ကုလသမဂ္ဂအနေနဲ့ လက်တွေ့မှာ ဘယ်လောက် ကောင်းကောင်းလုပ်နိုင် သလဲဆိုတာ စစ်ဆေးနေတဲ့ နေရာ

ဧရာဝတီ
သမိုင်းပညာရှင်၊ ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ (YHT) ကို တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦး / ဂျေပိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟာ နေပြည်တော်မှာ ကျင်းပတဲ့ ၅ ရက်ကြာ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်နေပါတယ်။ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သမိုင်းပညာရှင်၊ ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ (YHT) ကို တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးကို မြန်မာ့ အကူးအပြောင်းကာလ ပစ္စုပ္ပန်နဲ့ အနာဂတ် ကာလတွေမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဧရာဝတီက မေးမြန်းထားပါတယ်။

မေး။ ။ ၂၀၁၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲကို တွေ့မြင်နေရတယ်။ အဲဒီမတိုင်မီက ကုလသမဂ္ဂ အပါအဝင် ပြည်ပက စစ်အစိုးရကို စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုလုပ်ဖို့၊ ပြည်တွင်းစစ် ရပ်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးမှာ ပြည်သူတွေ ပါဝင်နိုင်ဖို့ တိုုက်တွန်းခဲ့ကြသလို၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာလည်း မြန်မာပြဿနာကို မကြာခဏ ဆွေးနွေးကြတယ်။ အခုတော့ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ရွေးကောက်ခံအစိုးရရဲ့ ဦးဆောင်မှု အောက်ရောက်ခဲ့ပြီ။ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂဟာ ဆက်ပြီး ဘယ်အခန်းကဏ္ဍက ပါဝင်နိုင်ပြီး ဘယ်အခန်း ကဏ္ဍက ပါဝင်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ၁၉၉၁ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ပထမဆုံး နိုင်ငံတခုတည်းနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်တခုကို ချမှတ် ပြီးနောက် မြန်မာနဲ့ ကုလသမဂ္ဂကြားမှာ ထူးဆန်းတဲ့ ဆက်ဆံရေးတခု ရှိလာတယ်။ ကုလသမဂ္ဂဟာ ကမ္ဘာ့ ဘယ်နေရာမှာမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုမှာ ဒီလောက်ကြာကြာ ပါဝင် ပတ်သက်တာမျိုး မရှိခဲ့ဘူး။

အဲဒီအချိန်က စပြီးနှစ်စဉ် နှစ်စဉ် ဆုံးဖြတ်ချက်တခု အမြဲချမှတ်ခဲ့သလို၊ အထွေထွေ အတွင်းရေးမှူး အဆက်ဆက် သူတို့ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရုံးတွေကို ဦးဆောင်ဖို့ အဆင့်မြင့်အရာရှိတွေကို ခန့်အပ်လာကြတယ်။ ၁၉၉၀ ခုနှစ် ကစလို့ လူ့ အခွင့်အရေး ကော်မရှင်ရဲ့ နှစ်စဉ် ဆုံးဖြတ်ချက်တွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူး သံတမန်တွေ ထားရှိလာခဲ့တယ်။ ပြီးတော့ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် ကုလသမဂ္ဂ လူသားချင်း စာနာမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေလည်း နှစ်ပေါင်းများစွာ အကြီးအကျယ် ဖြတ်တောက်ခဲ့တယ်။

ဒီနှစ်တော့ ကုလရဲ့ နှစ်ပတ်လည် ဆုံးဖြတ်ချက် မရှိလောက်ဘူး ထင်တယ်၊ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း တော်တော်များများကို ရုပ်သိမ်းထားပြီးပြီ။ လာမည့် ဇန်ဝါရီလမှာလည်း အထွေထွေ အတွင်းရေးမှူးသစ်ကိုလည်း ခန့်အပ်ကြဦးမယ်။ ကျနော်တို့မှာ နှိုင်းယှဉ်ချက်အားဖြင့် အစိုးရသစ်ရှိ လာပြီ နိုင်ငံအနေ နဲ့လည်း နိုင်ငံတကာ ဘာဏ္ဍာရေး အဖွဲ့အစည်းတွေဆီက အပါအဝင် အကူအညီတွေ ပိုပိုပြီး ရလာနေတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် မဟာဗျူဟာ ပတ်ဝန်းကျင်သစ် ဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဆန်းသစ်တဲ့ တွေးခေါ်မှု လိုအပ်တဲ့ အခြေအနေဖြစ်တယ်။

မြန်မာနိုင်ငံဟာ အင်အားကြီး နိုင်ငံတွေ အပါအဝင် နိုင်ငံအားလုံးနဲ့ မိတ်ဆွေ မဖြစ်နိုင်စရာအကြောင်း လုံးဝမရှိဘူး၊ သမားရိုးကျ ဘက်မလိုက် မူဝါဒတွေကိုထားခဲ့ပြီး၊ မြန်မာနဲ့ ကမ္ဘာတလွှား နိုင်ငံတွေအကြား ခိုင်မာထူးခြားတဲ့ ဆက်ဆံရေး ရှိတဲ့ ရှင်သန်လှုပ်ရှားနေတဲ့ ဘက်စုံမဟာမိတ်ဖွဲ့ရေး မူဝါဒတွေဆီကို ပြောင်းဖို့ အချိန်ရောက်ပါပြီ၊ ဒီအပြန်အလှန် ဆက်ဆံရေး တွေဟာ အရမ်း အရေးပါပါလိမ့်မယ်။ ဒါပေမယ့် ကုလသမဂ္ဂနဲ့ မှန်ကန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာလည်း အရေးကြီး ပါတယ်။

ရွေးချယ်စရာတွေ ကတော့များတယ်၊ ဒါပေမယ့် လူထုအမြင်နဲ့ ထိတွေ့ဆက်ဆံဖို့က အဓိက အစိတ်အပိုင်း တခုဖြစ်မယ်လို့ ထင်တယ်။ တိုင်းပြည်က ပြုပြင်ပြောင်းလဲရေးရဲ့ အရေးပါတဲ့ ကာလတခုကို ရောက်နေပြီ။ လူထုအမြင်တွေကို ပုံဖော်နေကြတယ်။ လူတွေ အထူူးသဖြင့် လူငယ်တွေဟာ အသစ်တွေကို လေ့လာဖို့ မယုံကြည်နိုင် လောက်အောင်ဘဲ စိတ်ဝင်စားနေကြတယ်။ ကုလသမဂ္ဂဟာ ဒီတိုင်းပြည် ကြုံတွေ့နေရတဲ့ ရွေးချယ်စရာတွေ၊ ပြည့်မီရမယ့် နိုင်ငံတကာ စံနှုန်းတွေကို လူတွေကို ပိုမို နားလည်လာအောင် ကူညီနိုင်မယ်လို့ ကျနော် ထင်တာပဲ။ အဲဒီမှာ လူ့အခွင့်အရေး စံနှုန်းတွေ၊ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးတွေနဲ့ နိုင်ငံရေး အခွင့်အရေးတွေလည်း ပါဝင်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကူးအပြောင်းက မပြီးသေးဘူး၊ နယ်ပယ်အများအပြားမှာ အကူအညီတွေ လိုနေတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အေဂျင်စီတွေမှာရော ဌာနချုပ်မှာပါ အရှိန်အဟုန်နဲ့ စိတ်ဝင်စားမှု လျှော့ကျနေတယ် ဆိုတဲ့ အမြင်တချို့ ရှိနေတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံဟာ နည်းလမ်းများစွာနဲ့ ကုလသမဂ္ဂအတွက် ပြီးပြည့်စုံတဲ့ နိုင်ငံဖြစ်နေတယ်။ ဒီနိုင်ငံဟာ ကုလသမဂ္ဂက အမြဲ ပြောနေတဲ့ ရာသီဥတု ပြောင်းလဲမှုကနေ ကူးစက်ရောဂါပျံ့နှံ့မှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ လူ့အခွင့်အရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုတွေ စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်။

မြန်မာနိုင်ငံဟာ အကူအညီ လိုနေပေမယ့် ပြင်ပက အကူအညီ သိပ်များများ မလိုတဲ့ အလွန်ကြီးမားတဲ့ အလားအလာရှိတဲ့ နိုင်ငံပါ။ အင်အားကြီး နိုင်ငံအားလုံးက မြန်မာနိုင်ငံ အောင်မြင်တာ မြင်လိုကြတယ်။ ကုလ သမဂ္ဂကသာ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်အောင် မလုပ်နိုင်ရင် ဘယ်နေရာမှာ လုပ်နိုင်မယ်ဆိုတာ စဉ်းစားလို့တောင် မရတော့ဘူး။ ကျနော့် အမြင်မှာတော့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအနေနဲ့ သူတို့ လုပ်ဆောင်ဖို့ ရည်ရွယ် ကြေညာထားတဲ့ အထဲက ဘယ်ကိစ္စကို မဆို လက်တွေ့မှာ ဘယ်လောက် ကောင်းကောင်းလုပ်နိုင် သလဲဆိုတာ စစ်ဆေးနေတဲ့ နေရာတခုပဲ။

ပြဿနာတခုက အမျိုးမျိုးသော နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြားရပ်တည်မှုတွေမှာ ကုလသမဂ္ဂရဲ့ ရှင်းလင်းပြီး မဟာဗျူဟာ အဖြစ် စုစည်းပေးနိုင်တဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ချက်တွေ ကုလသမဂ္ဂ စနစ်ထဲမှာ ကင်းမဲ့နေတာ ဖြစ်တယ်လို့ ကျနော် ထင်တယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ရှုမြင်ရာမှာ လက်နက်ကိုင်ပဋိပက္ခကနေ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအထိ ဘက်စုံဆက်စပ်ရှုမြင်တဲ့ နည်းလမ်းနဲ့ ရှုမြင်ဖို့ အရေးကြီးတယ်။ ဒီတပတ် အထွေထွေ အတွင်းရေးမှူး လာရောက်တဲ့ အခါ ပြဿနာ စာရင်းကို ပြောပြတာလောက်၊ ဒါမှမဟုတ် အထင်အရှား ဖြစ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး ရေးကိစ္စပြောတာလောက် မဟုတ်ဘဲ ဒီကိစ္စတွေ အပြန်အလှန် ချိတ်ဆက်နေတဲ့ နည်းလမ်းတွေကို အမှန်တကယ် ရှာဖွေ တာတို့ မူသဘောသာမက လက်တွေ့အရပါ ရှေ့ဆက်ဖို့ နည်းလမ်းတွေကို အကြံပြုတာတို့ လုပ်မယ်လို့ မျှော်လင့်ပါတယ်။

မေး။ ။ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း အချင်းချင်း ညှိုနှိုင်းဆောင်ရွက်မှု ကင်းမဲ့တာတွေ မအောင်မြင် ထိရောက်မှု မရှိတာတွေ အပါအဝင် အခြားဖွံ့ဖြိုးဆဲ နိုင်ငံတချို့မှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ အပေါ် မကြာခဏ ဝေဖန်မှုတွေကို အလေးအနက်ထားပြီး မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ အေဂျင်စီတွေဟာ သန်းပေါင်းများစွာသော သာမန် မြန်မာပြည် သူတွေရဲ့ ဘဝတိုးတက်စေဖို့ ဘယ်အခန်းကဏ္ဍက ပါဝင်နိုင်ပါသလဲ။

ဖြေ။ ။ ကုလသမဂ္ဂ အေဂျင်စီတွေ၊ ရန်ပုံငွေတွေနဲ့ အစီအစဉ်တွေ အများအပြားဟာ တော်တော်ကောင်းကောင်း လုပ်ဆောင်နေတယ် ဆိုတာတော့ သေချာပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုမှာ စိန်ခေါ်မှုတွေ ရှိနေတာ အံ့သြစရာ မဟုတ်သလို ဒါဟာ တကမ္ဘာလုံးက ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အတွက် အမှန်ဖြစ်နေတာပါပဲ။ ၂၀၀၀ ပြည့်နှစ်များ ပတ်ဝန်းကျင်က ကုလသမဂ္ဂမှာ ကျနော် နောက်ဆုံး လုပ်ခဲ့တဲ့ အလုပ်တွေထဲက တခုက ကုလသမဂ္ဂကို ပြုပြင် ပြောင်းလဲဖို့ ပါ။ နောက်တော့ ကျနော် ကုလသမဂ္ဂက ထွက်ပြီး မြန်မာနိုင်ငံမှာ တစိတ်တပိုင်းအားဖြင့် ပြုပြင်ပြောင်လဲရေးဟာ ပိုပြီး လွယ်ကူလိမ့်မယ် ထင်တာကြောင့် ကျနော် မြန်မာနိုင်ငံကို ပြန်လာတယ်။

အရေးကြီးတာက မြန်မာနိုင်ငံရဲ့အခြေအနေကို အပြည့်အဝနားလည်ပြီး ကုလသမဂ္ဂရဲ့ အကူအညီကို ပုံစံချဖို့ပါ။ မြန်မာ ဟာ ဆင်းရဲတဲ့နိုင်ငံဖြစ်ပေမယ့် မှန်ကန်တဲ့ မူဝါဒတွေနဲ့ဆို နိုင်ငံရဲ့စီးပွားရေးဟာ ကိန်းဂဏန်း ၂လုံး တိုးတက်နိုင်ပြီး နှစ်ပိုင်း အတွင်း အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံဖြစ်လာနိုင်တယ်။

မြန်မာနိုင်ငံဟာ ဘဏ္ဍာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့နဲ့ မြေအသုံးချမှု၊ မြေပိုင်ဆိုင်ခွင့်ကို ပြန်သုံးသပ်ဖို့ အလျင်အမြန် လိုတယ်။ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ပြည်ပက ဒေါ်လာဘီလျံ ဆယ်ပေါင်း များစွာအပါ အဝင် ဒေါ်လာဘီလျံ ၁၀၀ လောက် လိုနေတဲ့ နိုင်ငံဖြစ်တယ်။ ဆက်သွယ်ရေးဖွံ့ဖြိုးတိုက်းတက် ပြောင်းလဲမှုရဲ့ အလယ်ဗဟိုမှာလည်း ရောက်နေတယ်။ ခရီးသွား ကဏ္ဍကတော့ နှစ်စဉ်ခရီးသည် သန်းချီ တိုးလာနိုင်တယ်။ ကုလသမဂ္ဂ အေဂျင်စီတွေ၊ ရန်ပုံငွေတွေနဲ့ အစီအစဉ်တွေဟာ ဒီလိုအခြေအနေတွေမှာ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရနဲ့ လူမှုအခြေပြုအဖွဲ့တွေနဲ့ အတူ အလုပ်လုပ်ပြီး သူတို့ လုပ်ပေး နိုင်တာတွေ ကို ရှင်းရှင်းလင်းလင်း သိထားရမယ်။

