လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြန်ပြင်ဆင်သင့်တယ်

ဖြိုးသီဟချို
Equality Myanmar ၏ ဦးဆောင်ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း / http://www.diakonia.se

ပြည်ပတွင် ၂၃ နှစ်ကြာ နေထိုင်ပြီး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်စဉ် နိုင်ငံတကာဆု အများအပြား ရရှိခဲ့သူ ဦးအောင်မျိုးမင်းသည် ၂ဝ၁၃ တွင် မြန်မာနိုင်ငံသို့် ပြန်လည် ရောက်ရှိလာခဲ့ပြီး လူ့အခွင့်အရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခဲ့သည်။ ၎င်းသည် လူ့အခွင့်အရေး ပညာပေးအဖွဲ့အစည်း ဖြစ်သည့် Equality Myanmar ၏ ဦးဆောင်ညွန်ကြားရေးမှူးလည်း ဖြစ်သည်။

ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်တွင် ဖြစ်ပွားခဲ့ သော လူ့အခွင့်အရေး ချိုးဖောက်မှု၊ ယင်း အမှုကို ကော်မရှင်က ကိုင်တွယ်ပုံ၊ ကော်မရှင်ဥပဒေတို့နှင့် ပတ်သက်ပြီး ပြောပြထားသည်။

မေး။ ။ လူ့အခွင့်အရေး ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်မယ် ဆိုရင် ဘယ်လိုပုဂ္ဂိုလ်တွေ ပါသင့်ပါသလဲ။

ဖြေ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေ၊ နိုင်ငံတကာဥပဒေ၊ ပြည်တွင်း ဥပဒေတွေကို ကျွမ်းကျင်မယ့် သူတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်တချက်က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တကယ့်ကို ကြိုးပမ်း လုပ်ဆောင်ခဲ့ဖူး တဲ့ အတွေ့အကြုံ လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရပ်တည်တဲ့ လူမျိုးက အောက်သက် ကျေပြီးသား ဖြစ်မယ်၊ ဒါမျိုး တွေကို သိထားတဲ့ အခါ ဘယ်ဟာတွေက ထူးထူးခြားခြား ဆိုးရွားလာ သလဲ၊ ဘာတွေကို အရေးပေါ် ဆောင်ရွက်သင့်သလဲ ဆိုတဲ့ အမြင်လေးတွေကလည်း ရှိလာမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ စာပဲ ကြေညက်နေလို့ မရဘူး၊ အပြင်လောကကိုလည်း ကြည့်ဖို့ လိုအပ်ပါတယ်။

နောက်ထပ် အရေးကြီးတာကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် လုပ်ဆောင်ချင်တဲ့ အာသီသ ပြင်းပြတဲ့၊ လူ့အခွင့်အရေး အတွက် ရပ်တည်မယ် ဆိုတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ တခါတလေမှာ သိတယ်၊ တတ်တယ်၊ ဒါပေမယ့် မပြောရဲဘူး၊ ဒီအလုပ်ကို လုပ်တဲ့အခါမှာ ငါ့အတွက် တာဝန်တွေ များသွား မလား ဆိုပြီးတော့ ကြောက်နေသမျှ ကာလပတ်လုံး လူ့အခွင့်အရေး အတွက် ရပ်တည်ရဲမှာ မဟုတ်ဘူး။ ပြန်ပြောရမယ် ဆိုရင် ဗဟုသုတရှိဖို့၊ အတွေ့အကြုံရှိဖို့ လိုတယ်၊ လူ့အခွင့်အရေး နဲ့ ပတ်သက်လာရင် အမှန်တရားကို ရင်ဆိုင်ရဲတဲ့သူဖြစ်ဖို့ လိုတယ်။

မေး။ ။ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ရွေးချယ်ပုံ အကြောင်း သုံးသပ်ပြပါဦး။

