ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ အထက်ဘလောက်ရှိ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုဝင်များက အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးငယ် ၂ဦးကို လုပ်ခလစာ အပြည့်မပေးဘဲ အလုပ်ခိုင်းစေခြင်း၊ ကိုယ် လက် အင်္ဂါ ချို့ယွင်းသည်အထိ ရိုက်နှက် နှိပ်စက်ခြင်း တို့ကို ၃ နှစ်ကြာ ပြုလုပ်မှု ဖြစ်ပွားခဲ့သည်။
ထိုအိမ်အကူ မိန်းကလေးငယ် ၂ ဦးဖြစ်သည့် မစန်းကေခိုင် အသက် ၁၇ နှစ်နှင့် မသဇင် အသက် ၁၆ နှစ်တို့သည် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်စု ဖျံရွာချောင်ရွာမှ ဖြစ်သည်။
အဆိုပါဖြစ်စဉ်ကို စုံစမ်းသိရှိခဲ့သည့် Myanmar Now သတင်းထောက် ကိုဆွေဝင်းက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားခဲ့ရာ ကော်မရှင်က ကျူးလွန်သူ ကာယကံရှင်များနှင့် အကျူးလွန် ခံရသူ မိသားစုများကို တိုက်ရိုက် ညှိနှိုင်းစေခဲ့ခြင်းကြောင့် မစန်းကေခိုင်ကို ကျပ် သိန်း ၄၀ ၊ မသဇင်ကို ကျပ် ၁၀ သိန်း ပေးပြီး အမှုကို ကျေလည်ထားသည်။
သို့သော် ထိုဖြစ်စဉ်သည် လူမှုကွန်ရက် စာမျက်နှာများတွင် ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူပေးရန် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် လက်ရှိတွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ လူကုန်ကူးမှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူပေးရန် ကျောက်တံတား မြို့နယ် ရဲစခန်းတွင် တိုင်ကြားထားသည်။
ကျောက်တံတားမြို့နယ် ရဲစခန်းကလည်း ဇူလိုင်လ ၁၁ ရက်မှ စ၍ အဆိုပါ အမှုကို စုံစမ်းစစ်ဆေးနေကြောင်း သိရ သည်။
ထိုအမှုနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ကျောက်တံတား မြို့နယ် ရဲစခန်းမှူး ရဲမှူး ဦးသန်းအေးကို တွေ့ဆုံပြီး နောက်ဆုံး အခြေအနေများကို မေးမြန်း ဖော်ပြလိုက်ပါသည်။
မေး ။ ။ လူကုန်ကူးမှုအဖွဲ့က အမှုလာဖွင့်ထားပြီဆို နောက်ဆုံး အခြေအနေကို ရှင်းပြပါဦး။
