“After Shock က အချိန်ကွာပြီးတော့ လာမယ်”

မေစစ်ပိုင်
မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယက ဒေါ်လှလှအောင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး ချောက်မြို့ အနောက်ဘက် ၂၅ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ၆ ဒဿမ ၈ ပမာဏရှိ ငလျင်ကြောင့် ပုဂံဘုရားများစွာ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်များတွင်လည်း ငလျင်လှုပ်ခတ်သည့် ဒဏ်ကို ခံစားခဲ့ကြရသည်။ ထို့ပြင် ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ငလျင်ငယ်များ ဆက်လက် မဖြစ်လာသေးသဖြင့် လူအများစု ငလျင်ကြီးများ ဆက်လက်ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်။ အဆိုပါ အခြေအနေများအပေါ် မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယကတဦးဖြစ်သည့် သုတေသနပညာရှင် ဒေါ်လှလှအောင်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင် က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။    ။ ၂၄ ရက်နေ့က လှုပ်ခတ်သွားတဲ့ ငလျင်က အရင်က ဖြစ်ခဲ့ဖူးတဲ့ ငလျင်တွေနဲ့ ပုံစံမတူဘူး လို့ပြောကြတာတွေရှိပါတယ်။ အဲဒီအပေါ် ရှင်းပြပေးပါရှင်။

ဖြေ။    ။ ၂၄ ရက်မှာ လှုပ်သွားတဲ့ ငလျင်ရဲ့ ဗဟိုက ချောက်မြို့ အနောက်ဘက် ၂၅ ကီလိုမီတာအကွာ ငလျင်ပမာဏက ၆ ဒဿမ ၈ ဖြစ်တယ်။ ငလျင်ရဲ့ ဗဟိုချက် အနက်က ၈၄ ကီလိုမီတာ အကွာမှာ လှုပ်သွားတယ်။ သူက စစ်ကိုင်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့ဆိုတဲ့ ပြတ်ရွေ့ကြီးတွေနဲ့ လုံးဝ မသက်ဆိုင်ဘူး။ ဘယ်မှာဖြစ်တာလဲဆိုတော့ Indian Plate နဲ့ Burma Plate လို့ခေါ်တဲ့ ကျောက်ချပ်တွေ ရှိတယ်။ အဲဒီ Plate တွေက ကမ္ဘာကြီးကို ဖုံးလွှမ်းထားပြီး အရွယ်အစားမျိုးစုံရှိတယ်။ သူတို့က အငြိမ်မနေဘူး။ ကမ္ဘာစတင်ဖြစ်တည် ကတည်းက ရွေ့နေတော့ တခုနဲ့တခု တိုက်တာတွေရှိတယ်။ ပုံအခု ၂၄ ရက်မှာ လှုပ်တာက ကျောက်ထုချပ် သိပ်သည်းဆက အောက်ကို ထိုးစိုက်ပြီး သိပ်သည်းဆ နည်းတဲ့ တခုက အပေါ်ကို ထိုးတက်သွားတဲ့ အနေအထားမှာ လှုပ်တဲ့ငလျင်ဖြစ်တယ်။ မြန်မာနိုင်ငံ အတွက် ပထမဆုံးလှုပ်တဲ့ ငလျင်လို့ပြောလို့ရတယ်။

မေး။    ။ ဒီငလျင်နောက်ပိုင်းမှာရော နောက်ဆက်တွဲငလျင်တွေဖြစ်လာဖို့ရှိလား။

ဖြေ။    ။ ဒီငလျင်ကတော့ ငလျင်ကြီး အမျိုးအစားမှာ ပါတယ်။ အခုလှုပ်တဲ့ ငလျင်ရဲ့ အနက်က ၈၄ ကီလိုမီတာ လောက်မှာ လှုပ်တာဆိုတော့ ငလျင်ကြီးအမျိုးအစားပေါ့။ နောက်ဆက်တွဲငလျင်တွေက အချိန်ကြာမှ ဖြစ်တာများတယ်။ လူတွေက စိုးရိမ်ပူပန်တယ်ဆိုတာကတော့ သဘာဝကျပါတယ်။ ဘယ်လောက် ငလျင်အင်အားနဲ့လာမှာလဲပြောကြတယ်ပေါ့။ မူလ ငလျင်ကြီးလောက်တော့ အင်အားမရှိတော့ဘူး။

