၂၀၁၆ခုနှစ်၊ အောက်တိုဘာ ပထမပတ် အတွင်းမှာ ဒီနှစ်အတွက် စံချိန်တင်ရွှေဈေး ဖြစ်တဲ့ ၈၉၉၈၀၀ ကျပ် အထိ ဖြစ်သွားခဲ့ပါတယ်။ ပြည်တွင်းရွှေဈေးအတက်အကျက ဘာတွေပေါ် မူတည် ပြောင်းလဲနေတာလဲဆိုတာ သိရှိဖို့အတွက် အောင်သမာဓိ ရွှေဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းမှ တာဝန်ရှိသူတဦးဖြစ်သလို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်က ဗဟိုအလုပ် အမှုဆောင်တဦးဖြစ်တဲ့ ဦးအောင်ဆန်းဝင်းကို ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ လက်ရှိရွှေဈေးကွက်အခြေအနေက ဘယ်လိုရှိပါသလဲရှင့်။
ဖြေ။ ။ မနေ့က မနက်ပိုင်းမှာ ကမာ့္ဘရွှေဈေးက တအောင်စကို ၁၂၇၅ ဒေါ်လာအဖွင့်ဈေးရှိတယ်။ ဒေါ်လာဈေးက တဒေါ်လာကို ၁၂၇၀ ကျပ်ပတ်ချာလည်မှာ ရှိတယ်။ ရွှေဈေး အဖွင့်ဈေး တကျပ်သားကို ၈၇၆၄၀၀ ကျပ်ဖြစ်တယ်။ အဲဒီတော့ မနေ့က ရွှေဈေးက ၉ သိန်းနီးပါးဖြစ်ခဲ့တယ်။ အတိအကျပြောမယ်ဆိုရင် ၈၉၉၆၀၀ ကျပ်ပေါ့။ အဲဒါကို ကြည့်ခြင်းအားဖြင့် ရွှေဈေးက တရက်တည်းမှာတင် ကမာ့္ဘရွှေဈေးကျတဲ့အတွက် တကျပ်သားကို ၂ သောင်း လောက်ကျသွားတယ်။ အဲဒါထူးခြားဖြစ်စဉ်တခုပါပဲ။ ကမာ့္ဘရွှေဈေးက မနေ့က ၁၃၁၃ ဒေါ်လာကနေ ဒေါ်လာ ၄၀ နီးပါး ပြုတ်ကျသွားတဲ့အတွက်ကြောင့် ရွှေဈေးက ဝုန်းဆိုပြုတ်ကျသွားတာ ဖြစ်တယ်။ ကမာ့္ဘရွှေဈေးဘာလို့ အဲဒီလောက်ထိ ပြုတ်ကျသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။
မေး။ ။ တရက်တည်းမှာတင် ရွှေဈေးက အတက်အကျ အရမ်းမြန်တဲ့အခြေအနေမှာ ဝါရင့်ရွှေလုပ်ငန်းရှင်တယောက် အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ လက်ရှိအတိုင်းကတော့ ရွှေက မှန်းရခက်နေတယ်။ ဘယ်သူမေးလို့ မေးရမှန်းကို မသိ ဖြစ်နေတဲ့ သဘောမျိုး ရောက်နေတယ်။ ပြည်တွင်းရွှေဈေးကွက်ဟာ ကမာ့္ဘနိုင်ငံရေး၊ စီးပွားရေးနဲ့ ၅၀ ရာခိုင်နှုန်းလောက် ဆက်စပ် ပတ်သက်နေပါတယ်။ ကမာ့္ဘရွှေဈေးကွက်က မြန်မာ့ဈေးကွက်နဲ့ ချိတ်ထားသလို ဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ ရွှေဈေးအပြောင်းအလဲဟာ အများကြီး မှီတင်းနေပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအပေါ်မှာလည်း မူတည်ပါတယ်။ လက်ရှိမှာ လုပ်ငန်းတော်တော်များများ အလုပ်ရပ်ဆိုင်းတဲ့ အခြေအနေတွေ ရှိပါတယ်။ ရွှေဆိုတာက အပိုရောင်း၊ အပိုဝယ်သဘောလေ။ ငွေပိုရင်ဝယ်မယ်၊ ငွေလိုရင်ရောင်းမယ်။ အခုက ဖားကန့်က ကျောက်သမားကလည်း အဲလောက်အလုပ်မဖြစ်၊ မြေသမားတွေကလည်း ငြိမ်နေတယ်။ ပုံမှန်ဝယ်နေကျ ကုမ္ပဏီဝန်ထမ်း၊ အစိုးရ ဝန်ထမ်းတို့ရဲ့ ဝယ်လိုအားလေးတွေကတော့ မလျော့ဘူး။
မေး။ ။ မြန်မာ့ရွှေဈေးက ကမာ့္ဘရွှေဈေး အတက်အကျပေါ်မှာ မူတည်ပြီး အရမ်းပြောင်းလဲသွားတာ ဘာကြောင့်ပါလဲ။
ဖြေ။ ။ အခုနိုင်ငံရေး အခင်းအကျင်း အသစ်ထဲရောက်နေပြီလေ။ စစ်အစိုးရ လက်ထက်က ပြည်ပနဲ့ ရွှေအဝင်အထွက် မလုပ်ရ၊ ဖမ်းဆီးမယ်လုပ်မယ်ဆိုတော့ ကမ္ဘာရွှေဈေး တက်တက်၊ ကျကျ ပြည်တွင်းဈေးက မဆိုင်တော့ဘူး။ အခုကတော့ အဲလိုကြီးကန့်သတ်ထားတာလည်း မရှိတော့ ရွှေအဝင်အထွက်က သူဘာသာသူ ရှိနေတယ်။ ဒါကြောင့်မို့ ကမ္ဘာရွှေဈေးမကျရင် မြန်မာ့ရွှေဈေးက မကျလို့ကို မရတာ။ တရုတ်ကဝင်လာမှာလေ။ ပြီးတော့ ဒေါ်လာဈေးပေါ့။ ခုချိန်မှာ တဒေါ်လာကို တထောင်ကျပ် ဖြစ်သွားကြည့်ပါလား။ ရွှေဈေးက ၈ သိန်း အောက် ဖြစ်သွားမှာပေါ့။ ရွှေဈေးတက်ရခြင်းက ငွေကြေးဖောင်းပွတာကြောင့်လည်း ဆိုင်တယ်။ နိုင်ငံရေးကောင်းတယ်၊ ငွေဈေးကောင်းတယ်ဆိုရင် ကိုယ့်ငွေဈေးနဲ့ ဆက်စပ်နေတဲ့ ရွှေဈေးလည်း ကောင်းသွားမှာပဲ။ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးအလားအလာပေါ်မှာ မူတည်တယ်။
မေး။ ။ မန္တလေးရွှေဈေးကွက်က ပြည်တွင်းဈေးကွက်မှာ ဒုတိယအကြီးဆုံးလို့ ပြောလို့ရမလား။
ဖြေ။ ။ အဲဒီလိုလည်း မဟုတ်ဘူ။ ရန်ကုန်ကသူဌေးတွေလည်း စုံတယ်၊ ဝယ်လက်တွေလည်း စုံတဲ့အတွက် ဖြန့်ဖြူးတဲ့ အပိုင်းမှာ အဓိကလို့ ပြောလို့ရမယ်။ မန္တလေးက ရွှေအဝင်မှာ အဓိကကျတယ်။ ရွှေထွက်သမျှ တိုင်းတွေ၊ ပြည်နယ်တွေက မန္တလေးဈေးကွက်မှာ လာရောင်းကြတာလေ။ ဒါကြောင့် မန္တလေးမှာ ရွှေသန့်စင် လုပ်ငန်းတွေ၊ ရွှေလှော်ဖိုတွေရှိတာလေ။
