နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် ၂၁ ၂၁ရာစုပင်လုံညီလာခံ တက်ရောက်လာသော ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA)၊ ဒုဥက္ကဌ ဖြစ်သည့် ဗိုလ်ချုပ်စဝ်ခွန်ဆိုင်း ကို လက်ရှိ ညီလာခံ၏ အခြေအနေ၊ နိုင်ငံရေးဆွေးနွေးပွဲဆီသိုု့ ဆက်လက်သွားမည့် အလားအလာများ အပါအဝင် ငြိမ်းချမ်းရေး သဘော ထားအမြင်နှင့်ပတ်သက်၍ ဧရာဝတီ၊ အကြီးတန်း သတင်း ထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံ မေးမြန်းထား သည်။
မေး။ ။ အခု ညီလာခံကို ဦးစီး ကျင်းပတဲ့ သူတွေက အရင်ကလို စစ်ဝတ်လဲ ခေါင်းဆောင်တွေ မဟုတ်ဘဲ ရွေးကောက်ခံ ထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးစီးတာဆိုတော့ဘာတွေ မျှော်လင့်ထားလဲ ။
ဖြေ။ ။ ဒါက လက်တွေ့မှာကတော့ လူတိုင်းတွေ့နေကြတာပဲ ။ အားလုံးလည်း မျှော်လင့်လို့ အားလုံးလည်း ယုံကြည်လို့ သူ့ကို မဲဝိုင်းပေးကြတာပဲ ။ ကျနော်တို့ ယုံကြည်တဲ့ အတိုင်း ဖခင်ရဲ့ မပြီးဆုံး သေးတဲ့ သမိုင်းပေး တာဝန်တွေကို သမီး ဖြစ်သူက ဆက်လက် မမှိတ်မသုန် ထမ်းဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ တိုင်းရင်းသား လူမျိုးများက ယုံကြည် ပါ တယ်။
မေး။ ။ ဒီ၂၁ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားတွေက လိုချင်တာတွေကို ပွင့်ပွင့်လင်းလင်း တင်ပြ နေတာ တွေ့ရတယ်။ ဒီတင်ပြပြောဆိုနေတာတွေက နိုင်ငံရေးဆွေးနွေးပွဲမှာ တကယ်ပါလာမယ်လို့ ယုံကြည်ပါသလား။
ဖြေ။ ။ ဒါကတော့ လက်တွေ့မှာ နည်းနည်းစောင့်ကြည့်ရမယ်။ အခုချိန်မှာ ကျနော်တို့က လက်ဆုပ် လက်ကိုင်မရှိဘဲ နဲ့ ရမ်းသမ်း ဝေဖန်ရင် အကျိုးထက် အဆိုးက ပိုများပါလိမ့်မယ်။ ကျနော်တို့က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တယောက် နဲ့ တယောက် အပြန်အလှန် စာနာ တန်းတူမျှတစွာနဲ့ စိတ်သဘောထား ကြီးကြီးနဲ့ ရေရှည်အမြင်နဲ့ အလုပ်လုပ်ကြမယ် ဆိုရင်တော့ ဘာမှ မစည်းလုံးနိုင်စရာ အကြောင်းမရှိဘူး။ ကိုယ့်ဘက်ချည်းပဲလည်း သိပ်ကြည့်လို့ မရဘူး။ တခုလုံးကို ကြည့်ဖို့ လိုမယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေ ခံစားချက်တွေ အပေါ် ဘယ်လောက် နားလည်မှု ရှိတယ်လိုု့ ထင်လဲ။
ဖြေ။ ။ သူ့ဖခင်ကြီးနဲ့တော့ တထပ်တည်း မဖြစ်ပါဘူး။ လက်တွေ့ပြီးခဲ့တာတွေ အမြင်အရပေါ့နော်။ ကျနော်တို့ ၁၉၉၉ ကတည်းက ပါတီထောင်ပြီး ဖြတ်သန်းလာတဲ့ အခြေအနေတွေပေါ့နော်။ လက်တွေ့ အဖြေပေးသွားပါပြီ။ ဘာမဆို လက်တွေ့ဟာ အမှန်တရားရဲ့ မှတ်ကျောက်ဖြစ်တယ်။ လူတွေက သူဘာပြောတယ်ဆိုတာထက် သူဘာလုပ်တယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ဒါ့ကြောင့် ကျနော်တို့တွေက အကောင်းဆုံးက လက်တွေ့ကိုပဲ စောင့်ကြည့်ကြပါ။ လက်တွေ့မှာ ကောင်းတယ်ဆိုရင် ကောင်းသလိုပဲ ထောက်ခံရမှာပေါ့။ ဆိုးတယ်ဆိုရင်လည်း ကျနော်တို့ ဆိုးတာကို ထောက်ပြပြီးတော့မှ အပြုသဘောနဲ့ ပြုပြင်ကြရမှာပေါ့ ။ အဲ့တာပါပဲ ။
မေး။ ။ တပ်မတော်ကရော တိုင်းရင်းသားတွေအပေါ် နားလည်လာပြီလို့ ဗိုလ်ချုပ် မြင်ပါသလား။
ဖြေ။ ။ No ။ အခုထက်ထိကတော့ သူတို့(တပ်မတော်) ကျနော်တို့ကို နားမလည်သေးပါဘူးလို့ ထင်တယ်။ သူတို့ ကျနော်တို့ အပေါ်မှာ နားမလည်သေးဘူး။ သူတို့ ပြောတာဆိုတာတွေ လက်တွေ့မှာ သူတို့ လုပ်နေတာတွေက ကြည့်လိုက်လို့ ရှိရင် ရှင်းနေပါတယ်။ ကျနော်တို့ အထူးတလည် ပုဒ်မတွေ တပ်နေစရာ မလိုပါဘူး။
မေး။ ။ ညီလာခံ မတိုင်ခင်ကလည်း တပ်မတော်နဲ့ SSPP တိုက်ပွဲတွေ ပြန်ဖြစ်တယ်နော်။ အခုအခြေအနေရော ဘယ်လိုရှိပါ သလဲ။
ဖြေ။ ။ အခုတော့ ငြိမ်သွားပါပြီ။ သူတို့လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ပါတယ်။ ကျနော်တို့လည်း ထိန်းထိန်း သိမ်းသိမ်း လုပ်ပါတယ်။ ကျနော်တို့က မဖြစ်စေချင်ဘူး။ ကိုယ့်လူကိုယ်လည်း ထိန်းပါတယ်။ အရေးယူသင့်တဲ့ သူတွေ ကိုလည်း အရေးယူပါတယ်။ ကိုယ့်ထဲမှာ စကားနားမထောင်တဲ့ ကလေးတွေကိုပေါ့နော်။ လူကြီးတွေအနေနဲ့ကတော့ ငြိမ်းချမ်းရေးကို တကယ်လိုချင်ပါတယ်။ ဒါ့ကြောင့် ဒီညီလာခံကို ကျနော်တို့ကို လွှတ်လာတာပါပဲ ။
မေး။ ။ SSPP အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အစိုးရဆီက ဘာတွေ တောင်းဆိုချင်ပါသလဲ ။
ဖြေ။ ။ တောင်းဆိုချင်တာက ကျနော်တို့ အားလုံး တယောက်နဲ့ တယောက် အပြန်အလှန် ရိုးရိုးသားသားနဲ့ ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ တယောက်အပေါ်မှာ တယောက် ကျနော်တို့ ရေရှည်အမြင်နဲ့ မာန်မာနတွေ မထားဘဲ တပြည်လုံး အကျိုးစီးပွား ၊ တိုင်းရင်းသားတို့တွေရဲ့ အကျိုးစီးပွား၊ ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွား အားလုံးအတွက် ဦးထိပ်ထားပြီး လုပ်ကြပါ လို့ပဲ ပြောချင်ပါတယ်။ အဲ့လို ဦးတည်ပြီး လုပ်မယ်ဆိုရင် ဘာမှ မအောင်နိုင်စရာ အကြောင်းမရှိဘူး။ တဦးတယောက် အတွက် တစုတဖွဲ့အတွက် ဒါကြီးကို အသုံးချမယ်ဆိုရင်တော့ ဒါဟာ မှားယွင်းတဲ့ လမ်းကြောင်းဖြစ်မှာပါ။ သမိုင်းက သက်သေပြ ခဲ့ပြီးပါပြီ။
မေး။ ။ ရှမ်းပြည်နယ်မှာ လူမျိုးစုလက်နက်ကိုင်တပ်တွေ များတယ်။ ဒီတော့ ဖက်ဒရယ်ကို သွားဖို့ ဘာတွေ ညှိနှိုင်း ကြဖို့ လိုမလဲ ။
ဖြေ။ ။ ကျနော်တို့က ရှင်းပါတယ်။ အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာ ကျွန်ဖြစ်ခဲ့ရတယ်။ လွတ်လပ်ရေး ရခဲ့တယ်။ အဲ့လိုပဲ အင်္ဂလိပ် လက်အောက်ကနေ ဗမာကို ပခုံးပြောင်းပြီး ကျွန်အဖြစ်နဲ့လည်း ကျနော်တို့ မနေချင်ဘူး။ ကျန်တဲ့ ရှမ်းပြည်မှာ ရှိနေတဲ့ လူမျိုးစု အသီးသီးကိုလည်း ကျွန်အဖြစ် ကျနော်တို့ မဖိနှိပ်ဘူး။ ပြောချင်တာကတော့ ကျနော်တို့ မဝါးမြိုဘူး။
သူတို့ရဲ့ အခွင့်အရေးတွေကို ကျနော်တို့ အပြည့်အဝ ခံစားရသလို ကိုယ်ချင်းစာတဲ့တရားနဲ့ တန်းတူညီမျှတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိတဲ့ ဒီမိုကရက်တစ်ဖက်ဒရယ် ရှမ်းပြည်ကို ကျနော်တို့ ထူထောင်သွားပါမယ်။ အားလုံးကို သင့်တော်တဲ့ သူ့ လူမျိုး အလိုက် ကျနော်တို့ နည်းတာများတာ ပဓာန မဟုတ်ဘူး။ ရသင့်တဲ့ လူမျိုးတွေရဲ့ အခွင့်အရေးအတိုင်း ကျနော် တို့ လုပ်မှာပဲ။ အားလုံး ကြိုးစားမှာပဲ။ ကျနော်တို့ တဖက်တည်းလုပ်လို့ မရဘူး။ အားလုံးပါဝင်လုပ်လို့မှ ရမှာပါ။
မေး။ ။ အခုအချိန်က နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားဖို့ စတင်နေပြီလို့ ပြောလို့ ရမလား။ ဘယ်လို ညှိနှိုင်းသွားဖို့ လိုမလဲ ။
ဖြေ။ ။ အခု မစနိုင်သေးဘူး။ ဘာလို့ဆိုတာ့ ကျနော်တို့ ဒီအစည်းအဝေး ပြီးရင် Political Framework တွေ ပြန် လည် ရေးဆွဲ ပြီးမှ ။ အဲ့တာပြီးမှ ကျနော်တို့ အမျိုးသားအဆင့်၊ ဒေသအဆင့် အလိုက် အဆင့်ဆင့် ကျင်းပသွားမှာပါ။ ဘယ်လောက် နီးစပ်နေပြီလဲ ဆိုတာကတော့ ကျနော်တို့က အခိုင်အမာ စီစဉ်တဲ့ သူတွေ မဟုတ်တော့ အတိအကျ မသိပါဘူး။ အစိုးရ ဘက်မှာပဲ မူတည်ပါမယ်။
ကျနော်တို့ရဲ့ မူကတော့ ဆက်လက်ပြီးတော့မှ ကြိုးစားပြီး လုပ်သွားမယ်။ လက်တွေ့ထဲမှာပဲ အားလုံးက အရာရာကို အဆုံးအဖြတ်ပေးမှာပါပဲ ။ အခုချိန်မှာ ကောင်းတယ်ဆိုးတယ် ဆိုတာထက် လက်တွေ့မှာ အားလုံး ဝိုင်းဝန်း ပြီး လုပ်ကြမယ်။ အပစ်အခတ်ရပ်စဲရေးတွေ တကယ့်ကို ရပ်စဲပြီးတော့မှ လုပ်ကြမယ် ဆိုရင်တော့ ကျနော်တို့ အောင်မြင်မှာပါ။
ဒါက ၁၉၄၇ ခုနှစ်တုန်းကလည်း ဒီလိုပဲ တိုင်းရင်းသားတွေက ဆွေးနွေးငြင်းခုန်ညှိနှိုင်းပြီးတော့ သဘောထား အမြင်တွေ တူအောင် ညှိကြတာပဲ ။ ကတိကဝတ်တွေ ပေးကြတာပဲ ။ အခုလည်း ကျနော်တို့ မျှော်လင့် တာက အဲ့ဒီလို ၁၉၄၇ ခုနှစ်က စည်းလုံးညီညွတ်သလို အခုလည်း စည်းစည်းလုံးလုံးနဲ့ တန်းတူရည်တူ လုပ်သွားမယ် ဆို မအောင်မြင်စရာ မရှိပါဘူး။ ဒါပေမယ့် ရိုးသားပွင့်လင်းမှုကတော့ ရှိရမယ်။ ရိုးသားပွင့်လင်းမှု မရှိဘဲ လုပ်ရင် ဘယ်အရာ မှ မအောင်မြင်နိုင်ပါဘူး။
မေး။ ။ ဒီညီလာခံမှာ မြောက်ပိုင်းက သုံးဖွဲ့ (MNDAA၊ TNLA ၊ AA) က မပါနိုင်ဘူး။ တပ်မတော်နဲ့ ညှိနှိုင်းရ ခက်နေတယ် ။ ညီလာခံတွေမှာ အားလုံးပါဝင်လာအောင် ဘယ်လိုများ အကြံပြုချင် တိုက်တွန်းချင်ပါသလဲ ။
ဖြေ။ ။ ကျနော်တို့ ပြောပြီးသားပါ ။ အားလုံးပါဝင်ရေးကိုလေ။ အားလုံးက စစ်ရပ်ထားတယ်။ အဲဒီသုံးဖွဲ့နဲ့ပဲ တိုက် နေတယ် ဆိုရင် ဘယ်လိုလုပ် Nationwide Ceasefire ( တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး) လို့ ဂုဏ်နဲ့ဒြပ်နဲ့ ညီမျှတော့မှာလဲ ။ ဘယ်လို ညီညွတ်တဲ့ဟာ ဖြစ်လာမလဲ။ အဒီသုံးဖွဲ့ကို ဆက်တိုက်နေမယ် ဆိုရင် တပြည်လုံး အပစ်ရပ် ဂုဏ်နဲ့ ဒြပ်နဲ့ ဘယ်လိုမှ မညီညွတ်နိုင်ဘူး။ အဲ့တာကို ကျနော်တို့ ပြောနေတာ။ တလျှောက်လုံး တောင်း ဆိုနေတယ်။ မလုပ်ကြပါနဲ့ ရပ်ကြပါ၊ ရပ်ကြပါဆိုတာ။
မေး။ ။ အားလုံးပါဝင်ရေး ဖြစ်ဖို့ တပ်မတော်ကိုရော ဘာတွေများ အကြံပြု တိုက်တွန်းချင်ပါသလဲ ။
ဖြေ။ ။ ဒါကတော့ သူတို့လည်း သဘောထားကြီးကြီးနဲ့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ တကယ့် အခွင့် အရေးတွေ ဆုံးရှုံးမှုတွေ ပြည်တွင်းစစ်မှာ တော်တော်လေး လင်ကွဲ မယားကွဲ ။ သားကွဲ သမီးကွဲ မိကွဲ ဖကွဲနဲ့။ တချို့လည်း ဒုက္ခိတဖြစ်ရတယ်။ တချို့လည်း သေဆုံးသွားရတယ်။ အင်မတန် ကြေကွဲရပါ တယ်။
အဲဒါတွေကို ကျနော်တို့က ဆင်ခြင်တုံတရားနဲ့ လောကပါလတရားနဲ့ တယောက်နဲ့ တယောက် အပြန်အလှန်ပေါ့ ။ အတိတ်ဆိုတာ ပြန်ယူလို့ မရဘူး။ သေတဲ့သူက သေ ။ ဒုက္ခိတဖြစ်တဲ့ လူလည်း ဖြစ်ပြီ။ အတိတ်က သင်ခန်းစာယူပြီး နောင် ကျနော်တို့ ထပ်မဖြစ်အောင် ။ လူ့အခွင့်အရေး ချိုးဖောက်တာမျိုးတွေ အဲ့တာမျိုးတွေ အစ မဖြစ်ဖို့ ကျနော်တို့က တောင်းဆိုပါတယ်။ သူတို့ကိုလည်း တောင်းဆိုယုံတင်မကပါဘူး။ ကျနော်တို့ဘက်ကလည်း ကြိုးစားပြီးတော့မှ လိုက်နာ ပါမယ်။ အားလုံး ပူးပေါင်းလုပ်ကြရမယ်။
တဖက်က လုပ်နေတယ်။ တဖက်က မလုပ်ဘူးဆိုလည်း မကောင်းဘူးလေ။ တိုင်းပြည်အတွက် အားလုံး ပူးပေါင်း ရမယ်။ ဒီနေ့မှာ ပါတီစွဲ အစုစွဲ ဝါဒစွဲတွေနဲ့ လုပ်လို့ မရတော့ဘူး။ တိုင်းပြည်က ဆင်းရဲတွင်းထဲက ရုန်းထွက် နိုင်ဖို့ ကျနော်တို့တွေ ရိုးသားပွင့်လင်းစွာ ရိုးရိုးသားသား ကြိုးကြိုးစားစား စည်းစည်းလုံးလုံး လုပ်သွားဖို့ အချိန်တန်ပါပြီ။ ဒါက အခွင့်အရေးကောင်းပါ။
မေး။ ။ ငြိမ်းချမ်းရေးကို စောင့်မျှော်နေတဲ့ ပြည်သူတွေကိုရော ဗိုလ်ချုပ်က ဘာများ အမှာစကားပါချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ တာဝန်ရှိတဲ့ သူတိုင်း၊ လက်နက်ကိုင် အဖွဲ့အစည်းတိုင်း လူမျိုးတိုင်းက ပါတီ အဖွဲ့အစည်းတိုင်းက ပြောချင်တာက လူ့အဖွဲ့အစည်းအခြေခံကအစ လူငယ်တွေ အမျိုးသမီးတွေ တပြည်လုံးတိုင်းမှာ တာဝန်ရှိပါတယ်။ အဲဒါကို ပြောချင်ပါတယ်။ ဒီကိစ္စက အစိုးရ တာဝန်ပါ။ တပ်တာဝန်ပါ။ နိုင်ငံရေးပါတီ တာဝန်ပါ မဟုတ်ဘဲနဲ့ အားလုံး ဝိုင်းဝန်းပြီးတော့မှ တည်ဆောက်ရမယ်။ အဲဒါမှ ခိုင်မာတဲ့ ကျနော်တို့ သာယာလှပတဲ့ ဘဝနဲ့ ဂုဏ်ရောင်ပြောင်တဲ့ အနာဂတ်ကို ချီတက်နိုင်မယ်လို့ ယူဆပါတယ်။