီး ကျေနပ်အားရသွားတတ်တယ်။ နောက် ဒီထက်ကောင်းတဲ့ ပုံကောင်းတွေ မရဘဲ နေလိမ့်မယ်။

ပြန်ကြည့်လို့ အားမရတဲ့အခါလည်း စိတ်ဓာတ်ကျပြီး ကြိုးစားချင်စိ်တ် ကုန်သွားတတ်တယ်။ ဒီနေ့ဘာမှ မရိုက်တော့ဘူး။ ကင်မရာခလုတ် ပိတ်ပြီဆိုတော့မှ ပြန်ကြည့်။ အိမ်ရောက်တော့မှ ကွန်ပျူတာထဲထည့်၊ ဇိမ်နဲ့ အရသာခံကြည့်။ မိတ်ဆွေတွေ ဆရာသမားတွေ ရိုက်ထားတဲ့ဓာတ်ပုံတွေကို များများလေ့လာပါ။ ကြည့်ပါ။ Street Photo ပုံကောင်း တပုံအတွက် အခွင့်အရေး က ၂ ခါ မရဘူး။ အကြံအဖန်တွေ မလုပ်ရဘူး။ ရိုးသားရတယ်။ မိတ်ဆွေ မဖွဲ့ရဘူး။ ကျနော် ဓာတ်ပုံရိုက်ချင်လို့ ဒီလိုလေး နေပေး၊ ကိုယ်ဟန်ပြပေးပါ မလုပ်ရဘူး။

မေး ။  ။ Street  Photography နဲ့ ပတ်သက်ပြီး ဆရာဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦး။

ဖြေ ။  ။ ဓာတ်ပုံရိုက်တာ ၀ါသနာပါရင် Street  Photography ကို စမ်းရိုက်ကြည့်စေချင်တယ်။ ပြောခဲ့ပြီး အလွန်စားရိတ်် ကျဉ်းတယ်လို့။ ရိုက်စရာတွေက ကိုယ့်ဝန်းကျင်မှာတင် ရှိနေတာ။ ပြီးတော့ ရိုးသားမှုဂုဏ်၊ သမာဓိအား ကောင်းကောင်းနဲ့ အနုပညာဖန်တီးကြတာ။

ကျနော်တို့လူမျိုးရဲ့ အားနည်းချက်က ရှက်တတ်ကြောက်တတ်တာပဲ။ ကိုယ့်မှာ ကင်မရာရှိပြီး လက်မှာကိုင်ရမှာ၊ လည်ပင်းမှာ ချိတ်ရမှာ ရှက်ကြ၊ ကြောက်ကြတယ်။ ဒါ ရှက်စရာမဟုတ်သလို ကြောက်စရာလည်း မဟုတ်ဘူး။ ဥပဒေနဲ့ မကင်းတဲ့ အလုပ် လုပ်တာ ခိုးတာဝှက်တာ မဟုတ်ဘူး။

ဓာတ်ပုံအရိုက်ခံရသူကလည်း ကြောက်တတ် ရှက်တတ်တယ်။ ခဏခဏ အရိုက်ခံရဖန်များတော့ ရိုးသွားပြီ ဘာမှ မဟုတ်ပါဘူး၊ ဖြစ်သွားကြစမြဲ။ ပုံကောင်းတပုံရထားတဲ့ ပီတိဟာ အလွန်အရသာရှိတာ ရဖူးသူတိုင်းသိတယ်။

Loading