ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေက လှုပ်ခတ်ခဲ့သည့် အင်အား ၆.၈ ရှိသည့် ငလျင်ကြောင့် ပုဂံဒေသရှိ ရှေးဟောင်းဘုရား ပုထိုး စေတီ စုစုပေါင်း ၃၉၇ ဆူ ပျက်စီးခဲ့သည်။ နံရံရေဆေးပန်ချီများ၊ ရှေးဟောင်း အနုပညာလက်ရာတချို့လည်း ပျက်စီးသွားခဲ့ သည်။ ထို့အတူ စေတီဘုရားများ၌ ပူဇော်ထားသည့် အဖိုးတန်ရတနာပစ္စည်း တချို့လည်း ပြုတ်ကျသွားခဲ့ သည်။
ထိုသို့ ပျက်စီးပြုတ်ကျသွားခဲ့ရသည့် ရှေးဟောင်းအနုပညာလက်ရာများနှင့် အဖိုးတန်ရတနာများအား ရှေးမူမပျက်မည်ကဲ့ သို့ ပြန်လည်ပြုပြင်မည်ဆိုသည်ကို ရှေးဟောင်းသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကို ဧရာဝတီ သတင်းထောက် ခင်ဦးသာ က တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ငလျင်ကြောင့် ကြီးကြိးမားမား ပျက်စီးသွားတဲ့ စေတီပုထိုးတွေနဲ့ ဒီအပျက်အစီးတွေကို ရှေးမူမပျက်ဘယ်လိုပြုပြင် ထိန်းသိမ်းသွားဖို့ စီစဉ်နေတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ အပျက်အစီးတွေထဲက ထင်ရှားတဲ့ဘုရားတွေပြောပါဆိုရင် အများဆုံးပျက်စီးသွားတာက စူဠာမဏိပါပဲ။ ထီးလိုမင်း လို ဘုရား၊ တရုတ်ပြေးဘုရား၊ စေတနာကြီးဘုရား၊ မင်္ဂလာစေတီ၊ လောကနန္ဒစေတီမှာတော့ အပေါ်ပိုင်းက စိန်ဖူးတော် ပြုတ်ကျခဲ့ပါတယ်။ အများစုကတော့ အပေါ်ပိုင်းပျက်စီးသွားတာများပါတယ်။ ပျက်စီးသွားတဲ့ စေတီ၊ဘုရားအများစုဟာ လည်းပဲ နောက်ပိုင်း ပြန်ပြင်ထားတဲ့ဟာတွေ၊ နောက်ပိုင်းပြင်တာတွေနဲ့ တွဲနေတဲ့ဟာတွေပဲ ဖြစ်ပါတယ်။
အဲဒီအပျက်အစီးတွေကို ပြန်လည်ပြုပြင်တဲ့ အပိုင်းမှာတော့ ပထမဆုံး ဒေတာအချက်အလက်တွေ စုဆောင်းကောက်ယူ နေပါတယ်။ ဒီလိုလုပ်တဲ့အခါမှာလည်းပဲ ပြည်တွင်းပညာရှင်တွေရော၊ နိုင်ငံတကာက ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက် နေတာပါ။ ဗိသုကာ ပညာရှင်တွေ၊ ဌာနက ပညာရှင်တွေပါ ပူးပေါင်းပြီးတော့ စနစ်တကျ မှတ်တမ်းကောက်ယူတာတွေ လုပ်ပါမယ်။
ကောက်ယူပြီးရင် တခုချင်းစီကို အသေးစိတ်စစ်ဆေးမယ်၊ စစ်ဆေးပြီးရင်တော့ ဘယ်လိုပြုပြင်သင့်တယ်၊ ဘယ်သူတွေက ပြုပြင်သင့်တယ်ဆိုတာကို ပြည်တွင်း ပြည်ပက တတ်သိပညာရှင်တွေဆီက အကြံဉာဏ်တွေယူပြီး အကောင်းဆုံးဖြစ် အောင် ဆောင်ရွက်သွားမှာပါ။