ဖြေ။ ။ ရွေးချယ်ရေး ကော်မတီဆိုတာ သီးသန့်ရှိတယ်။ ကော်မတီမှာ ဌာနဆိုင်ရာတွေ၊ အရပ်ဘက်တွေ ပါသလို လွတ်တော် ကိုယ်စားလှယ်တွေလည်း ပါတယ်။ သူတို့ကနေ ရွေးချယ်တင်မြှောက်ပြီးတော့ သမ္မတကနေ ပြန်ပြီး ခန့်အပ်တဲ့ ပုံစံမျိုး ရှိရမယ်လို့ ပြောထားတယ်။ ပြီးခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင် ရွေးချယ်တဲ့ ပြဿနာက ဘာလဲ ဆိုတော့ ရွေးချယ်ရေး ကော်မတီမှာ ဘယ်သူတွေ ပါမှန်း၊ ဘယ်သူတွေက ရွေးချယ်လိုက်မှန်း မသိလိုက်ဘူး။ သမ္မတက ခန့်အပ်လိုက်တဲ့ စာရင်း ထွက်လာမှပဲ ဒီလူတွေပါတာကို သိရတယ်။ ရွေးချယ်မှု လုပ်ငန်းစဉ် ကိုယ်တိုင်က ရှိပြီးသား ဥပဒေအတိုင်း မလုပ်ကိုင်တာကို တွေ့ရပါတယ်။

အင်ဒိုနီးရှားမှာ ဆိုရင် ဘယ်လိုလူတွေ ပါဝင် သင့်တယ် ဆိုတဲ့ ဟာကို အရင် ချမှတ်တယ်၊ ပြီးတော့ အဲဒီအချက်တွေနဲ့ ပြည့်စုံပြီးတော့ ဘယ်သူတွေ ဖြစ်သင့်လဲ ဆိုတဲ့ အကြံပြုချက်ကို ပြည်သူလူထုကနေ တင်ခွင့် ရှိတယ်။ အဲဒီထဲကမှ ရွေးချယ်ရေး ကော်မတီက ပြန်ပြီးတော့ ရွေးချယ်တယ်။ လူထုက စလာတယ်၊ ပြီးတော့မှ ဘယ်သူ့ကို ကန့်ကွက်စရာ ရှိလဲ၊ ဘယ်သူတော့ ဖြစ်သင့်လဲ ဆိုပြီးတော့ လူထုကို ပြန်ပြီးတော့ ချပြတယ်၊ နောက်ဆုံးမှ ဒါကို သမ္မတက ခန့်အပ်ခွင့်ပဲ ရှိပါတယ်။

အခု (မြန်မာပြည်မှာ) ဖြစ်တဲ့ ပြဿနာက မိုးကျရွှေကိုယ်လို ဘယ်ကမှန်း မသိ၊ သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ။ ဒါတွေကြောင့် လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြန်ပြင်ဆင်သင့်တယ် လို့ ပြောချင်တာပါ။ သူချမှတ်ထားတဲ့ ဥပဒေအပေါ်ကိုတောင် သူကိုယ်တိုင် မလိုက်နာခဲ့တဲ့ သဘောဖြစ်နေတယ်။ ထုံးစံအတိုင်းပဲ ဒီနေရာမှာ ဘယ်သူဖြစ်သင့်လဲ ဆိုတဲ့ အထက်က ချမှတ်ပေးတဲ့ အကျင့်၊ အာဏာပိုင်တွေက ချမှတ်ပေးတဲ့ အကျင့် ဆိုတာမျိုးတွေ ရှိနေတယ်။ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ကဏ္ဍတွေ အားလုံးမှာ တွေ့နေရတယ်။ ကော်မရှင် မှာလည်း သူတို့အတွက် အန္တရာယ်မရှိတဲ့ လူတွေကို ထားထားတဲ့ သဘောမျိုး ဖြစ်တယ်။

