ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားဝင် အထောက် အထားတွေဖြစ်တဲ့ နိုင်ငံကူးလက်မှတ် (Passport)၊ အလုပ်လုပ်ကိုင်ခွင့် အထောက်အထား (Work permit )၊ ပန်းရောင် ကတ် စတာတွေကို သိမ်းဆည်းထားခြင်း မပြုဖို့ သြဂုတ်လ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းအလုပ်သမား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေနဲ့ ထိုင်းလုပ်ငန်း ရှင်တွေအပေါ် ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုတွေ ဘယ်လိုရှိနိုင်မလဲဆိုတာကို ဘန်ကောက်မြို့အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဒုဥက္ကဋ္ဌ ဦးအောင်ကျော် ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ဆရာဦးအောင်ကျော် ခင်ဗျား။ ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားဝင် စာရွက် စာတမ်းတွေကို သိမ်းဆည်းမထားဖို့ သိမ်းဆည်းလို့ တိုင်တန်းမှုတွေ ရှိလာရင် အရေးယူမယ်ဆိုပြီး ထိုင်း အလုပ် သမား ဝန်ကြီးဌာနက သြဂုတ်လ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တယ်လို့ ကြားသိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြပေး ပါဦး။
ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်တို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားအရေးတွေကို စနစ်တကျ စီစဉ် ဆောင်ရွက် ကာကွယ် စောင့်ရှောက်ပေးဖို့ဆိုတဲ့ အနေအထားကို ၂နိုင်ငံအစိုးရတွေ ညှိနှိုင်းဆွေးနွေး ပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ အကျိုး ဆက်တွေပေါ့။
အဲဒီတော့ ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာကတော့ ရွှေ့ပြောင်း အလုပ်သမား တွေ ပိုင်ဆိုင်တဲ့ တရားဝင် စာရွက်စာတမ်း အထောက်အထားတွေကို တချို့တချို့သော လုပ်ငန်းရှင်တွေက ထိန်းသိမ်း ထားပြီးတော့မှ အလုပ်သမားတွေ လွတ်လပ်စွာ ခရီးသွားလာခွင့်မရတဲ့ အနေအထားတွေ ဖြစ်ပေါ်တယ်ဆိုတာတွေကို ကျနော်တို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ က ထိုင်း အလုပ်သမား ဝန်ကြီးဌာနကို အချက်အလက် အထောက်အထား အပြည့်အစုံနဲ့ တင်ပြတဲ့အခါမှာ ထိုင်း အလုပ်သမား ဝန်ကြီး ဌာနကနေ ပြီးတော့ အခုလို ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။
ထုတ်ပြန်လိုက်တဲ့ အထဲမှာတော့ အလုပ်သမားများရဲ့ တရားဝင် စာရွက်စာတမ်း အထောက်အထားတွေကို သိမ်းဆည်း ထားတယ်လို့ ကိစ္စရပ်တွေဖြစ်ပေါ်လာရင် သက်ဆိုင်ရာရဲဌာနမှာ ချက်ချင်း အကြောင်းကြားပြီးမှ လုပ်ငန်းရှင်ဆီကို ကျနော်တို့ စာရွက်စာတမ်း ပြန်တောင်းဖို့ကို ထုတ်ဖော်ခြင်းဖြစ်ပါတယ်။
မေး ။ ။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့တရားဝင် စာရွက်စာတမ်းတွေကို အလုပ်ရှင်တွေတချို့က သိမ်းဆည်းကြတာ ရှိပါတယ်။ အဲဒီလို သိမ်းဆည်းထားတာတွေကို အလုပ်သမားက မကျေနပ်လို့ တိုင်တန်းမယ်ဆိုရင် အလုပ်ရှင်တွေကို ဘယ်လိုမျိုး အရေးယူ ဆောင်ရွက်လို့ ရမလဲခင်ဗျ။
