“တည်ဆောက်ထားတဲ့ ယုံကြည်မှု ပျက်စီးသွားတာဆိုတော့ စိတ်မကောင်းဘူး”

ဧရာဝတီ
မိုင်းလား အဖွဲ့ (NDAA) ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့် / ဧရာဝတီ

အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) ထိန်းချုပ်ရာ ဒေသအတွင်းရှိ နယ်မြေအချို့၌ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ တပ်သား ၁၀၀၀ ကျော် ဝင်ရောက်နေရာယူထားသည်မှာ ၁ လကျော်ကြာမြင့်နေပြီဖြစ်သည်။ “ဝ” တပ်ဖွဲ့များ နေရာယူထားသည့် နယ်မြေသည် အစိုးရ ထိန်းချုပ်နယ်မြေနှင့် မိုင်းလားထိန်းချုပ် နယ်မြေအကြား ဆက်စပ်နေသည့် နေရာများတွင်ဖြစ်ပြီး ထိုနေရာသည် တပ်မတော်နှင့် စစ်ရေးအခြေအနေ တင်းမာနေကြောင်း စုံစမ်းသိရှိရသည်။

တပ်မတော်၊ တြိဂံတိုင်း စစ်ဌာနချုပ်က “ဝ” တပ်ဖွဲ့များအား ထိုနေရာမှ အောက်တိုဘာလ ၂၄ ရက် နောက်ဆုံးထား၍ တပ်များပြန်ဆုတ်ပေးရန် သတိပေးပြောဆိုထားကြောင်း သိရသည်။ ထို့အပြင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် “ဝ” တပ်ဖွဲ့နှင့် တပ်မတော်အကြား စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေသည်ဆိုသော သတင်းများ ပျံနှံ့နေသဖြင့် ကျိုင်းတုံဒေသခံများနှင့် မိုင်းလားဒေသခံများက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြောင်း ဧရာဝတီကို ပြောဆိုသည်။

ကျိုင်းတုံမြို့မှ မိုင်းလားမြို့သို့သွားသည့် တာပင်းဂိတ်ကို လက်ရှိအချိန်၌ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ တပ်မတော်နှင့် “ဝ” တပ်ဖွဲ့အကြား စစ်ရေးတင်းမာမှု ကြာရှည်လာပါက တာပင်း – လွယ်ကျူဆိုင်း – လွယ်ဆမ်ဆုံ၊ ဟိုပန် – ပန်လုံ- ချင်းရွှေဟော်၊ မက်မန်းဆိုင် – မော်ဖါ – တန့်ယန်းနှင့် မိုင်းဆတ်ခရိုင် လွယ်လန်းဒေသစသည့် စစ်မျက်နှာ ၄ ခု လုံးကိုပါကူးစက်ပြီး စစ်ရေးအခြေအနေ တင်းမာလာနိုင်တယ်လို့ “ဝ”၊ မိုင်းလား အဖွဲ့တို့နှင့် နီးစပ်သူ နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။

အဆိုပါအခြေအနေများနှင့် ပတ်သတ်ပြီး ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ NDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ကို ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်ပါသည်။

မေး။ ။ မိုင်းလားဒေသမှာ ဝင်နေတဲ့ “ဝ” တပ်ဖွဲ့တွေကို တပ်မတော်က ဒီနေ့နောက်ဆုံးထား ဆုတ်ပေးဖို့ ပြောထားတယ်လို့ သိရတယ်။ မိုင်းလားဒေသမှာ အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒီကိစ္စမှာ “ဝ” က မှားတယ်လေ။ လျှောက်လုပ်တာနဲ့ဆိုရင် သူတို့မှားနေတယ်။ ဒီကပြည်သူလူထုက ကြောက်လန့်နေတာပေါ့။ ပြည်သူလူထု ကြောက်လန့်နေတယ်။ ဒီမှာ ဖြစ်နေတာနဲ့ဆိုရင် တပ်မတော်က သူတို့ကို အခုလိုဖြစ်နေတာကို ဆုတ်ဖို့ပြောတယ်။ ကျနော်တို့တွေလည်း အဲဒီလိုကြားရတယ်။