မေး။ ။ ကော်မရှင် အဖွဲ့ဝင်တွေကို ဘယ်လိုလူတွေက ရွေးချယ် သင့်ပါသလဲ။

ဖြေ။ ။ သမာသမတ်ကျတဲ့ လူမျိုးတွေ၊ ပုဂ္ဂိုလ်စွဲ မပါဘဲ၊ သူ့အရည်အချင်းနဲ့ နောက်ကြောင်း ရာဇဝင်တွေ သိပြီးတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ လူမျိုးဖြစ်ဖို့ လိုပါတယ်။ လူ့အခွင့်အရေး ကော်မရှင်မှာ အလွှာစုံဖို့ လိုအပ် ပါတယ်။ ကျား၊ မ ရေးရာ၊ တိုင်းရင်းသား ရေးရာ၊ မတူကွဲပြားတဲ့ လူတွေရဲ့ရေးရာအရ အဲဒီက ကိုယ်စားပြုတဲ့ လူတွေ ပေါ့။ ပြီးတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်က လူတွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေက လူထုနဲ့ အမြဲတမ်းတွေ့နေရတော့ လူထုရဲ့ ဆန္ဒတွေကို သိတယ်။

မေး။ ။ ကော်မရှင်အဖွဲ့ဝင်တွေကို ဒုဝန်ကြီးအဆင့် သတ်မှတ်တာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါ သလဲ။

ဖြေ။ ။ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အဆင့်ကို ဝန်ကြီးနဲ့ ဒုတိယဝန်ကြီး အဆင့် ပေးပြီးတော့ ကျန်တဲ့ အဖွဲ့ဝင်တွေကို ဌာနမှုး တာဝန်တွေ ပေးလိုက်ရင် ပိုပြီးတော့ ရှင်းပါလိမ့်မယ်။ ခုဖြစ်နေတာက အကုန်လုံးက ဒုဝန်ကြီးတွေပဲ ဖြစ်နေတယ်၊ တယောက်နဲ့ တယောက် အဆင့် တန်းတူတွေ ဖြစ်နေတယ်။ အရှိန်အဝါ အရ တချို့က မာနတွေ တက်နေတဲ့ သဘောမျိုးလည်း တွေ့ရတယ်။ တိုင်းပြည် ဘဏ္ဍာငွေတွေလည်း အများကြီး ဆုံးရှုံးပါတယ်။ ငွေကြေးတွေ ပေးမယ့် အစား လုပ်ပိုင်ခွင့်တွေ ပိုတိုးသင့်ပါတယ်။

မေး။ ။ အစိုးရစရိတ်နဲ့ အဆောင်အယောင်တွေကို ယူထားတော့ သီးခြား လွတ်လပ်တဲ့ ကော်မရှင်လို့ ပြောလို့ ရနိုင်ပါ့ မလား။

ဖြေ။ ။ ဒါ ထောက်ပြစရာပါ။ အစိုးရဆန် စားနေရတယ် ပေါ့။ ဒါပေမယ့် လူ့အခွင့်အရေး ကော်မရှင်ရဲ့ သဘောကိုက အဲဒီအတိုင်း ဖြစ်နေတယ်။ အစိုးရနဲ့လည်း ပူးပေါင်း ဆောင်ရွက်ရမယ်၊ လွတ်လပ်တဲ့ ပုံစံမျိုးလည်း ရှိရမယ်။ ဒါပေမယ့် တကယ် လုပ်ဆောင်တဲ့ လူတွေ စိတ်ထားက သူ့ဆန် စားပေမယ့် သူပြောတဲ့ အတိုင်း ရဲစရာ မလိုဘူး။ ငါတို့ တာဝန်က ပြည်သူ့အတွက် ဖြစ်ရမယ် ဆိုရင်တော့၊ စိတ်ဓာတ်မျိုး ရှိရင်တော့ အဲဒီပြဿနာ မရှိပါဘူး။

