မြန်မာနိုင်ငံရဲ့ အနောက်ဘက် တံခါးပေါက်လို့ တင်စားခေါ်ဝေါ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်များထဲက နယ်ခြားစောင့်တပ် လုံခြုံရေးဌာနတွေကို အကြမ်းဖက် အဖွဲ့အစည်း တခုက အောက်တိုဘာလ ၉ ရက် မနက် ၁ နာရီနဲ့ ၄နာရီကြားမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး လက်နက်တိုက်လည်း အဖောက်ခံလိုက်ရပါတယ်။
အဖောက်ခံလိုက်ရတဲ့ လက်နက်တိုက်မှ လက်နက် ၅၁ လက်၊ ကျည်မျိုးစုံ ၁၀၁၄၀ တောင့် ပျောက်ဆုံး သွားပြီး အောက်တိုဘာ လ ၁၁ ရက်မှာ လုံခြုံရေး ကင်းလှည့်နေတဲ့ တပ်မတော်သား ၄ဦး ထပ်မံ ကျဆုံးခဲ့ ပါတယ်။
အကြမ်းဖက်အဖွဲ့ဘက်မှ လာရောက်တိုက်ခိုက်စဉ်က သေဆုံးသူ အလောင်း ၈ လောင်း ရရှိပြီး အကြမ်းဖက် ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ၂ ဦးနဲ့ ဆက်စပ်နေတဲ့ ၂ ဦး၊ စုစုပေါင်း ၄ ဦးကိုတော့ မြန်မာအာဏာပိုင်တွေက ဖမ်းမိထားကာ စစ်ဆေးနေဆဲပါ။
မောင်တောဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ လူမှုကွန်ရက် Facebook မှာ လက်ရှိ ဖြစ်စဉ်က ရယူထားဖြင်း မဟုတ်တဲ့ ဓာတ်ပုံတွေ၊ ပြောဆိုရေးသားမှုတွေ အပြင် ဘင်္ဂါလီ(မွတ်စလင်) လူတစုက လက်နက်၊ တုတ် ၊ ဓားတွေ ကိုင်ဆောင်ပြီး အမုန်းစကား ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်တွေလည်း ပျံ့နှံ့နေပါတယ်။
အခုလို ရှုပ်ထွေးပြီး အမှားအမှန် ဝေခွဲရခက်တဲ့အပြင် ထိလွယ်ရှလွယ်တဲ့ မောင်တောပြဿနာလိုမျိုးကို သတင်းထောက် တွေ အနေနဲ့ ပြည်သူလူထုကို သတင်းရေးသား တင်ပြတဲ့အခါမှာ ဘာတွေကိုသတိထား လုပ်ဆောင်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့် နဲ့ ဇူးဇူး တို့က သတင်းမီဒီယာ လောကထဲက စာနယ်ဇင်း ကောင်စီ၊ အယ်ဒီတာ နဲ့ သတင်းထောက်ချုပ် စတဲ့ ၅ ဦးကို မေးမြန်းထားပါတယ်။
ဦးသီဟစော
အုပ်ချုပ်မှု ဒါရိုက်တာ – မြန်မာ သတင်းပညာ သိပ္ပံ

Conflict တွေကို Reporting လုပ်တဲ့အခါ သတင်းသမားက ဘယ်လို ပြင်ဆင်ရမလဲ။ ဘယ်လို ရှုထောင့်တွေ ယူရမလဲ။ ဘယ်လိုတွေ ရှောင်ရမလဲပေါ့။ Conflict Sensitive Reporting အခြေခံကို ယူပြီးတော့ သတင်းရေးကြ ယူကြ စေချင်ပါ တယ်။
သတင်းရယူ ပိုင်ခွင့်တွေက ကျနော်တို့ ကြိုးစား ရယူရမှာပါ။ Social Media ကို တခုပြောချင်တယ်။ Social Media တွေက ထိရောက်မှု ကောင်းတယ်။ သွက်လက်မှု ကောင်းတယ် မြန်တယ်။ သတင်းသမားတွေရော လူထုရော Reliable လုပ်ကြ တယ်။ အဲ့ဒါကို ကျနော်ကတော့ နည်းနည်း ဆင်ခြင်မှု ထားစေချင်တယ်။ ဘာလို့လဲ ဆိုတော့ အခုရှိနေတဲ့ သတင်းစာ၊ ဂျာနယ်၊ ရုပ်သံ မီဒီယာတွေက သတင်း အမှားအမှန် စစ်ဆေးတာ ကြီးကြပ်တာ ရှိတယ်။
လူမှုကွန်ရက်မှာက မရှိသလောက်ဘဲ။ တဦးချင်း တင်ကြတဲ့ အခါ သတင်းအမှားအမှန် စစ်ဆေးတာ edit လုပ်တာ ကြီးကြပ်တာ မရှိတော့ဘူး။ အဲ့ဒါတွေကို သတိထား စေချင်တယ်။ သတင်းသမားတွေကတော့ သူ့ရဲ့ Training ရထား တာ နဲ့ Code of Conduct တွေအရ ဘာတွေကို ရှောင်ရမယ်။ ဘာတွေလုပ်ရမယ်ဆိုတာ သင်ပြီးသား လေ့လာပြီးသားလေ။ လူမှုကွန်ရက်မှာက အမှားအမှန် စစ်ဆေးတာ တည်းဖြတ်တာတွေ ကင်းလွတ်နေတော့ သတိထားစေချင်ပါတယ်။
သတင်းသမားကတော့ ကိုယ်တိုင် သတင်းသွားရယူတာတော့ အကောင်းဆုံးပဲ။ Social Media က ရတာက ကိုယ်က ဒုတိယ တဆင့်ခံ ဖြစ်နေပြီ။ ကိုယ်တိုင် သွားယူတာကတော့ တန်ဖိုးပိုရှိတယ်။ ဒါပေမယ့် သွားယူတဲ့အခါ အန္တရာယ်ရှိနိုင် တာ ရှိတယ်။
ကျနော်တို့ သတင်းမီဒီယာ ဥပဒေမှာ ဆိုရင်တော့ သတင်း သမား တွေ သတင်းယူတဲ့အခါမှာ သက်ဆိုင်ရာ အာဏာပိုင် တွေ က လုံခြုံရေး ပေးရမယ် ဆိုတာ ပါတယ်။ အဲ့ဒီတိုင်းတော့ နေရာတကာတော့ မရသေးဘူးပေါ့နော်။ တချို့လည်း ကူညီတယ် တချို့လည်း မကူညီနိုင်ဘူးပေါ့။ ဒါပေမယ့် မီဒီယာ ဥပဒေမှာတော့ ရေးထားပြီးပြီ။
အဲ့ဒါကို ကျနော်တို့က ဥပဒေကို တကယ် အသုံးပြုအောင်လို့ အာဏာပိုင်တွေကို တိုက်တွန်းရမှာပေါ့နော်။ ဥပဒေမှာက ဒီလို ပြောထားတယ်။ လွှတ်တော် ကလည်း အတည်ပြုထား ပြီးပြီ။ သတင်းသမားတွေ အတွက် လုံခြုံရေးဆိုင်ရာကို အာဏာပိုင် တွေက ဖန်တီးပေးရမယ် ဆိုတာရှိတယ်။ အဲ့ဒီ အတိုင်း လုပ်ဆောင်ဖို့ တိုက်တွန်းရမှာပေါ့။
သတင်းရယူတဲ့ အခါမှာ စွန့်စားရတာတွေ ဥပမာ လောက်ကိုင်တို့ ရခိုင်တို့ သွားတဲ့အခါတွေမှာ ခုန ပြောတဲ့ သတင်းမီဒီယာ နဲ့ ပတ်သက်လို့ ဖြစ်တယ်ဆိုရင် အဲ့ဒါတွေက အစိုးရက နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေမှာ ရှိတဲ့ အစိုးရ၊ သူတို့က အဲ့ဒီ ညွှန်ကြားချက်တွေကို သေချာလိုက်နာဖို့ လိုမယ်။ အဲ့ဒါကို နေပြည်တော်မှာ ကျနော်တို့ ၁၉ ရက် လုပ်မယ့် အလုပ်ရုံ ဆွေးနွေးပွဲမှာ ထပ်ပြောပါမယ်။
