မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် အမြင်များ

ဧရာဝတီ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုများက အိမ်အကူအမျိုးသမီးငယ်၂ ဦး ကို ၎င်းတို့၏ လက်ချောင်း ၁၀ ချောင်းလုံးနှင့် လက်မောင်ရိုး ချိုးပစ်ခြင်း၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို မီးရှို့ခြင်း၊ ဓား၊ ကတ်ကြေးတို့ဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့သဖြင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသည်အထိ ၃ နှစ်နီးပါး ညှင်းပန်း နှိပ်စက်ဒဏ် ခံခဲ့ကြရသည်။

ထိုကိစ္စကို စတင်သိရှိသူ Myanmar Now သတင်းဌာနမှ သတင်းထောက်ကိုဆွေဝင်းက ရဲတပ်ဖွဲ့ကို တိုင်တန်းခဲ့ရာတွင် ဆောင်ရွက်ပေးခြင်း မရှိခဲ့သဖြင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ ထပ်မံတိုင်ကြား ခဲ့ရသည်။

လူ့အခွင့်အရေး ကော်မရှင်က အဆိုပါအမှုကို သက်ဆိုင်ရာ ကျောက်တံတားမြို့နယ်၊ ရဲစခန်းအား စိစစ်စေခဲ့သည်။ ရဲတပ်ဖွဲ့က ထိုဖြစ်စဉ်သည် လူ့အခွင့်အရေး ချိုးဖောက်မှု့အပြင် ကြီးလေးသည့်ပြစ်မှုများ ထင်ရှားနေသဖြင့် ဥပဒေလမ်းကြောင်းအရ အရေးယူသင့်ကြောင်း လူ့အခွင့်အရေးကော်မရှင်ကို အကြံပေးခဲ့သော်လည်း ကော်မရှင်က သေချာစီစစ်ခြင်းမရှိဘဲ ပြစ်မှုကျူးလွန်သူနှင့် အကျူးလွန်ခံရသူ မိသားစုတို့ကို တိုက်ရိုက်တွေ့ဆုံစေခဲ့ပြီး ငွေကျပ် သိန်း ၅၀ ဖြင့် ကျေအေးစေခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး နစ်နာခဲ့သူ အမျိုးသမီးငယ် ၂ ဦးအပေါ်တွင် လူ့အခွင့်အရေးအရ ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အပေါ် ဥပဒေပညာရှင်များ၊ လွှတ်တော်အမတ်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ပြည်သူလူထုတို့က ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ထက်နိုင်ဇော်နှင့် နန်းလွင်နှင်းပွင့်တို့က ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အပေါ် လွှတ်တော်အမတ်များနှင့် ဥပဒေပညာရှင်များ၏ အမြင်များကို မေးမြန်းထားပါသည်။

ဦးပြံုးချို (ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

ကော်မရှင်ကို အမျိုးမျိုးဝေဖန်ကြတယ်။ တချို့က ကော်မရှင်ကို ပြုပြင်ပြောင်းလဲဖို့။ တချို့က အစားထိုးဖို့။ အားသစ် လောင်းဖို့။ တချို့ကတော့ နုတ်ထွက်ပေးဖို့၊ အမျိုးမျိုး ဆွေးနွေးကြတယ်။ ဒါပေမယ့် ဒီထဲမှာက ပြည်သူလူထုအတွက် အကျိုးများအောင် လုပ်တဲ့သူတွေလည်း ရှိမယ်။ တချို့ဝန်ထမ်းတွေလည်း တက်နိုင်တဲ့ဘက်က ကြိုးစားပမ်းစား ဆောင်ရွက်နေတာ ရှိတယ်။ လူအကုန်လုံးကို ရောပြီးတော့ သိမ်းကြံုးထည့်လို့ မရဘူး။

ဒါပေမယ့် အဟန့်အတားဖြစ်အောင်လုပ်သူတွေကို အရေးယူရမှာပါ။ ပြည်သူလူထုရဲ့ မျက်နှာကိုပဲ ကြည့်ရမှာပါ။ ကော်မရှင်ကို နဂိုကတည်းကလည်း ဝေဖန်ခဲ့တာတွေ ရှိတယ်။ လတ်တလောဖြစ်စဉ်အရ ပြည်သူလူထုကို တပ်လှန့်လိုက်သလို ဖြစ်သွားတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေက လွှတ်တော်ထဲဝင်ထိုင်တာနဲ့ ပြည်သူကိုပဲ မျက်နှာမူရမှာပါ။

