မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို တစဉ်တစိုက် ထောက်ပံ့ ကူညီပေးနေသော နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ချိန်မှစကာ နိုင်ငံအတွင်း ဖွံံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များအတွက် အဓိက ကူညီသော အလှူရှင်နိုင်ငံ တနိုင်ငံ ဖြစ်သည်။
၂၀၁၂ ခုနှစ်ကတည်းက နော်ဝေနိုင်ငံသည် မြန်မာငြိမ်းချမ်းရေး ထောက်ပံ့ရေးအဖွဲ့ (Myanmar Peace Support Initiative) နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် နိုင်ငံတကာ အလှူရှင်များအဖွဲ့ (Peace Donor Support Group) တို့ကို ဦးဆောင်ခဲ့သည်။ Peace Donor Support Group သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အပစ်အခတ် ရပ်စဲရေးဆိုင်ရာများ၊ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှု အထောက်အပံ့များအတွက် ငွေကြေးပံ့ပိုးခြင်းဖြင့် ထောက်ပံ့ကူညီသည်။ ထို့အပြင် နော်ဝေနိုင်ငံသည် အမျိုးသမီးများ လုပ်ပိုင်ခွင့်နှင့် ခေါင်းဆောင်မှုဆိုင်ရာ အစီအစဉ်များ အတွက်လည်း မြန်မာနိုင်ငံကို ထောက်ပံ့သည်။
မကြာသေးခင်နှစ်များက နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အခန်းကဏ္ဍတွင် အရေးပါသော ခြေလှမ်းများ စတင်လှမ်းခဲ့သည်။ ၂၀၁၃ ခုနှစ် နှစ်လယ်တွင် နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီကြီး တခုဖြစ်သော တယ်လီနောသည် ကာတာနိုင်ငံမှ အော်ရီဒူး ကုမ္ပဏီနှင့်အတူ မြန်မာနိုင်ငံတွင် ၁၅ နှစ်တာ တယ်လီဖုန်း ကွန်ရက် ချိတ်ဆက် လုပ်ကိုင်ခွင့် လိုင်စင် ရရှိခဲ့သည်။ နော်ဝေနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ Statoil သည်လည်း ရခိုင်ကမ်းရိုးတန်းတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် တကွက်ကိုလည်း ရရှိခဲ့သည်။
သြဂုတ်လ ပထမအပတ်တွင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်အဖြစ်မှ တာဝန်ကုန်ဆုံးခဲ့သည့် သံအမတ်ကြီး မစ္စ အန်အိုလီစတတ် (Ms.Ann Ollestad) ကို မြန်မာနိုင်ငံတွင် သူ တာဝန်ထမ်းဆောင်စဉ် အတွေ့အကြုံများနှင့် သူ၏အမြင်များကို သိရှိရန် ဧရာဝတီသတင်းဌာန၏ အကြီးတန်းသတင်းထောက် မငြိမ်းငြိမ်းက မေးမြန်းထားသည်များကို ကောက်နုတ်တင်ပြလိုက်ပါသည်။
မေး ။ ။ နော်ဝေနိုင်ငံက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထောက်ပံ့တဲ့ နိုင်ငံတနိုင်ငံအဖြစ် လူသိများပါတယ်။ ဘယ်လို ထောက်ပံ့မှုတွေ ပေးနေသလဲဆိုတာ အသေးစိတ်ပြောပြပေးလို့ ရမလား။
ဖြေ ။ ။ လွန်ခဲ့တဲ့ ၃ နှစ် ကျမ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်အဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ကတည်းက မြန်မာနိုင်ငံနဲ့ နော်ဝေနိုင်ငံအကြား ဆက်ဆံရေးက မယုံနိုင်လောက်အောင် ခပ်မြန်မြန် တိုးတက်လာခဲ့ပါတယ်။ နိုင်ငံရေး အဆင့်မှာသာမက ပြည်သူချင်းအဆင့်မှာလည်း အကျိုးဖြစ်ထွန်းတဲ့ အဆင့်တွေ တော်တော်များများလည်း ရှိပါတယ်။ အချိန်အတော်ကြာအောင် နော်ဝေနိုင်ငံနဲ့ မြန်မာနိုင်ငံက တရားဝင်မဟုတ်တဲ့ ဆက်ဆံရေး ရှိခဲ့ပေမဲ့လည်း ဒါဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးဖြစ်ခဲ့တာပါ။
ဒီနှစ် ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အနေနဲ့ နော်ဝေနိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသား မိတ်ဆွေတွေက နော်ဝေနိုင်ငံ တောင်ပိုင်း Froland မြို့လေးက ပန်းခြံတခုကို ဒေါ်အောင်ဆန်းစုကြည် ပန်းခြံလို့ နာမည်ပေးခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ကာလရှည်ကြာရှိနေခဲ့တဲ့ ဆက်ဆံရေးတွေက တရားဝင်မဟုတ်ပေမယ့် အဲဒါက ဒီနေ့အချိန်မှာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးပါတဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ဘယ်လောက် အထောက်အပံ့ ပေးခဲ့တယ်ဆိုတာ ဥပမာတခုပါပဲ။
ကျမ ရည်ညွှန်းချင်တဲ့ နောက်ထပ် ဥပမာတခုကတော့ နော်ဝေနိုင်ငံရဲ့ တော်ဝင်ဇနီးမောင်နှံတို့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ သမိုင်းဝင် ခရီးစဉ်ကိုပါ။ ဒါက အနောက်နိုင်ငံ တနိုင်ငံက နိုင်ငံအကြီးအကဲတွေ ပထမဆုံး လာရောက်တာပါပဲ။ အဲဒီခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုပြီး ခိုင်မြဲစေခဲ့ပြီးတော့ မြန်မာနိုင်ငံက နော်ဝေနိုင်ငံနဲ့ နော်ဝေနိုင်ငံသားတွေ အတွက် အရေးပါတယ်ဆိုတာ ထင်ရှားစေခဲ့တယ်။ မိတ်ဆွေအဖြစ်ရော အပြန်အလှန် လေးစားမှုအပေါ်မှာရော အခြေခံတဲ့ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာဖို့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့တယ်။ အဲဒါက တကယ့် သမိုင်းဝင် အခြေအနေတခုဖြစ်တယ်။ နော်ဝေနိုင်ငံအနေနဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် အတွေ့အကြုံတွေ ရှိလို့ သဘာ၀ ပတ်ဝန်းကျင်၊ စွမ်းအင်၊ အမျိုးသား အရင်းအမြစ် စီမံခန့်ခွဲမှု၊ ငါးလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းတွေလို မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်တဲ့ စီမံကိန်းတွေကို အကူအညီပေးခဲ့ပါတယ်။
မေး ။ ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နော်ဝေနိုင်ငံရဲ့ အခန်းကဏ္ဍက ဘာဖြစ်မလဲ။
ဖြေ ။ ။ ၂၀၁၂ ခုနှစ်မှာ မြန်မာအစိုးရက နော်ဝေနိုင်ငံကို Myanmar Peace Support Initiative (MPSI) ကို ဖွဲ့ဖို့ အဆိုပြုခဲ့ပါတယ်။ နောက် Peace Support Group (PSG) ကို ဦးဆောင်ခဲ့တယ်။ MPSI က ယုံကြည်မှု တည်ဆောက်မှုနဲ့ သက်ဆိုင်တဲ့ စမ်းသပ်စီမံကိန်း ၁၅ ခု လုပ်ဆောင်ဖို့ကို ကနဦး ထောက်ပံ့ခဲ့တယ်။ အဲဒီ စမ်းသပ်စီမံကိန်းတွေက ပြည်ထောင်စု အစိုးရ အရာရှိတွေ၊ မြန်မာ့ တပ်မတော်နဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လှုမှုအဖွဲ့အစည်း လှုပ်ရှားသူတွေနဲ့ လူ့အသိုင်းအဝိုင်းတွေ အားလုံးကို ပထမဆုံးအဖြစ် တစုတစည်းတည်း ပါဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဒီ စမ်းသပ် စီမံကိန်းတွေက အပစ်အခတ် ရပ်စဲထားတဲ့ ဒေသတွေက လူမှုသိုင်းအဝိုင်းတွေအတွက် အခြေအနေအသစ်တခု ဖြစ်သလို အဲဒီဒေသတွေမှာ နိုင်ငံတကာ အဖွဲ့ကို ပထမဆုံး မြင်တွေ့ရခြင်းလည်း ဖြစ်ပါတယ်။
