စာပြန်လာသင်ချင်တဲ့ စင်ပြိုင်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း

ကျော်ခ
၂၀၁၀ ခုနှစ် လန်ဒန်မြို့ ဆန္ဒပြပွဲတခုမှာ တွေ့ရတဲ့ ဒေါက်တာစိန်ဝင်း / မိုးမခ

ဒေါက်တာ စိန်ဝင်းသည် စစ်အစိုးရခေတ် စင်ပြိုင် အစိုးရအဖြစ် ပြည်ပတွင် အခြေစိုက် တည်ထောင်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ အဖွဲ့ (National Coalition Government of the Union of Burma – NCGUB) ၏ ဝန်ကြီးချုပ်ဟောင်း တဦးဖြစ်သည်။ အဝေးရောက်ညွှန့်ပေါင်းအစိုးရ (NCGUB) ကို ၁၉၉၀ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။

အာဇာနည် ခေါင်းဆောင်များ အနက် တဦးအပါအဝင် ဖြစ်သော ဦးဘဝင်း ၏ သားဖြစ်သူ အသက် ၇၃ နှစ် အရွယ် ဒေါက်တာ စိန်ဝင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲ တော်စပ်သူဖြစ်ပြီး ညီမဖြစ်သူ၏ အမေရိကန်ခရီးစဉ်တွင် ခေတ္တတွေ့ခွင့် ရခဲ့သည်။

မြန်မာပြည် ပြန်ပြီး စာသင်ရန် ရည်ရွယ်ချက်ရှိသည့် ဒေါက်တာစိန်ဝင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့မှု အပါအဝင် အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားသော Sanction ရုပ်သိမ်းမှု၊ မြန်မာပြည် ပြန်ဖို့ အရေး သံရုံးများတွင် ကြုံတွေ့နေရသည့် တင်းကြပ်မှုအပေါ် အမြင်နှင့် လက်ရှိ အစိုးရအပေါ် အမြင်သုံးသပ်ချက် တို့ကို ဧရာဝတီ သတင်းထောက် ကျော်ခက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကားခရီးစဉ်မှာ အန်ကယ်နဲ့ တွေ့ဆုံဖြစ်ခဲ့တယ် လို့ သိရပါတယ်။ အဲဒီ တွေ့ဆုံမှုမှာ ဘာတွေ ပြောဖြစ်ခဲ့ကြလဲ။

ဖြေ ။ ။ ကျနော်တွေ့တာလည်း အမြန်ပေါ့ နော်။ လူအုပ်တွေ ကြားထဲမှာပဲ ကျနော် တွေ့တာပါ။ အဲတော့ ဆွေးနွေးမှု တွေလည်း မရှိပါဘူး။ ဒါပေမယ့်လို့ အချင်းချင်း နှစ်ပေါင်းများစွာ ကြာမှ ပြန်တွေ့တယ် ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ ပျော်ရွှင်ရတဲ့ အခြေအနေ ကတော့ အခြေခံ အခြေအနေတွေ ပြောင်းလာတယ်။ စလုံးရေစ ဖြစ်လာတယ်ပေါ့ နော်။ ဒါပေမယ့် မပြောင်းတဲ့ဟာတွေလည်း ရှိပါတယ်။

မေး ။ ။ ဟုတ်ကဲ့ အန်ကယ်။ မပြောင်းလဲသေးတဲ့ ဟာတွေလည်း ရှိတယ် ဆိုတာ ဘယ်လိုဟာမျိုးတွေကို ပြောတာပါလဲ ခင်ဗျ။