ဦးနေမျိုးထက် (ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

ကော်မရှင်ရဲ့အရေးယူမှုက လုံလောက်မှု မရှိဘူး။ ကန့်ကွက်တယ်။ ပြည်သူတွေလည်း ဒီအမှန်တရားကို သိနေတယ်။ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကိုလည်း ကန့်ကွက်တယ်။ အခုလွှတ်တော်ကနေ ကော်မရှင်ကိုအရေးယူဖို့ တိုက်တွန်းကြောင်း အဆိုကို တင်လိုက်တယ်။ လွှတ်တော်ရဲ့လုပ်ပိုင်ခွင့်အရ တိုက်တွန်းကြောင်း အဆိုကို တင်ပိုင်ခွင့် ရှိတယ်။ အဆိုကိုလည်း အားလုံုးက ထောက်ခံခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်က ဒီကိစ္စကို အလေးထားတယ်။

ဒီလူတွေကိစ္စကို အားလုံးက ၀ိုင်းလုပ်နေပါပြီလို့ ပြောချင်တယ်။ ဆုံးဖြတ်မှုအပိုင်းကိုတော့ ပြည်သူ့လွှတ်တော်က လုပ်လို့ မရဘူး။ အစိုးရအနေနဲ့ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော်မရှင်တဖွဲ့လုံးကို လဲတာမျိုးထက် ပါ၀င်ခဲ့တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ထင်တယ်။

ဒေါ်ဇင်မာအောင် (ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အဆိုထဲမှာ တာဝန်ရှိတဲ့တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့တဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင်တချို့ကို နုတ်ထွက်ပေးဖို့ပါ။ ဒါကိုလည်း လွှတ်တော်က အရေးကြီးအဆိုအဖြစ် ဆွေးနွေးဖို့ သဘောတူလိုက်ကြပြီ။ ဒီကော်မရှင် တခုလုံးကို လဲမလား။ သက်ဆိုင်သူတွေကိုပဲ အရေးယူမလား ဆိုတာတော့ ဆွေးနွေးမှုတွေ အပေါ်မှာ မူတည်မှာပါ။ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်တဲ့ ဥပဒေ ရှိပါတယ်။ အဲဒီ ဥပဒေမှာ ပြည်သူ့လွှတ်တော်ရဲ့ အကြံပြုချက်နဲ့အတူ လုပ်ဆောင်ရမယ်ဆိုတာ ရှိတယ်။ လွှတ်တော်ပိုင်းကျတော့ တိုက်တွန်းရမှာ။ အကြံပေးရမှာ။

တကယ်တမ်းကျတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထင်ထင်ရှားရှားကြီး သတင်းစာရှင်းလင်းပွဲမှာ တွေ့လိုက်ရတဲ့ အပြုအမှုတွေက အင်းဝအပ်ချုပ်ဆိုင်ကိစ္စနဲ့ ပတ်သက်ပြီး တကယ့်ကို သက်သေလည်းခိုင်လုံပြီး၊ တကယ့်ကို လူသားမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ မလုပ်ဘဲ ရဲအရေးပိုင်အမှုအပေါ်မှာ ၀င်ရောက်ပြီး ညှိနှိုင်းပေးခဲ့တာ တွေ့ရတယ်။

ဒီကိစ္စက ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ လက်ခံနိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ပြီးတော့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးတဲ့ လုပ်ရပ်တခုလည်း မဟုတ်တဲ့အတွက် လွှတ်တော်ကနေ ဆွေးနွေးဖို့ သဘောတူလိုက်ကြတာ။ ကျမတို့လည်း ဆွေးနွေးတဲ့လူအရည်အတွက် အခြေအနေပေါ်မူတည်ပြီး ၀င်ရောက်ဆွေးနွေးဖို့ ရှိတယ်။

ဒေါ်သန္တာ (အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အခုလို အရေးကြီးအဆိုတင်ခြင်းသည် ဥပဒေဘောင်အတွင်းက တင်တာ။ ဥပဒေဘောင်အတွင်းကပဲ ကျူးလွန်တဲ့သူကို တင်ခွင့်ရှိတယ်။ တဖွဲ့လုံးကိုလဲဖို့ ကြိုးစားရင် အဃာတရှိသလို ဖြစ်သွားလိမ့်မယ်။ ကျမတို့ကတော့ ကျူးလွန်တဲ့သူကိုပဲ High Light လုပ်ချင်တယ်။ ကျမတို့က ဒီဖြစ်စဉ်ပေါ်မှာသုံးသပ်ပြီး ဒီအဆိုကိုတင်ခဲ့တာ မဟုတ်ဘူး။ ဒီအမှု တရားခြင်း၊ မတရားခြင်းသည် တရားစီရင်ရေးအာဏာက ဆုံးဖြတ်လိမ့်မယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ Judicial Power ကို ကျော်လွန် လုပ်ဆောင်ချက်တွေအပေါ်ကို အဆိုတင်သွင်းတာ ဖြစ်တယ်။