မေး။ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ ယှဉ်မယ်ဆိုရင် မန္တလေးဈေးကွက်မှာ ရွှေအဝင်ဘယ်လိုရှိပါသလဲ။ တိုးလာသလား၊ လျော့သွားသလား သိပါရစေ။
ဖြေ။ ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကနဲ့ ယှဉ်မယ်ဆိုရင်တော့ ရွှေအဝင်က ၄၀ ရာခိုင်နှုန်းလောက်ထိ ကျသွားတယ်။ တကယ်တမ်းကျ ရွှေက အရင်လို မပေါတော့ဘူး။ အကယ်ဒမီမဟုတ်သော ရွှေလှော်ဖိုတွေကို ကြားဖိုလို့ ခေါ်ကြတယ်။ အရင်တုန်းက (လွန်ခဲ့တဲ့ ၁၀နှစ်) အဲလိုကြားဖိုတွေ ဖို ၃၀ လောက် မန္တလေးမှာ ရှိခဲ့တာ။ အခု ၁၀ တောင် မပြည့်ချင်တော့ဘူး။ ဘာလို့လဲဆိုတော့ ရွှေလှော်သူမလာလို့ မရပ်တည်နိုင်တော့တာလေ။
မေး။ ။ ဘာကြောင့် ရွှေအဝင်နှုန်းက အဲဒီလောက်ထိ ကျဆင်းသွားရတာလဲ။
ဖြေ။ ။ တူးစရာမှ မရှိတော့တာလေ။ ဘက်ဟိုးတွေနဲ့ တူးနေကြတာ။ အရင်က သုံးနှစ်လောက်တူးတဲ့တောင်တခုကို ၃ ရက်လောက်နဲ့ အပြီး တူးနေကြတာလေ။ ရွှေဈေးတက်ရတဲ့အကြောင်းရင်းတွေမှာ ရွှေအဝင်နည်းတာကြောင့် ပါတယ်။
မေး။ ။ ဒီလပိုင်းအတွင်း ရွှေဈေးတက်သွားတာဟာ ကုန်သွယ်လုပ်ငန်းခွန်ကြောင့်ရော သက်ဆိုင်ပါသလား။
ဖြေ။ ။ အခွန်ကြောင့် ဝယ်မယ့်သူက တွန့်တော့ တွန့်သွားတယ်။ နောက်ဆုတ်သွားတာမဟုတ်ဘူး။ ပြီးတော့ အခွန်ကလည်း လက်ရှိမှာ မကောက်သေးတဲ့အတွက် မဆိုင်ဘူးလို့တော့ ပြောလို့ရပါတယ်။ အကယ်၍သာ နောက်လမှာ ကောက်မယ်ဆိုရင် ဒီလမှာ ဝယ်ကြမှာပဲလေ။
မေး။ ။ ရွှေဈေး ၈ သိန်းကျော်ဖြစ်တဲ့အချိန်မှာ မန္တလေးရွှေကုန်သည်အသင်းက စာထုတ်တားတာတွေ ရှိခဲ့တယ်။ အခု ၉ သိန်းနီးပါးဖြစ်တဲ့အချိန်ထိ အဲလိုမလုပ်ကြဘူးလား။
ဖြေ။ ။ ရွှေဈေးကို တားလို့မရဘူး။ ရွှေဈေးစီးဆင်းမှုကို တားလို့မရနိုင်ဘူး။ ရွှေဈေးကို မတက်အောင် သွားလုပ်လို့မရနိုင်ဘူး။ ၂၀၀၀ ခုနှစ်က ထောက်လှမ်းရေးက ရွှေဈေးကျဖို့ဆိုပြီး မန်းလေးက ရွှေကုန်သည် ၂၂ ယောက်ကို ဖမ်းချုပ်ကြတယ်။ မဖမ်းခင်က ရွှေတကျပ်သား ၃ သောင်းရှိတာ ဖမ်းလိုက်တဲ့ အချိန်မှာ ၆ သောင်း ဖြစ်သွားတယ်။ နောက်ပြီး ပြန်လွှတ်လာတော့ ၁ သိန်းဖြစ်သွားတာပဲလေ။ ရွှေဈေးက အဲဒီလိုလုပ်မရဘူး။ ရွှေကုန်ည်များအသင်းက ဘာကိုတားလို့ရမလဲဆိုတာ လေကိုတားလို့ရတယ်။ လက်ထဲမှာ ရွှေမရှိဘဲနဲ့ လေနဲ့အရောင်းအဝယ်လုပ်နေတဲ့ လေသမားတွေကိုတားလို့ရမယ်။ စစ်အစိုးရလက်ထက်ကလည်း စစစ က ရွှေတကျပ်သားကို ဘယ်လောက်ရောင်းရမယ်ဆိုပြီး အမိန့်ထုတ်တယ်။ ရွှေဈေးကို မတက်အောင် တကျပ်သား ၅ သိန်းခွဲဆိုပြီး သတ်မှတ်လိုက်တယ်။ တချို့ရွှေဆိုင်တွေက အမိန့်ထုတ်ထားတဲ့အတိုင်း ၅ သိန်းခွဲတော့ ရောင်းပါတယ် ဒါပေမဲ့ အလျော့တွက်အပေါ် နှစ်ဆလောက် ပိုယူကြတယ်။ ကျနော်က ခါတိုင်းယူနေကျ အလျော့တွက်အတိုင်းကို ပေါက်ဈေးအတိုင်း ရောင်းတယ်။ အဲဒီအတွက် အဖမ်းခံရတယ်။ အဲဒါနဲ့ အလျော့တွက်တွေ ပိုယူပြီး ဈေးလျော့ရောင်းတဲ့ဆိုင်က ဘောက်ချာနဲ့ အမှန်တကယ်ရောင်းတဲ့ ဘောက်ချာကို ယှဉ်ပြလိုက်ပြီး ဖြေရှင်းမှ လက်ခံတယ်။ အဲဒီဘောက်ချာသာ မပြနိုင်ရင် ထောင်ကျမှာ။ အရင်အစိုးရလက်ထက်တုန်းကတော့ ရွှေဈေးတက်တယ် ဆိုတာနဲ့ ရွှေသမားတွေ အကုန်ဖမ်းတာနဲ့ ဈေးကကျသွားမှာပဲ။ ဒါပေမဲ့ ရေရှည်တော့ တောင့်မခံနိုင်ဘူးလေ။ ဈေးက ပြန်တက်သွားမှာပဲ။
မေး။ ။ အစိုးရအနေနဲ့ ရွှေနဲ့ ပတ်သက်တဲ့ အခွန်ဆိုင်ရာမူဝါဒတွေကို ဘယ်လိုချမှတ်သင့်တယ်လို့ အကြံပြုချင်ပါလဲ။
ဖြေ။ ။ ရွှေမူဝါဒကို လုပ်မယ်ဆိုရင် ရွှေသမားနဲ့တော့ အရင်ဆုံးတွေ့ဖို့ လိုအပ်တယ်လေ။ ရွှေသမားတွေ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ လေ့လာပြီး လုပ်ဖို့ လိုအပ်တယ်။ အခုအခြေအနေမှာ လက်ရှိအစိုးရက အပေါ်ပိုင်းမှာသာ သူတို့လူတွေဖြစ်နေတာလေ။ အောက်ပိုင်းမှာက အရင်လူတွေပဲဆိုတော့ မပြောင်းလဲသေးဘူးလေ။ ရွှေဆိုတာ တကျပ်သားအပေါ်မှာ အခွန်ကို မတွက်ပါနဲ့။ လုပ်ငန်းရှင်က တကယ်လုပ်ငန်း လုပ်တဲ့အကျိုးအမြတ်ပေါ်မှာ ကောက်သင့်ပါတယ်။ ပစ္စည်းရဲ့ တန်ဖိုးပေါ်မှာ မကောက်သင့်ပါဘူး။
