ဥပဒေနဲ့အညီ အခွင့်အရေးတွေ အကာအကွယ်တွေ ပေးရမယ်

ဧရာဝတီ
ကမန်အမျိုးသား တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း / ထွန်းထွန်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လူမျိုးရေးပြဿနာတွေနဲ့ နိုင်ငံသားဖြစ်မှု စိစစ်ရေးလုပ်ငန်းတွေမှာ အငြင်းပွားမှုရှိနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ လူမျိုးစုတွေထဲက ကမန်မျိုးနွယ်စုတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူ တွေက တွေ့ဆုံခဲ့ပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို သိရှိနိုင်ဖို့ ကမန်အမျိုးသား တိုးတက်ရေး ပါတီရဲ့အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ ဦးတင်လှိုင်ဝင်းကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။

မေး ။    ။ ရခိုင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်အချက်တွေကို အဓိကဆွေးနွေးဖြစ်ခဲ့ ပါလဲ။

ဖြေ ။     ။ ကျနော်တို့ ဝန်ကြီးချုပ် ဦးညီပုနဲ့ရော နယ်လုံဝန်ကြီး၊ လ.ဝ.က တို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ပြန်လည် ထူထောင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိရေး၊ လွတ်လပ်စွာ သွားလာခွင့်ရရေးနဲ့ နောက်ဆက်တွဲဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတာတွေကို ဆွေးနွေးခဲ့ပါတယ်။ အရင်ကတည်းက ကျနော်တို့ တရားဝင် နိုင်ငံရေးပါတီ တခုအနေနဲ့ တင်ပြတောင်းဆိုခဲ့ပါတယ်။

လက်ရှိ NLD အစိုးရရဲ့ လ.၀.က ဝန်ကြီးဦးသိန်းဆွေနဲ့ တွေ့ဆုံရာမှာ မင်းတို့ကမန်တိုင်းရင်းသားတွေဟာ အရင်က ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ တခြားတိုင်းရင်းသားတွေနဲ့တန်းတူ ဥပဒေအရ အခွင့်အရေးတွေအားလုံး ပေးပါတယ်ဆိုပြီး ကျနော်တို့ကို ကတိပေးခဲ့တယ်။ အဲ့ဒီကတိကို လက်ရှိပြည်နယ်အစိုးရကို လာအသိပေးရင်း ဆွေးနွေးတာပါ။

မေး ။     ။ ဆွေးနွေးချက်တွေအပေါ် ပြည်နယ်အစိုးရကရော ဘယ်လိုသဘောထားရှိပါလဲ။

ဖြေ ။      ။ အခုဆွေးနွေးပြီးမှ သူတို့ဘက်က ဖြေလျှော့ ပေးတာတွေရှိတယ်။ အရင် ထိန်းချုပ် ကန့်သတ်ခဲ့တာတွေကို ဥပဒေနဲ့အညီ လွတ်လပ်စွာ သွားလာခွင့်ပေးတယ်။ နောက်ပြီး နိုင်ငံသားကတ် ရရှိဖို့လဲ စိစစ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပြီ။ ပြည်နယ်အစိုးရအနေနဲ့ စည်းဘောင်တွေနဲ့ကျော်လို့ မရတာတွေ၊ ကြွင်းကျန်အာဏာလေးနဲ့ပဲ လုပ်ဆောင်နေရတယ်ဆိုတာကို ကျနော်တို့လဲ သဘောပေါက်ပါတယ်။ အများစုက ပြည်ထောင်စုအစိုးရကို တင်ပြမှရမယ်ဆိုတာလည်း နားလည်သဘောပေါက်ပါတယ်။

မေး။     ။ လက်ရှိအစိုးရရဲ့ နိုင်ငံသားဖြစ်မှုစိစစ်နေတဲ့ လုပ်ငန်းစဉ်မှာရော ကမန်တွေဘယ်လောက် ပါဝင်နေပြီလဲ။