ဖြေ ။ ။ အဲဒါကတော့ ဒီနိုင်ငံခြားမှာ နေတဲ့ မြန်မာတွေ ပြည်တွင်းကို ပြန်ဖို့ ကိစ္စတွေ၊ အဲဒါ ကျနော်လည်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဘာပြောထားလဲ ဆိုတော့ ကျနော်တို့ မြန်မာပြည်ပြန်တဲ့ ကိစ္စကို အမျိုးမျိုး ပြောကြဆိုကြတာ ပေါ့။ ကျနော်တို့ ပြောတာက Visa ပေါ့ နော်။ Social Visa လို့ ခေါ်တယ်။ ဒီဗီဇာကို လျှောက်တဲ့ လူတွေဟာ သူတို့ သံရုံးက သတ်မှတ်ချက် အရ ဆိုလို့ရှိရင် ပုံစံတွေ ဖြည့်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမှာ ရှိတဲ့ မြန်မာတွေလည်း လာပြီး ကူညီပါ။ အထူးသဖြင့် သူပြောသွားတာက ဆရာဝန်တွေကို ပြောတာ။ ၂ လ တန်သည်။ ၃ လ တန်သည် အချိန်ပိုင်းနဲ့လည်း လာပြီး ကူပါ။ မြန်မာပြည်မှာ ကျန်းမာရေးမှာ လိုအပ်နေတယ် ပေါ့နော်။ ဒါပေမယ့်လို့ ဗီဇာကို ကြည့်လိုက်တဲ့ အခါကျတော့ ကူလို့ မရဘူး။ ဗီဇာက ခုန ကျနော်ပြောတဲ့ အတိုင်းပဲ။ ခံဝန်ချက်တွေ အများကြီး ထိုးရတယ်။ သွားတဲ့ ကိစ္စက လွဲရင် ဘာမှ မလုပ်ပါဘူး။ သွားတဲ့ ကိစ္စကလည်း Social Visa ဆိုရင်ဗျာ။ ဆွေမျိုးတွေကို သွားနှုတ်ဆက်တာတို့လို၊ အလည်သွားတာတို့လို စသည်ဖြင့် ဘာမှလည်း မသဲကွဲဘူး။ အဲတော့ ဒီဗီဇာပေးပြီး သွားပြီးတော့ အခြေအနေအရ ကူတာပဲ ဖြစ်ဖြစ် ကောင်းတဲ့ ကိစ္စလုပ်ရင် ဘာဖြစ်လို့ ဒီလို အကန့်အသတ်တွေ အတားအဆီးတွေ ရှိရမှာလဲ။ နောက်ပြီးတော့ ဝန်ခံချက် ဆိုတာက ရှင်းရှင်းပြောရရင်တော့ မဟုတ်တာ လုပ်မယ်လို့ ထင်တဲ့လူကို ဝန်ခံချက် ထိုးခိုင်းတာပဲ။ အဲဒီကတည်းက မကောင်းဘူး။ အဲဒါတွေကို ကျနော်တို့ ပြင်စေ့ချင်တယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အထဲမှာတော့ နိုင်ငံရေး မလုပ်ပါဘူး ဆိုတာကတော့ ဒါအဓိပ္ပာယ်မရှိပါဘူး ဆိုတာတော့ ပြောသွားတယ်။ ဒါပေမယ့် နိုင်ငံရေး မလုပ်ပါဘူး တခုတည်း မဟုတ်ဘူး။ ခုနပြောတဲ့ ဝန်ခံချက် ဖြည့်ရမယ့် ပုံစံမှာ အောက်နားမှာ အမြဲတမ်းပါတယ်။ အမြဲတမ်းလိုပါတယ်။ မလုပ်ပါဘူး ဆိုတဲ့ဟာ နောက်ဆုံးတော့ တောင်းဆိုထားတဲ့ အလည်အပတ်က လွဲလို့ ဘာမှ မလုပ်ပါဘူး ဆိုတဲ့ဟာမျိုး၊ တခါတလေကျရင်လည်း စကားကို ပြောင်းလိုက်တယ်။ နိုင်ငံတော်ကို ပျက်စီးမယ့် အလုပ် မလုပ်ပါဘူး ဆိုတဲ့ဟာကို ဘယ်သူက ပျက်စီးမယ့် အလုပ် လုပ်မှာလဲ။ နောက်ပြီးရင် ခုနပြောသလို နိုင်ငံတော်ဆိုတာ ဘာလဲ။ ဘယ်သူလဲ။ ရှင်းရှင်းလင်းလင်းလည်း မဟုတ်ဘူး။ ဒါတွေဟာ ပြင်ဖို့ လိုတယ်လေ။ ဒါတွေက ထည့်ဖို့ မလိုတော့ဘူး။ မသင့်လျှော်တော့ဘူး။ အဲဒါပြောတာပါ။

မေး ။ ။ အန်ကယ့်အနေနဲ့ လောလောဆယ်မှာရော မြန်မာပြည်ပြန်ဖို့ အစီအစဉ်ရှိလားသိချင်ပါတယ်။

ဖြေ ။ ။ အခုကတော့ ကျနော် ပြောထားတာ ရှိပါတယ်။ လက်မှတ်ထိုးရမယ့် ကိစ္စတွေ ဖျက်ပေးဖို့ ပေါ့နော်။ ဖျက်ပေးဖို့ ဆိုတာ အားလုံး အတွက် ကျနော့် အတွက် မဟုတ်ဘူး။ အကုန်လုံး အတွက် လက်မှတ်ထိုးရမယ့် ကိစ္စတွေ ဖျက်ပေးဖို့ လက်မှတ် မထိုးရအောင်ပေါ့။ အဲလိုဆိုရင် ကျနော် ပြန်မယ်လို့ ပြောထားပါတယ်။ ဘယ်တော့လောက် ပြန်ဖြစ်မလဲ ဆိုတာတော့ မသိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေး မလုပ်ရဘူး ဆိုတဲ့ဟာ ကိုတော့ ပြောသွားတယ် လေ။ အဲဒါ မဟုတ်ဘူး။ နိုင်ငံရေး မလုပ်ရဘူး ဆိုတဲ့ ဝန်ခံချက် ထိုးဖို့ ပြုဖို့ပေါ့ နော်။ ဝန်ခံချက်တွေ ကလည်း အများကြီးပဲ။ ဒီဟာတွေကို မလိုတော့ဘူး ဆိုပြီးတော့ အားလုံးအတွက် ဖျက်ပေးဖို့ ပြောထားပါတယ်။

မေး ။ ။ ၁၉၈၈ မတိုင်ခင်ကရော ၁၉၈၈ နဲ့ အဲဒီနောက်ပိုင်းမှာရော နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပြည်ပရောက်လာတဲ့ သူတွေကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာရော အခု သမ္မတဦးထင်ကျော် အစိုးရလက်ထက်မှာပါ။ Black List ကနေ ပယ်ဖျက်ပေးလိုက်တယ်။ ဒါပေမယ့် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို ပြည်တွင်းပြန်ပြီး နိုင်ငံရေး လုပ်ဆောင်ခွင့် မရအောင် သံရုံးတွေကနေ တဆင့် တင်းကြပ်တာတွေ ရှိနေတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ။ အဲဒါတော့ ဘယ်ကောင်းမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှင်းရှင်းလင်းလင်း ပြောတယ်လေ။ ဒီ Black List နဲ့ ပတ်သက်လို့ Black List ဆိုတာဘာလဲ။ ဘယ်မှာလဲ Black List ဆိုတာ တကယ်တမ်း ဆိုရင် ရာဇဝတ်မှုနဲ့ ပတ်သက်နေတဲ့ သူတွေ ဘာတွေ ပေါ့။ ဒါတွေဟာ Black List ထဲမှာ ရှိမှာဘဲ။ နိုင်ငံရေးယုံကြည်ချက်နဲ့ လုပ်တဲ့ သူတွေကို Black List ထဲထည့်တယ် ဆိုတာ ဒါတော့ မဟုတ်ဘူး။ ဒီလူတွေကိုတော့ ဖွင့်ပေးရမယ်။ ရှင်းရမယ်။ တိုင်းပြည် မထိခိုက်ရင် ပြီးတာပါပဲ။ လူသားချင်းဆိုင်ရာ အလုပ်တွေ၊ ကျန်းမာရေးအလုပ်တွေ၊ ပညာရေးအလုပ်တွေ၊ ဒီအလုပ်တွေက အများကြီးလိုတယ်လေ။

မေး ။ ။ အဝေးရောက် ညွှန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း တယောက်ဖြစ်ခဲ့တဲ့ အန်ကယ့်အနေနဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည်ပကနေ ဘာတွေလှုပ်ရှားလုပ်ဆောင် နေတာတွေများ ရှိလဲ။

ဖြေ ။ ။ အဲဒီဟာကတော့ ပြည်တွင်းမှာဆို ပိုကောင်းတာပေါ့ ဗျာ။ အခုဟာက ကျနော်တို့ လုပ်ခဲ့တဲ့ အလုပ်က နိုင်ငံတကာ အလုပ်။ နိုင်ငံတကာ အလုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားတယ်။ ပြည်တွင်းမှာလည်း ဖိနှိပ်မှုတွေ အများကြီး ရှိနေတယ်။ အဲဒီအချိန်မှာ ကျနော်တို့က နိုင်ငံတကာတိုင်းပြည်တွေကို သွားပြီးတော့ ပြည်တွင်းမှာ ဒါတွေ ဖြစ်နေတယ်။ ဒါတွေ လုပ်ပေးပါ။ ရှင်းရှင်းပြောရရင်တော့ ဆန်ရှင်ကိစ္စတွေ ပြောကြတယ်။ ပြုကြတယ်။ အခုတော့ ဒေါ်အောင်ဆန်းစာကြည်လည်း အပြင် ရောက်နေတယ်။ လာတယ်။ နိုင်ငံတကာ လှည့်နေတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း လာကြတယ် ဆိုတော့ သူတို့ အပေါ်မှာ ပိုပြီးတော့ နိုင်ငံတကာက ကြည့်တာ မြင်တယ်။ မေးတယ်။ မြန်းတယ်ပေါ့။ ကျနော်တို့က မလိုသလို ဖြစ်သွားတာပေါ့ ဗျာ။ ဒါပေမယ့်လို့ ကျနော်တို့ အနေနဲ့က ဆက်ပြီးတော့ နိုင်ငံရေး အခြေအနေက ဘယ်လိုလဲ။ ဆက်ပြီး လေ့လာနေတာပေါ့ ဗျာ။

မေး ။ ။ သမ္မတ ဦးထင်ကျော် အစိုးရတက်လာတဲ့ နောက်ပိုင်းမှာ ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ မြန်မာ ပညာရှင်တွေ အနေနဲ့ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး ကဏ္ဍ အသီးသီးမှာ ဝင်ရောက် လုပ်ကိုင်နေတာ တွေ့မြင်ရနေတယ် ဆိုတော့ ဒေါက်တာ စိန်ဝင်းအနေနဲ့ရော မြန်မာပြည်ကို ပြန်ပြီးတော့ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး ကိစ္စရပ် တွေမှာ တတ်နိုင်တဲ့ ဘက်က ပါဝင်လုပ်ဆောင်ဖို့ အစီအစဉ်ရှိပါသလား။ အစိုးရကရော ဖိတ်ခေါ်တာရှိလား။

ဖြေ ။ ။ အဲလိုတော့ မရှိဘူး။ အစိုးရမှာလည်းပဲ သူ့အလုပ်နဲ့သူ သူတို့ အဲဒီမှာ ခေါင်းဆောင်ပြီးတော့ လုပ်နေကြတဲ့ သူတွေ ရှိပါတယ်။ ကျနော်တို့ အနေနဲ့က တနိုင်တပိုင် အကြံပြုချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ ၉၉ ရာခိုင်နှုန်း အကြံပြုဖို့ မလိုပေမယ်လို့ တစ်ရာခိုင်နှုန်း လောက်ကတော့ လိုချင်လိုမှာပေါ့။ အဲတော့ အကြံပြုချင်တယ်။ ကျနော် ကိုယ်တိုင်ကတော့ ပညာရေးမှာပဲ လုပ်ချင်တယ်။ ပညာရေးမှာ လက်တွေ့အားဖြင့်တော့ စာသင်တဲ့ဟာ ပေါ့ဗျာ။ နောက်ကျန်တာတွေလည်း ပေါ်ချင်ပေါ်လာမှာ ပေါ့။ ပုဂ္ဂိုလ်တဦး အနေနဲ့ တနိုင်တပိုင် လုပ်ချင်တယ်။

မေး ။ ။ တချို့တော့ ပြည်တွင်းမှာ ပြန်ပြီး လုပ်နေကြတာတွေ တွေ့ရပါတယ်။ ဒီအပေါ် အန်ကယ့်အမြင် သိချင်ပါတယ်။

ဖြေ ။ ။ ပြန်ပြီးတော့ လုပ်နေတာတွေလည်း ရှိပါတယ်။ အန်ဂျီအိုအကြောင်းတွေလည်း ကြားနေတာပဲ။ အမျိုးမျိုး ကြားတာပေါ့ဗျာ။ တခုကြားတာက ဘာလဲဆိုတော့ တချို့ NGO တွေက လူကောင်းတွေကို Absorb လုပ်သွားတယ်။ လူကောင်းဆိုတာက အတွေ့အကြုံရှိတဲ့ သူတွေ၊ ပညာတတ်တွေ ပြည်တွင်းမှာ အဲဒီလူတွေကို NGO တွေက ခေါ်ပြီးတော့ ပေးတော့ လူကောင်းတွေ ရှာဖို့ ဆိုတာ ပိုပြီးတော့ ခက်ခဲသွားတယ် လို့ ကျနော် ကြားတာပဲ။ အဲဒါကတော့ တဖက်က ကြားတာပေါ့ နော်။ အဲဒါမျိုးတွေလည်း ရှိနိုင်တယ်။

တခါတလေကျတော့လည်း အမျိုးမျိုးပေါ့ နော်။ ဒါပေမယ်လို့ ကောင်းပါတယ်။ တကယ်လို့ ပြည်တွင်းနဲ့ ပြည်ပ လုပ်နိုင်ရင် ပိုကောင်းတာပေါ့။ ပြည်ပကလည်း အတွေ့အကြုံတွေ ရှိတယ်။ ဒီအတွေ့အကြုံတွေကို ပြောပြလို့ ပြည်တွင်းက ဒါကတော့ ကောင်းတဲ့ အတွေ့အကြုံတွေပဲ၊ ဒါကတော့ လုပ်သင့်တယ် ဆိုတဲ့ ဟာမျိုး ဖြစ်လာတယ် ဆိုရင် ကျနော်တို့ အနေနဲ့ ဝမ်းသာတာ ကျေနပ်တာ ပေါ့။ ဒါရေရှည်၊ ရေတိုစီမံကိန်း ပေါ်မှာလည်း မူတည်တာပေါ့။ အခုချက်ချင်းတော့ သုံးလို့ ရချင်မှ ရမယ်လေ။ အခြေအနေတွေက တော်တော်ကွာတယ်။

ဒါပေမယ့် တဖြည်းဖြည်း ကျနော်တို့ရဲ့ ရည်မှန်းချက်က နိုင်ငံတကာ အဆင့်ကို မီဖို့ ရည်မှန်းချက်နဲ့ လုပ်ကြတာကိုး အခုချက်ချင်း သုံးလို့ မရလည်း နောင် ၄- ၅ နှစ် အကြာမှာ သုံးလို့ ရတဲ့ဟာလည်း ရှိမှာပဲ။ အဲဒီတော့ ကိုယ့်ဆီမှာ Information ရှိနေမယ်။ ကိုယ့်ဆီမှာ လုပ်မယ် ဆိုတဲ့ စိတ်ရှိနေမယ် သတ်မှတ်ထားမယ် ဆိုရင် တနေ့ လုပ်လို့ ရတာပေါ့။ ဒါမှ မဟုတ်လည်း အခုကတည်းက ပြင်ဆင်ထားလို့ ရတာပေါ့။ ဒါမျိုးတွေတော့ ရှိပါတယ်။

မေး ။ ။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက ၂၀၁၂ ခုနှစ်တုန်းက VOA ရုပ်သံ အင်တာဗျူးတခုမှာ အမေရိကန် အနေနဲ့ ဆန်ရှင်တွေ မရုပ်သိမ်းသေးဖို့ အန်ကယ်ရဲ့ သဘောထားကို ပြောဆိုထားတာ တွေ့ရပါတယ်။ အမေရိကန် အနေနဲ့ အခု သမ္မတ ဦးထင်ကျော် အစိုးရလက်ထက်မှာ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် အခရီးစဉ်အတွင်းမှာပဲ ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီလို ဆန်ရှင်ရုပ်သိမ်း ပေးလိုက်တဲ့ အပေါ် အန်ကယ့် အမြင်သိချင်ပါတယ်။

