ဟုမ္မလင်း-မုံရွာ ရေယာဉ်တိမ်းမှောက်မှုမှ အသက်ရှင် လွတ်မြောက်သူကို မေးမြန်းချက်

ဧရာဝတီ
ရေယာဉ်တိမ်းမှောက်မှုတွင် အသက်ရှင်ကျန်သူ မနှင်းသီရိမွန် / ဧရာဝတီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိချောင်းတွင်း ကျေးရွာအနီး၌ ဟုမ္မလင်း-မုံရွာ ပြေးဆွဲနေတဲ့ အောင်စိုးမိုးကျော် ရေယာဉ်ဟာ ဒီကနေ့နံနက် တိမ်းမှောက်ခဲ့လို့ ရေယာဉ်အပါအဝင် ရာနဲ့ချီတဲ့ ခရီးသွား ပြည်သူတွေနဲ့ ကုန်ပစ္စည်းတွေ ချင်းတွင်းမြစ်ထဲ နစ်မြုပ်မှု ဖြစ်ပွားခဲ့ပါတယ်။

ရေယာဉ်နစ်မြုပ်မှုထဲမှာ ပါဝင်သွားသူတွေထဲက အများစုကို ဒေသခံ ရွာသူရွာသားတွေက စက်လှေတွေ အသုံးပြုပြီး ကယ်ထုတ်နိုင်ခဲ့ကြပေမယ့် ပျောက်ဆုံးနေသူ အများအပြား ရှိနေသေးသလို နစ်မြုပ်သွားသူတွေထဲက ရုပ်အလောင်း တချို့ကို ရှာဖွေတွေ့ရှိကြောင်း ကနဦးသတင်းတွေ ထွက်ပေါ်နေပါတယ်။

နစ်မြုပ်တဲ့ ရေယာဉ်ပေါ်မှာ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ် ကျေးရွာသူ အသက် ၃၀ အရွယ် မနှင်းသီရိမွန်လည်း ပါဝင်ခဲ့ပြီး ဒေသခံတွေရဲ့ အချိန်မီ ကယ်တင်မှုကြောင့် အသက်ရှင်ကျန်သူ ဖြစ်ပါတယ်။ လောလောဆယ် ကင်းတိုက်နယ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ မနှင်းသီရိမွန်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ကျော်ခ က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်ဆိုတော့ ကျန်းမာရေး အခြေအနေ ဘယ်လိုလဲ ရှင်းပြပေးပါဦး။

ဖြေ ။ ။ ကျမက အသက်ရှုလို့ မဝဘူးရှင့်။ ကျမ တကိုယ်လုံးနဲ့ ခေါင်းတွေမှာ ရေနံဆီတွေ ပေပြီး ဖြစ်နေတာ။ အန်တော့လည်း အန်တဲ့ အရေတွေက ရေနံဆီတွေပဲ အန်ထွက်နေတာ။ အသက်ရှုမဝတဲ့ အတွက် အောက်စီဂျင် တပ်ထားရပြီး အခုလေးပဲ ဖြုတ်ထားတယ်ရှင့်။

မေး ။ ။ မနှင်းသီရိမွန်ရေ၊ မနက်တုန်းက ရေယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ အခြေအနေလေးကို ရှင်းပြပေးပါဦး။

ဖြေ ။ ။ ကျမက မုံရွာမြို့ပေါ်မှာ အလှပြင်ဆိုင် ဖွင့်ထားတော့ သောင်သွပ်ကနေ မုံရွာကို သွားတာပါ။ ရေယာဉ်က ဟုမ္မလင်းကနေ ၁၀ နာရီက ထွက်တာ။ သောင်သွပ်ရောက်တော့ ၂ နာရီမှ ရောက်တာရှင့်။ ကျမတို့ သောင်သွပ် မှာလည်း ဂိတ်မှူးရှိတယ်။ ကျမတို့က အဲဒီဂိတ်မှူးဆီမှာ ဖြတ်ထားလိုက်တာ နေရာတွေကျပ်တယ်၊ မကျပ်ဘူးဆိုတာလည်း မသိဘူး။

ကျမတို့က လက်မှတ် ဖြတ်ထားလိုက်ေတော့ ရေယာဉ်လာတာနဲ့ လိုက်လိုက်တာ။ လိုက်တော့ ထိုင်စရာက နေရာမရှိဘူး။ ပြည့်ကျပ်နေတယ်။ ထိုင်စရာ ထိုင်ခုံမရှိလို့ ပြန်ဆင်းမယ်လို့ လုပ်တော့ သူတို့က မဆင်းပါနဲ့တဲ့၊ သူတို့ နေရာရအောင် လုပ်ပေးမယ်တဲ့။ နာရီဝက်လောက်ပဲ စောင့်ပါ။ ၁၅ မိနစ်လောက်ပဲစောင့်ပါ။ နောက်နေရာက ရွာရောက်လို့ရှိရင် ဆင်းမယ့်သူတွေ ရှိတယ်တဲ့။ ဆင်းတော့ နေရာလုပ်ပေးမယ်ဆိုလို့ အဲလိုပဲ နေလိုက်တာ။ ၁ နာရီလောက် စီးပြီးမှ နေရာရတယ်။

ရေယာဉ်ပေါ်မှာက ခရီးသည်တွေရော၊ ဆိုင်ကယ်တွေရော အများကြီးပဲ တောက်လျှောက်ကို တင်တာ။ ကုန်ပစ္စည်းတွေကတော့ ဝမ်းဗိုက်ထဲ ထည့်တာဆိုတော့ သေချာ မမြင်ရဘူး။ ရေယာဉ်က နှစ်ထပ်ပုံစံမျိုးပါ။
မှောက်တဲ့ အချိန်ကတော့ နာရီအတိအကျ မသိဘူး။ ထင်တာတော့ ၄ နာရီခွဲ ၅ နာရီ ဝန်းကျင်လောက်တော့ ရှိမယ်။ ရေယာဉ်က ရုတ်တရက် ညာဘက်ကို တဘက်စောင်းပြီး လဲကျသွားတယ်။ ကျမလည်း လိမ့်ထွက်သွားတယ်။ ကျမလည်း ရေက မကူးတတ်ဘူး။ မျောထွက်သွားတယ်။ ကျမကို သူများတွေကယ်ပြီး ကုန်းပေါ်ပြန်ရောက်တော့ ၆ နာရီကျော်လောက် ရှိပြီ။ မှောက်တဲ့ အချိန်မှာတော့ အကုန်လုံး အော်ကြဟစ်ကြတာ အမျိုးမျိုးပေါ့။ အော်ကြတော့ အနီးက ရွာကလူတွေက ကြားတယ်ထင်တယ်။ အဲဒီတော့ စက်လှေတွေနဲ့ လာပြီး ကယ်ကြတဲ့သူတွေ အများကြီး ရှိတယ်။

 ရေယာဉ်တိမ်းမှောက်မှုတွင် အသက်ရှင်ကျန်သူ မနှင်းသီရိမွန်
ရေယာဉ်တိမ်းမှောက်မှုတွင် အသက်ရှင်ကျန်သူ မနှင်းသီရိမွန်

မေး ။ ။ ရေယာဉ် မမှောက်ခင်က အထဲမှာ မြင်တွေ့ရတဲ့ လူတွေထဲမှာ ဘယ်လို အရွယ်တွေများလဲဗျ။

ဖြေ ။ ။ အသက် ၂၀ အရွယ် လူလတ်ပိုင်းတွေ များတယ်။ အခုဟာက အဝေးသင်တက််တဲ ့အချိန်ဆိုတော့ ကျောင်းသားတွေ များတယ်။ အသက်ကြီးကြီး လူကြီးတွေလည်း တွေ့ရတယ်။ အသက် ၂ နှစ်အရွယ်၊ ၄ နှစ်အရွယ် ကလေးတွေလည်း ပါတယ်။ ကျမ အသိတယောက်ဆို ကိုယ်ဝန်ဆောင်နဲ့၊ အခုကြားတာတော့ အသက်ရှင်တယ်လို့တော့ ကြားပါတယ်။ အတိအကျတော့ မဟုတ်ပါဘူး။

မေး ။ ။ ရေယာဉ်စမှောက်တဲ့ အချိန်က တခုခုနဲ့ တိုက်မိပြီး မှောက်တဲ့ ပုံစံမျိုးလား။ ဘယ်လိုပုံစံမျိုးလို့ ပြောလို့ရမလဲ။

ဖြေ ။ ။ တခုခုနဲ့ တိုက်မိတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဝိတ်များပြီး ရုတ်တရက် တဘက်ကို စောင်းသွားပြီး မှောက်တဲ့ ပုံစံမျိုးပါ။ ညာဘက်ကို စောင်းပြီး မှောက်သွားတာ ကျမတို့ ထိုင်နေတာလည်း ညာဘက်မှာ ထိုင်နေတာ။

Loading