ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် မိုင် ၂၀ အရှေ့ကျေးရွာမှာ ကလေး ၃ ဦးကို မကောင်းဆိုးဝါး ပူးနေတယ်ဆိုပြီး သေတဲ့အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ပယောဂ ဆရာကို ဖမ်းပြီး ရဲစခန်းကို အပ်နှံနိုင်အောင် အဓိက ကြိုးပမ်းခဲ့သူဟာ ဒေသခံ ကျေးလက် ကျန်းမာရေး စေတနာဝန်ထမ်း ဆရာမ နော်ဖောမေစေး ဖြစ်ပါတယ်။
နော်ဖောမေစေးဟာ ကလေး ၃ ယောက် သေဆုံးတာကို ကြားသိရပြီး သေဆုံးတဲ့အထဲမှာ ပါသွားတဲ့ ကလေး ၁ ဦးရဲ့ အစ်မနဲ့ အစ်ကိုဖြစ်သူကို ရိုက်နှက်ပြီး ထပ်မံကုသနေတဲ့ ပယောဂဆရာရဲ့ လုပ်ရပ်ကို ဖော်ထုတ်ခဲ့တာပါ။ ပယောဂဆရာ တည်းခိုနေတဲ့ နေရာအထိ နောက်ယောင်ခံလိုက်ပြီး ဒေသခံ ရပ်/ကျေး အုပ်ချုပ်မှူးတွေနဲ့ ပူးပေါင်းဖမ်းဆီးပြီး ရဲလက်ကို အပ်နှံလိုက်တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းထောက် ကျော်ခ က ဆရာမ နော်ဖောမေစေးကို ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ ဆရာမ အနေနဲ့ ဒီဖြစ်စဉ်ကို ဘယ်လုံပုံစံနဲ့ စသိခဲ့တာလဲ။
ဖြေ ။ ။ အောင်စိုးမိုး (ကလေးမိဘ) တို့အဖွဲ့က ရွာထဲကို ဝင်လာတယ်။ သူ့ယောက္ခမ အိမ်က ကျမအိမ် နောက်ဖေးမှာ ရှိတယ်။ ကျမအိမ်ကို ဖြတ်ပြီးမှပဲ သူယောက္ခမ အိမ်ကို ဝင်လို့ရတယ်။ သူတို့ကလည်း ခါတိုင်းက အဲဒီလို ဝင်ထွက်သွားလာနေကြပဲ။ (အောက်တိုဘာ) ၂၀ ရက်နေ့ ကြာသပတေးနေ့ ၅ နာရီခွဲမှာ ကျမအိမ်ရှေ့ကနေ သူတို့ အုပ်လိုက် တက်လာကြတယ်။ အုပ်လိုက် တက်လာကြပြီးတော့ သူ့ယောက္ခမ အိမ်ကို သွားကြတယ်။
ခါတိုင်းလည်း သွားနေကြပဲ။ အဲဒီကိုသွားတော့ အောင်စိုးမိုး ဇနီး ဘိုမကနေ ကျမကို မစေးရေ ကျမသမီးလေး မရှိတော့ဘူးတဲ့။ မရှိတော့ ဘယ်လိုဖြစ်သလဲဆိုတော့ သေသွားပြီတဲ့။ ကိုစိုးမိုး ကလေးတယောက်လည်း သေသွားပြီတဲ့။ နင်က ၂ ယောက်ဆိုတော့ ဟုတ်တယ်၊ ဘာဂျာ ကလေးပါ သေသွားပြီတဲ့။ ကလေးသေတယ်ဆိုတာ ကိုယ့်ကို ပြောပြီးတော့ ငိုလည်း မငိုဘူး အဲဒီလိုပြောပြီးတော့ပဲ ပြန်သွားတယ်။ အဲဒီတော့ကလေး ၃ ယောက် သေသွားတဲ့ အကြောင်းကို ပတ်ဝန်းကျင်က ကြားတာပေါ့။