မေး။    ။ ဒါဆို စိုးရိမ်စရာမရှိတော့ဘူး လို့ပြောလို့ရမလား။

ဖြေ။    ။ ငလျင်ပမာဏက ၆ ဒဿမ ၈ လောက်တော့ ရှိလာမှာ မဟုတ်ဘူး။ ဒါကိုလည်း အရမ်းကြီး မျှော်ပြီး စိုးရိမ်နေစရာမလိုပါဘူး။ ငလျင်က လှုပ်ရင်တော့ နောက်ဆက်တွဲတော့ လာတယ်။ သူ့ထက်နည်းတဲ့ပမာဏနဲ့ဘဲ လာမှာပါ။ ငလျင်ကြီး ၆ ဒဿမ ၈ ရဲ့ ဒဏ်ကိို ခံစားရတာကတော့ ပုဂံဘုရားတွေ ဘက်က ခံစားရတာပါ။ တိုင်းနဲ့ပြည်နယ်တွေမှာကတော့ သိပ်ပြီး ပြင်းပြင်းထန်ထန်မရှိဘူး။ ရန်ကုန်၊ နေပြည်တော်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ခံစားရတာရှိတယ်။ လူအသေအပျောက်ရော အပျက်အစီးရော သိပ်မရှိဘူး။ ပုဂံဘုရားတွေက နှစ်ပေါင်းတော်တော်ကြာနေပြီ အိုဟောင်းတဲ့အနေအထားရှိတော့ ပိုပြီး ပျက်စီးမှု များတာပေါ့။

မေး။    ။ ဒီတခေါက် ငလျင်မှာ ရန်ကုန်က အထပ်မြင့်တွေ အများစု တိုက်တွေရဲ့တုန်ခါမှုဒဏ် အများစုကို ခံစားရတာတွေရှိတယ်။ အဲဒီတော့ လက်ရှိ အထပ်မြင့်တွေက ငလျင်ဒဏ်ခံနိုင်ရဲ့လားဆိုတဲ့အပေါ်မှာရော သုံးသပ်ပေးပါရှင်။

ဖြေ။    ။ ချောက်ငလျင်လှုပ်လို့ ရန်ကုန်မှာ ခံစားရတယ်။ ဧပြီ ၃၀ ကဖြစ်တဲ့ မော်လိုက် ငလျင်ဆို မိုင် ၄၀၀ လောက်ကွာပေမယ့် ရန်ကုန်မှာ အထပ်မြင့်တွေ ခါ ကုန်တယ်လို့ သိရတယ်။ ဒီလောက် မိုင် အကွာအဝေးမှာဖြစ်တဲ့ ငလျင်ကို ရန်ကုန်အထပ်မြင့်တွေက ခါလောက်အောင်ဖြစ်တယ်ဆိုတာက တိုက်တွေရဲ့ အနေအထားကို ဆောက်လုပ်တဲ့သူတွေက ပိုသိပါလိမ့်မယ်။