ဖြေ ။ ။ နောက်ဆုံးအခြေအနေက အမှုဖွင့်ထားပါတယ်။ ကျနော်တို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့က ဒုရဲမှူး မျိုးသိန်း က လာဖွင့်ထားတာပါ။ ရဲစခန်းကတော့ အမှုရေးဖွင့်ပြီးရင် ဒီအမှုကို တရားစွဲတင်ပြီးတဲ့ အထိအောင်ကို ဆောင်ရွက်ရမှာပါ။ တရားစွဲတင်တဲ့အထိ ဆောင်ရွက်မှာပါ။ ရဲစခန်းရဲ့ လုပ်ငန်းစဉ် အတိုင်းဆိုရင် သက်သေတွေ စစ်မယ်။ တရားခံတွေကို စစ်မယ်။ တရားခံကို ဖမ်းမယ်။ ပြီးရင် အမှုတွဲ တင်ပြမယ်။ အမှုတွဲ ပေါ်ပေါက်ချက်အရ တရားစွဲပါမယ်။
မေး ။ ။ ဒီဖြစ်စဉ်စဖြစ်နေကတည်းက ကျောက်တံတား ရဲစခန်းက စုံစမ်းထားတဲ့ အချက်တွေ ရှိတယ်လို့လည်း သိရပါ တယ်။ စုံစမ်းထားပြီးသား အခြေအနေ အရတွေဆိုရင်ရော ဒီအမှုက ဘယ်လို ဆောင်ရွက်လို့ ရမလဲ ရှင်းပြပေးပါဦး။
ဖြေ။ ။ အခုလက်ရှိ ဖွင့်ထားတဲ့ ပုဒ်မ နဲ့တော့ အရင်တုန်းက စစ်ဆေးထားတာနဲ့ ဆီလျော်ပါတယ်။ ကျနော့် အနေနဲ့ ဒီလိုပဲ ဖြေချင်ပါတယ်။
ပထမ စစ်ဆေးချက်အရ ကျနော်တို့ အကြံပြုချက်က ကလေး နှစ်ယောက်က အမေတွေနဲ့ အတူပြန်နေချင်တယ် ဆိုတာကို စစ်ဆေး ပေါ်ပေါက်တာကြောင့်၊ အိမ်မှာလည်း သူတို့နှိပ်စက် ရိုက်နှက်ခံရတယ် ဆိုတာကို သိတာကြောင့် ဒီကလေးငယ်တွေကို မိဘအုပ်ထိန်းသူထံ ပြန်လည် အပ်နှံသင့်ပါတယ်လို့။ မိဘ အုပ်ထိန်းသူတွေကနေ လုပ်ခ လစာ မရတာတွေ သူတို့ရဲ့ ကလေးတွေကို ညှဉ်းပန်း နှိပ်စက်တာတွေနဲ့ ပတ်သက်ပြီး ကျေနပ်မှု မရှိဘူးဆိုရင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှာ အမှုဖွင့် ဆောင်ရွက်ဖို့ ဆိုပြီးတော့မှ အကြံပြုချက်ကို ကျနော့်အနေနဲ့ ရေးတင်ခဲ့ပါတယ်။
(မှတ်ချက် ။ ။ ရဲမှူး ဦးသန်းအေး က ၎င်း၏ စစ်ဆေးချက်များအရ ဥပဒေအရ အရေးယူသင့်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ရေးတင်ခဲ့ကြောင်း သိရသည်။)
မေး ။ ။ အခု အခြေအနေအရ လူကုန်ကူးအဖွဲ့က လာဖွင့်ထားတဲ့ ပုဒ်မနဲ့ပဲ အရေးယူမှာလား။
ဖြေ ။ ။ လာပြီးတော့ ဖွင့်ထားတဲ့ ပုဒ်မနဲ့ပဲ စစ်ဆေးသွားမှာပါ။ စစ်ဆေးပြီးတော့မှ စစ်ဆေးပေါ်ပေါက်လာတဲ့ အတိုင်း အရေးယူ သွားပါမယ်။
မေး ။ ။ Yangon Police က သတင်းထုတ်ပြန်ချက်အရ လူကုန်ကူးမှုက ဖွင့်တဲ့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ လို့ သိရပါတယ်။ ဒီပုဒ်မ တွေအရ ကျောက်တံတား ရဲ ရဲ့ လုပ်ပိုင်ခွင့်တွေက ဘယ်လိုရှိပါသလဲ ။ ကျူးလွန်သူတွေကို အခု ဖမ်းလို့ရပြီလား။
ဖြေ။ ။ လက်ရှိ အနေအထားအရ ဆိုရင်တော့ ကျနော်တို့ သူတို့ကို ဖမ်းလို့ရပါပြီ။ ဖမ်းဖို့လည်း ကျနော်တို့ဆီကနေ ဆောင်ရွက် နေတဲ့ အပိုင်း ဖြစ်နေလို့ ဒါ့ကြောင့် ကျနော့်ကို အချိန်လေးနည်းနည်း ခွင့်ပြုပေးပါဦးလို့ ပြောချင်ပါတယ်။
မေး ။ ။ အမှုက အာမခံ ပေးလို့ ရပါသလား။
ဖြေ။ ။ ဒီအမှုက အာမခံတော့ မပေးနိုင်ပါဘူး။ ပေးပိုင်ခွင့် ရှိတဲ့ ပုဒ်မထဲမှာလည်း မပါပါဘူး။
မေး ။ ။ အိမ်အကူ မိန်းကလေးငယ် ၂ဦးကို စစ်ဆေးတုန်းက တွေ့ရှိချက်တွေကို ပြောပြပေးပါဦး။
ဖြေ။ ။ ကလေး ၂ယောက်ကို စစ်တုန်းက ကျနော်တို့က အပိုင်း ၂ပိုင်းရှိပါတယ်။ တပိုင်းက ကျနော်က အပေါ်ကနေ ချပေးလိုက်တဲ့ တိုင်စာကို စစ်တာပါ။ မှန်ကန်ခြင်း ရှိမရှိပေါ့။ ချပေးတဲ့ ဆီကိုပဲ ပြန်တင်ပြရပါတယ်။ တိုင်စာ ဆိုတော့ ရဲစခန်းမှာ အမှုဖွင့်တဲ့ ပုံစံမျိုးနဲ့ မတူပါဘူး။ ပြန်တင်ပြရပါတယ်။ အဲ့ဒီလို ပြန်တင်ပြရတော့ အဲ့ဒီတုန်းက ကလေးတွေက သူတို့ (အင်းဝ အပ်ချုပ်ဆိုင် မိသားစု) အုပ်ထိန်းမှု အောက်မှာရှိနေတယ်။ သူတို့ သင်ထားပေးတဲ့အတိုင်းပဲ လာရောက် ထွက်ဆိုကြတယ်။ သူတို့က ကြောက်ရွံ့နေတဲ့ အနေအထားလေးတွေ ပြီးတော့ အကျီလက်ရှည် ဝတ်ခဲ့တယ်။ သနပ်ခါး ထူပိန်းအောင် လိမ်းခဲ့တယ်။ ကျနော်တို့က မသင်္ကာဖြစ်ပါတယ်။
အဲ့ဒီ အချိန်တုန်းကတော့ ကျနော်တို့က ဒီ့ထက်ပိုပြီးတော့ လုပ်လို့ မရဘူး။ သူတို့ (အင်းဝ အပ်ချုပ်ဆိုင် မိသားစု) ရဲ့ အုပ်ထိန်းမှု အောက်မှာပဲ ရှိနေသေးတယ်။ ကျနော်တို့က တကယ်တမ်း စိစစ် စစ်ဆေးပြီးတော့ တင်ပြလိုက်တယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း တင်ပြချက်အပေါ် မူတည်ပြီး နှစ်ဖက်ကို ဆင့်ခေါ်တော့ မယ် သိတော့ ကလေးတွေကို သူတို့က ပြန်အပ်လိုက်ပါတယ်။ ကလေးတွေကို ပြန်အပ်လိုက်တော့လည်း ကျနော်တို့နဲ့ အဆက်အသွယ် ရှိပါတယ်။
အဲ့ဒီ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမြင့်မောင်က အကြောင်းကြားပါတယ်။ လာခဲ့ပါဆိုတော့ ကျနော်နဲ့ တွေ့ပါ တယ်။ အသာတကြည်သွားလိုက်ပါ။ ဟိုရောက်ရင် ဧည့်ခန်းမှာပဲနေ ၊ အပေါ့အပါး သွားချင်ရင်တောင် ဒီမှာပဲ သွား။ ခေါ်လို့ရရင် ကလေးတွေကို ပြန်ခေါ်လာခဲ့ပြီး ကျနော့်ဆီကို ပြန်ခေါ်လာခဲ့လို့ ပြောတော့ ကလေးတွေကို ဟိုဘက်ကမ်း