အခုက အရင်ကထက် နည်းနည်း ပိုကောင်းပါတယ်။ အရင်ကဆိုရင် သမ္မတရုံး အောက်မှာ လူ့အခွင့်အရေး ကော်မရှင်က ရှိနေတာ၊ သူ့ရဲ့ ကုန်ကျငွေတွေကို တောင်မှ သမ္မတရုံးကနေ တင်ပေးရတယ်။ ဒါကြောင့် လွှတ်တော်က ဒါမျိုး မဖြစ်သင့်ဘူး ဆိုပြီးတော့ ဒီကော်မရှင်ကို ဥပဒေအရ ဖွဲ့ပါ၊ သမ္မတခန့်တာမျိုး မဖြစ်ပါနဲ့ ဆိုပြီး ထောက်ပြခဲ့တယ်။ ဒါကြောင့် ဥပဒေသစ် ပေါ်လာခဲ့တယ်။ ခုကျတော့ သူတို့ သုံးစွဲမယ့် ဘက်ဂျက်ကို လွှတ်တော်မှာ တင်ပြီးတော့ လွှတ်တော်က ခွင့်ပြုမယ် ဆိုတော့ check and balance (အပြန်အလှန် ထိန်းကျောင်းမှု) တော့ အရင်ကနဲ့ စာရင် ပိုအားကောင်း လာတယ်။

မေး။ ။ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ကော်မရှင်က စစ်ဆေးထားတဲ့ အမှုတွေကို ပြန်ကိုင်တွယ်သင့် သလား။

ဖြေ။ ။ (မကြာသေးခင်က) ဦးဝင်းမြက ခုမှ လွတ်လွတ်လပ်လပ် လုပ်နိုင်တာ သုံးလပဲ ရှိပါသေးတယ်လို့ လွှတ်တော်မှာ ပြောသွားတာ ရှိပါတယ်။ ဒါ အစိုးရသစ်တက်တဲ့ အချိန်မှ လုပ်ပိုင်ခွင့် ရတဲ့ သဘောမျိုး ဖြစ်နေတယ်။ အရင်တုန်းက ဟာတွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မဖြစ်ခဲ့တဲ့ ဟာတွေ၊ နစ်နာမှုတွေ ရှိတယ်။ ဒါမျိုးတွေ ဆိုရင်တော့ အယူခံဝင်တဲ့ သဘောမျိုးနဲ့ ပြန်တိုင်တဲ့ လုပ်ငန်းစဉ်တော့ ရှိသင့်ပါတယ်။ စနစ် ကိုယ်တိုင်က မှားနေတယ်၊ ကျင့်ထုံး ကိုယ်တိုင်က လွဲနေတယ် ဆိုရင်တော့ ပြန်ပြီး လုပ်သင့်ပါတယ်။ အားနည်းချက်က လူလည်း လွဲနေတယ်။ တချို့ နေရာတွေမှာ သူနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေ ကလည်း အားနည်းနေတာကြောင့် မပြီးပြတ်သေးတဲ့ အမှုတွေလည်း ရှိနေတယ်။

မေး။ ။ ကော်မရှင်ဥပဒေမှာ ပြဋ္ဌာန်းထားချက်အရ ဆိုရင် ကော်မရှင်က ထိထိရောက်ရောက် လုပ်ကိုင်နိုင်တဲ့ အနေအထားမှာ ရှိသလား။