မေး။ ။ ဒီနှစ်ထဲမှာ ရွှေဈေးက အပြောင်းအလဲမြန်သွားတာရဲ့ အကြောင်းအရင်းက ဘာကြောင့်လဲဆိုတာ သုံးသပ်ပေးပါဦး။
ဖြေ။ ။ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲကြောင့်ပါ။ ဟိုအရင် စစ်အစိုးရလက်ထက်တုန်းက တဦးတည်းအုပ်ချုပ်တာ ဖြစ်တဲ့အတွက် တယောက်တည်းမှာ အာဏာရှိတယ်။ သူက လစာတွေတိုးလိုက်တော့ ပြောလိုက်ရင် ရွှေဈေးက တက်သွားမှာပဲလေ။ အဲဒီလူရဲ့ ပါးစပ်ဟာ ရွှေဈေးပဲ။ မှတ်မှတ်ရရ ကြုံခဲ့ဖူးတယ်။ လစာတွေ တိုးမယ်ဆိုတာနဲ့ တရက်တည်းကို ငါးသောင်း တက်သွားတာ။ အခုကတော့ ဘာနိုင်ငံရေးအပြောင်းအလဲမှ မရှိဘဲနဲ့ ရွှေဈေးက ကမာ့္ဘရွှေဈေးကျတာနဲ့ တကျပ်သားကို ၂ သောင်းလောက်တောင်ပြုတ်ကျသွားတာ။ အရင်က ကမာ့္ဘရွှေဈေး တအောင်စကို ဒေါ်လာ ၃၀၊ ၅၀ အထိ တက်သွားခဲ့တုန်းကတောင် မြန်မာ့ရွှေဈေးက သောင်းဂဏန်း မတက်ဘူး။ ထောင်ဂဏန်း လောက်ပဲ တက်တာ။
မေး။ ။ ရွှေဈေးကွက်က ဆက်ပြီး တက်လိုက်၊ ကျလိုက် ဖြစ်နေရင် ဈေးကွက်မှာ ဘာဆက်ဖြစ်နိုင်မလဲ။
ဖြေ။ ။ အခုချိန်မှာ ရွှေက မှန်းလို့မရဘူးဖြစ်နေတယ်။ ရွှေကို စုဆောင်းမှု အတွက် ရင်းနှီးမြှုပ်နှံမှု တခုအနေနဲ့သာဝယ်ပါ။ ဒီရွှေအပေါ်မှာ အကျိုးအမြတ် လုပ်စားမယ် ဆိုရင် အခုချိန်မှာ အရမ်းအန္တရာယ်များတယ်။ ဘာဖြစ်လာမယ်၊ ဘာမဖြစ်ဘူးဆိုတာ ပြောလို့မရတဲ့အတွက်ကြောင့် အခုချိန်မှာ အထိအရှများတယ်။ အခု လေသမားတွေ ပျာယာခတ်ပြီ။ အခုချိန်ဆို သူတို့ဝယ်ဖို့အတွက် အခွင့်အရေးပဲ။
မေး။ ။ လက်ရှိအခြေအနေမှာ ရွှေဝယ်သင့်သလား။ စောင့်ကြည့်သင့်သေးလား။
ဖြေ။ ။ ဒီဈေးနဲ့ ရောင်းတဲ့သူရှိရင် ဝယ်ထားတာ မမှားနိုင်ဘူး။ ထပ်ကျသွားမလား ပြောမရပေမယ့် ရွှေဆိုတာက တက်ထားတဲ့ ဈေးကိုတော့ တဖြည်းဖြည်း ပြန်ရောက်လာတာပဲလေ။ အခုလက်ရှိ အနေအထားကတော့ ဝယ်သူကလည်း ဈေးကွက်ကို စုံစမ်းနေကြတုန်း၊ ကျများကျဦးမလားဆိုပြီး စောင့်ကြည့် နေကြတုန်းရှိတယ်။