မေး။ ။ ငြိမ်းချမ်းရေး တည်ဆောက်တာနဲ့ ပြည်တွင်းစစ် အဆုံးသတ်တာဟာ NLD အစိုးရရဲ့ ဦးစားပေးအစီအစဉ် ဖြစ်သလို တရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍက ပါဝင်တာလည်း ထင်ရှားတယ်။ အထွေထွေ အတွင်းရေးမှူးဘန်ကီမွန်းဟာ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်နေပြီး သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး ဗီဂျေး နမ်ဗီယာလည်း အခုငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေပါပြီ။ ဒါပေမယ့် သူ့အကြောင်း ကျနော်တို့ သိပ်မကြားရဘူး။ ဦးသန့်မြင့်ဦးရဲ့အမြင်မှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့ မဟာဗျူဟာက ဘာလဲ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ ကုလသမဂ္ဂဟာ ငြိမ်းချမ်းရေး တည်ဆောက်တာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီး ရှိပြီး မြန်မာနိုင်ငံလို အခြေအနေတွေမှာ ကူညီဖို့ ပြင်ဆင်ထားတဲ့ Peacebuilding Fund နဲ့ Mediation Support Unit တို့လို နယူးယောက်မှာ ရုံးတွေ၊ ယန္တရားတွေ အများကြီးရှိတယ်။ ကုလသမဂ္ဂ အနေနဲ့ အခုချိန်အထိ အကန့်အသတ်နဲ့ အရမ်းကြီး အရေးမပါတဲ့ အခန်းကဏ္ဍကပဲ ပါဝင်ဖို့ ရွေးချယ်ထားတာကို နားလည်နိုင်ပါတယ်။ ရှေ့လာမယ့်လတွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လိုဖြစ်ပေါ် တိုးတက်လာသလဲ ဆိုတာပေါ်မှာ မူတည်ပြီး ကုလသမဂ္ဂဟာ ရှေ့ဆက်ဖို့ ဘယ်လို အကောင်းဆုံး ကူညီမယ် ဆိုတာနဲ့ ပတ်သက်ပြီး ရွေးစရာ စာရင်းတခုပေးလာကောင်း ပေးလာနိုင်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ သော့ချက်က သမားရိုးကျ သံခင်းတမန်ခင်းနဲ့ မစဉ်းစားဘဲ အများကြီး ပိုမိုကျယ်ပြန့် ရှုပ်ထွေးတဲ့ အကူးအပြောင်းကာလရဲ့ အစိတ်အပိုင်းအဖြစ် စဉ်းစားဖို့ပါ။ တိုက်ပွဲဖြစ်တဲ့နေရာ အခြေခံအားဖြင့် ပြောရရင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဟာ ဧရိယာအားဖြင့် ဗြိတိန်နိုင်ငံလောက် ကျယ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရ၊ မြေသိမ်းယူခံရ၊ တရားမဝင် ကုန်သွယ်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးမှုတွေနဲ့ ပုံသွင်းခံထားရတဲ့ နေရာပေါ့။ လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတာဟာ ဘက်ပေါင်းစုံ ပါဝင်တဲ့ ပြဿနာထဲက တခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆန်းသစ်ထိုးဖောက် စဉ်းစားနိုင်အောင်၊ ပြဿနာတွေကို ပြန်လည်မူဘောင် ချနိုင်အောင်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ လူ့အခွင့်အရေးနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေကို ဘယ်လို ချိတ်ဆက်နိုင်တယ်၊ ချိတ်ဆက်သင့်တယ် ဆိုတာကို အကြံပေးပြီး ကုလသမဂ္ဂ ကူညီသင့်ပါတယ်။

မေး။ ။ NLD အစိုးရလက်ထက် အကူးအပြောင်း ဖြစ်စဉ်မှာ ကုလသမဂ္ဂ အနေနဲ့ ဘယ်အခန်းကဏ္ဍက ပါဝင်စေချင် ပါသလဲ။

ဖြေ။ ကုလသမဂ္ဂဟာ အများပြည်သူ ဆွေးနွေးမှုတွေကို နိုင်ငံတကာမှာ တွေ့ရတဲ့ အတွေ့အကြုံတွေအတိုင်း မြန်မာနိုင်ငံမှာလည်း စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့ ကူညီပုံဖော်ပေးနိုင်တဲ့ အစိုးရရဲ့ အဓိက မဟာမိတ်ဖြစ်နိုင်ဖို့ မျှော်လင့်ပါ တယ်။

မြန်မာနိုင်ငံဟာ ကိုယ့် ခန္ဓာကိုယ် အလေးချိန်ထက် ပိုတဲ့ဝိတ်တန်းကို တက်ထိုးပြီး ကုလသမဂ္ဂရဲ့ ကမ္ဘာတဝှန်းက ဆွေးနွေး ပွဲတွေနဲ့ လှုပ်ရှားမှုတွေမှာ အများကြီး ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍတခုယူဖို့ စတင်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာဟာ တရုတ်နဲ့ အန္ဒိယကြားက နိုင်ငံငယ်လေးမျှသာ မကဘဲ ရာသီဥတုပြောင်းလဲမှုလို ပြဿနာတွေမှာ ခေါင်းဆောင်မှုနေရာ ယူပြီး ကမ္ဘာ့ဇာတ်ခုံမှာ အကျိုးပြုသင့်တယ်။

မေး။ ။ အရင်က ကုလသမဂ္ဂ အကြီးအကဲဟောင်း နိုဗဲလ်ဆုရှင် ကိုဖီအာနန်က အဖွဲ့ဝင် ၉ ဦးပါ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ကို ဦးဆောင်မယ်လို့ မကြာသေးမီက ကြေညာတယ်။ ဒါကို အများက ကြိုဆိုပေမယ့် ရခိုင် အသိုင်းအဝန်းက ဝေဖန်မှုတွေ ကြားနေရတယ်။ ဒါနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ဒါဟာ အကြံပေးအဖွဲ့ပဲ ဖြစ်ပြီး ကော်မရှင်ဟာ ရှေ့နှစ်မှာ အသုံးဝင်တဲ့ ထောက်ခံတင်ပြမှုတွေကို ပေးမှာကို သံသယမဖြစ် ပါဘူး၊ ဒါပေမယ့် ဒီကော်မရှင်ဟာ ဆတ်ဆတ်ထိ အမှားမခံနိုင်တဲ့ မိုင်းကွင်းတွေမှာ လမ်းရှာရမှာ။ ရေရှည် တိုးတက်မယ့် လမ်းကြောင်းမှာ လိုအပ်တဲ့ နိုင်ငံတွင်းနဲ့ ဒေသတွင်း အပြန်အလှန် ဆွေးနွေးပွဲတွေနဲ့ အစားထိုးအဖွဲ့ ဆိုတဲ့ အမြင်မျိုး အကြံပေးအဖွဲ့ကို မမြင်စေသင့်ပါဘူး။

ဒီကော်မရှင်ဟာ ပါဝင်ပတ်သက်နေတဲ့ လူ့အခွင့်အရေး ပြဿနာတွေကို သာမက အငြင်းပွားနေတဲ့ ဒေသရဲ့ သမိုင်းနဲ့ ဒီဒေသရဲ့ စီးပွားရေး အလားအလာတွေကိုပါ ရှင်းရှင်းလင်းလင်း မြင်ဖို့ အရေးကြီးတယ်။

အခုရခိုင်လို့ အင်္ဂလိပ်လို ရေးပြီး အရင်က ‘အာရကန်’ လု့ိရေးတဲ့ ပြည်နယ်ဟာတချိန်က မြန်မာနိုင်ငံမှာ သာမက အာရှရဲ့ အချမ်းသာဆုံး ဒေသတွေထဲက တခုဖြစ်ခဲ့တယ်။ Akyab လို့ သိခဲ့ကြတဲ့ ဒီနေ့စစ်တွေဟာ ပီနန်တို့၊ ကွာလာလမ်ပူ တို့လို နိုင်ငံတကာမြို့ကြီးပဲ။ လန်ဒန်၊ မဲလ်ဘုန်းတို့နဲ့ တိုက်ရိုက် လေယာဉ်ခရီးစဉ် ရှိခဲ့တယ်။ ချမ်းသာကြွယ်ဝသူတွေက သူတို့ ရင်သွေးတွေကို အောက်စဖို့ဒ်နဲ့ ကင်းဗရစ်ဂျ်ကို ပို့ခဲ့ကြတယ်။ အာရကန် ပြည်သူတွေကတော့ နှစ် ၇၀ လောက် သူတို့ရဲ့ စီးပွားတွေ ဆယ်စုနှစ်အလိုက် ပျက်စီးတာတွေ့ခဲ့ရတယ်။

တဖက်က ကြည့်ပြန်တော့ ဒဏ္ဍာရီဆန်တဲ့ စီးပွားရေး အလားအလာက ရှိနေတယ်။ စီးပွားရေးဖွံ့ဖြိုးမှုဟာ အဖြေ မဟုတ် ဘူး။ ဒါပေမယ့် လူမှု အသိုင်းအဝန်းတွေကို ရလဒ်ကောင်းတွေ အလျင်အမြန် မျှဝေနိုင်ပေးမယ့် စီးပွားရေး အမြင်သစ် မရှိရင်၊ ရေရှည်ဖွံ့ဖြိုးဖို့ မဟာဗျူဟာ မရှိရင်၊ အခြေအနေ ဘယ်လောက် ကောင်းလာလဲ ဆိုတာ မြင်သာထင်ရှားမှာ မဟုတ်ဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading