ကရင်ပြည်နယ်၊ မြိုင်ကြီးငူ ဒေသမှ မယ်သဝေါ အထိ အစိုးရ တပ်မတော်နဲ့ ကလို့ထူးဘော ကရင်အစည်းအရုံး (KKO) အဖွဲ့တို့ အကြား ဒီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း အစိုးရ တပ်မတော်ရဲ့ မြဝတီ သတင်းစာကတဆင့် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ နှစ်ဘက် ထိခိုက် ကျဆုံး ဒဏ်ရာရ စာရင်းကို ထုတ်ပြန်ထားတာ မတွေ့ရ ပေမယ့် ပြည်သူ ၃၈၇၄ ဦး မြိုင်ကြီးငူ ဒေသမှာ စစ်ဘေး တိမ်းရှောင် နေရပြီး ဆေးဝါးကုသပေးခြင်းနဲ့ ထောက်ပံ့ကူညီမှုတွေကို ပေးလျှက်ရှိကြောင်း တပ်မတော်က ထုတ်ပြန်ထားချက်မှာ တွေ့ရပါတယ်။
KKO အဖွဲ့ရဲ့ ၃/၂၀၁၆ ကြေညာချက်ဟာ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် အတိအလင်း စစ်ကြေညာတဲ့ သဘော သက်ရောက်သလို ဒီလ ၃ ရက်နေ့က မြိုင်ကြီးငူ – မယ်သဝေါ ကားလမ်း ရင်းပိုင်တံတား လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းနဲ့ ရင်းပိုင်-မဲဆိပ် နယ်မြေရှိ နယ်ခြားစောင့်တပ် (BGF) စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ စက်တင်ဘာ ၄ ရက်မှ ၈ ရက်နေ့ အထိ တပ်မတော်စစ်ကြောင်းနဲ့ BGF စခန်းတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကော့ကရိတ်မြို့ မီးသတ်ဦးစီးဌာနမှာ မိုင်းထောင် ဖောက်ခွဲခြင်းတွေ ပြုလုပ်လာတဲ့အတွက် စက်တင်ဘာ ၁၁ ရက်နေ့မှာ ဝါးဘိုးတောင်၊ ကျုံထော်နယ်မြေနဲ့ မယ်သဝေါ နယ်မြေများမှာ အကန့်အသတ် ရည်မှန်းချက် သတ်မှတ်ပေးပြီး တပ်သွင်း ရှင်းလင်းခဲ့တာဖြစ်တယ်လို့ တပ်မတော်ဘက်က ဆိုပါတယ်။
အစိုးရ တပ်မတော်က KKO လို့ခေါ်တဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နဲ့ တပ်မတော်၊ BGF ပူးပေါင်းတပ်ဖွဲ့တွေအကြား တပတ်အကြာဖြစ်ပွားနေတဲ့ တိုက်ပွဲများမှာ နှစ်ဘက် ကျဆုံး ဒဏ်ရာရသူတွေ ရှိကြောင်း အရပ်ဘက် ကပြောဆိုသံတွေကြားရပေမယ့် တပ်ပိုင်းဆိုင်ရာတွေဘက်ကတော့ တိတိကျကျ ထုတ်ပြန်ကြတာ မှရှိကြသေးပါဘူး။
တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နောက်ဆုံး အခြေအနေတွေ သိရဖို့အတွက် DKBA ၏ သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်ကြီး စောရဲထက်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်း ထားပါတယ်။
မေး ။ ။ တိုက်ပွဲနောက်ဆုံး အခြေအနေဘယ်လိုရှိလဲသိပါရစေ။
ဖြေ ။ ။ တိုက်ပွဲနောက်ဆုံး အခြေအနေကတော့ သူတို့ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ဒါကြောင့် ဘာပဲပြောပြော ခံစစ်တွေနဲ့ ရေရှည်ကစားလို့တော့ မရဘူး။ ဒါ့ကြောင့် ခံစစ်ရှင်အနေနဲ့ ဗျူဟာပြောင်းပြီးတော့ ကျနော်တို့ တိုင်ပင် ဆွေးနွေးထားတဲ့ အနေအထားတော့ ရှိပါတယ်။ ဒါနောက်ဆုံး အခြေအနေပါပဲ။
မေး ။ ။ တချို့ပြောနေကြတာက DKBA ဘက်က စခန်းတွေ ဆုံးရှုံးမှုရှိနေတယ်လို့ ပြောတယ်။
ဖြေ ။ ။ DKBA ဘက်က စခန်းတွေ ဆုံးရှုံးနေတယ် ဆိုတာထက် သူတို့က မတန်တဆ လက်နက်ကြီး မိုးရွာသလိုလုပ်တဲ့ အတွက် အောက်ခြေက တို့တပ်တွေပျက်တယ်။ ပထမ ဒီ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်နေ့ အထိ သူတို့ အောက်ခြေတပ်တွေ တက်တယ်။ တပ်တွေတက်တိုင်း သူတို့ လန်ကျတယ်။ သူတို့ ရာနဲ့ချီပြီး သူတို့ ထိခိုက်ဒဏ်ရာတွေ ရှိတော့။ အခုက တပ်တွေ မတက်တော့ဘဲနဲ့ လူတက်လို့မရတော့ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အတွက် တချို့စခန်းတွေမှာ ကျနော်တို့က ခံစစ်တွေ မလုပ်ဘဲနဲ့ ခံစစ်ရှင်ပုံစံမျိုး ပစ်မှတ်နေရာကနေ ခွာပေးလိုက်တဲ့ အနေအထားမျိုးပါ။
မေး ။ ။ နှစ်ဘက် ထိခိုက်ကျဆုံးမှု အနေအထားတွေလည်း သိချင်ပါတယ်။
ဖြေ ။ ။ နှစ်ဘက်ထိခိုက် ကျဆုံးမှုဆိုရင်တော့ ကျနော်တို့ဘက်က အခု လက်ရှိ တရားဝင် အတိအကျ သိရတာကတော့ ၂ ဦးတော့ သိရတယ်။ ကျန်တာတော့ ရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် စာရင်းကောက်ယူလို့ မရသေးလို့ပါ။
မေး ။ ။ နောက်ရက်တွေမှာရော တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာ ရှိလား။
ဖြေ ။ ။ နောက်ရက်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်မယ့် အလားအလာ ရှိလားဆိုတာကတော့ အဲဒါက လက်ရှိ အစိုးရ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ကို မေးရမယ်။ လက်ရှိအနေအထားအရ သူတို့က ကျနော်တို့အနားမှာ တောက်လျှောက် တပ်အင်အားတွေ တိုးချဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ ဒါက လူမသိခဲ့ဘူး။ ဒီအပေါ်မှာ ကျနော်တို့က တပ်တွေ ပြန်ဆုတ်ပေးပါ။ ဒီဟာ စစ်ရေးတင်းမာမှု ဖြစ်လာနိုင်တယ်။ အဲဒီအတွက်ကို ကျနော်တို့ တောင်းဆိုတယ်။ သူတို့ မဆုတ်ဘူး။ အဲဒီတော့ ပြန်ကြည့်လို့ရှိရင် သူတို့ဒီလိုပဲဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ကို ထိုးစစ်ဆင်မယ်ဆိုတာ သတင်းရတယ်။ သိပြီးသားဖြစ်တယ်။
ပြောရမယ်ဆိုလို့ရှိရင် မိအေး အော်တာပဲသိတယ်၊ ဂဏန်းညှပ်တာ လူမသိဘူး။ နောက်ဆုံး ကျနော်တို့က ကြေညာချက် ထုတ်ပြီးတော့ တပ်တွေ မဆုတ်ပေးဘူးဆိုရင် ကျနော်တို့က စစ်မျက်နှာဖွင့်မယ် ဆိုတာပဲလူတွေက သိလိုက်တယ်။ ဒီလိုစစ်မျက်နှာ ဖွင့်ရလောက်တဲ့ အနေအထား နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ လူတွေ မသိဘူး။ နောက်ရက်တွေမှာလည်း တိုက်ပွဲ ဆက်မဆက် ဆိုတာကတော့ အစိုးရ နဲ့ BGF ကို မေးမှ ရမယ်။ သူတို့က ထိုးစစ် ဆင်နေတာ ဖြစ်တယ်။
မေး ။ ။ တိုက်ပွဲတွေထပ်မဖြစ်ဖို့အတွက် ဘယ်လို ညှိနှိုင်းမှုမျိုး၊ သဘောတူညီမှုမျိုး လိုအပ်မယ်လို့ ပြောလို့ ရမလဲခင်ဗျ။
ဖြေ ။ ။ တိုက်ပွဲတွေထပ်မဖြစ်ဖို့ကို ဘယ်လို သဘောတူညီမှုမျိုး၊ ညှိနှိုင်းမှုမျိုး လိုအပ်လဲ ပြောရင်တော့ ကျနော်တို့ ပြောထားပြီးသားပဲ။ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ကျနော်တို့ တက်ချင်တယ်။ ဒီအတွက် စေ့စပ်ညှိနှိုင်းဖို့ တွေ့ဆုံညှိနှိုင်းဖို့ ဆိုတဲ့ဟာ ကျနော်တို့ အမြဲတမ်း မျှော်လင့်တောင့်တာနေတယ်၊ ငတ်မွတ်နေတယ်ဆိုတာ ကျနော်တို့ တရားဝင် ပြောထားပြီးသားပဲ။ အဲဒီအပေါ်မှာ အစိုးရတပ်မတော်နဲ့ အစိုးရကလိုလားတယ်။ တံခါးဖွင့်မယ်ဆိုရင်တော့ ရတယ်။ ဒါပေမယ့် လက်နက်ချပါ။ အလင်းဝင်ပါဆိုတဲ့ လမ်းကြောင်းဆိုရင်တော့ ကျနော်တို့ လျှောက်မှာမဟုတ်ဘူး။
မေး ။ ။ DKBA ဘက်က ဗိုလ်မှူးကြီး စောဆန်းအောင် ရှေ့တန်းမှာ ဒဏ်ရာရတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
ဖြေ ။ ။ ဗိုလ်မှူးကြီး စောဆန်းအောင် ရှေ့တန်းမှာ ဒဏ်ရာ ရတယ်ဆိုတဲ့ဟာက ကျနော်တို့လည်း အဲလိုမျိုး သတင်းတော့ ကြားတယ်။ ဒါပေမယ့် အဲဒီဟာကို အတည်ပြုနိုင်ဖို့ ဗိုလ်မှူးကြီး ဆန်းအောင်နဲ့ အနီးဆုံးရှိနေတဲ့ စစ်ကြောင်း ၃ ကြောင်းဘက်ကို ဆက်သွယ်မှုလုပ်နေတယ်။ ဒါပေမယ့် သူတို့ဘက်က စစ်ကြောင်းတွေ ဆက်သွယ်မှု ပြတ်တောက်နေတယ်။ စက်တွေပဲ စက်ဓာတ်ခဲကုန်လို့လား ဘာလား ပြောမတတ်ဘူး။ အဲဒါကျနော်တို့ အတတ်နိုင်ဆုံး လုပ်ပြီးတော့ လူပါလွှတ်ဖို့ ကျနော်တို့ စီစဉ်နေတာ ရှိတယ်။ အဲဒီအတွက် လောလောဆယ်မှာ အတည် မပြုနိုင်သေးပါဘူး။