ရောက်အောင် လိုက်ပို့ပါတယ်။ ဟိုဘက်ကမ်းရောက်အောင် လိုက်ပို့တော့၊ ကျနော်တို့နဲ့ ဆက်သွယ်တော့ ဒီက အဖွဲ့ တဖွဲ့ လွှတ်ပြီး သက်ဆိုင်ရာ မိဘလက်ထဲ ပြန်ရောက်သွားပြီဆိုတာ ကျနော်တို့ သက်ဆိုင်ရာ ဌာနတွေကို ဓာတ်ပုံ မှတ်တမ်း အထောက်အထားတွေနဲ့ ပြန်တင်ပြ ခဲ့ရပါတယ်။ အဲ့ဒီတုန်းကလည်း လမ်းမှာပဲ ဖြစ်နေတော့ ဒီကလေးတွေနဲ့ ပတ်သက်ပြီး ဆေးစစ်ချက် ယူဖို့တို့ ဘာတို့ မဆောင်ရွက်နိုင်ခဲ့ပါဘူး။
ပထမတကြိမ် ဒီအမှုကို စုံစမ်းစစ်ဆေးနေတုန်းမှာပဲ တိုင်စာကို စစ်နေတုန်းမှာပဲ ကလေးတွေနဲ့ပတ်သက်ပြီး မိန်း ကလေးတွေ ဖြစ်တယ်။ အရွယ်လေးတွေလည်း ရှိနေကြပြီ ဖြစ်တယ်။ ကျနော်တို့ စည်းမျဉ်းစည်းကမ်းအရ မိန်းမချင်းပဲ စစ်ရမယ်ဆိုတော့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြပါတယ်။ သူတို့ အကူအညီနဲ့ မြို့နယ် မိခင်နဲ့ ကလေးရှေ့မှာ စစ်ဆေးပေးဖို့ စီစဉ်ပေးပါဆိုတော့ စီစဉ်ပေးလို့ ကျနော်တို့ တွေ့ဖို့ သွားရောက် ချိန်းဆိုတဲ့နေ့မှာ မလာပါဘူး။
မလာတဲ့အတွက်ကြောင့် မစစ်ခဲ့နိုင်တာပါ။ အခုတော့ အမှုဖွင့် ဆောင်ရွက်နေပြီမို့ ဆောင်ရွက်စရာရှိတဲ့ ကိစ္စအဝဝကို ဆေးစစ်တာတို့ သူတို့ကို စစ်ဆေးမေးမြန်းတာတို့ စုံစမ်းတာတို့ မေးမြန်းတာတို့ကို ဆောင်ရွက်လို့ ရပြီပေါ့နော်။
မေး ။ ။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာ ကျူးလွန်သူတွေက ကျပ် သိန်း၅၀ အလျော်ပေးပြီး ကြေအေးသလို လုပ်လိုက်တယ်။ ဒီကိစ္စကရော ဥပဒေအရဆို အကျုံးဝင်သလား မဝင်ဘူးလား။
ဖြေ ။ ။ အဲ့တာကိုတော့ ကျနော် မဖြေလိုပါဘူး။ ပေးတယ် မပေးဘူးဆိုတဲ့ ကိစ္စမှာ ကျနော်လည်း မပါသွားဘူး။ နှစ်ဘက် ခေါ်ယူညှိနှိုင်းတယ် ဆိုတဲ့ သဘောလောက်ပဲ သိရပါတယ်။ ဒီလို ခေါ်ပြီးတော့ နှစ်ဘက် ခေါ်တွေ့ဆုံဖို့ အပိုင်းမှာလည်း ကျနော်က ဒီရဲ့ တိုင်စာကို စစ်ဆေးခဲ့တာ ဖြစ်တာကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ အကူအညီနဲ့ နှစ်ဘက်လုံးကို စုပြီး မြို့နယ် အုပ်ချုပ်ရေး ကိုယ်စားလှယ်၊ မိခင်နဲ့ အမျိုးသမီးရေးရာ ကိုယ်စားလှယ်တွေနဲ့ အတူ ကျနော့် ရဲတပ်ဖွဲ့ကနဲ့ သက်ဆိုင်ရာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ချိန်းဆိုထားတဲ့ အချိန် လိုက်ပို့ပေးခဲ့ပါ တယ်။
မေး ။ ။ ဒါဆို လူကုန်ကူးက တိုင်ကြားထားတဲ့ ပုဒ်မတွေအရ ပြစ်ဒဏ်က ဘယ်လောက်ထိ အရေးယူလို့ ရမလဲ ဆိုတာ ရှင်းပြပေးပါဦး။
ဖြေ ။ ။ ဒါကတော့ တကယ်ပြစ်မှု ကျူးလွန်တယ်လို့ စစ်ဆေးတွေ့ရှိလို့ရှိရင်တော့ သူတို့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ခံရမှာပါ။
ကလေးတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စုံစမ်းတဲ့နေရာမှာ တချို့က အချိန်ကြာတယ်လို့ ပြောတာတွေ ရှိပါတယ်။ ဒီလိုကြာတာက ကလေးတွေကလည်း သူတို့ကိုယ်တိုင်ကိုက ဘယ်ရွာကဆိုတာ ဟိုဘက် (အင်းဝ အပ်ချုပ်ဆိုင်) အရိပ်အောက်မှာ ရှိနေတုန်းက စုံစမ်းတဲ့အခါမှာ မပြောပါဘူး။ အိမ်ရှင်တွေ အနေနဲ့ ကလည်း သူတို့ နေရပ်လိပ်စာ ဘယ်မှာလဲ ဆိုတော့ မသိဘူးဘဲ ပြောပါတယ်။ မသိဘူး ပြောတော့ ကျနော်တို့ လိုက်ရှာရတော့ ၂၀၁၄ ခုနှစ်တုန်းက မိဘတွေက တကြိမ်လာပြီး ရပ်ကွက်အုပ်ချုပ်ရေး ရုံးကို တိုင်တော့ လာဖြေရှင်းဖူးတယ်တဲ့။
အဲ့ဒီလို သိရတော့ ရုံးမှတ်တမ်းတွေ လိုက်ရှာတော့ တွေ့တာက ၂၀၁၄ ခုနှစ် ၉လပိုင်းက လာဖြေရှင်းတဲ့ အချိန်မှာ ဦးမျိုးမြင့်မောင် ကော့မှူးမြို့နယ်ဆိုတာ တွေ့တော့။ ကျနော် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ နေရာဖြစ်တာကြောင့် မြို့နယ် အုပ်ချုပ်ရေး အကူအညီနဲ့ ဖော်ထုတ်လိုက်တော့ ပြီးခဲ့တဲ့ သက်တမ်းက ဦးမျိုးမြင့်မောင်က ရှာဘွားကျေးရွာ အုပ်ချုပ် ရေးမှူးလို့ သိရတော့ ဦးမျိုးမြင့်မောင် ကို ဆက်သွယ်ပြီးတော့ ကျနော်တို့ ကော့မှူး မြို့နယ် ကျိုက်ထော်ရဲစခန်း အကူ အညီနဲ့ ကျနော်တို့ ဒီကို လာပို့ခိုင်းမှ ဒလကို ချိန်းတယ် သွားစစ်ရပါတယ်။ သူတို့ဘာသာ သူတို့ဆို ရဲဘက်ကို မလာ နိုင်ကြပါဘူး။
မေး ။ ။ ဒါဆို ရဲမှူးတို့ ရဲလုပ်ငန်းစဉ်နဲ့ စစ်ဆေးနေတာ ဒီကိစ္စက ဘယ်လောက်ကြာပြီလဲ။
ဖြေ ။ ။ ဒီလုပ်ငန်းစဉ် လုပ်ပေးတာက ချပေးတဲ့ တိုင်စာအရ လိုက်စုံစမ်းရတုန်းက နည်းနည်းတော့ အချိန်ယူ လိုက်ရ ပါတယ်။ ၂ လကျော် ကြာပါတယ်။ ချပေးတဲ့အပေါ်မှာ စိစစ်တယ်။ စုံစမ်းရတာတို့ ထောက်လှမ်းရတာတို့ ဆိုတာ ပါလာပါတယ်။ ဇူလိုင်လ ၁၁ ရက်က စတာဝန်ပေးပါတယ်။
အခုကိစ္စက ကျနော်တို့ အခုက စပြီး ဆောင်ရွက်နေပါပြီ။ အခုက စပြီး ဆောင်ရွက်နေပြီလို့ပဲ ပြောပါရစေ။ ။