အထပ်မြင့်ဆိုတာ ငလျင်ဒဏ်ခံနိုင်ဖို့၊ လေတိုက်နှုန်းအားခံနိုင်ဖို့ အဆောက်အအုံမျိုး ဆောက်ရတယ်။ ဘယ်လိုဟာမျိုးကို ဘယ်လို ပုံစံနဲ့ ဆောက်ရမယ်ဆိုတာ အင်ဂျင်နီယာအသင်းက ထုတ်လုပ်ထားတဲ့ Building Code ပေါ့။ မြန်မာလိုတော့ ကိုဓ လို့ ခေါ်ပါတယ်။ အဲဒါကို သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေနဲ့ အညီ အိမ်ရာတွေကို ဆောက်ရတယ်။ Foundation က အဓိကအကျဆုံးပါ။ Foundation က အမာခံ ကျောက်သားတွေထိ ရောက်တဲ့အထိ လုပ်ရမှာ။ အဲလိုမဟုတ်ဘဲ အပေါ်ယံတူးပြီး အထပ်မြင့်ဆောက်တယ်။ ရန်ကုန်မှာက အပေါ်ယံမြေက မြေပျော့တွေချည်းပဲ။ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်က ပို့ချထားတဲ့ နှုန်းမြေတွေနဲ့ ဖုံးလွှမ်းနေတာ။ ရေပါဝင်နှုန်းရှိနေသေးတာ။ အဲလိုပေါ်မှာ အပေါ်ယံတူးပြီး ဆောက်တယ်။ ငလျင်ဆိုတာ မြေအောက်ကလာတာ။ တုန်ခါပြီးတော့ တက်လာပြီး မြေကြီးကို ခါလိုက်တော့ နှုန်းထဲမှာရှိတဲ့ သဲမှုန်နဲ့ ရွ့ံတွေကလည်း လိုက်ပြီး ခါတယ်။ ရေက ထွက်လာပြီး အဲဒါတွေနဲ့ သမသွားတာ။ အဲဒါကြောင့် Foundation တိမ်တိမ်လေးမို့ ရန်ကုန်က တိုက်တွေ ခံစားရတာ။ တော်တော်များများကတော့ ၁၀ ပေကျော်ထိ ထားတယ်။ တချို့က ၆ ပေထိ ထားတယ်။ ငလျင်ဒဏ်ခံနိုင်ဖို့ ဆောက်လုပ်သလားဆိုတာ ဆောက်လုပ်တဲ့ အင်ဂျင်နီယာတွေ သူတို့ကို သူတို့သိမှာပါ။

မေး။    ။ နောက်ဆက်တွဲ ငလျင် ဖြစ်နိုင်ချေ အပေါ်မှာရော ပညာရှင်တွေက ဘယ်လို ခန့်မှန်းထားပါသလဲ။

ဖြေ။    ။ ငလျင်ဆိုတာ ခန့်မှန်းလို့ မရဘူး။ နီပေါမှာ ငလျင်လှုပ်သွားတုန်းက တိုက်ပြိုကျတာတွေ။ အဲဒါဖြစ်ပြီး ၃၊ ၄ လလောက်မှ ဆက်လှုပ်တဲ့ ငလျင်က အင်အား သိပ်မကွာဘူး။ ဘယ်အချိန်မှာ ဘယ်လောက်ပမာဏနဲ့ ဖြစ်ဖြစ် After Shock ကတော့ လာကို လာမှာဘဲ။ ဘယ်အချိန်မှာ ဘယ်လောက်နဲ့ လာမှာလဲဆိုတာတော့ ပြောလို့မရဘူး။ After Shock က မူလငလျင်လောက်တော့ ကြီးတာမလာဘူး။ အထူးသဖြင့် တောင်ပေါ်မှာရှိနေတဲ့ ရွာတွေ Land Slide တွေဖြစ်ပြီး ရွာလုံးကျွတ်ထိတာတွေဖြစ်တယ်။ ငလျင်ဆိုတာက ဘယ်လိုမှ ခန့်မှန်းလို့မရတဲ့အတွက် After shock လာမလားဆိုပြီး စိုးရိမ်ကြပေမယ့် ဘယ်အချိန်လာမလဲပြောလို့မရဘူး။ အချိန်ကွာပြီးတော့ လာမယ်ဆိုတာလောက်ပဲ ပြောလို့ရမယ်။