ကလေး အကောင်းကြီးကနေ သေသွားတယ်ဆိုတော့ စိတ်တော့ မကောင်းဘူးပေါ့။ မေးတော့လည်း သူတို့က ဘာတခုမှ ကောင်းကောင်း မဖြေကြဘူး။ ဘာမှလည်း မပြောကြဘဲနဲ့ ဇဝေဇဝါနဲ့မျက်နှာက တမျိုးတွေဖြစ်နေတယ်။ ခါတိုင်းလာတဲ့ ပျော်ပျော် ရွှင်ရွှင်မျက်နှာတွေလည်း မဟုတ်ဘူးပေါ့။ အဲဒီကလေး ၃ ယောက် အကြောင်းပဲ ပြောရင်းပြောရင်းနဲ့ အချိန်က ညနေ ၅ နာရီ၊ ၆ နာရီကျော်လာတော့ အောင်စိုးမိုးနဲ့ ကျော်စွာနဲ့ နှစ်ယောက်စလုံးက သူတို့နှစ်ယောက်နေပြီးတော့ လာပြီးတော့ ပဲ့ထောင် လာငှားတယ်၊ မစေးရေ ပဲ့တောင် ငှားဦးတဲ့၊ မိုင်းဆယ်သွားမလို့တဲ့။ ခါတိုင်းလည်း အဲဒီလိုပဲ လာငှားနေကြဆိုတော့ ကျမလည်း ပေးလိုက်ရော၊ ငှားပေးလိုက်တော့ နာရီဝက်ပဲကြာတယ်။ သူတို့သွားတော့ နှစ်ယောက်၊ ကျမလည်း ကြည့်နေတာပေါ့၊ သူတို့ ဘာလုပ်လဲဆိုတာ။
ကလေး ၃ ယောက်သေထားတော့ ကလေးက ရေနစ်တာလားဆိုတာလည်း ပြောလို့မရ၊ အကောင်းကြီး ကနေ သေတာဆိုတော့ ပတ်ဝန်းကျင်ကလည်း ကြည့်နေတာပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း သူတို့ကို ဂရုစိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကလည်း များတော့ ကလေးတွေကို ဘာဆေး ညာဆေးတွေ တိုက်မှာစိုးလို့ပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း ကလေးတွေ နေမကောင်းတုန်းက ဆေးရုံဆေးခန်း အထိ လိုက်ပို့ပေးတယ်၊ အဲဒီလောက်အထိ အဲဒီကလေးတွေကို ဂရုစိုက်ပေးတယ်။
အခု ပဲ့ထောင်သွားငှားပြီး နာရီဝက်လောက်ကြာတော့ လူတယောက်ပါလာတယ်။ အဲ့ဒီတော့ ပဲ့ထောင်ဆိုက်ပြီးတော့ အိမ်ဘေးနားကပဲ ဖြတ်သွားတယ်။ အဲ့ဒါနဲ့ ကျော်စွာကို ကျမ မေးတာပေါ့၊ အဲ့ဒါဘယ်သူလဲ ဘာလဲပေါ့။ ပယောဂဆရာတဲ့။
မေး ။ ။ ပယောဂဆရာက ကလေးတွေကို နှိပ်စက်နေတာ ကိုယ်တိုင်တွေ့ခဲ့တယ်ဆိုတာ ဘယ်လိုပုံစံနဲ့ တွေ့ခဲ့တာလဲ။
ဖြေ ။ ။ ပယောဂ ဆရာသွားတဲ့ အိမ်နောက် နောက်ယောင်ခံ လိုက်သွားတော့ ဟိုကျတော့ ဖယောင်းတိုင်တွေ အမွှေးတိုင်တွေ ထွန်းထားတာပေါ့။ အဲ့ဒါနဲ့ နောက် ဆန်တောင်းတယ်၊ ဆန်မရှိတော့ ကျော်စွာက သူ့အိမ်က ပြေးယူတာပေါ့။ ကျမကြည့်နေတော့ နောက်အိမ်ပေါ်တက်သွားပြီး ဇလုံထဲကို ထည့်လိုက်တယ်။ ကျမက အိမ်အောက်ကပဲ ကြည့်နေတာပေါ့။ သူက မျက်လုံးကို ဝေ့လည်နေတော့ အလင်းရောင် စူးရင်လည်း ကိုယ့်မြင်ရင်လည်း မကြိုက်တဲ့သဘောမှာ ရှိတယ်။ အဲဒီတော့ အိမ်ပေါ်တက်တယ်၊ အိမ်ပေါ်တက်ပြန်တော့လည်း ခုန ရေတွေဘာတွေ ဆန်တွေနဲ့ပေါက်နေတာ။ ကြည့်နေတဲ့အခါကျတော့ သူက ဆန်တွေနဲ့ကြဲလိုက်၊ ရေတွေနဲ့ဖြန်းလိုက် လုပ်နေတာ။