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကျမရဲ့ နုတ်ဆက်ပွဲမှာ သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လွှတ်တော် နှစ်ရပ်စလုံးက ဥက္ကဋ္ဌတွေ တက်ရောက်ခဲ့ကြပါတယ်။ ကျမ အဓိက ပြောခဲ့တဲ့အထဲက တခုကတော့ နော်ဝေနိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်ပြီး ထောက်ပံ့သွားမယ် ဆိုတာကိုပဲ ထပ်လောင်း ပြောခဲ့တာပါ။ ၂၁ ရာစု ပင်လုံ ညီလာခံ ဆွေးနွေးပွဲအတွက် ပြင်ဆင်နေတာကို တွေ့ရတာလည်း ကျမအရမ်း အားတက်ပါတယ်။ နော်ေ၀ အနေနဲ့က ကာလရှည်ကြာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ရာ ရေရှည် တည်တံ့နိုင်မယ့် နိုင်ငံရေး အဖြေအတွက် နည်းလမ်းတွေ ရှာလို့ရမယ့် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတခု ဖြစ်ဖို့ ထောက်ခံပါတယ်။
မေး ။ ။ မြန်မာပြည်မှာ တဦးတည်းသော အမျိုးသမီး သံအမတ်တယောက် အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ရတဲ့ အတွေ့အကြုံတွေ ဝေမျှပေးနိုင်မလား။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ တဦးတည်းသော အမျိုးသမီး သံအမတ် ဖြစ်တဲ့အတွက် ဒါက ကျမအတွက်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီ အကူးအပြောင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ အမျိုးသမီး အခွင့်အရေး ကိစ္စတွေကို ပြောဆိုနိုင်တဲ့ အင်မတန်ရခဲတဲ့ အခြေအနေတခု ဖြစ်ခဲ့တာပါ။ အမျိုးသမီး သံအမတ်တယောက် အနေနဲ့ မြန်မာနိုင်ငံ နေရာ အနှံအပြားကို သွားရောက်နိုင်ခဲ့တယ်။ ပြီးတော့ ထူးချွန် ထက်မြက် ပါးနပ်တဲ့ အမျိုးသမီးတွေ အများကြီးနဲ့ တွေ့ပြီး အဆက်သွယ်လုပ်နိုင်ခဲ့တယ်။ သူတို့ကို ကူညီရတာက ဒီနိုင်ငံအနာဂတ်အတွက် ကောင်းမွန်တဲ့ မျှော်လင့်ချက်တွေ ရမယ်လို့ ခံစားရစေတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်ရေး အားပေးဖို့ အမျိုးသမီးတွေရဲ့ လူသားအကျိုးပြု ဆောင်ရွက်မှုနဲ့ လုံခြုံရေး လိုုအပ်ချက်တွေ ရရှိအောင် သင်ကြားရေးတွေ တိုးမြှင့်ဖို့နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ စီးပွားရေး၊ နိုင်ငံရေး အဆင့်အတန်းနဲ့ တရားဝင် အခွင့်အရေးတွေကို ပိုပြီး အလေးပေးခံရရေးအတွက် ကူညီဖို့နဲ့ ပတ်သက်ပြီး နော်ဝေအစိုးရမှာ စနစ်တကျ အလုပ်လုပ်တဲ့ မူဝါဒတခု ရှိပါသည်။ မြန်မာနိုင်ငံမှာ အမျိုးသမီးရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေ ဆောင်ရွက်တာက ပိုမိုကျယ်ပြန့်တဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစိတ်တပိုင်းဖြစ်သလို နော်ဝေက လွန်ခဲ့တဲ့နှစ်တွေကစလို့ တက်တက်ကြွကြွ ထောက်ပံ့ ကူညီနေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အားထုတ်မှုလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေနဲ့ သူတို့ရဲ့ သဘောထားအမြင်တွေကို အတည်ပြုလိုက်မယ့်ငြိမ်းချမ်းရေး သဘောတူညီချက်မှာ မထဲ့ထားဘူး၊ မပါဘူးဆိုရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရမယ်လို့ မထင်ပါဘူး။
ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးနဲ့ ပတ်သတ်တဲ့ လုပ်ငန်းစဉ်တွေမှာ အမျိုးသားရော အမျိုးသမီးရော ပါဝင်ဖို့လိုအပ်ပြီးတော့ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေလိုပဲ တာဝန်ရှိတယ်ဆိုတာ သတိပြု အလေးထားဖို့ အရေးကြီးပါတယ်။ အစွန်းရောက်မှုတွေကို ကာကွယ် တားဆီးတိုက်ဖျက်ဖို့အတွက် လူမှုအသိုင်းအဝိုင်းမှာ အမျိုးသား၊ အမျိုးသမီးတွေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာက အရေးကြီးပါတယ်။
ကျမတို့ အကူအညီပေးနေတဲ့ အဖွဲ့တွေအပြင် နော်ဝေနိုင်ငံသံရုံးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြင့်တင်ဖို့ တက်တက်ကြွကြွ အားပေးဆော်သြနေပါတယ်။ နည်းလမ်းတခုအနေနဲ့ လုပ်ငန်းဆိုင်ရာ ညစာစားပွဲတွေ ဆွေးနွေးပွဲတွေ လက်ခံကျင်းပတယ်။ အဲဒီမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တွေ့ဆုံပြီးတော့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်ရေး ကိုတာစနစ်နဲ့ ပတ်သက်တာတွေ၊ စီးပွားရေးနဲ့ ခေါင်းဆောင်မှုပိုင်းမှာ အမျိုးသမီးတွေ ပါဝင်မှုနဲ့ ပါတ်သက်ပြီးတော့ အမြင်တွေ အတွေ့အကြုံတွေ ဆွေးနွေးဖယ်လှယ်ကြတယ်။
မေး ။ ။ သြဇာတိက္ကမကြီးတဲ့ အမျိုးသမီးတယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ မြန်မာနိုင်ငံကို ထိထိရောက်ရောက် ဦးဆောင်နေပေမဲ့ နိုင်ငံရေးနဲ့ အစိုးရအဖွဲ့မှာ အမျိုးသမီး ကိုယ်စားလှယ် အရေအတွက်က ကိုယ်စားပြုမှု အနည်းဆုံး ၃၀ ရာခိုင်နှုန်းအောက် ရှိပါသေးတယ်။ အမျိုးသမီးအရေး လှုပ်ရှားသူတွေကို ဘယ်လို သတင်းစကားပါးချင်ပါလဲ။
ဖြေ ။ ။ နိုင်ငံတွေရဲ့ ပြောင်းလဲမှုက အဆင့်လိုက် တိုးတက်ပြောင်းလဲတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အားကောင်း လာတဲ့အခါ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးပါဝင်ဖို့ အခွင့်အလမ်းတွေ ပိုရလိမ့်မယ်လို့ ကျမ သေချာပြောနိုင်ပါတယ်။ လက်ရှိလွှတ်တော်မှာ အမျိုးသမီးတွေ ရွေးကောက်ခံခဲ့ရတာ ကျမတို့ မြင်ခဲ့ရပြီ။ ဒါပေမဲ့ အနာဂတ်မှာလည်း ပိုပြီး ဒီလိုပဲ မြင်ချင်ပါသေးတယ်။ နောက်အမျိုးသမီး ၂ ဦးဆိုရင်လည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန် ခန့်အပ်ခံခဲ့ရတယ်။ ခုနပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရအဖွဲ့မှာ အရမ်း အရေးပါတဲ့ ရာထူးတွေနဲ့ တာဝန်ထမ်းဆောင်နေတယ်။ အမျိုးသမီးတွေကို အားပေးဖို့ လှုမှုအသိုင်းအဝိုင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်အောင် အမျိုးသမီးတွေကို ပိုမိုဖိတ်ခေါ်ဖို့က နော်ဝေနိုင်ငံက မြန်မာနိုင်ငံကို အရေးကြီးဆုံးပေးချင်တဲ့ မက်ဆေ့ချ်တခုပါပဲ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်တဲ့အခါ ရလဒ်တွေကလည်း ပိုပြီး ခိုင်မြဲတယ်ဆိုတာ ထင်ရှားပါတယ်။ ဆိုလိုတာက အမျိုးသမီးတွေ အများကြီး ပါဝင်ဖို့မလိုပါဘူး ဒါပေမဲ့ ရေရှည်တည်တံ့ ထိရောက်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရရှိစေဖို့ အမျိုးသမီးတွေရဲ့ လွှမ်းမိုးမှု ထိထိရောက်ရောက် ပါဝင်မှုက အခရာပါပဲ။