ဦးစိုးမြင့်
အယ်ဒီတာချုပ် – မဇ္စျိမသတင်းဌာန

သတင်းသမားက သတင်းသမားအလုပ်ပဲပေါ့။ သူ့ရဲ့တာဝန်၊ Professional အလုပ်ကို လုပ်ဖိို့ပါပဲ။ ကျန်တာကတော့ ထူးထူး ထွေထွေမရှိဘူး။ သူစောင့်ထိန်းရမယ့် ကျင့်ဝတ် အထူးသဖြင့် အချက်အလက်တွေ မှန်ကန်ဖို့၊ မျှတစွာတင်ဆက်ဖို့ ဒါ အဓိက ထားပြီးလုပ်ရမှာ။ တိုတိုတုတ်တုတ် ပြောရရင် သတင်းသမားက သတင်းသမား အလုပ်လုပ်ဖို့ပဲ။
ဒါပေမယ့် ဒီလိုမျိုးပဋိပက္ခ တွေဖြစ်တဲ့အခါကျတော့ ဂရုစိုက်ရမှာက လုံခြုံရေး ကိုယ့်ရဲ့လုံခြုံရေး၊ ကိုယ်နဲ့ ဆက်စပ်နေတဲ့ သူရဲ့ လုံခြုံရေးကို ဂရုစိုက်ရမှာပေါ့။ အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ နေရာ၊ အရောက် အပေါက် ခက်ခဲတဲ့နေရာတွေမှာ ကျတော့ သတင်းစီးဆင်းမှုက အရမ်း အရေးကြီးတယ်လေ။ သတင်းစီးဆင်းမှုကို မှန်မှန်နဲ့ မြန်မြန်ဖြစ်နိုင်အောင် ဖော်ထုတ် ဖို့ပါပဲ။
ဖုန်းနဲ့ပဲလုပ်လုပ် On the ground reporting ပဲလုပ်လုပ် သတင်းသမားရဲ့လုပ်ငန်းတာဝန် ကျေပွန်ဖို့ သူ့ရဲ့အချက်အလက် တွေ မှန်ကန်ဖို့၊ မျှတဖို့၊ ဘက်မလိုက်ဖို့ လိုပါတယ်။
ဒါပေမယ့် ဒီလိုမျိုး ပဋိပက္ခဖြစ်တဲ့ဟာ ဆိုရင်တော့ ဘက်တွေစုံအောင် အမြင်တွေစုံအောင် ဆိုတာကတော့ On the ground reporting ပိုကောင်းတာပေါ့။ ရောက်တဲ့နေရာကနေ ဖြစ်တဲ့နေရာကနေ သတင်းပို့ပေးနိုင်တာကတော့ အကောင်း ဆုံးပဲ။ အဲဒီဟာကို ကြိုးစားရမှာပေါ့။ အဲဒီလိုဖြစ်အောင်လည်း အထူးသဖြင့်တော့ အာဏာရှိတဲ့သူတွေ လုပ်နိုင်တဲ့လူတွေက ပံ့ပိုးပေးရမယ်။ သတင်းမီဒီယာတိုက်တွေ အပါအဝင် လုံခြုံရေးယူထားတဲ့ တာဝန်ရှိတဲ့သူတွေက On the ground reporting ကို အတတ်နိုင်ဆုံး ကူညီဖို့ လိုတယ်။
အဓိကကတော့ Conflict Reporting ဖြစ်တဲ့အခါမှာ သတင်းသမားက သတင်းသမားရဲ့အလုပ်ကိုပဲ အကောင်းအဆိုး အခြေအနေမှာ အမှန်ကန်ဆုံးဖြစ်အောင် လုပ်ဖို့ပဲ။ ဘယ်ဟာကြောင့်ဖြစ်တယ်။ ဘာကြောင့်ဖြစ်တယ် ဆိုတဲ့အချက်အလက် တွေကို ပြည့်ပြည့်စုံစုံရရင် ကိုယ့်ရဲ့စာဖတ်သူပဲဖြစ်ဖြစ်၊ ကြည့်တဲ့သူပဲဖြစ်ဖြစ် သူတို့အတွက် အခြေအနေမှန်ကို အကုန်မရ နိုင်တဲ့အတွက် အနီးစပ်ဆုံးရနိုင်အောင် တင်ပြတာပါပဲ။
ကျနော့်အမြင်ကတော့ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့။ သတင်းသမား တယောက်အနေနဲ့ အကောင်းဆုံး စေတနာမှန်မှန်နဲ့ လုပ်ဖို့ပါ ပဲ။ နောက်ထပ် ၆ လလောက် ၁ နှစ်လောက် ဒီဟာတွေမဖြစ်တော့ဘူး၊ ငြိမ်သွားတဲ့အချိန် ကျမှ ကိုယ့်သတင်းကြီးကို ပြန်ကြည့်ပြီးတော့ အဲဒီတုန်းက ငါ့တာဝန် ငါမကျေပွန်ခဲ့ပါလား ဆိုတာမျိုးမဖြစ်အောင်၊ ငါလုပ်ခဲ့တာ အားနည်းချက် ရှိခဲ့တယ် ဆိုတာထက်စာရင် အခုကတည်းက အကောင်းဆုံးဖြစ်အောင် ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်မယ်ဆိုတာက ပိုကောင်းပါတယ်။
ဦးဇော်သက်ထွေး
မြန်မာ သတင်း မီဒီယာ ကောင်စီဝင်ဟောင်း

အခုအချိန်အထိ မီဒီယာသမားတွေကနေပြီးတော့မှ ဒီပဋိပက္ခကို ပိုပြီးကြီးသွားအောင် သွေးထိုးပေးတာ၊ မြှောက်ပေးတာမျိုး လည်း မတွေ့ရသေးဘူး။ အခုလက်ရှိမှာ ပြဿနာက သတင်းရေးသားမှု ဘက်လိုက်တဲ့ ပြဿနာဟာ အရေးမကြီးဘဲ အချုပ်အခြာ အာဏာထိပါးပြီး တည်ငြိမ်အေးချမ်းနေတဲ့ ရခိုင်ပြည်မှာ အခုဆိုရင် အားလုံး လုံခြုံမှုမရှိတော့တဲ့ဟာက အဓိက ပြဿနာ။
အဲဒီတော့ ပြဿနာကို မြင်တဲ့အခါမှာ မီဒီယာသမားဖြစ်လို့ မီဒီယာ Problem မီဒီယာ Issue ကို ရှေ့ကိုထားပြီး ကြည့်ရ မယ် ဆိုရင်တော့ အမျိုးသားရေး Issue ထက်စာရင် မီဒီယာကျင့်ဝတ်နဲ့အညီ ရေးဖို့၊ မီဒီယာကနေ သတင်းမှန်တွေ ရယူဖို့၊ မီဒီယာက သတင်းတွေကို မှန်မှန်ကန်ကန် ရခိုင်ပြည်ဘက်ကရရှိဖို့ ဆိုတာတွေက Second Priority သာဖြစ်ပြီး ပထမ Priority က အချုပ်အခြာအာဏာကို ထိပါးတာကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ တိုင်းပြည် တည်ငြိမ် အေးချမ်းသွားဖို့။ ရခိုင် ပြည်မှာနေတဲ့ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ဖို့၊ ဥပဒေစိုးမိုးဖို့ အဲဒီ Issue တွေက ပိုပြီး အရေးကြီးတယ်။
အဓိကကတော့ လူမျိုးရေးပြဿနာ မဖြစ်ဖို့ကို မိမိရဲ့ရေးသားမှုကို ဂရုစိုက်ဖို့လိုတယ်။ နောက်တခုက ဒါမျိုးကလည်း အရင် အစိုးရ လက်ထက်မှာဖြစ်ပြီးသား ဖြစ်တဲ့အခါကျတော့ မီဒီယာသမားတွေအနေနဲ့တော့ မိမိရေးသားတဲ့ သတင်းအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ မီဒီယာတွေဟာလည်း ဂရုတစိုက် ဒီဟာတွေကို ကိုင်တွယ်ပေးဖို့ လိုတယ်။ အဓိကက ကိုယ့် ကြောင့် လူမျိုး တမျိုးနဲ့တမျိုး ဘာသာရေးအရ ပဋိပက္ခ မဖြစ်ပွားဖို့ ဂရုစိုက်ရမယ်။
မီဒီယာသမားဆိုတာ နောက်ဆုံး ကိုယ့်မျက်လုံးနဲ့မြင်မှ ကိုယ့်ကင်မရာနဲ့ရိုက်မိမှ သတင်းတွေရေးသားရမယ်လို့ ပြောထား တယ်။ မြေပြင်ကို သွားနိုင်ရင် အကောင်းဆုံးပေါ့။ ရန်ကုန်ကနေ ရေးတဲ့သူနဲ့ သွားတဲ့သူရေးတာနဲ့ သွားတဲ့သူရေးတာ ပိုတိကျပြီး မှန်ကန်သေချာစေတာပေါ့။
ဒီနေရာမှာ ဘာသာရေးပဋိပက္ခ မဖြစ်ပွားဖို့ အရေးကြီးဆုံး တာဝန်ရှိသူက အစိုးရ ဖြစ်တယ်။ ဒီလိုမျိုး အစိုးရက သတင်းတွေ ကို ထုတ်ပြန်ဖို့ နှောင့်နှေးနေမယ်ဆိုရင် ပြည်သူတွေကြားမှာ ကောလာဟလ က ကျယ်ပြန့်ပြီး ပြဿနာက ပိုကြီး သွားနိုင် တဲ့ ဖြစ်ရပ်တွေ ရှေ့မှာ အစဉ်အလာတွေ ရှိခဲ့ဖူးတဲ့အခါကျတော့ အစိုးရကနေပြီးတော့ မီဒီယာသမားတွေ ခေါ်ပြီးတော့ ဒီလိုမျိုး ရခိုင်ပြည်နယ်ရဲ့နောက်ဆုံး အခြေအနေတွေကို လုံခြုံရေးတွေပါ တာဝန်ယူပြီး လိုက်လံပို့ပေးပြီး အဲဒီသတင်းတွေ ကို အလျင်အမြန် ကိုယ့်ရဲ့မီဒီယာချန်နယ်ကနေ ထုတ်လွှင့်ပေးခြင်းအားဖြင့် ပြည်သူလူထုက အမှန်ကိုသိမယ်ဆိုရင် ဒီလို မျိုး ပဋိပက္ခ ကြီးထွားလာဖို့ထက်စာရင် Tension လျော့သွားနိုင်တာပေါ့။
နံပါတ် တစ် ကတော့ သတင်းရေးသားတဲ့အခါမှာ အမှန်ကန်ဆုံး၊ အတိကျဆုံး ရေးသားဖို့ ဂရုစိုက်ဖို့လိုပါမယ်။ ကိုယ်ရေးတဲ့ သတင်းမှာ မမှန်ကန်ဘဲ ပါသွားလို့ ပဋိပက္ခပိုကြီးထွားလာရင်တော့ အဲဒီသတင်းသမားမှာ အဓိက တာဝန်ရှိလာမှာပါ။
နံပါတ် နှစ်ကတော့ ကိုယ့်တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာတဲ့အပေါ်မှာ နိုင်ငံသား တယောက်အနေနဲ့ အဲဒါကို ကာကွယ် စောင့်ရှောက်ဖို့ လိုပါတယ်။
ကိုဆွေဝင်း
သတင်းထောက်ချုပ် – Myanmar Now

နံပါတ် တစ် အချက်က သတင်းသွားယူမယ်ဆိုရင် အခုက မလုံမခြုံတဲ့ အခြေအနေ ဖြစ်တယ်။ ပို့ဆောင်ရေး ကဏ္ဍက လည်း တအားခက်ခဲတယ်။ ဘာသာစကား ပြဿနာတွေ ရှိတယ်။ သတင်းထောက်တွေ နဲ့ သတင်း ရင်းမြစ်နဲ့ ကြားမှာ မသင်္ကာမှုတွေ အများကြီးရှိတယ်။ သွားတဲ့ သတင်းထောက်တွေက ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဒဘာသာ လို့ မကြွေးကြော်ပေမယ့် နယ်မြေခံမှာရှိတဲ့ ဘာသာမတူသူတွေက ရန်ကုန်က ဆင်းလာရင် ဗုဒ္ဒဘာသာအမြင်လို့ ရှိပြီးပြီဆိုတော့ အဲ့ဒီမှာတင် ကျနော်တို့က သတင်းတွေကို စိစစ်ဖို့အတွက် အင်မတန် ခက်ခဲနေပြီ။
နံပါတ် နှစ်က လုံခြုံရေး အခြေအနေမှာ ရုန်းရင်းဆန်ခတ် ဖြစ်ကြတဲ့ အခြေအနေမှာ ကျနော်တို့က ဘယ်လောက်ထိ သွား ယူနိုင်မလဲ၊ ဘယ််လောက်ထိ ထဲထဲဝင်ဝင်သိနိုင်မလဲ ဆိုတာကို မေးခွန်းထုတ်စရာ အများကြီး ရှိတယ်။ ကျနော်တို့ သတင်း ထောက်တွေ ပို့တာက အစိုးရက တက်လာတဲ့ သတင်းတွေကိုလည်း ပို့ကြတယ်။ ဒါပေမယ့် ပြည်သူလူထုကို ချပြတဲ့ အခါ မှာ ဒါတွေ ဒါတွေက အမှန်တရား ပါလို့ ကျနော်တို့မှာ ချပြနိုင်တဲ့ အနေအထားမရှိဘူး။ ဒါတွေ ကျနော်တို့ ကြုံတွေ့နေရ တယ်။
အရေးကြီးဆုံးက အမှန်တကယ် စိစစ်ထားတာ မဟုတ်တဲ့ သတင်းတွေက ဒါတွေက မှန်ကန်ပါတယ် ဆိုပြီး ပြည်သူကို ကျနော်တို့က ချပြခွင့် မရှိဘူး။ နောက်ပြီး ရေးမယ်ဆိုရင်တောင် ဒါတွေကို ကျနော်တို့ သတင်း ဌာနတွေက သီးခြား အတည် မပြုနိုင်ပါဘူး ဆိုတာကို အမြဲတစေ သုံးစွဲသင့်ပါတယ်။
အစိုးရဘက်က သတင်းတွေကြည့်လိုက်ရင် လုံခြုံရေးပိုင်းက တက်လာတဲ့ သတင်းတွေပဲ ရှိတယ်။ လုံခြုံရေး အဖွဲ့ အစည်း တွေကလည်း သူတို့ ကိုယ်တိုင် မြေပြင်မှာရှိတယ်။ သူတို့ ကိုယ်တိုင် ပါဝင်ပတ်သက်နေရတော့ သူတို့ဆီက တက်လာတဲ့ သတင်းကို ကျနော်တို့က သတင်းရင်းမြစ်တခုအနေနဲ့ လက်ခံမယ်။
ဒါပေမယ့် ဒီသတင်းတွေအားလုံးကို ပြန်ပြီး စိစစ်ရမယ့် တာဝန် ကျနော်တို့မှာ ရှိတယ်။ အဲ့ဒါ တခုရှိတယ်။ နောက် ထုတ်ပြန် တဲ့ အခါမှာ အာဏာပိုင်အဖွဲ့အစည်းတွေက သတင်းကို မှန်မှန်ကန်ကန် နဲ့ လုံခြုံရေးပိုင်း မထိခိုက်ဘူးဆိုရင် ပြည့်ပြည့်ဝဝ ထုတ်ပြန်သင့်တယ်။ နောက် သတင်းထောက်တွေ သတင်းရယူတဲ့ နေရာမှာလည်း တတ်နိုင်သမျှ လုံခြုံအောင် ၊ အန္တရာယ် မရှိဘူးဆိုရင် လွတ်လပ်စွာနဲ့ သတင်းရယူနိုင်အောင် ကူညီ ဖေးမသင့်တယ်လို့ ကျနော် ထင်ပါတယ်။
ကျနော်တို့ သတင်းထောက်တွေက တတ်နိုင်သမျှ မတူညီတဲ့ သတင်းရင်းမြစ်တွေ အကုန်လုံးကို ဆက်သွယ် ရမယ်။ ဘာမှ ကိုယ့်ကိုယ်ကိုယ် ဘယ်အုပ်စုရယ်၊ ဒီနေရာမှာ ကျနော်တို့ သတင်းထောက် တွေ အားလုံး အတွက် အရေးကြီးတာက နိုင်ငံသားဆိုတာ မေ့ရမယ်။ ဘယ်ဘာသာဝင် ဆိုတာကို မေ့ရမယ်။ ကျနော်တို့ တွေက အမှန်တရားကို ရှာဖွေတာ။
ကျနော်တို့က လူသားတွေ သတင်းထောက်တွေ ဒါတွေကို စွဲပြီး သတင်း အချက်အလက်တွေကို ဘက်ပေါင်းစုံ ၊ ထောင့် ပေါင်းစုံ က သတင်းအချက်အလက်ကို မှန်ကန်အောင် စိစစ်ရမယ်။ ဒီကိစ္စမှာဆိုရင် နယ်မြေခံတွေ မေးရမယ်။
ပါတီတွေဆိုလည်း ရခိုင်အမျိုးသားပါတီ အပြင် NLD ရှိတယ်။ တခြားပါတီတွေ နိုင်ငံရေးသမားတွေကို စေ့စပ်စုံငုံအောင် ကျနော်တို့ မေးရမယ်။ ရဲတပ်ဖွဲ့လည်း မေးရမယ်။ ကျနော်တို့ မသွားနိုင်ဘူးဆိုရင်တောင် မတူညီတဲ့ သတင်းရင်းမြစ်တွေ အားလုံးကို ချိတ်ဆက်ပြီး သတင်းတခုကို အတည်ပြုဖို့ ကြိုးစားပြီး တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားပြီးမှ ဒီသတင်းကို ထုတ်ပြန်ရမယ်။ အဲ့ဒါကတော့ လုပ်လို့ရတဲ့ နည်းတခုပါ။
လုံခြုံရေးပိုင်း ကတော့ ကျနော့်အမြင်ကတော့ သတင်းထောက်တွေက လုံခြုံရေးပိုင်းကို အဟန့်အတား မဖြစ်ဘူး ဆိုရင် တော့ တတ်နိုင်သမျှ ပြည့်ပြည့်ဝဝ ကျနော်တို့ သတင်းထောက်တွေကို ဖေးဖေးမမ ကူညီပေးသင့်ပါတယ်။
ဦးမြင့်ကျော်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်

မြန်မာလိုတော့ အမျိုးသားရေးဝါဒ လို့ ခေါ်မယ်။ အင်္ဂလိပ်လိုတော့ Nationalism ဆိုတာ အမျိုးချစ်တယ် ဆိုတာထက်ကို သူက နည်းနည်းလေးပိုပြီး အစွန်းရောက်တဲ့သဘော ရှိတယ်။ အဲဒီလို Nationalism စိတ်ဖြစ်လွန်းတဲ့ သတင်းသမားမျိုး ရှိနေရင် အယ်ဒီတာက သူ့ကိုဒီသတင်းမျိုး မခိုင်းသင့်ဘူး။ တခြားတယောက်ကို ခိုင်းသင့်တယ်။ အဲဒီခံစားချက်က သတင်း ကို ဘက်မလိုက်ဘဲ ရတဲ့အချက်အလက်တွေကို တိတိကျကျ ဖော်ပြဖို့နေရာမှာ အခက်အခဲရှိတယ်။ နောက် သူမမေးချင်တဲ့ သတင်းရင်းမြစ်တွေကို မေးသင့်လည်း မမေးတာမျိုးတွေ ဖြစ်တတ်တယ်။ အဲဒါက သတင်းအယ်ဒီတာတွေ၊ အဖွဲ့အစည်း တွေ ရဲ့ စီမံခန့်ခွဲမှုနဲ့ ဆိုင်တယ်လို့ မြင်တယ်။
တဦးချင်းမှာကတော့ တကယ့် Journalism ကို Serious ဖြစ်တယ်။ အကောင်းဆုံးဖြစ်အောင် ရေးမယ်လို့ ပိုင်းဖြတ်ထားသူ အတွက်တော့ အတားအဆီးမရှိဘူး။ သို့သော်တခုပဲ ကျင့်ဝတ်တွေမှာလည်း ပါပြီးသားပဲ။ ကိုယ်ဖော်ပြတဲ့ သတင်းတပုဒ်က အများအကျိုးစီးပွားကို ထိခိုက်တယ်။ ကိုယ်ဖော်ပြလိုက်တဲ့ ဓာတ်ပုံတပုံကြောင့် Information ကြောင့် ရပ်ရွာလုံခြုံရေး၊ နောက် သာမန်ပြည်သူတွေရဲ့လုံခြုံရေးပဲ ဖြစ်စေ တခုခုကို ထိခိုက်စေနိုင်တဲ့ဟာဆို ဒီ Information ကို ဘာကြောင့် ဖော်ပြ သင့်တယ်ဆိုတာ သေချာစဉ်းစားဖို့ လိုပါတယ်။
ဒီဒေသမှာ တစုံတရာ ပဋိပက္ခဖြစ်နေပြီဆိုရင် တခါတလေမှာ တချို့ Information ကို အစိုးရက အတည်ပြုပေးနိုင်တယ်။ တခါတလေ မြေပြင်မှာ ဖြစ်နေတဲ့ Information နဲ့လည်း တကယ်လုံခြုံရေးက စိုးရိမ်ရသလား။
လူတွေသတ်ကြလား ဖြတ် ကြလား စသဖြင့် အဲဒါတွေလည်း ဖော်ပြဖို့လိုတယ်။ ဒါမှ သက်ဆိုင်တဲ့ ပဋိပက္ခမှာ အင်အားကြီးတဲ့သူတွေက လူ့ အခွင့် အရေး ချိုးဖောက်တာတို့၊ နိုင့်ထက် စီးနင်းလုပ်တာတို့ မဖြစ်အောင် မီဒီယာက အဲဒီလို အခြေအနေမျိုးမှာ အရမ်း အရေး ကြီး တယ်။ ဒီ အကြောင်းအရာကို မရေးဘဲ ရှောင်ထားရင် တခါတလေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နိုင့်ထက် စီးနင်း လုပ်တာတွေက ပိုပြီး အလွန်အကျွံ ဖြစ်လာတတ်တယ်။
Access to information အရေးကြီးတယ်။ သို့သော် ဒီအခြေအနေမှာ အားလုံးကတော့ ရှိသမျှ Information ချပြမှာ မဟုတ် ဘူး။ အခွန်ကိစ္စလို၊ ကုန်သွယ်ရေး ကိစ္စလိုမျိုး မဟုတ်ဘူး။ ဒါက ပဋိပက္ခလို အသာစီးရဖို့ ကြိုးစားနေတာမျိုး ဖြစ်တဲ့အတွက် အားလုံးကိုပေးမှာ မဟုတ်ဘူး။
ဒါပေမယ့် ကျနော်တို့က ဖြစ်နေတဲ့ အရေးကြီးမှု ရေချိန်၊ အန္တရာယ်ဖြစ်မှု အဲဒါလေးတွေတော့ လူတွေသိအောင် အစိုးရ အပြင် လက်နက်ကိုင် အဖွဲ့အစည်းတွေ တာဝန်ခံမှုရှိအောင် အမြဲတမ်း ဖော်ထုတ်နေဖို့ ရေသားနေဖို့ လိုတယ်။ Ground ထိဆင်းဖို့လိုပေမယ့် တဖက်နဲ့တဖက် တိုက်ခိုက်နေကြတဲ့ နေရာအထိတော့ သတင်းသမားက ဆင်းလို့ မရရင် ကိုယ့်ရဲ့ လုံခြုံရေးအရ အန္တရာယ်ရှိရင်တော့ မဆင်းသင့်ဘူး။
ကျနော့်အမြင်မှာတော့ ဒီဖြစ်နေတဲ့ကိစ္စက တင်ပြဖို့ အားလုံးအတွက် အရေးကြီးတယ်။ လူတွေ အားလုံးသိဖို့လိုတယ်။ ပြည် တွင်းကလူတွေရော နိုင်ငံတကာကရော သိဖို့လိုတယ်။
ဖြစ်နေတဲ့ အဖြစ်အပျက်တွေ၊ အဲဒီနေရာတွေမှာ ထိလွယ်ရှလွယ်ဖြစ်မှုတွေလည်း ရှိတယ်။ အဲဒါတွေလည်း နားလည်ထားဖို့ လိုတယ်။ ထိန်ချန်ဖို့လည်း မလိုသလို Information အားလုံးကိုလည်း အကုန်ထုတ်ပြဖို့မဟုတ်ဘူး။
လူမှု အသိုင်းအဝိုင်း အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ Information က ဘာအတွက် ထုတ်ဖော်ဖို့ အရေးကြီးသလဲ ဆိုတာ သတင်းသမားက ကိုယ့်ကိုယ်ကိုယ် မေးခွန်းမေးဖို့ လိုတယ်။ ထိန်ချန်လို့လည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့်လည်း Information အားလုံး ဘာအကြောင်းကြောင့် ရေးမလဲ၊ ထုတ်ဖော်မလဲ အဲဒီအာရုံလည်း ရှိဖို့လိုမယ်။