နောက် ဘုရားစာရွတ်တာလည်း မဟုတ်ဘူး။ ဘာတွေလည်း မသိဘူး ရွတ်နေတာပဲ၊ ပီကလာ မပီကလာ နဲ့ ရွတ်နေတာပဲ။ ကိုယ်ကလည်း ချောင်းနေရတယ်ဆိုတော့ ပေါ်တင်ကြီး သွားပြီးတော့လည်း ကြည့်လို့မရဘူးလေ။ သဲကွဲတာတွေက သဲကွဲ၊ မသဲကွဲတာတွေက မသဲကွဲပေါ့။ ချောင်းရင်း ချောင်းရင်းနဲ့ ညနက်လာရော၊ ညလည်း နက်လာရော ကလေးတွေကတော့ ကွေးကွေးလေး အိပ်ပျော်ကုန်ပြီ။ ညနက်ပြီဆိုတော့ ကလေးတွေက အိပ်ကုန်တာပေါ့။ ပထမတုန်းကတော့ ကလေးတွေက ရွစီရွစီလှုပ်နေတော့ သူက ဆန်တွေနဲ့ပဲ ပေါက်နေတာ။ ဆန်နဲ့ပေါက်ချက်ကတော့ ဆန်ယူလာတဲ့ ၄၊ ၅၊ ၆ ပြည်က ကုန်သလောက် ရှိနေပြီ။
၁၂ နာရီလည်း ထိုးတော့ လူကြီးတွေက ဆန့်တန့်ဆန့်တန့်ဖြစ်နေတော့ ဘာကို ဆက်လုပ်မလဲ ဆက်ကြည့်နေတော့ အိပ်ပျော်နေတဲ့ ကလေးတွေကို တခါတည်းပဲ ထပြီး ဆောင့်ကန်ပြီးတော့ ဆွဲပြီး လွှင့်ပစ်တာ၊ အဲဒီမှာ သူ့ဦးလေးက အဲဒီအိမ်ပေါ်မှာပဲ ရှိသေးတယ်။ သူ့ဦးလေးက အိုးအိုးအန့်အန့် ဖြစ်သွားတယ်။ ကျမလည်း ကြည့်နေရင်း အိုးအိုးအန့်အန့် ဖြစ်နေတယ်။ ကျမနဲ့အတူ ကြည့်နေတဲ့ ဒေါ်ခင်သန်းက တခါတည်း ပေါက်ကွဲသွားတယ်။ ကလေး ၃ ယောက် သေသွားတာလည်း ကြားထားတော့၊ အဲဒီလို လုပ်တာလည်းတွေ့ရော သူက တခါတည်း အိမ်ပေါ်တက်ပြီးတော့ ဘာဆရာလဲ၊ ဒါ ကလေးသတ်နေတဲ့ ဆရာတဲ့၊ မဟုတ်တော့ဘူးဆိုပြီး သူ အသံကုန်ဟစ်အော်တာပဲ။
အဲ့ဒါနဲ့ ကျမအိမ်မှာ ရှိနေတဲ့ ကလေးတွေနဲ့ ပတ်ဝန်းကျင်က လူတွေက အကုန်လုံးလာကြတယ်၊ အဲဒီတော့ ဒေါ်ခင်သန်း ယောကျာ်းက အိမ်ပေါ်တက်သွားတယ် သူ့မိန်းမက ဒီလိုဖြစ်တယ်ဆိုတော့။ အောင်စိုးမိုးဆိုကတော့ ဆန့်နေတယ် တောင့်တောင့်ကြီး၊ ကျန်တဲ့လူတွေ ကတော့ နည်းနည်းပေါ့၊ အောင်စိုးမိုးဆိုတဲ့ လူကတော့ တောင့်တောင့်ကြီး ခေါ်လို့လည်း မရဘူး၊ အဲ့ဒါနဲ့သူက ဆန်ကိုယူပြီးတော့ ဆန်ကို ပေါက်ချလိုက်မှ ငေါက်ခနဲ ထလာတယ်။