ကျမဆွေးနွေးသွားတဲ့ အဆိုထဲမှာလည်း ပါတယ်။ ဥပဒေအရ သူတို့မှာ စစ်ဆေးပိုင်ခွင့် ရှိတယ်။ စစ်ဆေးတဲ့အခါမှာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်လို့လည်း ရတယ်။ သို့သော် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခွင့်ရတဲ့  အမှုမျိုးကိုပဲ ဖြေရှင်းဆောင်ရွက်ခွင့် ရှိတယ်။ တည်ဆဲဥပဒေကို ကျော်လွန်လို့ မရဘူး။

အခုပုဒ်မတွေဟာဆို ရဲအရေးပိုင်တဲ့အမှု။ အရမ်းထိခိုက် နာကျင်စေတယ်။ လူ့လက်ချောင်းတွေကို ကျိုးကြေသွားစေတယ်။ ဒီလို အပြင်းစားထိခိုက်နာကျင်စေမှုများက ရဲအရေးပိုင်တာပဲ။ ရဲအရေးပိုင်မှုမှာ တရားလိုသည် နိုင်ငံတော်ပဲ။ ပြောရရင် နိုင်ငံတော်က တရားလိုလုပ်ပြီး စွဲရမှာ။ ကာယကံရှင်ကိုယ်တိုင်က ကျေအေးလို့ လက်ခံရင်တောင် ကျေးအေးလို့ မရဘူး။ တရားရုံးအဆင့်ရောက်မှ ကျေးအေးခွင့် ရှိတယ်။ အခုက တရားစီရင်ပိုင်ခွင့်ကို ကျော်လွန်သွားတဲ့ သဘောပဲ။

ဦးမျိုးဇော်အောင် (ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အပြင်မှာ ပြည်သူလူထု ပြောနေတဲ့အမြင်နဲ့ ကျနော်တို့အမြင် အတူတူပဲ။ ကျနော်တို့ နိုင်ငံသားတွေ အကုန်လုံးကို နိုင်ငံအနေနဲ့ အပြည့်အဝ ကာကွယ်ပေးနိုင်ရမယ်။ ဒီလိုမျိုး အစိုးရအဖွဲ့က မဟုတ်တာလုပ်တယ် ဆိုရင်တောင် ကော်မရှင်က ထောက်ပြနိုင်တဲ့ အရည်အချင်းမျိုး ရှိရမယ်။ ပြီးရင် ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်အောင် လုပ်ပေးရမယ်။

အခုက အစိုးရနဲ့ အဆင့်တောင် မဟုတ်သေးဘူး။ အပြင်စီးပွားရေးလုပ်ငန်းတွေ သာမန်ပြည်သူလူထုတွေနဲ့ ဖြစ်တာကိုတောင် မဖြေရှင်းနိုင်ဘူး။ ပြည်သူလူထုတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်အောင် ကြိုးစားပေးဖို့က ကော်မရှင်မှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကြီး တခုလုံးဟာ လက်ခံနိုင်ဖွယ် မရှိဘူး။ ကော်မရှင်မှာ လုံးဝတာဝန်ရှိတယ်လို့ ယူဆတယ်။

ဦးရောဘတ်စန်းအောင် (တရားလွှတ်တော် ရှေ့နေ)

အင်းဝအပ်ချုပ်ဆိုင်ရဲ့အမှုက ဖွဲ့စည်းပုံအခြေခံက အသိအမှတ်ပြုထားတဲ့ ဘာသာရေးကြီး ၅ ခု ရှိတယ်။ အဲဒီ ၅ ခုထဲက သွန်သင်ဆုံးမ သြဝါဒတွေနဲ့ တချက်မှမညီဘူး။ သူတို့ကို မိစ္ဆာဒိဋ္ဌိလို့ပဲ သတ်မှတ်ဖို့ ရှိတယ်။ သူတို့ရဲ့ အပြုအမူတွေက လူမဆန်စွာ ပြုမူထားတာ။ စာနာထောက်ထားမှုတရား ကင်းမဲ့စွာ ပြုမူထားတယ်။ ကြီးမားတဲ့ ရာဇဝတ်မှုကြီးတွေကို အတင့်ရဲစွာ မြို့လည်ကောင်မှာ ချိုးဖောက်ထားတယ်။ ဒါမျိုးနဲ့ ပတ်သက်ရင် ဥပဒေကြောင်းအရသာ ဖြေရှင်းခိုင်းရမယ့်အစား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ငွေကြေးနဲ့ နစ်နာမှုကို ဖလှယ်ပေးလိုက်တယ်ဆိုတာက အင်မတန်မှ ရုပ်ပျက်တဲ့ တရားဥပဒေ ဘောင်ကျော်ဆောင်ရွက်ချက် ဖြစ်တယ်။

ဖြစ်ပွားထားတဲ့ မှုခင်းမှာ တရားခံကို သက်သာမှု ဖြစ်စေဖို့အတွက် ထိန်ချန်လိုက်တာ ဖြစ်တယ်။ သူတို့က ပြောတယ်။ သွားရလာရ ဘာညာဆိုတာက ဒါတွေကမလိုပါဘူး။ တရားရုံးတွေက လမ်းစရိတ်ခရီးစရိတ်ကို လုံလောက််အောင် ပေးမှာပဲ။ နောက် လူမှုအဖွဲ့အစည်းတွေကလည်း ပေးမှာပဲ။ ဒါကို သူတို့က ရှင်းရှင်းပြောရရင် သားသမီးချင်း စာနာစိတ်နဲ့ သူတို့ကတောင်မှ စိုက်ထုတ်အကုန်ကျခံ လုပ်ပေးရမယ့်အစား ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်နဲ့ မှုခင်းထိန်ချန်မှုကို ထိထိရောက်ရောက် ကျူးလွန်လိုက်တာပဲ ဖြစ်တယ်။

မကြာခင်မှာ ကော်မရှင်လူကြီးတွေကို မှုခင်းထိန်ချန်မှုနဲ့ တရားစွဲဆို ခွင့်ပြုမိန့်ပေးဖို့အတွက် နိုင်ငံတော်သမ္မတကြီးထံမှာ ကျနော်တို့ တရားစွဲဆိုခွင့်ပြုမိန့် တောင်းခံတော့မှာ ဖြစ်တယ်။ အဲဒါရတာနဲ့ ရာဇဝတ်ကြောင်းအရ သူတို့ကို ကျနော်တို့ စွဲပါတော့မယ်။ ပြစ်မှုဆိုင်ရာ ပုဒ်မတွေအနေနဲ့ဆိုရင် သူတို့ရှေ့က ပုဒ်မကတော့ လူကုန်ကူးမှုတို့ ရာဇသတ်ကြီး ပုဒ်မ ၃၂၅၊ ၃၂၆၊ ၃၇၀ စသည်ဖြင့် အဲဒါတွေကို ထိန်ချန်မှုဖြစ်တဲ့ ရာဇသတ်ပုဒ်မ မျဉ်းစောင်း/၂၀၁ ခံပြီး သူတို့ကို စွဲရမှာပေါ့။ တရားစွဲရမယ်နေရာမှာ သူတို့က အဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ခဲ့တာဖြစ်တော့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာပဲ ဒီအမှုကို တင်သွင်းဆောင်ရွက်ရမှာ ဖြစ်တယ်။ နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း အခုဖမ်းခံထားရတဲ့ အမျိုးသမီးတွေကို မေးရမယ်။ တစုံတရာလာဘ်လာဘ ငွေကြေးပေးရသလား ရှိ/မရှိပေါ့။ ရှိခဲ့တယ်ဆိုရင် အဲဒီအမှုကို သီးခြားတင်ရမယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဆိုတာ ဖွဲ့စည်းစဉ်က လူ့အခွင့်အရေးတွေ မဆုံးရှုံးအောင် ကာကွယ်စောင့်ရှောက်ဖို့အတွက်ဖွဲ့တာ။ ဒါပေမယ့် သူတို့ကစလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ်မှာပါသလို လူတိုင်းက တရားဥပဒေမှာ အညီအမျှ ဖြစ်စေရမယ်ဆိုတဲ့ ပြဌာန်းချက်ကို ချိုးဖောက်တာဖြစ်တော့ ဒီလို ကော်မရှင်မျိုးကို တရားစွဲပြီး သင်ခန်းစာပေးမှ နောက်ထပ်ရှိလာမယ့် ကော်မရှင်တွေလည်း ဒီလိုမဖြစ်မှာ ဖြစ်တယ်။

ကျနော်က ဦးဆောင်သူတဦးအဖြစ်နဲ့ ဆောင်ရွက်မယ်။ အထက်မြန်မာပြည်က မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ခေါင်းဆောင်ဖြစ်တဲ့ ဦးသိန်းသန်းဦးရယ်၊ အောက်မြန်မာပြည်က မြန်မာနိုင်ငံရှေ့နေကွန်ရက်ရဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းတို့ နောက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးနေလတို့ စတဲ့ လူကြီးပိုင်း ရှေ့နေကြီးတွေ အပါအဝင် ဦးစီးဦးဆောင်ပြုပြီး တရားစွဲဆိုမှာ ဖြစ်တယ်။

ဦးအေးမင်း ( တရားလွှတ်တော်ရှေ့နေ )

ဒါဥပဒေကြောင်းနဲ့ ကြည့်ရင်တော့ တပိုင်းပေါ့။ ဒါပေမယ့် မနေ့က သတင်းစာရှင်းလင်းပွဲကိုကြည့်တော့ ညှိနှိုင်းဖြေရှင်းပေးလို့ ရတယ်။ လုပ်ပိုင်ခွင့် ရှိတယ်ပေါ့ ။ ဒါပေမယ့် လူ့အခွင့်အရေးဆိုတဲ့ နေရာမှာ နစ်နာသူကို တရားမျှတတဲ့နည်းနဲ့ ဖြေရှင်းပေးဖို့။ လူ့အခွင့်အရေးက ညှိနှိုင်းပေးနိုင်တဲ့ အခွင့်ရှိတယ်ဆိုရင် မျှမျှတတနဲ့ ဆုံးဖြတ်ပေးဖို့လိုတယ်လို့ ကျနော်တို့ မြင်တယ်။ ဒီမှာ ကလေးတယောက်က သိန်း ၄၀၊ အငယ်လေး ၁၀ သိန်း၊ ဒီဟာတွေက သူတို့ခံစားရတဲ့ ဒုက္ခတွေနဲ့စာရင် မိုးနဲ့ မြေလို ကွာတယ်။ တန်ရာတန်ကြေး ပုံစံလည်း မဟုတ်ဘူး။

ကာယကံရှင်က ကျေအေးပေမယ့် ရဲကနေ အမှုထပ်ဖွင့်လို့ ရတယ်။ ထိခိုက်နစ်နာတာက ကြီးလားသေးလားဆိုတာ အရေးယူ ဆောင်ရွက်ရမယ်။ ကျနော်တို့ အမြင်အရဆိုရင် တရားဥပဒေအရ အရေးယူသင့်တယ်လို့ မြင်တယ်။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့လည်း ဒီလို အမှုကြီးက လူ့အခွင့်အရေး ဆုံးရှုံးနစ်နာတဲ့ အမှုတွေနဲ့ မတူဘူး။ ဒါက လူကို ထိခိုက်နစ်နာစေတဲ့ အမှုဖြစ်တယ်။ ငွေရေးကြေးရေးနဲ့ မဆုံးဖြတ်သင့်ဘူးလို့တော့ ကျနော် ယူဆပါတယ်။

ပြတ်ပြတ်သားသား ပြောရရင် ဒီလူ့အခွင့်အရေးကော်မရှင်သည် ပီပီပြင်ပြင်အလုပ်လုပ်တဲ့ ကော်မရှင် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကော်မရှင်ဆိုတာက အမည်ခံပဲရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်။ လူတွေ တကယ်နစ်နာနေတာကို ဆောင်ရွက်ပေးတာက အမှုတွဲ ၄ ထောင် ၅ ထောင်် လောက်ရှိတဲ့အထဲမှာ သူတို့ တကယ်လုပ်တာ ဆယ်ဂဏန်းလောက်ပဲ ရှိပါတယ်။ လက်ချိုးရေလို့ ရပါတယ်။

ဦးတင်သန်းဦး ( စီးပွားရေးနှင့် ဥပဒေပညာ အကြံပေး )

လူ့အခွင့်အရေး ကော်မရှင်ဆိုတာက ကော်မရှင်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ရောက်လာတဲ့ကိစ္စကို နှစ်ဖက်ခေါ်ယူမယ်။  ညှိနှိုင်းမယ်။ ဖြေရှင်းပေးမယ်ပေါ့။ သူတို့က ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ပဲလေ။ အဲ့ဒီတော့ သူတို့က ဖြေရှင်းပေးမှာပဲ။ ကာယကံရှင်တွေက နဂိုတည်းက ရဲစခန်းကို သွားတိုင်လို့ရပါတယ်။ နဂိုတည်းက မကျေနပ်ရင် တိုက်ရို်က်ရဲစခန်းကို သွားလို့ရတယ်။

ဘယ်နိုင်ငံသားမဆို ပြဿနာတရပ်ရပ်ကို ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ ပတ်သတ်ရင် ဥပဒေနဲ့ တရားစွဲနိုင်တယ်။ ဥပဒေက ခွင့်ပြုထားပါတယ်။ တရားမ နစ်နာကြေးနဲ့ စွဲမယ်ဆိုရင်လည်း တရားစွဲဆိုနိုင်တယ်။ ပြီးတော့ လူ့အခွင့်အရေး ကော်မရှင်နဲ့ သတင်းထောက်တွေနဲ့ ငြင်းခုန်မေးမြန်းကြတာတွေကလည်း ဥပဒေနဲ့ဆို မေးစရာတွေ အများကြီး ရှိလာတယ်။ ဒီကလေးတွေကိစ္စမှာ လူ့အခွင့်ရေးကော်မရှင်က ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုရင် သူတို့တာဝန် ယူရမှာပါ။

လူ့အခွင့်အရေး ကော်မရှင်ရဲ့ အဓိက တာဝန်တရပ်ကတော့ ဒီလို အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာပြီဆိုရင် မှုခင်းနဲ့သက်ဆိုင်တဲ့ ပြဿနာတရပ် ဖြစ်လာပြီဆိုရင် ခေါ်ယူစစ်ဆေးခြင်း မရှိဘဲနဲ့ ကျေအေးရုံ ရှင်းလိုက်တော့တယ်။ တရားမျှတမှု ရှိမရှိ ဆိုတာကတော့ ဒါနောက်ဆက်တွဲပြဿနာလို့ ပြောရပါမယ်။ ဒီလို နောက်ဆက်တွဲပြဿနာ တက်လာတဲ့အပေါ်မှာ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဖြေရှင်းပေးလိုက်တာကို ဆိုလိုတာက ဒီအမှုက ရပ်ကွက်အုပ်ချုပ်ရေးရုံးအဆင့်နဲ့ ညှိနှိုင်းလို့ မရဘူးလို့ ကျနော်က ပြောချင်တာပါ။

လူ့အခွင့်အရေး ကော်မရှင်ဆိုတာက သူတို့ကိုချပေးလိုက်တည်းက သူတို့က အနယ်နယ်အသီးသီးမှာရှိတဲ့ လူ့အခွင့်အရေးတွေ ထိန်းသိမ်းနိုင်ဖို့ လူ့အခွင့်အရေးတွေကို အကာကွယ်ပေးနိုင်ဖို့ ဖွင့်ပေးလိုက်တာ ဖြစ်တဲ့အတွက် အဲဒီကော်မရှင်မှာ ရှိနေတဲ့ အရည်အချင်းရှိတဲ့သူတွေ ဦးဆောင်တဲ့သူတွေက နိုင်ငံတကာ စည်းမျဉ်းတွေ ဥပဒေတွေနဲ့အညီ ယုံကြည်လာအောင် ဖော်ဆောင်ပေးဖို့ တာဝန်ရှိတယ်လို့ ထင်ပါတယ်။

နောက် သူတို့ အသေးစိတ် စစ်တာမစစ်တာ နစ်နာတာ မနစ်နာတာတွေကို ကြားနာဆုံးဖြတ်ခဲ့တာ မရှိဘူး။ ဆိုလိုတာက လိုအပ်ချက်ကတော့ သူတို့ ကော်မရှင်တွေအဖွဲ့က တာဝန်အရစစ်ဆေးပြီး ပြစ်မှုရှိမရှိ စစ်ဆေးတာမျိုး မှုခင်းဟုတ်လား မဟုတ်လား စစ်ဆေးပြီး လုပ်တာမျိုး မတွေ့ခဲ့ဘူးလို့ ဆိုလိုတာပါ။

Loading