ဖြေ။    ။ အရင် ဗိုလ်ချုပ်မောင်မောင်အုန်းလက်ထက် စစ်တွေမှာ ကမန်လူဦးရေ ၂ ထောင်ကျော်လောက်ကို နိုင်ငံသား စိစစ်ထားတာ ရှိပါတယ်။ အဲဒီနေရာမှာ ကျနော်တို့ရဲ့  အဓိကမျိုးနွယ်စုကြီးဖြစ်တဲ့ ရခိုင်နဲ့ သံသယ မဖြစ်စေချင်တဲ့အတွက် ရခိုင်ရော၊ ကမန်ပါ ပါတဲ့အဖွဲ့နဲ့ စိစစ်ခံထားတာပါ။ အဲဒါတွေက အကြောင်းကြောင်းကြောင့် အခုထိ ပျောက်နေတယ်။

ဒါလေးတွေကို ၁၉၈၂ ခုနှစ်  နိုင်ငံသားဥပဒေနဲ့အညီ မှန်မှန်ကန်ကန်စိစစ်ပြီး မြန်မြန်ဆောင်ရွက်ပေးဖို့လည်း တောင်း ဆို ခဲ့ ပါတယ်။ ပြည်နယ်အစိုးရလက်ထဲမှာ ၃၈ စောင်ပဲ ရောက်သေးတယ်။ ကျန်တဲ့ ၂ ထောင်လောက်ကိုလဲ အမြန် ဆုံး လုပ်ပေးဖို့ ဆွေးနွေးထားတာ ရှိပါတယ်။ သံတွဲမှာ မှတ်ပုံတင်စိစစ်ခံဖို့ ပြောထားတာက ၄ ထောင်ကျော်လောက် ရှိပါတယ်။ စစ်တွေမှာ က ၂ ထောင်ကျော်၊ Camp(ဒုက္ခသည် စခန်း)တွေထဲက ပျောက်ဆုံးပျက်စီးသူတွေပါ ပေါင်း လိုက် ရင် လက်ရှိ လ.ဝ.က ကို တောင်းဆိုထားတာ ရ ထောင်ကျော်လောက် ရှိတယ်။
မေး ။     ။ ရခိုင်ပြည်နယ်မှာ ကမန်လူမျိုးဦးရေ ဘယ်လောက်ရှိပါလဲ။

ဖြေ ။     ။ ကမန်တွေထဲမှာ အစ္စလမ်ဘာသာကိုးကွယ်တဲ့သူတွေ ရှိသလို ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သူတွေလည်း ရှိ တယ်။ သို့သော် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေက ဘာပြဿနာမှ မတက်ခဲ့ဘူး။ သူတို့တွေအနေနဲ့ ကမန်မျိုးနွယ်စု တွေ ဖြစ်နေပေမယ့် ဒီဘက်က လူများစုရခိုင်တွေ ရှိနေတဲ့အခါ သူတို့လည်းပဲ ကြောက်နေရတဲ့အပိုင်း ရှိနေတော့ ကျနော်တို့နဲ့သိပ်ပြီး မေးထူး ခေါ်ပြော မလုပ်ရဲဘူး။ အဲဒီလို ဗုဒ္ဓဘာသာပြောင်းလဲ ကိုးကွယ်သွားသူတွေနဲ့သာ ပေါင်း လိုက်မယ်ဆို အတော်လေး များမှာပါ။ ဒါပေမယ့် အခုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ လက်ကျန်အနေနဲ့ဆိုရင် ရခိုင်ပြည်နယ်မှာ ၂ သောင်းခွဲကျော် ရှိပါတယ်။

မေး ။     ။ လက်ရှိ Camp (ဒုက္ခသည်စခန်း) ထဲမှာ ရောက်နေတဲ့ ကမန်လူမျိုး အရေအတွက် ဘယ်လောက်ရှိမလဲ။

ဖြေ ။    ။ Camp ထဲက ကမန်တွေစာရင်း အတိအကျကောက်ဖို့ ခက်တယ်။ အဲဒီမှာက ဘင်္ဂါလီ(မွတ်စလင်) တွေက များပြီး တချို့က ကမန်မဟုတ်ဘဲ ကမန်ကတ်တွေ ကိုင်ထားတဲ့ သူတွေလည်း ရှိတယ်။ အဲဒီတော့ ကမန်ကတ်တိုင်းကို ကမန်လို့ မယူဆဘူး။ လက်မခံဘူး။ ဒါတွေကို ကျနော်တို့က တာဝန်မယူဘူး၊ တာဝန်မခံဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့မျိုးဆက် အစစ်အမှန်တွေကို တာဝန်ခံပေးရမယ်။

ဥပဒေနဲ့အညီ အခွင့်အရေးတွေ အကာအကွယ်တွေ ပေးရမယ်။ ကမန်မဟုတ်တဲ့သူတွေ နိုင်ငံသားကတ်တွေ ယူထား တာ တွေကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ဖို့ လ.ဝ.က ကို တောင်းဆိုထားတာရှိတယ်။ ကျနော်တို့ အခုစိုးရိမ်နေတာ တွေက ဘင်္ဂါလီတွေက လ.၀.က နဲ့ပေါင်းပြီး ကမန်ကတ်တွေ ထုတ်သွားမှာလဲ စိုးရိမ်တယ်။ Camp ထဲက ကမန်အနေနဲ့ သိသလောက်တော့ ရမ်းဗြဲမှာ ၂၀၀ ကျော်၊ ကျောက်ဖြူမှာ ၂၀၀ ကျော်၊ အဲဒီထဲမှာ အစိုးရဝန်ထမ်း တွေ ရော ကျောင်းသား တွေပါ ပါတယ်။

မေး ။     ။ ကမန်တွေအနေနဲ့ ၂၀၁၂ ခုနှစ် ရခိုင်မှာဖြစ်ခဲ့တဲ့ လူမျိုးရေးပြဿနာမှာ ပါခဲ့တဲ့ အခြေအနေလည်း ပြောပြ ပေးပါဦ။

ဖြေ ။     ။ ကမန်တွေဆိုတာက ရခိုင် မျိုးနွယ်စုကြီးထဲမှာပါတဲ့ ရခိုင်၊ ကမန်၊ မရမာကြီး၊ ဒိုင်းနက်၊ မြို၊ သက်၊ ခမီ စတဲ့ မျိုးနွယ်စုတွေထဲက တခုပါ။ သမိုင်းကြောင်းအရ ပြောမယ်ဆို စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲမြို့တွေမှာ အများစု နေထိုင်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရခိုင်နဲ့ ဘင်္ဂါလီတွေ ပြဿနာ ဖြစ်ကြတဲ့နေရာမှာ ကျနော်တို့ ကမန် တိုင်းရင်း သား တွေရဲ့ အိုးအိမ်တိုက်တာတွေလဲ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်။  တကယ်တော့ ဒီပြဿနာမှာ ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူး။ သို့သော်လည်း ကြားညပ်ပြီးတော့ ပါသွားတယ်။

ကျနော်တို့အပေါ် နားလည်မှုတွေလွဲပြီးပါသွားပေမယ့် ကျနော်တို့က ရခိုင်မျိုးနွယ်စုဝင်တွေဖြစ်တဲ့အတွက် ရခိုင် တိုင်းရင်းသားတွေအပေါ် နားလည်တယ်။ အခုထိတော့ ဒီပြဿနာတွေကစပြီး ကမန်တိုင်းရင်းသား တချို့က  ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ တို့မှာရှိတဲ့ Camp တွေထဲမှာ နေနေရတယ်။

စစ်တွေမှာ ဘာပြဿနာမှမဖြစ်ဘဲ ကျန်ခဲ့တဲ့ရွာတွေလဲ ရှိပါတယ်။ အဲဒီရွာတွေမှာ နေတဲ့သူတွေ ၂၀၁၂ နောက်ပိုင်း စစ်တွေကိုသွားလို့ မရတော့ဘူး။ အဲဒါထက်ပိုဆိုးတာက အရင်ကတခြားကလေးတွေနဲ့အတူ ကျောင်းတက်လာကြတဲ့ ကလေးတွေဟာ ကျောင်းတက်ခွင့်၊ ပညာသင်ကြားခွင့် ပြဿနာဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်အပေါ်မှာ ကန့်သတ်ခံလာရတယ်။

ကမန်တွေရဲ့ရွာဟာ ဘင်္ဂါလီ ရွာတွေနဲ့နီးတယ်၊ ပြဿနာမဖြစ်အောင် ဘင်္ဂါလီ ရွာတွေ မှာပဲ တက်ပါလို့ ပြောတယ်။ နဂိုကတည်းကမှ ရခိုင်တွေက ကမန်တွေအပေါ်မှာ အထင်လွဲနေတဲ့ကြားထဲ ဘင်္ဂါလီ ရွာတွေမှာသာ ကျောင်းတက် လိုက်ရင် တော့ ဘယ်လိုမှဖြစ်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကျနော်တို့မှာ မွေးရာပါ အခွင့်အရေးရှိရဲ့သားနဲ့ တက်လို့ မရရင်နေ ဘင်္ဂါလီတွေကျောင်းမှာ မတက်ဘူးဆိုပြီးနေတာ အခုဆိုရင် ၄ နှစ် ကျော်လောက်ရှိပြီ။ အဲဒီအတွက် လွတ်လပ်စွာ ပညာသင်ကြား ခွင့်ကိုလဲ ဆွေးနွေးခဲ့ပါတယ်။

မေး ။     ။ ဒီအခြေအနေတွေကို အရင်ဦးသိန်းစိန်အစိုးရ လက်ထက်မှာရော ဆွေးနွေးတောင်းဆိုခဲ့သေးလား။

ဖြေ ။      ။ ဦးသိန်းစိန် အစိုးရလက်ထက်မှာထဲက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့  တွေ့ဆုံဆွေးနွေးခဲ့တယ်။ ကျနော်တို့ကို ပြန်လည်နေရာချထားပေးဖို့၊ နောက်ပြီး အရေးအခင်းထဲမှာပြေးလွှားရင်း ပျောက်ဆုံး ပျက်စီးသွားတဲ့ နိုင်ငံသား ကတ် တွေကို ပြန်လည်ထုတ်ပေးဖို့၊ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတွေကို နိုင်ငံသားစိစစ်ခွင့်ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါ တယ်။ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာထဲက ကျနော်တို့ကမန်တွေဟာ ခွဲခြား ဆက်ဆံခံခဲ့ရတယ်။

နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ခန့်ထားတဲ့ ဝန်ထမ်းတွေကိုတောင်မှ တာဝန်နဲ့တခြားတနေရာကို သွားလာမယ်ဆိုရင်တောင် ကန့်သတ်ထိန်းချုပ်ခံခဲ့ရတယ်။ ၂၀၁၂ မှာတော့ အဆိုးဆုံးအခြေအနေ ဖြစ်သွားတာပေါ့။ ဒါကို ကျနော်တို့ ပြည်နယ်အစိုးရနဲ့ ဆွေးနွေးရာမှာ တဆင့်ပြီးတဆင့် လက်ရှိပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သက်ဆိုင်ရာက ဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

မေး ။    ။ ကမန်တွေ နဲ့ ဘင်္ဂါလီတွေ ရောထွေးနေတဲ့အပေါ်ရော ဘယ်လိုဖြေရှင်းသွားမှာပါလဲ။

ဖြေ ။      ။ ဒါကလဲဗျာ တော်တော်ခက်တဲ့ ကိစ္စတခုပါ။ ကျနော်တို့က ဘင်္ဂါလီတွေကို ခေါ်လိုက်တာလဲမဟုတ်။ ရခိုင် ပြည်နယ်မှာ သူ့ဟာသူဖြစ်လာတဲ့ ကိစ္စပေါ့ဗျာ။ ဒါသည် စစ်အစိုးရလက်ထက်မှာ တရားဥပဒေကို အသိအမှတ်မပြုခဲ့လို့ တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်ခဲ့တဲ့ အကျိုးဆက်ပဲ။ ဘင်္ဂါလီတွေက ကမန်တွေနဲ့ စကားပြောတာ၊ အမူအကျင့်၊ စရိုက် စတာတွေက ဘာမှမဆိုင်ပါဘူး။ ကျနော်တို့က ရခိုင်တွေနဲ့ တထပ်တည်းပဲလေ။ မှတ်ပုံတင်ကို ကြည့်စရာ တောင် မလိုပါဘူး။ လူကိုတွေ့လိုက်တာနဲ့ ဘယ်သူကဘာဆိုတာ ကွဲပါတယ်။

ဒါကိုမကွဲပြားအောင် ရောထွေးခဲ့တာကတော့ စစ်အစိုးရလက်ထက်ကပေါ့။ ကျနော်တို့ ကမန်တွေက ကွဲပြားတယ်။ လ.ဝ.က ကသာ ကမန်မဟုတ်တာတွေကို ကမန်ပါလို့ လုပ်လိုက်မှာကို ကြောက်တာပါ။ ဘယ်ဘာသာပဲ ယုံကြည် ယုံကြည် တရားဥပဒေစိုးမိုးရေးနဲ့သာ သွားနေရင် ဒီလိုဆိုးရွားတဲ့ ပြဿနာတွေ တက်လာစရာအကြောင်း မရှိဘူး။ ဒီကနေအထိ ရခိုင်မှာဖြစ်နေတာတွေက ရခိုင်တွေပြောနေကြတဲ့  ဥပဒေ၊ လ.ဝ.က ရဲ့ အခြေအနေ၊ လက်ရှိဒေသန္တရရဲ့ သဘောထားတွေ ပွင့်လင်းမြင်သာမှု မရှိကြလို့ပါ။

မေး ။     ။ လက်ရှိပြည်နယ်အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်အပေါ်ရော ဘယ်လိုသုံးသပ်ချင်ပါလဲ။

ဖြေ ။      ။ လက်ရှိပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်ကတော့ အပေါ်ရဲ့ Guide Line နဲ့ပဲ သွားနေရတယ်လို့ မြင် တယ်။ ဆိုလိုတာက အစိုးရအနေနဲ့လည်း လသားလေးပဲ ရှိသေးသလို အောက်ခြေကဝန်ထမ်းတွေကလဲ ခေါက်ရိုး ကျိုးနေတဲ့အခါမှာ သူတို့တွေရဲ့စိတ်ထဲမှာ ကျနော်တို့ကို တိုင်းရင်းသားလို့မြင်တာနည်းတယ်။ အစ္စလမ်ဖြစ်ပြီး ကုလား လို့ပဲ မြင်နေတဲ့အခါ ကျနော်တို့မှာ တော်တော်လေးကိုပြောဆိုရတဲ့ အပိုင်းတွေရှိတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ကို ဘာသာကိုမကြည့်ပါနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးပါ ပြောဆိုနေရတာတွေ ရှိတယ်။ ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ ရခိုင်မျိုးနွယ်စု ရ စုအတွက် တာဝန်ရှိတယ်လို့ ကျနော်ခံယူပါတယ်။ ဒီလိုမျိုးနွယ်စု ရ စု ရှိပေမယ့် ရခိုင် ပြည်နယ်အစိုးရဟာ ဒီကနေ့အထိ အဲ့ဒီမျိုးနွယ်စုတွေနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးတာ မရှိသေးဘူး။

စစ်အုပ်ချုပ်ရေးကို အချိန်အကြာကြီး ဖြတ်သန်းခဲ့ကြရာမှာ ကျနော်တို့အထဲမှာ နားလည်မှုလွဲနေကြတာတွေ ရှိကြ တယ်။ ဒီလိုနားလည်မှုလွဲနေတာတွေက ရခိုင်မှာတင်မဟုတ်ဘဲ ရှမ်း၊ ကချင်၊ ချင်းတို့မှာလဲ အများကြီး ရှိနေကြတယ်။ အခုဖြစ်နေ တာက ရခိုင်ပြည်နယ်အစိုးရက ရခိုင်နဲ့ ဘင်္ဂါလီ ၂ ခုကိုပဲ အာရုံစိုက်နေတယ်။ ကျန်တဲ့ မျိုးနွယ်စုတွေကို ရှိတယ်လို့တောင် သိပ်မထင်ဘူး။ ရခိုင်တွေက တရားဥပဒေ စိုးမိုးရေးကို ပြောနေတယ်။ ဘင်္ဂါလီတွေနောက်မှာ ကုလသမဂ္ဂ ရှိတယ်။

ကျနော်တို့မှာက လ.ဝ.က ကလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ဥပဒေနဲ့ ညီမညီလဲ ပြောရခက်တယ်။ အဲ့ဒီ ရှုပ်ထွေး မှုတွေ ကနေ နားလည်မှု လွဲလာတဲ့အခါ သံသယတွေ ဖြစ်လာတယ်။ အဲဒီလိုဖြစ်လာရင် မလိုလားအပ်တဲ့ ပြဿနာ တွေ ခံစားရ တာက ကျနော်တို့ပါ။ ကျနော်တို့ကို ခွဲခြားဆက်ဆံခဲ့တာတွေကို စစ်အစိုးရ လက်ထက်မို့၊ နောက်ဆုံး ဦးသိန်းစိန်လက်ထက် အထိ ထားလိုက်ပါတော့။ အခု ဒီမိုကရေစီ အစိုးရလက်ထက်မှာလည်း ဒီလိုပဲ ဆက်သွားရဦး မယ်ဆို လိုချင်တဲ့ ပြောင်းလဲမှု တွေဖြစ်လာဖို့က တော်တော်ခက်နေဦးမှာပါ။

မေး ။    ။ အခုပြည်ထောင်စု အစိုးရရဲ့ လုပ်ဆောင်ချက်ကိုရော ဘာများပြောချင်ပါလဲ။

ဖြေ ။    ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၁ ရာစု ပင်လုံညီလာခံကို လုပ်တော့မယ်။ ဒါက အဓိကအနေနဲ့ လက်နက်ကိုင် ငြိမ်းချမ်းရေးပေါ့။ ဟုတ်ပြီ။ တခြားမျိုးနွယ်စုငယ်တွေနဲ့ ပြည်နယ်တွင်းမှာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လုပ်ပေးမှ ပြည်ထောင်စုက တပြေးညီ ငြိမ်းချမ်းသွားမှာ ဖြစ်တယ်။ စစ်အစိုးရလက်ထက်မှာ ကြီးတဲ့သူကငယ်တဲ့သူကို ပုံစံအမျိုးမျိုးနဲ့ အနိုင်ကျင့်ခဲ့တဲ့ စနစ်ဆိုးမျိုးနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ တိုင်းရင်းသားတွေအနေနဲ့ စိတ်ထဲမှာ ခံစားနေရတာတွေ ရှိနေတယ်။ ဘယ်သူမှ ဘယ်သူရဲ့အပြောကို ခံချင်ကြမှာ မဟုတ်ပါဘူး။

သဘောတခုက ရခိုင်ပြည်နယ်ဆိုတာလဲ ရခိုင်တမျိုးတည်း ပိုင်တာမဟုတ်ဘူး။ ရခိုင်မျိုးနွယ်စု အားလုံးပိုင်တဲ့ နေရာလေ။  ကျနော်တို့လည်း  ရခိုင်ပြည်နယ်မှာနေတာ၊ ခိုးဝင်လာတာ မဟုတ်ဘူး။ ဒါဟာ သမိုင်းအရ ဖြစ်လာတဲ့နိုင်ငံ တိုင်းရင်းသား တွေလေ။ ဒီအတွက် ကျနော်တို့တိုင်းရင်းသားတွေရဲ့ အခွင့်အရေးက ဥပဒေနဲ့လည်း ပြဌာန်းပြီးသား ဖြစ်တယ်။ တိုင်းရင်း သား မျိုးနွယ်အနေနဲ့ ကျနော်တို့က တောင်းဆိုစရာကို မလိုဘူး။ အစိုးရက အလိုအလျောက် လုပ်ပေးရမယ့် တာဝန်ပဲ။ ဥပဒေကတပိုင်း၊ တောင်းဆိုတာကတပိုင်း၊ အစိုးရကတပိုင်းဖြစ်နေရင် တခုနဲ့တခု ချိတ်ဆက် မှု မရှိရင် ပြည်ထောင်စု အဆင့် မပြောနဲ့ ပြည်နယ်အဆင့်တောင် ငြိမ်းချမ်းဖို့ကမလွယ်ဘူး။ ဒီအတွက် တိုင်းနဲ့ ပြည်နယ် တွေမှာရှိတဲ့ မျိုးနွယ်စုငယ်လေး တွေနဲ့ တွေ့ဆုံတင်ပြခွင့်လုပ်ပေးရမယ့် တာဝန်က အစိုးရမှာရှိတယ်လို့ မြင်ပါတယ်။   ။

Did you find apk for android? You can find new Free Android Games and apps.
Loading