မဟုတ်သေးဘူးလို့ ဒီလို ကျယ်လောင်ကျယ်လောင်နဲ့ ဖြစ်နေတာ ကလေးကလည်း သေထားတာ ၃ ယောက်ဆိုတော့ ဒီတခါ ဒီလိုဆူညံ့ဆူညံ့နဲ့ ဘယ်လိုလုပ် ပြီးနိုင်မလဲပေါ့။ နောက် ပယောဂဆရာကလည်း သူ့ကို မိုင် ၂၀ ပြန်ပို့ပေးပေါ့။ ရှိသမျှလူတွေက သူ့နောက်ကို အကုန်လုံးပြန်လိုက်မလို့၊ အဲ့ဒါတော့ ကျမတို့ အပါမခံနိုင်ဘူးဆိုတော့ ဆွဲထားရတာ အောင်စိုးမိုး မိန်းမ ဘိုမကိုလည်း ဆွဲထားရတာ၊ ကြာဖော ကိုလည်း ဆွဲထားဆိုပြီးတော့ ကျမတို့ကတော့ မိတဲ့သူကို ဆွဲထားရတာပေါ့။ ကြာဖော က ကျမကို ပြောတယ်။ လိုက်မှာပဲတဲ့။
ကျမက နင့်ကလေး သတ်ထားတဲ့လူ နောက်ကို လိုက်မှာလား။ နင် စိတ်မထိခိုက်ဘူးလားလို့ မေးလိုက်တယ်။ မေးလိုက်တော့ သူတို့ကို စားမယ့်၊ ဝါးမယ့်အကောင်တဲ့၊ ကျမတို့ ဝမ်းမနည်းဘူးတဲ့။ အဲ့ဒါနဲ့ တခါတည်း ကျမ ဆံပင်ကို ဆောင့်ဆွဲ ပြီးတော့ သူသိလား၊ မသိလားတော့ ကျမ မသိဘူး။ သွား … ဦးတင်အောင် အိမ်သွား ငါနင့်ကို အပါမခံနိုင်ဘူးပြောပြီး ဦးတင်မောင်အိမ်ဆီ ကျမလွတ်လိုက်တာ။ ညကလည်း ဦးတင်မောင်အိမ်မှာပဲ သွားအိပ်တာပေါ့။
မေး ။ ။ အဲဒီတော့ ဘာတွေ ဆက်ဖြစ်သေးလဲ။
ဖြေ ။ ။ အဲဒီတော့ စက်လှေလည်း ထွက်သွားပြီ။ ပယောဂ ဆရာလည်း ပါသွားပြီ ဆိုတော့ ဒီဇာတ်လမ်း ဒီနားမှာ ရပ်ဖို့ ကိုယ့်ကလေးတွေ သေသွားပြီ၊ သူများမေးရင် ဘယ်လိုဖြေမလဲ ရှိသေးတယ်နော်လို့၊ နင်တို့ သေသေချာချာ စဉ်းစားဦးလို့၊ အဲဒီတော့ အကုန်လုံး ဦးဆောင်မယ့်သူကလည်း မရှိ အဲလို ဖြစ်နေတာ။ ကိုယ်လည်း ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး ပြန်အိပ်လည်းရတယ်။ ကျမစိတ်ထဲမှာ အဲဒီလိုမျိုး မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေး ၃ ယောက် ဘာကြောင့် ဘယ်လိုသေတာလဲ ဆိုတာကို တော်တော်လေး သိချင်နေတာ။
မေး ။ ။ ပယောဂ ဆရာကို ဘယ်လိုဖမ်းလိုက်တာလဲ။
ဖြေ ။ ။ ကလေးတွေက အကောင်းကြီးကနေ သေတယ်ဆိုတာလည်း သိနေတယ်၊ မဖြစ်ဘူးဆိုပြီးတော့ ကျမဖုန်းဆက် လိုက်တယ်၊ စက်လှေတစီး ငှားလိုက်တယ်။ ငါ့ ပဲ့တောင် သူများခိုးသွားလို့ ညဘက်ကြီး မကြာသေးဘူး ထွက်သွားတယ်ပေါ့။ အဲ့လိုပြောမှလည်း စက်လှေမြန်မြန်လာအောင် လိမ်ပြောတာပေါ့၊ ကိုယ့်ကိုယ် ကူညီမယ်ဆိုပြီး စက်လှေကလည်း မကြာဘူး၊ အေး … အေး … လာမယ်တဲ့၊ စက်လှေ သမားကလာတော့ ဘယ်သွားရမှာလဲဆိုတော့ မိုင် ၂၀ ကိုသွားလို့၊ ကျော်စွာကို ပြောလိုက်တယ်၊ နင်တို့ သွားခေါ်လာတဲ့ အိမ်ကိုသွား၊ နင်တို့ခေါ်လာတဲ့သူ ရှိမယ်ဆိုရင် ဒီကိုပြန်ပြီး အကြောင်းပြန်လာကြားလို့ တခါတည်း တို့ စီစဉ်မယ်ဆိုပြီးတော့ ကျမတခါတည်း ဆရာဝန်ကို သွားခေါ်လိုက်တယ်။ သွားခေါ်လိုက်တော့ ဆရာဝန်က လာတယ်။
အဲဒီ ဆရာကို သွားခေါ်ပြီးတော့ ဆရာကလည်း ဘာဖြစ်လို့လဲဆိုတော့ ဆရာရယ် အဖြစ်အပျက်လေးတွေက ဒီလိုပါပဲ၊ ဆရာ့ကို အကြံဉာဏ်တောင်းချင်တယ်လို့။ ဘာလုပ်ရင် ကောင်းမလဲလို့ ဆရာတချက်တော့ ကူညီပါလို့၊ အဲဒီတော့ သူကလည်း လိုက်လာတယ်၊ လိုက်လာပြီးတော့ ကျမတို့ အိမ်ရှေ့မှာ တအောင့်လေးနေတယ်၊ နောက် ကျော်စွာလည်း ပြန်လာတယ် ရှိတယ်တဲ့။ ရှိနေတယ်ဆိုတော့ ဆရာဝန်ကလည်း သွားမယ်တဲ့၊ ရာအိမ်မှူးအိမ်ကို သွားမယ်တဲ့ ဦးစိန်ထွေးကို သွားခေါ်တယ်။
မိုင် ၂၀ က ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့ကို ခေါ်ပြီးတော့ ပယောဂဆရာ နေတဲ့အိမ်ကို ကျမတို့သွားခဲ့တယ်၊ သွားခဲ့တဲ့အခါကျတော့ အိမ်ပေါ်ရောက်တော့ သူ့ကို အိမ်ဦးခန်းနေရာမှာ ကောင်းကောင်းမွန်မွန် သိပ်ထားတာပေါ့၊ ခြင်ထောင်လေးနဲ့၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက ခေါ်ပြီးတော့ ဆရာလားဆိုတော့ သူကလည်း အင်း … တဲ့။ ဘာဆရာလဲ မေးတော့ ကလေးတွေ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးတွေကို ထုတ်ပေးတာပေါ့။ သွားမယ်ပေါ့ သက်ဆိုင်ရာကို သွားမယ်ဆိုပြီးတော့ သူ့ကို ကြိုးလေးပဲ ချည်ထားတာ။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့အတူ ကျမကိုယ်တိုင်ပဲ အဲဒီညမှာပဲ ရဲစခန်းကိို ပို့လိုက်တယ်။
သူ့ကိုယ်ဖမ်းတော့ သူ့ကိုယ် လိုက်ရှင်းပေးတဲ့ အဲဒီ အိမ်ရှင်ကို ပြောတယ်။ ကျမတို့ကတော့ သက်ဆိုင်ရာကနေပဲ ရှင်းတော့မယ်ပေါ့။ ရဲစခန်းက ဘာပြောလဲဆိုတော့ ကျမကတော့ အပြင်မှာပဲ နေခဲ့ရတယ်၊ အဲဒီ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးပဲ လိုက်သွားတယ်။ အထဲကိုဝင်ပြီးတော့ တော်တော်ကြာမှ ကျမတို့က အထဲကိုဝင်ရတာ။ အထဲကို ဝင်သွားပြီးတော့ ကျမက ဒဏ်ရာရနေတဲ့ ကလေးလေးကို ဆေးရုံကို လိုက်ပို့တယ်။ ပြန်လာတော့မှ ကျမကိုမေးတယ်။ ကျမကိုမေးတော့ ကျမတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေ ပြောပြတယ်။
ဆက်စပ် ဖတ်ရှုရန်
ပယောဂဆရာ ကလေး ၃ ဦးကို နှိပ်စက် သတ်ဖြတ်