မေး ။ ။ မြန်မာနိုင်ငံနဲ့ နော်ဝေနိုင်ငံ ကုန်သွယ်ရေး အပေါ်မှာရော ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။ မြန်မာ -နော်ဝေ စီးပွားရေးကောင်စီ Myanmar-Norway Business Council ရဲ့ အောင်မြင်မှုတွေက ဘာတွေလဲ။ နော်ဝေနိုင်ငံက တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်တာ ဟုတ်၊ မဟုတ် ဘယ်လို ပြောနိုင်မလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံ ပြည်သူတွေ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်ဖို့ ဖွံ့ဖြိုးဖို့မှာ တာဝန်ခံမှုရှိတဲ့ စီးပွားရေးမူတွေကို အခြေခံပြီး ခိုင်မာအားကောင်းတဲ့ ပုဂ္ဂလိက ကဏ္ဍတခု လိုအပ်ပါတယ်။
နော်ဝေနိုင်ငံနဲ့ နှစ်နိုင်ငံကုန်သွယ်မှု အများကြီး မရှိပါဘူး။ ဒါပေမဲ့ ကျမတို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုမိုတောင့်တင်းတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။။ အဲဒါကြောင့်လည်း Myanmar-Norway Business Council ကို ပြီးခဲ့တဲ့နှစ်က ဖွဲ့စည်းခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ နော်ဝေနဲ့ မြန်မာကြားမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး တိုးတက်မှု ချိတ်ဆက်မှု လွယ်ကူစေဖို့၊ စိတ်ကူးတွေ အတွေ့အကြုံတွေ ဝေမျှနိုင်တဲ့ စီးပွားရေး ဖိုရမ်တခု ကျင်းပဖို့ ပြီးတော့ အခွင့်အလမ်းတွေ ချိတ်ဆက်မိအောင် ထောက်ပံ့ပေးဖို့အတွက်ပဲ ဖြစ်ပါတယ်။ နော်ဝေကုမ္ပဏီတွေနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍတွေက နော်ဝေနဲ့ မြန်မာ နှစ်နိုင်ငံစလုံးကို အကျိုးရှိစေမယ့် လုပ်ရည်ကိုင်ရည် ကျွမ်းကျင်မှု၊ ဗဟုသုတ၊ နည်းပညာနဲ့ တာဝန်ခံမှုရှိတဲ့ စီးပွားရေး လုပ်ဆောင်မှုတွေကို ဆောင်ကျဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
မြန်မာနိုင်ငံမှာ နော်ေ၀ ကုမ္ပဏီတွေ ဝင်ရောက်လာတဲ့အခါ နော်ဝေသံရုံးက တာဝန်ခံမှုရှိတဲ့ စီးပွားရေး မြင့်တင့်တဲ့ ကဏ္ဍကို ဆောင်ရွက်ပါတယ်။ အဲဒီကုမ္ပဏီတွေ အနေနဲ့ စံချိန်မြင့်စံနှုန်းများ ချမှတ်စေခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဝန်ထမ်း ခန့်အပ်မှုတွင် အမျိုးသမီးများ ပါဝင်ရေးကို အားပေးခြင်းအပြင်၊ ပြည်သူတွေရဲ့ ဘဝရပ်တည်ရေးကို မြှင့်တင်ပေးတဲ့ စံပြ ပုဂ္ဂိုလ်တွေလို လုပ်ဆောင်ဖို့ သူတို့အပေါ် မျှော်လင့်တယ်ဆိုတာ သူတို့သိအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။
ပင်လယ် ကမ်းရိုးတန်းရှည်ကြီးတွေ ဝန်းရံနေတဲ့ ကျမတို့ နှစ်နိုင်ငံစလုံး သမုဒ္ဒရာထဲက အရင်းအမြစ်တွေကို သုံးစွဲရေးနဲ့ ပတ်သက်လို့လည်း ဆက်စပ်မှုက သိပ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ နော်ဝေက Fish for Development နဲ့ Oil for Development ဆိုတဲ့ အရေးပါတဲ့ စီမံကိန်း နှစ်ခုကနေပြီးတော့ မြန်မာနိုင်ငံကို ကျွမ်းကျင်မှုတွေ ဝေမျှတယ်။ စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးပါတယ်။ အစိုးရနဲ့ အခြားကဏ္ဍတွေမှာ စွမ်းဆောင်ရည် မြှင့်တင့်ပေးတာက သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံအနေနဲ့ အကျိုးပြုနေတဲ့ အရင်းမြစ်တွေကို အကောင်ဆုံး နည်းလမ်းနဲ့ ကာကွယ်နိုင်ဖို့ဖြစ်တယ်လို့ နော်ဝေအနေနဲ့ ယုံကြည်တာကြောင့်ပါ။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ‘Countries Evolve in Stages’: Norway’s Outgoing Ambassador to Burma ကို ဘာသာပြန်ဆိုသည်။