မေး။ ။ မိုင်းလားအဖွဲ့ရဲ့ ဘယ်နေရာတွေကို “ဝ” တပ်ဖွဲ့တွေက ဝင်နေရာယူထားတာပါလဲ။

ဖြေ။ ။ ယူထားတဲ့နေရာတွေထဲက လမ်းနေရာကို ကျနော်တို့ကိုပြန်ပေးပြီး ကျန်တာက သူတို့လက်ထဲမှာပဲ ရှိနေသေးတယ်။ သူတို့က အမြင်လွဲအောင်လုပ်တယ်။ တချို့တွေက အမြင်လွဲအောင်လုပ်တယ်။ “ဝ” ရဲ့ ခေါင်းဆောင်မှုက အရင်ကလို စစ်ရေးခေါင်းဆောင်လုပ်တာ မဟုတ်ဘဲနဲ့ အခြားသူတွေလုပ်လို့ လွဲမှားနေတယ်လို့ မြင်ပါတယ်။

မေး။ ။ “ဝ” အင်အားဘယ်လောက် ရှိပါလဲ။ ကျိုင်းတုံနဲ့ မိုင်းလားကြားက ဂိတ်ကို ပိတ်ထားတယ်လို့ ကြားရတယ်။ ဟုတ်ပါလား။

ဖြေ။ ။ ကျနော်တို့ကတော့ သူတို့ပြန်ဆုတ်ဖို့ပဲ ဖြစ်စေချင်တယ်။ သူတို့အားလုံး ပြန်ဆုတ်သွားပါ။ ကျနော်တို့ကလည်း ငြိမ်းချမ်းသာယာတဲ့ ဒေသမှာ ပြည်သူလူထုက ပျော်ပျော်ရွှင်ရွှင်နေတဲ့ နေရာမှာ အခုလို စစ်ဆင်မှုတွေ အမြောက်သံတွေ သေနတ်သံတွေ ကြားနေရတာ မကောင်းဘူး။ ပြည်သူလူထုက အေးအေးဆေးဆေး နေနေတာလေ။ ကျနော်တို့က အဲဒါပဲဖြစ်စေချင်တာ။

အင်အားက သိပ်မများဘူး။ တထောင် ကျော်ကျော်လောက်ပဲ ။ တာပင်းဂိတ် ပိတ်ထားတာတော့ မှန်တယ်။ ကျနော်တို့က တရားဝင်အကြောင်းကြားတယ် မရဘူး။ အရပ်သားသွားလာခွင့် မရလို့ ကားတွေသွားလာဖို့ ပိတ်ထားတယ် ကြားတယ်။

မေး။ ။ မိုင်းလားဒေသထဲ လက်ရှိမှာ “ဝ ”တပ်ဖွဲ့တွေ ဝင်နေတဲ့အပေါ် အစိုးရ၊ တပ်မတော်တို့ကရော တစုံတရာ ပြောဆိုညှိနှိုင်းတာ ရှိပါလား။

ဖြေ။ ။ ဒေါက်တာတင်မျိုးဝင်း သူတို့က ကြိုးစားတယ်။ မိုင်းလားကိုလာပြီးတော့ စုံစမ်းပြီးတော့မှ ဖြေရှင်းမယ်ဆိုတာ “ဝ” က လက်မခံဘူးလို့ သူတို့ကိုစာပြန်တယ်။ အဲဒီမှာပဲ ဒေါက်တာတင်မျိုးဝင်းက စာပြန်တယ်။ တပြည်လုံး ငြိမ်းချမ်းရေးလုပ်တဲ့အချိန်မှာ ဒီလိုဖြစ်တယ်ဆိုတာ မကောင်းဘူး။ သူတို့ စိတ်မကောင်းဘူးပေါ့။ အဲဒါကြောင့် သူတို့လာပြီး ကြည့်မယ်ဆိုတော့ “ဝ” ဘက်က လက်မခံဘူးလေ။ ကျနော်တို့ကတော့ အချိန်မရွေးလာပါ။ ကြိုဆိုပါတယ်လို့။ ဒါပေမယ့် “ဝ” က မလာပါနဲ့လို့ အဲဒီလိုပြောထားတယ်။

မေး။ ။ “ဝ” တပ်ဖွဲ့တွေက မိုင်းလားက ပြည်မနဲ့ ဆက်စပ်နေတဲ့ အဓိကနေရာတွေကို သူတို့ ဘာလို့ ဝင်ယူလိုက်တာပါလဲ။ ဘယ်လို အကြောင်းပြချက် ရှိပါလဲ ။

ဖြေ။ ။ အဲဒါက သိပ်မပြောချင်တော့ဘူး။ ဒီစကားက၊ ဒါပေမယ့် သူတို့လုပ်တာ မှားတယ်လို့၊ သူတို့မှားတယ်လို့ပဲ ပြောလိုပါတယ်။ ကျနော်တို့ မိုင်းလားဘက်မှာ အမှန်ပြောမယ်ဆိုရင်တော့ တချက်မှားတာ မရှိဘူးလေ။ အားလုံးက မှန်မှန်ကန်ကန်ပဲ လုပ်နေတယ်လေ။ သူတို့ကသူများကို အမြင်လွဲအောင်လုပ်တယ်။ သူက အခုလို လျှောက်လိုက်လုပ်တာကတော့ မှားတာပေါ့ ။

မေး။ ။ အခုလို အခြေအနေတွေဖြစ်နေတော့ ဦးကြည်မြင့်တို့ အစိုးရနဲ့ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် ဘယ်လိုထိခိုက်မှုရှိနိုင်ပါလဲ ။

ဖြေ။ ။ ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံပါတယ်။ ကျနော်တို့က ဒီအတိုင်းဆက်လက်ချီတက်သွားမှာပဲ။“ဝ” တချို့ အမြင်လွဲနေတယ်ဆိုလည်း ဒါက သူတို့အမြင်လေ။ ကျနော်တို့က ဘယ်လိုပြန်ပြီးတော့ ကောင်းအောင်လုပ်ရမလဲပေါ့။ ကျနော်တို့က နဂိုအတိုင်းပဲ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ရှိနေမယ်လို့ ပြောချင်ပါတယ် ။

မေး။ ။ “ဝ” နဲ့ မိုင်းလားက နှစ်ပေါင်းကြာချီတဲ့ ညီနောင်ဆက်ဆံရေး ရှိခဲ့တာ။ အခုလိုဖြစ်တော့ ဆက်ဆံရေးထိခိုက်ကုန်ပြီလား။ ဘယ်လို စိုးရိမ်မိလဲ ။

ဖြေ။ ။ သူတို့က တောင်ပေါ်မှာပဲနေနေတယ်။ သူတို့ အထက်က ဆုတ်မိန့်ရရင်တော့ ဆုတ်မယ်လို့တော့ ပြောတယ်။ ကျနော်တို့ အချင်းချင်းကြား အခုလိုဖြစ်တာတော့ စိတ်မကောင်းဘူးပေါ့။ ကြည့်လေ ညီအစ်ကိုမောင်နှမ အခုလို ဖြစ်တယ်ဆိုတာ ယုံကြည်မှုပျက်သွားတာပေါ့။ နှစ်ပေါင်း လေးငါးခြောက်ဆယ်လောက် တည်ဆောက်ထားတဲ့ ယုံကြည်မှု ပျက်စီးသွားတာဆိုတော့ စိတ်မကောင်းဘူးပေါ့။ ကျနော်တို့ အဲဒီလို မဖြစ်ချင်ဘူး။

မေး။ ။ မိုင်းလားအနေနဲ့ ရှေ့လတွေမှာလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်လက်ပါဝင်ဖို့ အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ကျနော်တို့က ခုနကပြောသလိုပဲ ငြိမ်းချမ်းရေးလမ်းပေါ် ဆက်လက်ချီတက်သွားမှာပဲ။ လိုအပ်တဲ့ အစည်း အဝေးတွေတော့ ဆက်တက်မှာပဲ ။ မလိုအပ်တဲ့အစည်းအဝေးတော့ ကျနော်တို့လည်း တက်စရာမလိုဘူးပေါ့။ အဲဒီလို သုံးသပ်ပါတယ်။

Loading