ဖြေ ။ ။ သူတို့အရေးယူမယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့တည်ဆဲဥပဒေအရ ထုတ်ပြန်ထားတဲ့ အထဲမှာကို လုပ်ငန်းရှင်ကို ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ကျခံလို့ရမယ် ဆိုတဲ့ အနေအထားမျိုးကို ထုတ်ပြန်ထားပါတယ်။ အဲဒီတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အလုပ်သမားတဦးကနေ မိမိရဲ့အလုပ်ရှင် နာမည်က ဘယ်သူပါ၊ မိမိအလုပ်ရုံက ဘာပါ။ နောက် မိမိအလုပ်ရုံက ဘယ်အရပ်ဒေသမှာ ရှိပါတယ်ဆိုတဲ့ အထောက်အထားကို တင်ပြပြီး သွားရောက်တိုင်တန်းလိုက်တာနဲ့ သက်ဆိုင်ရာရဲဌာန က နေပြီးမှ လုပ်ငန်းရှင်ကို ချက်ချင်းဆင့်ခေါ်ပြီး စာရွက်စာတမ်းတွေ ပြန်လည်တောင်းယူပေးတာမျိုး ပြုလုပ်ပေးမှာ ဖြစ်ပါ တယ်။ တကယ်လို့ အဲဒါကိုမှ လုပ်ငန်းရှင်ဘက်က ငြင်းဆန်နေမယ်ဆိုရင် တည်ဆဲဥပဒေ အရ အရေးယူဖို့အထိ အစီအစဉ် ရှိပါတယ်။
မေး ။ ။ အခုလိုထုတ်ပြန်လိုက်တဲ့ အချက်တွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘာတွေ ပိုကောင်းလာမလဲ။
ဖြေ ။ ။ ကောင်းလာပါတယ်ခင်ဗျ။ ကောင်းလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဥပဒေကိုယ်တိုင်က အလုပ်သမား တဦးက မိမိပိုင်ဆိုင်တဲ့ တရားဝင် အထောက်အထားစာရွက်၊ စာတမ်းတွေက မိမိရဲ့ခန္ဓာကိုယ်နဲ့ တထပ်တည်း တပါတည်း ရှိနေရမယ်ဆိုတဲ့ ဥပဒေလည်း ရှိနေတဲ့အချိန်မှာ အခု ထိုင်းနိုင်ငံမှာ တော်တော်များများ အလုပ်ရုံ ကုမ္ပဏီ အကြီးကြီး တွေ ကတော့ လုပ်သားတွေအပေါ်မှာ အဲဒီလိုမျိုး ချိုးဖောက်တာမရှိသော်လည်း အလုပ်ရုံသေးသေးလေးတွေကျတော့ လုပ်အား ခတွေ လျှော့ပြီး ပေးထားတာရှိမယ်။
နောက်တခါ သူတို့ဆီကနေ လုပ်သားတွေ ထွက်ပြေးတိမ်းရှောင်တာတွေ ဖြစ်လို့ရှိရင် လုပ်သားတွေ ရှားပါးတဲ့ ပြဿနာ တွေ ကြုံတွေ့မှာစိုးတဲ့ အတွက်ကြောင့် လုပ်သားတွေ ဘယ်မှ သွားလို့မရအောင် အဲဒီလို စာရွက်စာတမ်းတွေ သိမ်းဆည်း ထားတာဖြစ်ပါတယ်။ အဲဒီလိုသိမ်းဆည်း ထားခြင်းဟာလည်း အလုပ်သမားအခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တဲ့ အတွက် ကြောင့် အခုလို ဥပဒေမျိုး ထွက်ပေါ်လာပြီးမှ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်လာမယ်ဆိုလို့ရှိရင် အလုပ်သမား တွေ ပိုင်ဆိုင်တဲ့ စာရွက်စာတမ်းတွေဟာ အလုပ်သမားတွေနဲ့ ထက်ချပ်မကွာ တည်ရှိ နေမှာဖြစ်ပြီး အလုပ်သမား တွေ အနေနဲ့လည်း ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ခရီးသွားလာခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။
မေး ။ ။ အလုပ်သမားတွေနဲ့ မိမိနဲ့ တပါတည်းရှိနေရမယ့် စာရွက်စာတမ်း အထောက်အထားတွေကို အလုပ်ရှင်က အသိမ်း ခံထားရတယ်ဆို တဲ့ သတင်းတွေလည်း မကြာခဏဆိုသလို ကြားရပါတယ်။ အဲဒီလိုသိမ်းထားရင် ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရလဲ။
ဖြေ ။ ။ အဲဒီလို သိမ်းဆည်းခံထားရတဲ့ အလုပ်သမားတွေကတော့ နံပါတ်တစ်ပြဿနာက အလုပ်ရုံထဲမှာ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက် ခံနေရသော်လည်းပဲ မိမိဘဝကို ရုန်းထွက်နိုင်စွမ်း မရှိဘဲနဲ့ ဒီအထဲမှာပဲ ကြိတ်မှိတ်ပြီး နေနေရ တဲ့ အနေအထားမျိုးတွေ ဖြစ်လာမယ်။ နောက်တခါ သူတို့မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တစုံတရာတွေ့ဆုံဖို့ အခက် အခဲတွေ သူတို့ ကြံုနေရမှာပေါ့။
အဲဒီတော့ အနာဂတ်ကာလမှာ အခုလို ဥပဒေပြဌာန်းပြီးတော့ ကာကွယ်စောင့်ရှောက်မှုတွေ ပေးခြင်းအားဖြင့် ကိုယ်သွား ချင်တဲ့ နေရာတွေကိုလည်း လွတ်လပ်စွာသွားလာလို့ ရမယ်။ သူတို့ရဲ့ လုပ်အားခတွေ အပြည့်အဝမရရှိဘူးဆိုရင် သက် ဆိုင် ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို ချက်ချင်း သွားရောက် အကြောင်းကြားပြီးမှ သူတို့အခွင့်အရေးတွေ ဆောင်ရွက် နိုင်စွမ်းတွေရှိပြီးမှ အနာဂတ်ကာလမှာ အလုပ်သမားထုတွေ ရဲ့ဘဝဟာ တိုးတက်လာတဲ့ လက္ခဏာတွေ ပေါ်လာမှာပါ။
မေး ။ ။ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က အလုပ်ရှင်တွေဘက်မှာရော ထိခိုက်နစ်နာမှုမျိုး မရှိဘူးလား။ သူတို့မှာလည်း စိုးရိမ်မှုတွေ မရှိနိုင်ဘူးလား။
ဖြေ ။ ။ လုပ်ငန်းရှင်တွေကတော့ ဘာမှ ထူးပြီးနစ်နာစရာအကြောင်း မရှိဘူးခင်ဗျ။ လုပ်ငန်းရှင်တွေ ကိုယ်တိုင်က နိုင်ငံတော် အစိုးရရဲ့ တည်ဆဲဥပဒေတွေကို စနစ်တကျ လိုက်နာမယ်ဆိုရင် ဒီစာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းစရာ မလိုဘူး။ သိမ်းဆည်းတယ်ဆိုတဲ့ စက်ရုံ အများစုကို လေ့လာလိုက်တော့လည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့ အလုပ် သမားအခွင့်အရေးပေါ့။ ဥပမာ တရက်လုပ်အားခ ဘတ် ၃၀၀ (ကျပ် တသောင်းခန့်)၊ အချိန်ပို တနာရီ ၅၆ ဘတ်၊ အပို နားရက် တနှစ်မှာ ၆ ရက်၊ နောက်တခါ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု အလုပ်ပိတ်ရက်ကို ထိုင်းနိုင်ငံမှာ ၁၃ရက် ပြဌာန်းထား တယ်။ အဲဒီရက်တွေမှာလည်း ပိုက်ဆံပေးရမယ်။
နောက်တခါ နေထိုင်မကောင်း၊ မကျန်းမာလို့ရှိရင် ဆရာဝန်ရဲ့ဆေးစာအရ တနှစ်မှာ ရက်ပေါင်း ၃၀ အထိ အိမ်မှာ အနား ယူခွင့်ရှိတယ်။ အဲဒါ တွေကလည်း လုပ်အားခတွေ ခံစားရမယ်။ အစရှိတဲ့ အခွင့်အရေးတွေကို မပေးထားတဲ့ စက်ရုံတွေက သာ အလုပ်သမားတွေကို စာရွက်၊ စာတမ်း သိမ်းဆည်းပြီးမှ ထွက်မပြေးနိုင်အောင် လုပ်ထားခြင်းဖြစ်ပါတယ်။
အဲဒီတော့ ဥပဒေနဲ့ အညီ လုပ်ပေးထားတဲ့ စက်ရုံတွေကတော့ ဘာမှ ပြဿနာအခက်အခဲ မရှိဘဲ စာရွက်၊ စာတမ်းတွေကို အလုပ်သမားတွေ လက်ထဲပေးထားခြင်းအားဖြင့် သူတို့အတွက် ဘာအနှောင့်အယှက်မှ မဖြစ်နိုင်ပါဘူးခင်ဗျ။
မေး ။ ။ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ဒီထုတ်ပြန်ချက်အပေါ်မှာ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တာဝန်ရှိသူ တယောက်အနေနဲ့ရော ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ကတော့ ဒီအပေါ်မှာ တော်တော်ကြီးကို ဝမ်းသာပြီးတော့ လက်ကမ်းကြိုဆိုပါတယ်ခင်ဗျ။ ဘာလို့ လဲ ဆိုတော့ အခုအတိုင်းဆိုလို့ရှိရင် ထိုင်းအစိုးရကနေပြီးတော့မှ ထုတ်ပြန်တဲ့ မူဝါဒပြောင်းလဲမှုတွေက အခု ဒါရောဆိုရင် ဆက်တိုက်၊ ဆက်တိုက်ကို ထွက်ပေါ်လာတာ ကျနော်တို့ တွေ့ရှိရပါတယ်။ ဥပမာ ပထမအဆင့်အနေနဲ့ အလုပ်သမား ဝန်ကြီးဌာနမှာ တင်ပြီးမှ သွားရောက် တောင်းဆိုလိုက်တဲ့ အချိန်မှာ ထိုင်းအစိုးရက ဖျတ်ဖျတ်လတ်လတ် သွက်သွက် လက်လက်ကို အရေးယူ ဆောင်ရွက်ပေးမှုတွေ ပြုလုပ်ပြီးမှ ပြုပြင်ပြောင်းလဲမှုတွေ ထွက်လာတာပါ။
နံပါတ်တစ်အောင်မြင်မှုက ဘာလဲဆိုတော့ MOU အလုပ်သမားတွေအားလုံး ထိုင်းနိုင်ငံကနေပြီးတော့မှ တိကျခိုင်မာမှု မရှိတဲ့ လုပ်ငန်းရှင်တွေရဲ့လက်ဝယ်ကို စာချုပ်တွေချုပ်ပြီးတော့ စေလွှတ်ခြင်းမပြုလုပ်ဖို့။ အဲဒီလိုလုပ်သားတွေ မြန်မာပြည် ကနေ လွယ်လင့်တကူ ပို့လိုက်တဲ့ အခါ မှာ ထိုင်းနိုင်ငံမှာ အလုပ်ရှင်ဆီကို တိုက်ရိုက်ရောက်မသွားဘဲနဲ့ ပွဲစားတွေ လက် ဝယ်ရောက်သွားပြီးမှ လူကုန်ကူးမှု ဖြစ်ပေါ်တယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး စနစ်တကျ ဖြေရှင်းပေးဖို့ ပြောဆိုတဲ့အခါမှာ ထိုင်းအလုပ်သမား ဝန်ကြီးဌာနကနေပြီးတော့မှ ထိုင်းနိုင်ငံမှာရှိတဲ့ စည်းကမ်း လိုက်နာမှု မရှိတဲ့ အေဂျင်စီတွေအားလုံးကို Black List နာမည်ပျက်စာရင်းတွေ သွင်းပြီးမှ ဖြုတ်လိုက်တာတို့ လိုင်စင်တွေ ရုပ်သိမ်းလိုက်တာတို့ လုပ်ခဲ့တယ်။
နောက်တခါ ဥပဒေတရပ် ပူးတွဲပြီး ထုတ်ပြန်လာတာက အလုပ်ရှင်မဟုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ ထိုင်းအစိုးရဆီမှာ မှတ်ပုံမတင် ထားတဲ့ ပုဂ္ဂိုလ်တွေက ပြည်ပနိုင်ငံက အလုပ်သမားတွေ တိုက်ရိုက် ငှားရမ်း စာချုပ်ချုပ်ဆို ခေါ်ယူပိုင်ခွင့် မရှိဆိုတဲ့ ဥပဒေ ထွက်ပေါ်လာတယ်။ ဒါလည်း အလုပ်သမားတွေအတွက် လုံခြံုစိတ်ချရတဲ့ အနေအထား။
အခုတခါ လုပ်သားတွေရဲ့ အထောက်အထားစာရွက်စာတမ်းတွေ လုပ်သားများလက်ဝယ်မှာသာ ထားရှိရမှာဖြစ်ပြီး အလုပ် ရှင် အနေနဲ့ သိမ်းဆည်းပိုင်ခွင့်မရှိဆိုတဲ့ ပိုမိုထင်ရှားအောင် ထုတ်ပြန်လိုက်တဲ့ အတွက်ကြောင့် အလုပ်သမားတွေရဲ့ အနာ ဂတ် ကာလမှာ ဒီထက် ပိုမို လုံခြံုစိတ်ချပြီး အပေါင်းလက္ခဏာတွေ ပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အလုပ် သမားရေး အဖွဲ့အစည်းတွေကလည်း ဒီအချက်အလက် တွေကိုပဲ အချိန်နဲ့ တပြေးညီ မူဝါဒတွေ ပြောင်းလဲပေးဖို့အတွက် အစိုးရကိုတောင်းဆိုနေတဲ့ အတွက်ကြောင့် ဒါ အောင်မြင်မှုလက္ခဏာလို့ ပြောမယ်ဆိုလို့ရှိရင်လည်း မမှားနိုင်ပါဘူး။ ။