မေး။ ။ ပျက်စီးသွားတဲ့ အထဲမှာ ထီးလိုမင်းလို ဘုရားက ရှေးဟောင်း အနုပညာလက်ရာတွေဖြစ်တဲ့ နံရံရေဆေး ပန်းချီတွေ လည်း ကွာကျ ပျက်စီးသွားတာ တွေ့ရတယ်။ အဲဒီလို ရှေးဟောင်းလက်ရာတွေကိုကော ရှေးမူမပျက် ဘယ်လိုပုံစံနဲ့ ပြန် လည် ပြုပြင်ထိန်းသိမ်းသွားမှာပါလဲ။
ဖြေ။ ။ အဲဒီ နံရံဆေးပန်းချီတွေကို ပြန်လည်ပြုပြင်တဲ့အခါမှာ နိုင်ငံတကာပညာရှင်တွေနဲ့ သင်တန်းတွေပေးထားတဲ့ ဌာနက ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေရှိပါတယ်။ ဌာနထဲက ဓာတုဗေဒ ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေက ရှေးမူမပျက် ပြန်လည် ပြုပြင် ကြမှာပါ။ သို့သော် ထိန်းသိမ်းမှု လုပ်ငန်းတွေ မစတင်ခင်မှာတော့ စနစ်တကျ မှတ်တမ်းတင်တာတွေ လုပ်ဆောင်ပါမယ်။ အဲဒီလိုပြင်ဆင်ဖို့ အတွက်လည်းပဲ ဘယ်လိုလုပ်ဆောင်ကြမယ်ဆိုတာ အသေးစိတ် ဆွေးနွေးရဦးမှာပါ။
မေး။ ။ တချို့ဘုရားတွေက ပြုတ်ကျသွားတဲ့ ရှေးဟောင်းလက်ရာ အပိုင်းအစတွေ၊ တချို့ဆိုရင် အမှိုက်တွေနဲ့ရောပြီး ရှင်း လင်းတဲ့အထဲ ပါသွားတယ်လို့သိရပါတယ်။ အဲဒီလို ရှေးဟောင်းလက်ရာ အပိုင်းအစတွေကို အလေအလွင့် မဖြစ်ရအောင် ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာလည်း သိပါရစေ။
ဖြေ။ ။ အပျက်အစီးဆိုတဲ့နေရာမှာ ၂ ပိုင်း ရှိပါတယ်။ တခုက ရှေးဟောင်းလက်ရာ အပိုင်းအစ အပျက်အစီးတွေဖြစ်ပြီး နောက်တခုကတော့ အင်္ဂတေ အပိုင်းအစတွေပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မှတ်တမ်းတွေကောက်ယူ နေဆဲဖြစ်လို့ အကုန်လုံးကို မရှင်းလင်းရသေးပါဘူး။ ရှင်းလင်းရေးဆောင်ရွက်တဲ့အခါမှာလည်း အားလုံးနဲ့ ပူးပေါင်းပြီး တော့ စနစ်တကျ ဆောင်ရွက်မှာပါ။
အဲဒီအထဲမှာ ပါလာတဲ့ အနုပညာလက်ရာတွေကိုတော့ စနစ်တကျ မှတ်တမ်းတင်ပြီး ရှေးဟောင်းသုတေသန ပြတိုက်မှာ စနစ်တကျ သိမ်းဆည်းမှာပါ။ အုတ်ကျိုး အုတ်ပဲ့တွေကိုတော့ ဖြည်းဖြည်းပဲ ရှင်းလင်းသွားမှာပါ။
အစောပိုင်းက ရှင်းလင်းလိုက်တယ်ဆိုတာက ငလျင်ကြီးလှုပ်ပြီး ပြီးချင်း ဒါကြီးတခုလုံးကို ထိန်းဖို့က မလွယ်ပါဘူး။ ဒါ ကြောင့် မသိနားမလည်တဲ့ ဒေသခံတချို့ကလည်း ရှင်းလင်းဖို့ကိုပဲ ဆန္ဒစောပြီး လုပ်လိုက်ကြတာပါ။ နောက်တခုက နေရာတွေက တကွဲတပြားစီ ဖြစ်နေတော့ တချို့ မသိနားမလည်လို့ ရှင်းလင်းလိုက်တာတွေလည်း ရှိကောင်းရှိမှာပါ။
အလားတူပဲ တချို့ပြုတ်ကျသွားတဲ့ စိန်ဖူးတော်တွေကိုလည်း လာရောက် အပ်နှံထားတာတွေရှိပါတယ်။ အဲဒါတွေ အားလုံး ကို မှတ်တမ်းတင်ပြီးတော့ စနစ်တကျ သိမ်းဆည်းထားမှာပါ။
မေး။ ။ စေတီပုထိုးတွေကနေ ပြုတ်ကျ၊ ကွာကျသွားတဲ့ ပစ္စည်းတွေထဲမှာ တန်ဖိုးကြီးတဲ့ အရာတွေ ပါ၀င်တယ်လို့လည်း သိရပါတယ်။ မပျက်စီးပဲ ကျန်နေတဲ့ စေတီဘုရားတွေမှာလည်း ရှေးဟောင်းတန်ဖိုးရှိ ပစ္စည်းတွေ ရှိတယ်ဆိုတော့ အဲဒီ ပစ္စည်းတွေကို မပျောက်ပျက် သွားရအောင် ဘယ်လိုမျိုး ထိန်းသိမ်းထားပါလဲ။
ဖြေ။ ။ အဲဒီလို တန်ဖိုးရှိ ပစ္စည်းတွေ၊ ရတနာတွေကို မပျောက်သွားရအောင် ဘုရားတိုင်းမှာ လုံခြုံရေး အစောင့် အကျပ်တွေ ထားရှိပါတယ်။ ပျက်စီးသွားတဲ့ ဘုရားတွေကိုလည်းပဲ အန္တရာယ်ရှိတဲ့ နေရာအဖြစ်သတ်မှတ်ပြီးတော့ လုံခြုံရေး အစီအမံ တွေ ဆောင်ရွက်ထားပါတယ်။
မေး။ ။ ပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အဲဒီအတွက် ဘာတွေ ပြင်ဆင်နေတာတွေရှိပါလဲ။
ဖြေ။ ။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ၂၀၁၇ မှာ မူကြမ်း တင်သွင်းနိုင်ဖို့ ပြင်ဆင်နေတာတွေရှိပါတယ်။ မူကြမ်းတင်ပြီးရင် ၂၀၁၈ ဇန်နဝါရီလမှာ အချောတင်ဖို့ ဆောင်ရွက်နေပါတယ်။ ၂၀၁၈ မှာ အချောတင်ပြီးရင်တော့ ၂၀၁၉ ခုနှစ်မှာ ကျင်းပမည့် ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်ရေး ညီလာခံမှာ သတ်မှတ်ဆုံးဖြတ် ပေးကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်နဲ့ တပြေးညီ တင်ပြနိုင်ဖို့လည်း အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဆီမီနာတွေ ကျင်းပပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့အတွက် ယူနက်စ်ကို က တာဝန်ရှိသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။ အခုလည်းပဲ ငလျင်အပြီးမှာ ယူနက်စကိုက ကိုယ်စားလှယ်တွေ ရောက်နေပါပြီ။ သူတို့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွား မှာ ပါ။
မေး။ ။ ၂၀၁၈ မှာ အချောသတ် စာရင်းတင်သွင်းဖို့ သတ်မှတ်ထားပေမယ့်၊ အခုလှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် အချိန် နှောင့်နှေးတာမျိုး ဖြစ်သွားနိုင်ပါသလား။
ဖြေ။ ။ အဲဒီအတွက်တော့ အချိန် မနှောင့်နှေးသွားနိုင်ပါဘူး။ မူလက သတ်မှတ်ထားတဲ့ အချိန်အတိုင်းပဲ တင်သွင်းနိုင် အောင် ပိုမိုကြိုးပမ်း လုပ်ဆောင်သွားမှာပါ။ တကယ်လို့ အကြောင်းကြောင်းကြောင့် အချိန်နောက်ကျသွားရင်လည်းပဲ တနှစ်လောက် ပဲကြာမှာပါ။