မေး။    ။ အီတလီမှာက ၆ ဒဿမ ၁ ဆိုပေမယ့် ထိခိုက်ပျက်စီးမှုများတယ်။ ဒီမှာ ဖြစ်သွားတဲ့ ငလျင်က ၆
ဒဿမ ၈ ဆိုပေမယ့် အီတလီလောက် မထိခိုက်ဘူး။ ဘယ်လိုအခြေအနေတွေကြောင့် ကွာခြားတာလဲ။

ဖြေ။    ။ မြန်မာနိုင်ငံက လူတွေက သစ်သားအိမ်တွေများတယ်။ အထပ်မြင့်တွေက မြို့ကြီးတွေမှာဘဲ များတယ်။ တိုက်အိမ်ထက် သစ်သားအိမ်က ငလျင်ဒဏ်ကို ပိုပြီး ခံနိုင်တယ်။ အဲဒါကြောင့်ပါ။

မေး။    ။ ငလျင်လှုပ်နေတဲ့အချိန်မှာ ဘယ်လို ပြုမှုနေထိုင်သင့်တယ်လို့ အကြံပေးချင်ပါသလဲရှင်။

ဖြေ။    ။ ငလျင်လှုပ်တယ်ဆိုတာက ပြတ်ရွေ့တွေကြောင့် လှုပ်တာပါ။ အထပ်မြင့်တွေပေါ်ကနေ ငလျင်လှုပ်ရင် ကြောက်လို့ဆိုပြီး ပြေးဆင်းကြတယ်။ ကြောက်လန့်တကြားနဲ့ ထွက်ပြေးတော့ တိုက်က ပြိုကျရင် ထိခိုက်တာကြောင့် သေဆုံးရတာမျိုးတွေရှိတယ်။ ရှေးဦးသူနာပြုသေတ္တာ၊ သောက်ရေသန့်ဗူး၊ အိ်မ်ထောင်စုနဲ့ပတ်သက်တာတွေ စုစည်းထားရမယ်။ မိသားစုဝင်တွေရဲ့ ဖုန်းနံပတ်တွေကို မှတ်တမ်းတင်ထားသင့်တယ်။ ငလျင်လှုပ်တယ်လို့ ခံစားရတာနဲ့ ထိုင်ချလိုက်ပြီး နဖူးပေါ်ကို လက် ၂ ဖက် ယှက်တင်ထားပါ။ ဒါက ကိုယ့်ဦးခေါင်းကို တိုက်ရိုက်မထိအောင် ကာကွယ်လိုက်တဲ့သဘောပေါ့။ အရမ်းကြီးတဲ့ ပစ္စည်းကို မကာကွယ်နိုင်ရင်တောင် ငယ်ထိပ်ကို မထိအောင် ကာကွယ်တဲ့သဘော။ စားပွဲ၊ ကုလားထိုင်အောက်မှာ ထိုင်စောင့်နေတာမျိုးပေါ့။ ငလျင်ရပ်သွားပြီဆိုရင် ကိုယ်ဘေးကင်းသလား။ မိသားစုဘေးကင်းသလား။ ပတ်ဝန်းကျင်က လူတွေရော ဘေးကင်းလားဆိုတာ ကြည့်ရမယ်။ ဒါတွေလုပ်ထားတော့ တဦးချင်းဘေးကင်းတယ်။ အဲလိုမဟုတ်ဘဲ ကြောက်လန့်တကြားပြေးလွှားနေရင် ထိခိုက်ဒဏ်ရာရပြီး သေနိုင်တယ်။ ငလျင်လှုပ်ပြီးရင် လျှပ်စစ်မီးတွေပိတ်လိုက်တာ၊ ဓာတ်ငွေ့အိုးနဲ့သုံးတဲ့အိမ်မျိုးဆို ဓာတ်ငွေ့အိုးတွေပိတ်ထားလားဆိုတာအထိ စစ်ဆေးသင့်တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading