“ဖက်ဒရယ်ဆိုတာ ပုံသေတခုတည်းမရှိဘူး”

ငြိမ်းငြိမ်း
မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်သံအမတ် Paul Seger / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဥရောပ အယ်လ်ပိုင်းဒေသမှ ဖက်ဒရယ်နိုင်ငံအဖြစ် ရာစုနှစ်များစွာတည်ရှိခဲ့သော ကုန်းတွင်းပိတ်တောင်တန်း နိုင်ငံ ဆွစ်ဇာလန်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အစီအစဉ်သစ်အရ ပြည်နယ်နှင့်တိုင်းများသို့ အာဏာညီမျှမှု မည်သို့ပေးမည်ကို စဉ်းစားနေရချိန်တွင် စိတ်ဝင်စားစရာ ဥပမာတခုကိုပေးသည်။

မြန်မာနိုင်ငံ၏၂၀၁၁ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေး စတင်ပြီး အခြားနိုင်ငံများသို့ တံခါးဖွင့်လာပြီးနောက်ပိုင်း ဆွစ်ဇာလန်သည် ဥရောပနိုင်ငံများအနက် မြန်မာနိုင်ငံတွင်ပထမဆုံး သံရုံးဖွင့်သော နိုင်ငံဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံသည် ဥပမာအားဖြင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကရင်နှင့်မွန်ပြည်နယ်များတွင် ကျောင်းများနှင့် ကျန်းမာရေးဌာနများတည်ဆောက်ခြင်းကဲ့သို့သော မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုနှင့်ဖွံ့ဖြိုးရေး အစီအစဉ်များကိုလည်း နှစ်ပေါင်းများစွာ ကြာအောင်ထောက်ပ့ံပေးခဲ့သည်။ ထို့အပြင် သမ္မတဦးသိန်းစိန်လက်ထက် လွန်ခဲ့သော ၅ နှစ်က စတင်ခဲ့သော မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ပ့ံသောနိုင်ငံ တခုဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇာလန်သံအမတ် Paul Seger သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူများကို အကြံပေးပြီး အလှူရှင်များ၏ ငွေကြေးများကိုပေးပို့နေသော နိုင်ငံစုံ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ ဖြစ်သည်။

ယခင်နှစ်က မြန်မာနိုင်ငံသို့မရောက်မီ Paul Seger သည် နယူးယောက်ရှိ ကုလသမဂ္ဂရုံးတွင် အမြဲတမ်းကိုယ်စားလှယ် ဖြစ်ခဲ့သည်။

ဆွစ်ဇာလန်၏ဖွံ့ဖြိုးရေးအကူအညီ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံ၏အခန်းကဏ္ဏ နှင့်ကြီးထွားနေသော ကုန်သွယ်မှုဆက်ဆံရေးတို့ကို ဆွစ်ဇာလန်သံအမတ် Paul Seger နှင့် ဧရာဝတီသတင်းဌာန အကြီးတန်းသတင်းထောက် ငြိမ်းငြိမ်းက ယခုလ အစောပိုင်းက  ဆွေးနွေးထားသည်။

မေး။    ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံက ဘာအကူအညီတွေပေးနေပါသလဲ။

ဖြေ။    ။ တပ်မတော်နဲ့ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရော အဆက်အသွယ်ထူထောင်ပြီး ၂၀၁၂ ခုနှစ်လောက်ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျနော်တို့စတင် ထောက်ခံခဲ့တယ်။ ၂ ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်တွေအတွက် လမ်းပွင့်သွားအောင် ပါဝင်ပတ်သက်သူတွေတွေ့ဆုံဖြစ်အောင် ကျနော်တို့ ကြိုးစားခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီကို တတ်နိုင်သမျှ ရောက်အောင် ကျနော်တို့ ကြိုးစားတယ်။

အစည်းအဝေးတွေ၊ ကြိုတင်ပြင်ဆင်တဲ့အစီအစဉ်တွေ စသည်ဖြင့် ကျင်းပပေးတယ်။ ဒါဟာလုံးဝအသုံးဝင်ပြီး ၂၀၁၅ အောက်တိုဘာလမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement – NCA လက်မှတ်ထိုးတဲ့အထိ ဖြစ်လာတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ထောက်ခံမှုဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတာနဲ့ပြီးဆုံးမသွားပါဘူး။ အခု တနိုင်ငံလုံးဆွေးနွေးပွဲကိုထောက်ခံပြီး တပ်မတော်နဲ့ရော၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ် မထိုးတဲ့အဖွဲ့တွေနဲ့ရော ကျနော်တို့ဆက်အလုပ်လုပ်တယ်။

အဖွဲ့စုံသဘောတူဖို့အတွက် ကျနော်တို့ဟာငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌတာဝန်ကို ၂၀၁၅ မေလကတည်းက ထမ်းဆောင်နေပါတယ်။ ကျနော်တို့က အလှည့်ကျစနစ်မူကို ထိန်းသိမ်းထား လိုပါတယ်။ ဒါပေမယ့် ဒီအုပ်စုက ကျနော်တို့ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူစေလိုသရွေ့ဆက်ပြီး ဒီတာဝန်ကိုယူနေရမှာဘဲ။ ဒါကို ကျနော်တို့ကလည်း ကျေနပ်ပါတယ်။ အဲဒီအပြင် ကျနော်တို့ဟာ ရှင်းလင်းတဲ့ဘဏ္ဏာရေး ဦးတည်ချက်ရှိတဲ့ ပူးတွဲငြိမ်းချမ်းရေး ရန်ပုံငွေသစ် Joint Peace Fund ရဲ့အလှူရှင်တွေလည်းဖြစ်တယ်။  ပွင့်လင်းမြင်သာမှုအပြည့်နဲ့ နှစ်ဘက်လုံးက အဓိကပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက် အလုပ်လုပ်နေတယ်။ တချိန်တည်းမှာ ဘဏ္ဏာရေးနဲ့ရုပ်ဝတ္တုပစ္စည်းတွေလည်း ပ့ံပိုးဖို့ ကြိုးစားတယ်။

မေး။    ။ ငြိမ်းချမ်းရေးစားပွဲမှာ ဆွစ်ဇာလန်ကဘယ်နားမှာ ရှိနေလဲ။

ဖြေ။    ။ ကျနော်တို့ရဲ့အခန်းကဏ္ဏကတော့ထိရောက်ပြီး ဘယ်သူ့ကိုမှမထိခိုက်အောင် သတ်ိကြီးကြီးထားတဲ့ ပ့ံပိုးမှုပေးဖို့ပါပဲ။ တခြားငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ ကျနော်ရဲ့ ပုဂ္ဂလိကအမြင်ကတော့ ယုံကြည်နိုင်မှုနဲ့ ယုံကြည်မှုတွေဟာ အခြေခံတွေပဲ။ တချိန်ထဲမှာဘဲ ကျနော်တို့ဟာ ဘာပဲလုပ်လုပ်ပွင့်လင်း မြင်သာတယ်။ ဒါဟာ ငြိမ်းချမ်းရေးစားပွဲမှာ ထိုင်ဖို့မဟုတ်ဘူး၊ တက်ကြွတဲ့ပူးပေါင်းဆောင်ရွက်သူဖြစ်ဖို့သက်သက်ပါ။

မေး။    ။ မကြာခင်ကျင်းပတော့မယ့် ငြိမ်းချမ်းရေးညီလာခံမှာ မြန်မာနိုင်ငံက ဖက်ဒရယ်စနစ်ထူထောင်ဖို့ဆွေးနွေးကြတော့မယ်။ သံအမတ်အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကဆိုတော့ သူတို့ကိုဘာများပြောချင်ပါသလဲ။

ဖြေ။    ။ နိုင်ငံတကာရဲ့ဥပမာတွေကိုတတ်နိုင်သလောက်လေ့လာပါ။ ဖက်ဒရယ်စနစ်အမျိုးမျိုးနဲ့ကိုက်ညီတယ် ဆိုတာ ပုံသေတခုတည်း မရှိနိုင်ပါဘူး။ နိုင်ငံတိုင်းဟာ ကိုယ့်ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှုနဲ့ကိုယ်ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ ကိုယ့်နိုင်ငံရေးစနစ်ကို ကိုယ်တိုင်ရှာကြရတာပါ။

ကျနော်တို့ဟာ ကျနော်တို့နိုင်ငံမှာ ဖက်ဒရယ်စနစ်ဘယ်လိုလည်ပတ်နေလဲဆိုတာ ရှင်းပြဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တပ်မတော်နဲ့အမျိုးသမီးအုပ်စုတွေနဲ့ အခြားသူတွေကိုဖိတ်ခေါ်နေပါတယ်။ ရည်ရွယ်ချက်တော့ ဖက်ဒရယ်စနစ် ဘယ်လိုလည်ပတ်တယ်၊ သူ့ရဲ့အကန့်အသတ်တွေနဲ့ အခက်အခဲတွေက ဘာတွေလဲ ဆိုတာ ပြည်သူတွေသ်ိစေချင်လို့ပါ။

ဖက်ဒရယ်စနစ်ဆိုတာ ထင်တာထက် ပိုရှုပ်ထွေးနိုင်တယ်။ ဒါဟာပြည်ထောင်စုနဲ့ပြည်နယ်တွေရဲ့ဆက်ဆံရေးသာမက ဖက်ဒရယ်ပြည်နယ်အချင်းချင်းရဲ့ ဆက်ဆံရေးလည်းဖြစ်နို်င်တယ်၊ တဆင့်နိမ့်တဲ့မြို့နယ်တွေ၊ ရပ်ရွာတွေရဲ့ဆက်ဆံရေးလည်းဖြစိနိုင်တယ်။ ဆွစ်ဇာလန်မှာ ဖက်ဒရယ်ဝါဒ အဆင့် ၃ ဆင့်ရှိတယ်။ ရပ်ရွာအဆင့်၊ မြန်မာပြည်မှာဆို ပြည်နယ်တိုင်းအဆင့်ရှိတဲ့ ကန်တွန်အဆင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုအဆင့်တွေပဲ။

မေး။    ။ အာဏာခွဲဝေတဲ့ကိစ္စအပြင် ဖက်ဒရယ်ပြည်နယ် တခုချင်းစီမှာ လူမျိုးစုတွေကို ကာကွယ်ဖို့ ဘယ်လောက်အရေးပါလဲ။

ဖြေ။    ။ ဖက်ဒရယ်စနစ်ရဲ့အဓိက ရည်ရွယ်ချက်တွေထဲက တခုက လူမျိုးစုတွေကိုအကာအကွယ်ပေးရေးပဲ။ ယဉ်ကျေးမှု နဲ့ဘာသာစကားဆိုတာလည်း ဒီရည်ရွယ်ချက်ရဲ့အစိတ်အပိုင်းတွေပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့အတွေ့အကြုံအရ နောက်အရေးကြီးတဲ့ အခြေခံတခုကတော့ ဘဏ္ဏာရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲ။ ဆွစ်ဇာလန်မှာဆိုရင် မြန်မာနိုင်ငံကတိုင်းတွေပြည်နယ်တွေနဲ့အဆင့်တူတဲ့ ကန်တွန်တွေဟာ သူတို့ရဲ့သီးခြား ရသုံးမှန်းခြေငွေစာရင်း ရှိရတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ မင်းမှာငွေရှိရင် မင်းဆုံးဖြတ်နိုင်တယ်ဆိုတဲ့သဘောပေါ့ဗျာ။

ဆေးရုံဆောက်မလား။ ကျောင်းဆောက်မလား။ ဆရာတွေကိုပေးမလား။ ကြိုက်တာလုပ်။ ဘာသာစကားနဲ့ပတ်သက်တဲ့ နမူနာအနေနဲ့ကြည့်ရင် ဒေသခံဘာသာစကားတွေ သင်ချင်ရင်ဒေသခံဆရာတွေလိုတယ် ဆိုတာအထင်အရှားပဲ။ ကိုယ့်ဒေသက ကိုယ်ပေးမလား၊ ဖက်ဒရယ်ပြည်ထောင်စုကိုပေးခိုင်းမလား။

မေး။    ။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ဆွစ်ဇာလန်ရဲ့ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေကို သုံးသပ်ရင် ဘာအကူအညီတွေပေးပြီး ဒေသခံတွေ ဘယ်လောက်အကျိုးရှိလဲ။

ဖြေ။    ။ ကျနော်တို့အဓိက အကူအညီပေးတဲ့နေရာက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက မွန်နဲ့ကရင်ပြည်နယ် တွေပါ။ ကျနော်တို့ အဲဒီနေရာတွေမှာ ရောက်နေတာ ၆ နှစ်လောက်ရှိပါပြီ။ ကျနော်တို့က ဒီမှာသဘာဝဘေးအန္တရာယ် အထူးသဖြင့် ၂၀၀၈ ခုနှစ် မေလက နာဂစ်ကြောင့်ပျက်ဆီးသွားတဲ့ ကျောင်းတွေကိုပြန်ဆောက်ကြတယ်။ အဲဒီကစပြီး အဲဒီနေရာမှာ ကိုယ့်ဘာသာဖြစ်ဖြစ် သူများတွေ နဲ့အတူတူဖြစ်ဖြစ် ကျနော်တို့ ပြန်ဆောက်နေတာ ကျောင်းပေါင်း ၁၀၀ လောက်ရှိပြီ။ အခြေခံကျန်းမာရေး ဝန်ဆောင်မှုတွေပေးပြီး ဒေသဆိုင်ရာ ကျန်းမာရေးစီမံချက်တွေမြှင့်တင်ဖို့လည်း လုပ်နေတာရှိတယ်။ ဒါဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရက လူတွေကိုဆုံတွေ့ပေးခြင်းက ထပ်ဆောင်းရတဲ့ အကျိုးကျေးဇူးဖြစ်ပြီး ဒါကအပြန်အလှန်အားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာနိုင်ငံရေးဆွေးနွေးမှုကို အထောက်အကူပြုတယ်။

မေး။    ။ အကူအညီတွေ လူထုကိုပေးတော့ လူမှုအခြေပြုအဖွဲ့အစည်းတွေကတဆင့်ပေးတာလား။ အစိုးရကတဆင့်ပေးတာလား။

ဖြေ။    ။ ကျနော်တို့ဟာလူထုနဲ့နီးနီးကပ်ကပ်ရှိချင်တော့ အဓိက လုပ်ဖော်ကိုင်ဖက်တွေက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ လူမှု အခြေပြုအဖွဲ့အစည်းတွေပါ။ ကျနော်တို့လုပ်ငန်းတွေက ဒေသခံတွေရဲ့ပိုင်ဆိုင်မှု၊ ပါဝင်ဆောင်ရွက်မှုနဲ့ ဒေသအပေါ်သက်ရောက်မှုရှိဖို့ အရမ်း အရေးကြီးပါတယ်။ ခုချိန်အထိတော့ ဒေသခံအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ ကျနော်တို့အတွေ့အကြံုဟာ အရမ်းအောင်မြင်နေပါတယ်။ ဒါပေမယ့် အစိုးရနဲ့လည်းတိုင်ပင်ပြီး ဘာလုပ်နေတယ်ဆိုတာ သူတို့ကိုအမြဲအသိပေးတယ်။ ကျနော်တို့ရဲ့အဓိကစည်းမျဉ်းတွေထဲကတခုက ပွင့်လင်းမြင်သာမှုပါ။

မေး။    ။ Mr Pual Seger တို့လုပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေမှာ နေရပ်စွန့်ခွာထွက်ပြေးရသူတွေဆီကိုရောက်ပါသလား၊ အထူးသဖြင့် တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကလူတွေဆီကိုပေါ့။ သူတို့ကိုကူညီရာမှာ အကန့်အသတ်တွေရှိလား။

ဖြေ။    ။ ကျနော်တို့ဟာပဋိပက္ခဒေသတွေက နေရပ်စွန့်ခွာထွက်ပြေးရသူတွေကို ကူညီနေတယ်။ များသောအားဖြင့် UNHCR တို့၊ UNICEF တို့ ICRC တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့်ပေါ့။ ကျနော်တို့နည်းလမ်းတွေအရ ထိရောက်မှုအရှိဆုံးဖြစ်နိုင်တဲ့ နိုင်ငံအရှေ့တောင်ပိုင်းဒေသတွေကို အာရုံစိုက်ဖို့ သေနင်္ဂဗျူဟာအရ ဆုံးဖြတ်ထားပါတယ်။ လေးနှစ်စာအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခွင့်ပြုငွေ ရထားပါတယ်။ များတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ချင်ရင် တနေရာရာကို စူးစိုက်လုပ်တာကောင်းပါတယ်။

မေး။    ။ မြန်မာနိုင်ငံနဲ့ကုန်သွယ်မှုဆက်ဆံရေးကကောဘယ်လိုအခြေအနေရှိလဲ။ အထူးသဖြင့်အစိုးရသစ်နဲ့ပေါ့။

ဖြေ။    ။ ဆွစ်ဇာလန်ရဲ့ရင်းနှီးမြှုပ်နှံဖို့အလားအလာတွေရှိပါတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်အောင်လုပ်ဖို့လိုပါသေးတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနဲ့အတူ  ဥပဒေတွေပြောင်းတာ၊ တရားဥပဒေစိုးမိုးမှုမြှင့်တင်တာ၊ လက်တွေ့တရားစီရင်တာ အခြေအနေတွေ တိုးတက်လာနေပါတယ်။ နှစ်အနည်းငယ်လောက် လမ်းကြောင်းကို ကြည့်ဖို့လိုပါတယ်။ ဆွစ်ဇလန် ကုမ္ပဏီတွေဟာ ထုံးစံအားဖြင့် တော်တော် သတိကြီးပြီး အသိတရားရှိကြတယ်။ ကျနော်တို့ရဲ့ထုတ်ကုန်တွေကလည်း များသောအားဖြင့် ဈေးနှုန်းမြင့်တဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေဖြစ်ပြီး စီးပွားရေးတိုးတက်ပြီးတဲ့အဆင့်က ဖောက်သည်တွေအတွက်ဖြစ်နေတယ်။ ဆေးဝါး၊ စက်ပစ္စည်းနဲ့ နာရီတွေဟာ ဈေးချိုတဲ့ထုတ်ကုန်တွေတော့ မဟုတ်ဘူး။

Nestlé လို၊ ဆေးဝါးလုပ်ငန်းတွေလို၊ ဆောက်လုပ်ရေးကုမ္ပဏီတွေလို ကျနော်တို့ဒီမှာလုပ်နေတာတွေလည်း ရှိတယ်။ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုကြီးမားတဲ့ ခရီးသွားလုပ်ငန်းမှာ လုပ်နေတဲ့ အသေးစားလုပ်ငန်းတွေလည်း ရှိတယ်။ ကျနော်ဒီကိုရောက်တာမကြာသေးတဲ့ ကာလအတွင်းမှာ စိတ်ဝင်စားမှုတွေ ကြီးထွားလာတာတွေ့ရတယ်။ စီးပွားရေးအခွင့်အလမ်းအတွက် လူတွေပိုပြီးရောက်လာကြတယ်။ ကျနော်မျှော်လင့်တာကတော့ ရှေ့နှစ်တွေမှာ ဒါမျိုးတွေ ပိုများလာမှာပါ။

မေး။    ။ စီးပွားရေးလုပ်ငန်းတွေရဲ့ကော်ပိုရိတ် လူမှုတာဝန်ဝတ္တရားကို ဆွစ်ကုမ္ပဏီတွေဘယ်လို ချဉ်းကပ်နားလည်ကြလဲ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကန့်ကွက်နေတဲ့ ရှမ်းပြည်နယ်က ဆည်တည်ဆောက်ရေးစီမံကိန်းမှာ ဆွစ်ကုမ္ပဏီတွေပါတယ်လို့ ကြားရတယ်။

ဖြေ။    ။ ဒီစွပ်စွဲချက်တွေကိုကျနော်တို့ကြားပါတယ်။ အလေးအနက်လည်း ထားပါတယ်။ အဲဒီကုမ္ပဏီနဲ့အတူ ဒီကိစ္စကို စစ်ဆေးတယ်။ ဒီကုမ္ပဏီဟာ သဘာဝပတ်ဝန်းကျင်၊ လူမှုနဲ့ ယဉ်ကျေးမှုကိစ္စတွေကို အလေးအနက်ထားတယ်လို့ တွေ့ရတယ်။ ကျနော်တို့အတွက် စီးပွာရေးလုပ်ငန်းတွေရဲ့ကော်ပိုရိတ်လူမှုတာဝန်ဝတ္တရားတွေဟာ အရေးကြီးပါတယ်။ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် စံနှုန်းတွေချိုးဖောက်တဲ့ အနေအထားမှာ အလုပ်လုပ်ဖို့ ကျနော်တို့ကိုယ် ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ မြန်မာတာဝန်သိသောစီးပွာရေးလုပ်ငန်းဌာန Myanmar Center for Responsible Business ကို တက်ကြွတဲ့ဘဏ္ဏာရေးထောက်ပ့ံသူလည်းဖြစ်ပါတယ်။

မေး။    ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့သံတမန်တွေတွေ့ပြီးနောက် သူမအပေါ်ဘယ်လိုမြင်လဲ။

ဖြေ။    ။ မနှစ်ကရွေးကောက်ပွဲအပြီး သိပ်မကြာခင် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ သူက သံတမန်တွေကို ဖိတ်ခေါ်ပြီး သူရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုခြံုငုံရှင်းပြတယ်။ သူနဲ့တခါပဲဆုံဖူးပါသေးတယ်။ ဒါပေမယ့် အဲဒီတခါနဲ့ပဲ သူ့အပေါ် အထင်ကြီးလေးစားမိတယ်။ အထင်ကြီး လေးစားလောက်တဲ့ကိုယ်ရည်ကိုယ်သွေးရှိသူတယောက်ပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading