မြန်မာနိုင်ငံ၏ အဓိက ဆန်ကုန်သွယ်မှု နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် ရေဘေးဖြစ်ပေါ်ခြင်းနှင့် မြန်မာနိုင်ငံဘက် မှ ဝင်လာသည့် ဆန်များကို တရုတ်ဘက်က ဖမ်းဆီးခြင်းများကြောင့် ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏ လျော့ကျလျက်ရှိသည်။ ပြည်တွင်း၌လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လယ်ဧကများ ပျက်စီးဆုံးရှုံးခဲ့ရပြီး လယ်စိုက် တောင်သူများတွင်အတွက် အခက်အခဲများ ရှိနေသည်။ ထို့ကြောင့် ပြည်ပသို့ ဆန်တင်ပို့နေသည့် အခြေအနေနှင့် ပြည်တွင်းတွင် ရေလွှမ်းမိုးခံရသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းကို ဧရာဝတီသတင်းဌာန သတင်းထောက် မေစိုးစံက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ လက်ရှိအချိန်မှာ ပြည်ပကို ဆန်တင်ပို့မှု လျော့ကျနေတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ သိပါရစေ။
ဖြေ။ ။ ဒီနှစ် ကျနော်တို့ဆီက ပြည်ပတင်ပို့မှုကို ပြန်ကြည့်ရင် တရုတ်နိုင်ငံကို ၈၀ ရာခိုင်နှုန်းလောက် သွားတယ်။ နောက်ပြီး အာဖရိကကို သွားတယ်။ တရုတ်နိုင်ငံကို သွားတာက ဒီနှစ်မှာတော့ တရုတ်ဘက်က ရွှေလီမြစ် ရေလျှံတော့ သူက အရင် ရေကြီးတယ်။ ဒီဘက်က နယ်စပ်ကနေပို့ရာမှာ လမ်းကြောင်းတွေ ပျက်တဲ့အတွက် ပို့ရတာ ကြာသွားတယ်။ ပြီးခဲ့တဲ့ ၂ ပတ်၊ ၃ ပတ်လောက်ကပြီး တရုတ်ဘက်က အဖမ်းအဆီးများတဲ့အတွက် လက်ရှိ တရုတ်နိုင်ငံကို ပို့ရတာ ခက်ခဲတဲ့ အနေအထား ရှိတယ်။
ပြည်ပတင်ပို့မှုနဲ့ ပြောရရင် ဒီနှစ်မှာ ဆန်နဲ့ ဆန်ကွဲကို အကြမ်းဖျဉ်း တန်ချိန် ၄ သိန်းခွဲလောက်ပို့ပြီးပြီ။ ပြီးခဲ့တဲ့နှစ်က ဒီအချိန်မျိုးဆို တန်ချိန် ၆ သိန်း လောက် ပို့ခဲ့တယ်။ ၂ သိန်းလောက် လျှော့နည်းနေတာ တွေ့ရတယ်။ ပြည်ပပို့တာ ကျ တာလည်း ကောင်းပါတယ်။ ဒီမှာလည်း ရေကြီးနေတဲ့အချိန်ဆိုတော့။ မနှစ်ကတော့ ဆန်စျေးတက်တယ်။ ဒီနှစ်ကတော့ ဆန်စျေးက မတက်ဘူး။ ဆန်လှူတဲ့သူလည်း ဒီနှစ် သိပ်မထွက်သလို တရုတ်ဘက်ကိုလည်း ဆန်မထွက်တဲ့ အတွက် ဆန်စျေးလည်း မတက်ဘူး။ လက်ရှိအနေအထားက ကောင်းတဲ့သဘောမျိုး ဖြစ်နေတယ်။
မေး။ ။ တရုတ်ကို ပို့တဲ့ပမာဏကလည်း ကျနေတာဆိုတော့ ဆန်ရဲ့ စျေးကွက်ရရှိမှုက ဘယ်လိုရှိပါလဲ။
ဖြေ။ ။ စျေးနှုန်းက တရုတ်က ပိုကိုက်ပါတယ်။ အခု ၁ တန်ကို ဒေါ်လာ ၄၀၀ လောက်ရတယ်။ ကားလိုင်းနဲ့ သွားတော့ သယ်ယူပို့ဆောင်ခတော့ စျေးကြီးတာပေါ့။ လက်ရှိ တရုတ်ကို ရောင်းတဲ့အနေအထားမှာ ကုမ္ပဏီကြီးတွေ ထက်စာရင် အသေးစားနဲ့ အလတ်စားတွေက အလုပ်ဖြစ်တယ်။
မေး။ ။ ပြည်ပကို တင်ပို့ဖို့အတွက် အခြား ဘယ်နိုင်ငံတွေနဲ့ စာချုပ်တွေ ပြုလုပ်ထားတာရှိလဲ။
ဖြေ။ ။ တရုတ်နဲ့က မနှစ်က တန်ချိန် ၁ သိန်း တရားဝင်တင်ပို့တဲ့စာချုပ်ကို ချုပ်ခဲ့တယ်။ ပြည့်သွားပြီ။ ဒီနှစ်မှာ တရားဝင် တန်ချိန် ၄ သိန်း စာချုပ်ချုပ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ တရုတ်နဲ့ ညှိနှိုင်းထားတာဆိုတော့ ဆန်က နယ်စပ်က ၂ သိန်း၊ ပင်လယ်ရေကြောင်းက ၂ သိန်း တင်ပို့နိုင်အောင် ညှိနှိုင်းနေတယ်။ အခွန်သက်သာအောင်လို့။ တရုတ်ကို ဆန်တင်ပို့တဲ့အခါမှာ ၃၇ ရာခိုင်နှုန်း ကောက်တယ်။ ဒါတွေကို တင်ပြထားတယ်။ အင်ဒိုနီးရှားကိုလည်း တင်ပို့ထားတာရှိတယ်။ သူနဲ့က တန်ချိန် ၃သိန်း လောက်ကိုလာမယ့် စက်တင်ဘာလဆန်းထဲမှာ ထပ်ပြီးတော့ တင်ပို့နိုင်အောင် စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးနဲ့ အင်ဒိုနီးရှားဘက်နဲ့ပြောသွားဖို့ ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံ နဲ့ကလည်း စျေးနှုန်းအရ သူတို့ပေးမယ့် စျေးနဲ့ ကျနော် ပေးမယ့်စျေးက ကွာဟချက်ရှိနေတယ်။ ကင်ညာနိုင်ငံကလည်း ကမ်းလှမ်းထားတာ ရှိတယ်။
မေး။ ။ ဥပရောပ သမဂ္ဂ (EU) စျေးကွက်ကို ဆန်တင်ပို့မှု အခြေအနေက ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ဥပရောပကနေ မြန်မာနဲ့ ကမ္ဘောဒီးယားကို GSP အထူး ကုန်သွယ်ခွန်ကင်းလွတ်ခွင့် ပေးထားတယ်။ အီးယူ စျေးကွက်က လက်ရှိ အချိန်မှာ ဆန်ကွဲ တခုပဲ သွားနေတယ်။ တန်းမြင့်ဆန်ကို မပို့နိုင်ဘူး။ ပြည်တွင်းမှာ ပေါ်ဆန်းစျေးက မြင့်တယ်။ ဘယ်လိုမှ ပို့လို့မရဘူး။ ဒီမှာက ပြည်တွင်းမှာ တန်းမြင့်ဆန်စျေးတွေက မြင့်တယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ များတယ်။ ကမ္ဘာမှာ ဆန်စျေးက ကျချင်တယ်။ ကိုယ့်ဆီက ဆန်စျေးက တက်ချင်နေတယ်။ ပေါ်ဆန်းကို ရောင်းမယ်ဆိုရင် တတန်ကို ဒေါ်လာ ၁၀၀၀ လောက် ရောင်းမှရမယ်။ ကွာလတီကလည်း မထိန်းနိုင်။ စိုက်တာက မျိုးကွဲတွေကများတဲ့အတွက် အင်နဲ့ အားနဲ့ ရောင်းလို့ မရဘူး။
မေး ။ ဒီနှစ်မှာ ဆန်တင်ပို့မှု ဘယ်လောက်အထိ ခန့်မှန်းထားလဲ။
ဖြေ။ ။ ဒီနှစ်ကလည်း မနှစ်ကလို တန်ချိန် ၁ ဒသမ ၃ သန်း ခန့်မှန်းထားတယ်။ ဒါပေမယ့် ကျသွားရင်လည်း အနည်းဆုံး ၁ သန်း ၀န်းကျင်လောက် ပို့နိုင်မယ်လို့ ခန့်မှန်းတယ်။
မေး။ ။ အရန်ဆန်ထားဖို့ စီးပွားကူးသန်းက ဘက်ဂျက်မရှိဘူးလို့ ပြောထားပါတယ်။ အဲဒီအပေါ်မှာ ဒေါက်တာ စိုးထွန်းရဲ့ အမြင်ကို သိပါရစေ။
ဖြေ။ ။ အရန်ဆန်စပေါ်တာ ၂၀၁၂ ခုနှစ်မှာ စပါးစျေး ၂ သိန်းခွဲဖြစ်လို့ ဖြစ်ပေါ်လာတာဖြစ်တယ်။ အရန်ဆန်လို့ ခေါင်းစဉ် တပ်ထားသော်လည်း ကုန်စျေးနှုန်းတာည်ငြိမ်ရေးကို ဦးစားပေးလုပ်ခဲ့တာ။ လိုအပ်လာရင် သဘာဝဘေးအန္တရာယ် ဖြစ်လာ ရင် ထုတ်ပေးနိုင်ဖို့ပါ။
လိုလား မလိုလားက လာမယ့် အောက်တိုဘာလောက်ဆို သိရမှာပေါ့။ ဆန်စျေးနှုန်း၊ စပါးစျေးနှုန်း ကျရင်တော့ ဘယ်လိုလုပ်မလဲ စဉ်းစားကြမှာပေါ့။ အောက်တိုဘာ၊ နိုဝင်ဘာမှာ အခြေအနေကောင်းရင် မလိုဘူးပေါ့။ လယ်သမားတွေ ငိုပြီဆိုရင်တော့ ဖြစ်လာနိုင်တာပေါ့။ စပါးစျေးက ပြီးခဲ့တဲ့နှစ်က စပါးက ၆ သိန်းလောက် အကြမ်းဖျင်း စျေးပေါက်တယ်။ အခု မှန်းတာက အကြမ်းဖျင်း ၅ သိန်းလောက်မှန်းတယ်။ ၅ သိန်းအောက်ကျရင် ဘယ်လို ထိန်းသွားမလဲ ဆိုတာတော့ ရှိမှာပါ့။
မေး။` ။ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် လက်ရှိ ဆန်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ ရေကြီးရေလျှံမှုကို ကြုံတွေ့နေတာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ရှိနေပြီ။ ပထမ တုန်းက ဧရာဝတီတိုင်းက များခဲ့ပြီး မနှစ်ကစပြီး အလယ်ပိုင်းနဲ့ အညာပိုင်းတွေမှာ ဖြစ်ပေါ်လာခဲ့တယ်။ ဒီလို အခြေအနေကြောင့် လယ်သမားတွေအနေနဲ့ စပါးတွေပျက်ဆုံးမှုတွေရှိတယ်။ လယ်တဧကကို ကုန်ကျစရိတ်က ၂ သိန်း၊ ၂သိန်းခွဲ လောက်ကုန်တယ်။ တချို့ကျတော့ အားလုံးပျက်စီးတယ်။ တချို့တွေမှာ အထွက်နှုန်းကျသွားတယ်။ တချို့ကတော့ ပြန်လည် ထိန်းသိမ်းဖို့အတွက် မြေသြဇာ ထပ်ထည့်ရတာရှိတယ်။
အဲဒါကြောင့်မို့ ပြဿနာရှိတယ်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ လယ်သမားတွေအနေနဲ့ အကြွေးပြန်မဆပ်နိုင်တာရှိတယ်။ စိုက်ဘဏ်အကြွေး၊ သမအကြွေး၊ ပုဂ္ဂလိကအကြွေး၊ အစိုးရအကြွေးတွေရှိတယ်။ လယ်သမားတွေ ဒီသံသရာကနေ မတက်နိုင်တဲ့အကြောင်းက သဘာဝဘေး အန္တရာယ်ကြောင့်လည်း ပါနေတယ်။
တိုင်းပြည်နဲ့ပြောရင် စိုက်ဧကကို ပြန်ကြည့်ရမယ်။ မိုးစပါးက ၁၆ သန်း၊ နွေစပါးက ၃ သန်း အကြမ်ဖျဉ်း ၁၉ သန်း ရှိတဲ့အထဲမှ ပျက်စီးတာက နှစ်တိုင်းတော့ ဧက ၃ သိန်း၊ ၂ သိန်း လောက် ပျက်တယ်။ မနှစ်က ၅ သိန်း လောက်အထိ ရေမြုပ်တာရှိတယ်။ ရာခိုင်နှုန်းနဲ့တွက်ရင် ၁ ရာခိုင်နှုန်းလောက်ရှိတယ်။
မေး။ ။ လာမယ့် မိုးစပါးပေါ်ချိန်မှာရော ဘယ်လို အခက်အခဲတွေ ရှိလာဦးမလဲ။
ဖြေ။ ။ ပြဿနာက လာမယ့် အောက်တိုဘာလ ကနေစပြီး မိုးစပါး ဆန်သစ်ပေါ်မယ့်အချိန်မှာတော့ ပြဿနာ ရှိတယ်။ လက်ရှိမှာက ဆန်လက်ကျန်များတယ်။ တနည်းအားဖြင့် ပြောရရင် ငွေလက်ကျန် နည်းတယ်။ ကျတော်တို့ စိုးရိမ်တာက အောက်တိုဘာ ၊နိုဝင်ဘာ၊ ဒီဇင်ဘာတွေမှာ မိုးစပါးပေါ်ချိန် စပါးစျေး ကျသွားနိုင်တဲ့ အနေအထားကို စိုးရိမ်တယ်။ သတိထား ရမယ်။ ငွေကြေး လိုအပ်ချက်များတယ်။ အခု စိုက်ဘဏ်က ချေးထားတာတောင်မှ ကျပ် ဘီလီယံ ၁၇၀၀ ရှိတယ်။
မေး။ ။ ရေကြီးနစ်မြုပ်မှုဒဏ်ခံစားခဲ့ရတဲ့ တောင်သူတွေကို ဘယ်လို ပံ့ပိုးပေးဖို့ စီစဉ်ထားတာရှိလဲ။
ဖြေ။ ။ လက်ရှိအနေအထားက အများကြီးတော့ ပံ့ပိုးလို့တော့ မရနိုင်ဘူး။ မျိုးစပါးနဲ့ ပတ်သက်ရင်လည်း အလကားတော့ မပေးနိုင်ဘူး။ အကြွွေးဝယ်တဲ့စနစ်နဲ့ပဲ ဆောင်ရွက်ပေးနိုင်မယ်။ အစိုးရပိုင်းအနေနဲ့လည်း မျိုးစပါးပ့ံပိုးပေးဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်။