ဖြေ ။ ။ အဲဒါကတော့ တစ် အချက်က ဒီဆန်ရှင်တွေဟာ ကျနော်တို့ တောင်းဆိုတယ် ဆိုတာလည်းပဲ အကြောင်း ရှိလို့ တောင်းဆိုတာ၊ အကြောင်းမဲ့ သက်သက် တောင်းဆိုတာ့ မဟုတ်ဘူး။ အကြောင်းရှိလို့ တောင်းဆိုတယ်။ အမေရိကန်ကလည်း ဒီဆန်ရှင်တွေ ချတယ်။ နောက်ပြီးတော့ ဒီဆန်ရှင်တွေ ရုပ်သိမ်းဖို့ ဆိုတာက အမေရိကန်နိုင်ငံက ရုပ်သိမ်းရမှာ ကျနော်တို့ ရုပ်သိမ်းလို့ မရဘူး။ သူတို့ ပြဋ္ဌာန်းတဲ့ ဆန်ရှင် သူတို့ပဲ ရုပ်သိမ်းရမယ် ဆိုတော့ သူတို့ ဆုံးဖြတ်ချက်ထဲမှာလည်း ပါတာပဲ။ ဒါ ရုပ်သိမ်းသင့်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်ထဲမှာလည်း ပါတာပဲ။

နောက်တခုကတော့ နည်းနည်းရှုပ်တယ်ဗျ၊ ဆန်ရှင်က အများပြည်သူကို ထိခိုက်နိုင်သလား မထိခိုက်နိုင်ဘူးလား။ ဒီ GSP ပေါ့ နော်။ (Generalized System of Preferences – GSP၊ ကုန်သွယ်ရေး မျက်နှာသာပေးမှု) အဲဒါကျတော့ နည်းနည်းရှုပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ Export ပေါ့ နော်။ ပို့ကုန် အပေါ်မှာလည်း အများကြီး အကြောင်းပြုတော့ နည်းနည်း ခက်တယ်။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ တောင်းဆိုထားတာက ကျနော်တို့ အခုသွားနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးပေါ့။ ဒီပြုပြင်ပြောင်းလဲရေးကို ရှင်းရှင်းပြောရရင်တော့ ဆန့်ကျင်ပြီးတော့ လုပ်တဲ့သူတွေ အဲဒါမျိုးတွေကိုတော့ ဆက်ပြီးတော့ ဆန်ရှင်ထားပါဦး။ ဘာကြောင့်လဲ ဆိုတော့ ဒီပြုပြင်ပြောင်းလဲရေးက မပြီးသေးဘူး။ မြန်မာပြည် ဒီမိုကရေစီ အပြည့်အဝ မရသေးဘူး။ အဲဒါကြောင့်မို့ အားလုံးကို ဆန်ရှင်လက်စ် (Sanction-less) မလုပ်ပါနဲ့ဦး လို့ ကျနော်တို့ ပြောနေတာပဲ။

မေး ။ ။ ခုတော့ သမ္မတ ဦးထင်ကျော် လက်ထက်မှာ အမေရိကန်က ဆန်ရှင် ဖြုတ်ပေးလိုက်ပြီ ဆိုတော့ ဒီအပေါ်မှာ အန်ကယ်အမြင်က ဘယ်လိုလဲ။

ဖြေ ။ ။ ရုပ်သိမ်းတာ ခုနပြောသလိုပဲ ခက်တယ်လေ။ တဖက်ကလည်း ပြည်သူလူထု လိုအပ်တဲ့ဟာတွေက ရှိသေးတယ်။ တဖက်ကလည်း စီးပွားရေး ပုံစံက မကျသေးဘူးလေ။ စီးပွားရေး ပုံစံမှာ တဖက်စောင်းနင်း မဖြစ်ဖို့ လိုတယ်။ အကျင့်ပျက် ခြစားမှုတွ ပါလာမယ်။ ဘာတွေပါလာမယ်။ ဒါမျိုးတွေတော့ မဖြစ်ဖို့ လိုတာပေါ့။ ဒါပေမယ့်လို့ ရုပ်သိမ်းတာက နောက်ဘယ်လိုလာမလဲ ဆိုတာကတော့ ကျနော်တို့လည်း မသိဘူး။ ဒီဟာရဲ့ နောက်ပိုင်းမှာ ပေါ့။ သို့သော်လည်း အခု အခြေအနေမှာတော့ အားလုံး မရုပ်သိမ်းသေးဘူး။ တချို့ဆန်ရှင်တွေ ကျန်ခဲ့သေးတယ်။ ကျန်သေးတယ်။

မေး ။ ။ ဆန်ရှင်မှာ တချို့ မရုပ်သိမ်းသေးဘူး ကျန်သေးတယ် ဆိုတာက ဘယ်လိုဟာမျိုးတွေမှာ ကျန်နေသေး တာလဲ။ အန်ကယ်သိသလောက် ရှင်းပြပါဦး ခင်ဗျ။ နောက်တခု SDN ဆိုတာ ရှိသေးတယ် မလွတ်သေးဘူး။ (လူပုဂ္ဂိုလ် အဖွဲ့အစည်းတချို့ကိုတော့ အမေရိကန် ဘဏ္ဍာရေးဌာနက ဆက်လက်ပြီး ပစ်မှတ်ထား ဒဏ်ခတ်မှု၊ Specially Designated Nationals and Blocked Persons -SDN)

ဖြေ ။ ။ ကျနော်တို့က စီးပွားရေးဟိုဟာလည်း မဟုတ်တော့ အတိုကောက်လောက်ပဲ သိတာပေါ့။ သို့သော် ဥပမာ GSP က လွှတ်ပေးလိုက်ပြီ။ ပို့ကုန်တွေဘာတွေက ပိုပြီးတော့ လွယ်လွယ်ကူကူနဲ့ ပို့လို့ရတယ်။

မေး ။ ။ အမေရိကန် အစိုးရအနနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု တွေကို ရုပ်သိမ်းပြီးတော့၊ နာမည်ပျက် စာရင်းတချို့ကို ပယ်ဖျက်လိုက်တယ် ဆိုတော့ အဲဒီအထဲမှာ တပ်မတော်က အဓိက ဦးဆောင်ပြီးလုပ်နေတဲ့ မြန်မာ့ စီးပွားရေး ကော်ပရေးရှင်း MEC နဲ့ ဦးပိုင်တို့လို ပါဝင်နေတဲ့ အပေါ်မှာ အန်အကယ်အနေနဲ့ ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ အဲတာကတော့ အားလုံးနဲ့ Independent လုပ်နိုင်တဲ့ သူတွေ ရှိပါတယ်။ မြန်မာပြည်မှာ ဟိုအရင်တုန်းက လည်း ရှိခဲ့တယ်။ ကျနော်တို့ သိပါတယ်။ ဦးနေဝင်း တက်လာပြီးတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုပြီးတော့ နိုင်ငံပိုင်တွေ မသိမ်းခင်တုန်းက မြန်မာပြည်မှာ အားလုံး သိတဲ့ အတိုင်းပဲ စီးပွားရေး Domestic Industry ပေါ့နော်၊ ပြည်တွင်း စီးပွားရေးက တက်နေတာပဲ။ မကျဘူး။ တက်နေတယ်။ ကောင်းသထက် ကောင်းလာတယ်။ ကျနော်တို့ လက်တွေ့ မြင်ရတာပဲ။ ဒီတခါလည်း အကုန်ဖွင့်ပေးရင်တော့ အကုန်လုံး ကောင်းမယ်။ ပြိုင်ရဆိုင်ရတာတော့ ခက်မယ်။ ဒါတော့ ခက်ရင်ခက်နိုင်ပါတယ်။ ဒါပေမယ်လို့ တကယ် လုပ်ကိုင်တတ်တဲ့ သူတွေ၊ လုပ်ကိုင်မယ့် လူတွေ ရှိတယ်။ ဟိုအရင်တုန်းကတော့ ကျနော်တို့က အာဏာပိုင်နဲ့ မနီးစပ်ဘူး ဆိုရင် Sorry ပဲ။ သိပ်ကြီးကြီးကျယ်ကျယ် တခုမှ မရဘူးလို ဖြစ်နေတာကိုး။ အခုတော့ ရှင်းရမယ်။ ရှင်းဖို့ လိုတယ်။ အဲတော့ အောက်ခြေမှာရော အထက်မှာရော ဒီ စီးပွားရေး ဖွံ့ဖြိုးမှုက လိုအပ်တယ်။ လူတွေ အလုပ်အကိုင်တွေ လိုအပ်လာတယ်။ ဒါတွေကို ဖြေရှင်းဖို့တော့ လိုတာပေါ့။

ကျနော်တို့ ပြောပြောနေတာ ခရိုနီလို့ ပြောတယ်။ ခရိုနီဘဝကနေပြီးတော့ လူထုနဲ့ ပြန်ပြီးတော့ လုပ်ဖို့လိုတယ်။ လုပ်ရင် ကောင်းတယ်။ သူတို့လက်ထဲမှာ အရင်းအနှီးတွေက အများကြီးဘဲ။ ဒီ အရင်းအနှီးတွေကို အိတ်ထဲမှာ ထည့်ထားမယ့် အစား တိုင်းပြည်အတွက် လုပ်ပါ။ လူထု အလုပ်အကိုင်တွေ ပေးတာ တကယ့်စီးပွားရေး ပေါ့။ တိုင်းပြည်အတွက် လုပ်စရာတွေ အများကြီးရှိတယ်။ တခု ရှိတာကတော့ မတရား မလုပ်ပါနဲ့ လယ်သိမ်း၊ မြေသိမ်းတွေ မလုပ်ပါနဲ့ ဒီရှိတဲ့ ငွေကို ထုတ်ပြီးတော့ တိုင်းပြည်အတွက် လုပ်ဖို့ ဒီ စီးပွားရေးပဲ၊ တိုင်းပြည် အတွက် အကျိုးဖြစ်မယ့် စီးပွားရေးမျိုး လုပ်ဖို့ ပေါ့။ ဆူလွယ် နပ်လွယ်နဲ့ ရတဲ့ စီးပွားရေးမျိုး မဟုတ်ဘဲနဲ့ လူတွေကို အလုပ်အကိုင်ပေးတဲ့ စီးပွားရေးတွေ ဒါမျိုးတွေ တခြား တိုင်းပြည်တွေမှာလည်း လုပ်ကြတာပဲ။ အဲဒါမျိုး လုပ်ရင်တော့ ပြည်သူလူထုနဲ့ တသားတည်း ဖြစ်လာနိုင်တယ်။ အဲလို မလုပ်သမျှတော့ ပြည်သူလူထုကတော့ တမျိုးကြည့်နေမှာဘဲ။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိက ခရီးစဉ် အတွင်းမှာ အမေရိကန် အစိုးရအနေနဲ့ ဆန်ရှင်အားလုံး ရုပ်ပေးလိုက်တယ် ဆိုတော့ အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရတို့ အကြား ဆက်ဆံရေး အခြေအနေက ပိုပြီး ကောင်းမွန် လာတယ်လို့ ပြောလို့ ရမလား။ ဒီအခြေအနေမှာ စိုးရိမ်စရာ တခုခုများ ရှိမလား။

ဖြေ ။ ။ ကျနော်တို့ကတော့ အမြဲတမ်း စိုးရိမ်တယ်။ အမြဲတမ်း ပြောနေတယ် ဆိုတာက ဒီမိုကရေစီက အပြည့်အဝ မရသေးဘူး။ ကျနော်တို့ ဆန်ရှင်ကို တောင်းထားတဲ့ အချိန်မှာ ဒီမိုကရေစီရဖို့ အတွက် တောင်းထားတာ။ ဒါပေမယ့်လို့ တဖက်ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အတိုင်းပဲ အမေရိကန် စီးပွားရေးက ဝင်လို့ရပြီး ဒါတွေ၊ ဒါတွေ မရှိတော့ဘူး။ ဝင်မယ် ဆိုပြီး ဝင်ပြီးတော့ တိုင်းပြည်ကို တကယ် သူတို့ အကျိုးလည်း ပါမှာပေါ့။ စီးပွားရေးသမား ဆိုတာ ကိုယ့်အကျိုးကို ကြည့်တာချည်းပဲ။ ဒါပေမယ့် တချိန်တည်းမှာ တိုင်းပြည်အကျိုး ဝင်လာနိုင်တဲ့ စီးပွားရေးမျိုး တွေ ဝင်လာရင် စပြီးတော့ လုပ်ကိုင်တဲ့ အခါမှာ လွယ်ကူတာပေါ့။ စီးပွားရေး ပြန်လည် ဦးမော့ပြီးတော့ ပြန်ပြီးတော့ တက်ဖို့က ပိုပြီး လွယ်လာတာပေါ့။ ဆိုတော့ နှစ်ခုစလုံးတော့ ကြည့်ရမှာပေါ့။

မေး ။ ။ သမ္မတ ဦးထင်ကျော် အစိုးရလက်ထက် အခုလက်ရှိ မြန်မာနိုင်ငံထဲမှာ ဖြစ်ရှိနေတဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ အပေါ် တချို့က အားရကျေနပ်မှု မရှိကြဘူး။ အချို့ကလည်း ကျေနပ်တယ် ဆိုပြီးတော့ အမျိုးမျိုး ပြောဆိုနေကြတာ ရှိတာပေါ့လေ။ ဒီအပေါ်မှာ အန်ကယ်အနေနဲ့ကရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ အားရကျေနပ်မှု မရှိဘူး၊ ရှိတယ်ဆိုတာ ကတော့ ကိုယ်က ဘာကို မျှော်လင့်သလဲ။ မျှော်လင့်ချက်နဲ့ ကိုက်ညီအောင် အချိန် ဘယ်လောက်ပေးမလဲ။ ရက် ၁၀၀ စီမံကိန်းကတော့ လုံးဝ စနစ်မကျတဲ့ ဟာဘဲ။ ရက် ၁၀၀ စီမံကိန်းဆိုတာက တချို့လူတွေ ပြောနေတာ ဒါက ကျနော်တို့ ပြောတဲ့ အတိုင်းပဲ ကားမောင်းတဲ့လူ ဒရိုင်ဘာ လဲပြီးတော့ မောင်းသွားပဲ။ ကားလဲဖို့ နေနေသာသာ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေနေက ကားပျက်တာကို အရင် ပြင်ရဦးမယ်။ ဆိုတော့ ရက် ၁၀၀ စီမံကိန်းနဲ့ ကြည့်ပြီးတော့ ဆုံးဖြတ်လို့တော့ မရဘူးဗျ။ ဒါပေမယ့် ဘာတွေ လုပ်နေသလဲ။ အရေးအကြီးဆုံး ကတော့ လုပ်သင့်လုပ်ထိုက်တာကို စလုပ်ပြီလား စပြောပြီလား။ စပြီးတော့ စဉ်းစားပြီလား။ အဲဒါကအစ ကျနော်တို့က ကြည့်တယ်။

ဥပမာ ဆိုရင် ကျနော် ပြောပြမယ်ဗျာ။ မြန်မာပြည်မယ် မီးတွေ လောင်တယ်။ အမြဲတမ်း မီးလောင်တယ် ဆိုရင် ဒီအစိုးရ အနေနဲ့ အာဏာပိုင်တွေ အနေနဲ့က ဘာလို့ ခဏခဏ နှစ်တိုင်း၊ နှစ်တိုင်းလောင် သလဲ။ ဘယ်နေရာက စသလဲ၊ ဘယ်လို အပြစ်ရှိလဲ။ ဘယ်လို ပြင်ဆင်သင့် သလဲ။ ဒါ စဉ်းစားရမယ်။ ဝိုင်းပြီး စဉ်းစားပြီးတော့ အစီအစဉ်တွေ ချရမယ်။ လုပ်ရမယ်။ ဒါ တဆင့်တဆင့် သွားရမယ်။ စဉ်းစားတဲ့ အဆင့်တောင် မစဉ်းစားဘူး ကွာ။ ဒါငါတို့နဲ့ မဆိုင်ဘူး ဆိုတာမျိုး လုပ်ရင်တော့ အဲဒါ ဆိုးတာပေါ့။

မေး ။ ။ လက်ရှိ အစိုးရကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရေးကြီး လုပ်ငန်းစဉ် တရပ်အဖြစ် ဖော်ဆောင် နေတာ တွေ့မြင်ရပါတယ်။ မကြာခင်ကပဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ အစည်းအဝေး လုပ်သွားတယ်။ ဆိုတော့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေပေါ်မှာရော ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ ကောင်းပါတယ်။ ဒါတွေက လုပ်သင့် လုပ်ထိုက်တာတွေပဲ။ ဖွင့်ပေးတယ်။ ခင်ဗျားတို့ ပြောချင်တာတွေ ပြောကြ ဆိုပြီး တိုင်းရင်းသားတွေ၊ တိုင်းရင်းသားတွေ ဆိုတဲ့ နေရာမှာ ဗမာလည်း ပါတယ်။ တိုက်နေမယ့် အစား ပထမဦးဆုံး စကားပြောတာ ကောင်းတယ်။ မကျေနပ်တာပြော၊ ကျေနပ်တာပြော အစီရင်ခံစာတင်၊ ဒါတွေလုပ်ကြ၊ လုပ်ပြီးတော့မှ နောက်တဆင့် သွားရမှာ ပေါ့။ နောက်တဆင့်မှာ ဘယ်ဟာက အရေးကြီး သလဲ။ ဘယ်ဟာက ဘာလဲ။ အရေးကြီးတဲ့ ဟာမှာ ဘယ်ဟာက အခုချက်ချင်း လုပ်နိုင်သလဲ။ ဘယ်ဟာက နောက်မှ လုပ်နိုင်သလဲ။ အထူးသဖြင့် တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အပစ်အခတ် ရပ်စဲရေးကို ဘယ်လိုလုပ်ကြမလဲ။ ဘာကြောင့် လက်နက်ကိုင် တွေက ပစ်နေခတ်နေကြတာလဲ။ လက်နက်ကိုင် ပစ်ခတ်တာက ကျနော်တို့ ဖုံးဖိထားဖို့လည်း မဟုတ်ဘူး။ နေရာတကာမှာ ဖြစ်နေတာ သိနေတာပဲ။ အဲဒီတော့ ဒါတွေဟာ ဘာကြောင့် ဖြစ်လဲ။ နောက်ပြီးရင်လည်းပဲ ကျနော်တို့ ပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု သွားမယ် ဆိုရင် အခုဘယ်လို ပုံဖော်မလဲ။ နောက်ဘယ်လို ဖော်ဆောင်မလဲ။ ဒါတွေကို စဉ်းစားရမယ်။ ပြောဆိုရမယ် နောက် တဖြည်းဖြည်း၊ တဖြည်းဖြည်း လုပ်ယူသွားရမယ်။

မေး ။ ။ ကျနော်မေးတဲ့ အထဲမှာ မပါဘဲ ထပ်ပြီး ဖြည့်စွက်ပြောဆိုချင်တာများ ရှိလား။

ဖြေ ။ ။ ပြောချင်တာကတော့ဗျာ။ ကျနော်တို့ အကုန်လုံး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုက ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်က မရှိမဖြစ်ကိုး။ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းဖို့၊ တဖက်ကလည်း လူ့အခွင့်အရေးတွေရဖို့ ဒါက အရေးအကြီးဆုံးပဲ။ အဲဒါတွေ ရှိရင် ကျန်တာတွေက ကျနော်တို့ လိုချင်တဲ့ တိုင်းပြည် ဖြစ်မှာ ပေါ့။ အဲဒါ မရှိဘူး ဆိုရင်တော့ မဖြစ်ဘူးဗျ။ အဲတော့ အဲဒါ ဖြစ်စေချင်တာပေါ့ ဗျာ။ အားလုံးဝိုင်းပြီးတော့ လုပ်ကြဖို့ပေါ့ ဒါပါပဲ။

Loading