ဖြေ။ ။ ကော်မရှင်ရဲ့ ဥပဒေအရ ဆိုရင်တော့ လုပ်ပိုင်ခွင့် နှစ်ခုလုံးတောင် ပေးထားပါတယ်။ တခုက ကာကွယ်ရေး၊ တခုက မြှင့်တင်ရေး။ လူ့အခွင့်အရေးကိစ္စ ဖြစ်မယ်လို့ စိုးရိမ်ရတဲ့ အခြေအနေမှာတောင် ဝင်ရောက်ပြီး စုံစမ်း စစ်ဆေးနိုင်တဲ့ သဘောမျိုးပေါ့။ ဥပမာ ပြဿနာ မဖြစ်သေးဘူး၊ တင်းမာမှုတွေ ဖြစ်တယ်၊ အဲဒီအချိန်မှာ တောင်မှ လူ့အခွင့်အရေး ကော်မရှင်က ဝင်ရောက် စုံစမ်းပြီးတော့ အစိုးရကို တင်ပြနိုင်အောင် လုပ်ထားတာတွေ ကတော့ ကောင်းတယ်။ အားနည်းချက်တွေ ကတော့ ဥပမာ-အကျဉ်းထောင်မှာ သွားရောက် စုံစမ်းပိုင်ခွင့် ရှိတယ်၊ ဒါပေမယ့် ကြိုတင်အကြောင်းကြားရမယ် ဆိုတာမျိုးနဲ့ ပြန်ပြီးတော့ ကန့်သတ်ထားတာ ရှိနေတယ်။ သွားတော့သွား၊ ကြိုသိထားတဲ့ အတွက် တကယ်ဖြစ်နိုင်တဲ့ အဖြစ်မှန်တွေ ရပါ့မလား။ ကြိုတင် ပြင်ဆင်ပြီးတော့ မှားယွင်းတဲ့ သတင်းတွေ ပေးတာမျိုးရော မဖြစ်နိုင်ဘူးလား။

နောက်တခုက တရားရုံးမှာ စုံစမ်းနေတဲ့ ကိစ္စတွေကို စုံစမ်းပိုင်ခွင့် မရှိဘူးလို့ ပြောတယ်။ တရားစီရင်နေတဲ့ ကာလမှာ တရားရေး စနစ်၊ တရားသူကြီးကြောင့် လူတယောက်မှာ နစ်နာချက်တွေ ရှိလာရင် မကိုင်တွယ်တေ့ာဘူးလား။ နောက်တခုက အစိုးရအဖွဲ့က တာဝန်ရှိသူကို မေးမြန်းခွင့် ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့်အစိုးရက ထိပ်တန်း လျှို့ဝှက်ချက် လို့ ပြောထားတဲ့ အချက်တွေကိုတော့ မေးမြန်းပိုင်ခွင့် မရှိဘူး။ တဖက်မှာတော့ ပြထားတယ်၊ တကယ်တမ်းကျတော့ ပြန်ချုပ်ထားတဲ့ အချက်တွေ ဖြစ်နေတယ်။

အဆိုးဆုံးကတော့ ချိုးဖောက်တယ်လို့ ကော်မရှင်ကနေ သတ်မှတ်တဲ့ လူ့အခွင့်အရေး ကိစ္စ တခုကို သက်ဆိုင်ရာ ဝန်ကြီးဌာန တခုကို လွှဲပြောင်းပေးအပ်မယ်၊ အဲဒီဝန်ကြီးဌာနကနေ ရက်ပေါင်း ၃ဝ အတွင်းမှာ ပြန်ကြားရမယ် ဆိုတာပဲ ပါတယ်၊ မဖြစ်မနေ ဆိုတာမျိုး မပါဘူး။ မပြန်ကြားခဲ့ဘူး ဆိုရင် ဘယ်လိုမျိုး ဖိအားပေး ဆောင်ရွက်နိုင်တယ် ဆိုတဲ့ လုပ်ပိုင်ခွင့်ကို မပေးထားဘူး။ ပူးပေါင်း ဆောင်ရွက်မှု ကောင်းတဲ့ ဌာနဆိုရင်တော့ ရက် ၃ဝ အတွင်းမှာ အဆင်ပြေသွား နိုင်တယ်၊ အားမကောင်းတဲ့ အဖွဲ့ဆိုရင် မလုပ်လည်း ဘာကိစ္စမှ မရှိဘူး၊ ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့ စိတ်ထားမျိုး ဖြစ်အောင် ဥပဒေမှာ အားနည်းချက်တွေ ရှိနေပါတယ်။

မေး။ ။ ကော်မရှင် အဖွဲ့ဝင်တွေကို တာဝန်ကနေ အနားပေးနိုင်တဲ့ အချက်တွေရော ဥပဒေမှာ ပေးထားတာ တွေ့ရ သလား။

ဖြေ။ ။ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ၊ သူ့ရဲ့ လုပ်ကိုင်နိုင်မှုအနေ အထား၊ အစိုးရနဲ့ လွှတ်တော်ကနေ ဒီလူ တယောက်က တာဝန် ထမ်းဆောင်နိုင်ဖို့ အနေအထား မရှိသင့်တော့ဘူးလို့ ဆုံးဖြတ်တယ် ဆိုရင်တော့ ထုတ်ပယ်လို့ ရတယ်။ ဒါပေမယ့် တဖက်မှာ ဘာနဲ့ ပြန်လည် ကာကွယ်ထားသလဲ ဆိုတော့ သူတို့ စီရင်တဲ့ အမှုတွေမှာ သဘောရိုးနဲ့ လုပ်ဆောင်တယ် ဆိုရင်တော့ အရေးယူလို့ မရနိုင်ဘူး လို့ ဥပဒေထဲမှာ ထည့်ထားတယ်။ အဲဒါ နှစ်ခုက ကွဲလွဲနေတာ ပေ့ါ။ ဒါကြောင့် အခု အင်းဝကိစ္စမှာ သဘောရိုးဆိုပြီး ပြန်ချေပနေတာကို တွေ့ရပါတယ်။

မေး။ ။ လူ့အခွင့်အရေး ကော်မရှင်ဆိုတာ ဘာအတွက် ဖြစ်ရမလဲ။

ဖြေ။ ။ လူ့အခွင့်အရေး ကော်မရှင်ဆိုတာ တိုင်းပြည် အတွက် အလွန်အားကောင်းတဲ့ အချက်ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံး တိုင်ကြားနိုင်တဲ့ နေရာ၊ လူထုအတွက် တကယ်တမ်း ကာကွယ်ပေးနိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေဟာ လူထုကို စိတ်ပျက်စေတယ်၊ ယုံကြည်မှုပျက်စေတဲ့ ကိစ္စတွေ ပိုများနေပါတယ်။

ဥပမာ-တိုင်ကြားတယ်၊ အရေးယူတာ မရှိဘူး။ ပညာပေးတယ် ဆိုပြီး ဒါနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ထဲမှာ ထည့်သွင်းထားတာ မတွေ့ရဘူး။ သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ကော်မရှင်ဝင်တွေရဲ့ စည်းမဲ့ ကမ်းမဲ့ ပြောကြားချက်တွေက လူ့အခွင့်အရေး ကော်မရှင်ဟာ ဒီလိုပါလား ဆိုပြီးတော့ လူထုက လေးစားရမယ့် အစား ရွံရှာမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါက ဘယ်တိုင်းပြည်မှာမှ မရှိသင့်သလို ကျွန်တော်တို့ တိုင်းပြည်မှာလည်း မရှိသင့်ပါဘူး။

လူ့အခွင့်အရေး ကော်မရှင်လို့ ပြောလိုက်တာနဲ့ တကယ်တမ်း လုပ်ဆောင်မယ့် လူတွေ ပါဝင်တဲ့အဖွဲ့ ဆိုတဲ့ ပုံရိပ်ကောင်းမှ လူတွေက ပူးပေါင်းဆောင်ရွက်မှု အားကောင်းမယ်။ ကော်မရှင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု ကောင်းမှ ကောင်းမွန်တဲ့ အစိုးရကို ထူထောင်နိုင်မယ်၊ တိုင်ကြားမှု အပိုင်းမှာလည်း အားကောင်းလာမယ်။ ဒါပေမယ့် တဖက်မှာ အားနည်းတဲ့ အတွက် ကျန်တဲ့အပိုင်းမှာလည်း လျော့နေတာကို စိတ်မကောင်းစွာနဲ့ တွေ့ရပါတယ်။ ။

Loading