“စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ အတွက်ပါ လုပ်ပေးထားတယ်”

ဧရာဝတီ
မြို့ပြ နှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး / မေစိုးစံ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဝင်ငွေ နည်းပါးသူများ အတွက် ဖော်ဆောင်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှ အိမ်ရာများကို ရောင်းချနိုင်ရန် စီစဉ် နေရာ အဆိုပါ အိမ်ရာများနှင့် ပတ်သက်၍ ငလျှင်ဒဏ် ခံနိုင်မှု၊ လူနေထိုင်ရန် အခြေခံကျသည့် အဆောက်အအုံများ ထည့် သွင်းထားရှိမှု၊ ရေရရှိမှု၊ လျှပ်စစ်မီး ရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ၊ ဆက်လက် ဆောက်လုပ်မည့် တန်ဖိုးနည်း အိမ်ခန်း ၈၀၀၀ နှင့် ပတ်သက်ပြီး အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲ၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး ကို ဧရာဝတီ သတင်းထောက် မေစိုးစံက တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။ ။ အခုစတင် ရောင်းချတော့မယ့် အိမ်ရာတွေကို ဝယ်ယူဖို့ ဘယ်လိုမျိုး လျှောက်ရမလဲ။

ဖြေ။ ။ အိမ်ရာစုဆောင်းငွေ ဘဏ်စာအုပ် စာရင်း ဖွင့်ထားတဲ့သူတွေကို ဦးစားပေး အစီအစဉ်နဲ့ ရောင်းမယ်ဆိုတာကို အသိ ပေးထားတယ်။ နိုဝင်ဘာမှာ အိမ်ရောင်းမယ့် ကြော်ငြာထည့်မယ်။ အဲဒီတော့မှ လျှောက်လွှာတွေကို ပြန်တင်ရမှာပါ။ အဓိက ကတော့ လက်ရှိ ကျနော်တို့ လက်ထဲမှာရှိနေတဲ့ အခန်းတွေကို စတင် ရောင်းချမှာဖြစ်တယ်။ ဆောက်လုပ်ရေး ဘဏ် နဲ့ ချိတ်ဆက်ပြီးတော့ ကနဦး ၃၀ ရာခိုင်နှုန်း စုထားတဲ့သူ စာရင်းကိုလည်း ကျနော်တို့ကို ပေးထားပြီ။

မေး။ ။ တင်ပြလာတဲ့ လျှောက်လွှာကို ဘယ်လို သတ်မှတ်ပုံစံတွေနဲ့ စိစစ် ရောင်းချသွားမှာလဲ။

ဖြေ။ ။ နံပါတ် ၁ က အိမ်မရှိသူ နေစရာ မရှိသူကို အဓိက ဦးစားပေးပါ။ နံပါတ် ၂ က ဆောက်လုပ်ရေးနဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်မှာ ငွေစုထားတဲ့သူ ဖြစ်ရမယ်။ နံပါတ် ၃ က ငွေစုပြီးရင် အိမ်ဝယ်ဖို့ ငွေချေးရမယ်။ ဒါကို ပြန်ဆပ်ဖို့ လစဉ် ပုံမှန်ဝင်ငွေ ကျပ် ၃ သိန်းနဲ့ ၅ သိန်းကြား ရှိရမယ်။

လျှောက်ထားတဲ့အခါမှာ အထောက်အထားတွေ လိုတယ်။ ဝင်ငွေရှိတဲ့ အထောက်အထား၊ သာမန်ပြည်သူဆိုရင် သက်ဆိုင် ရာ ရပ်ကွက် မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ အိမ်မရှိကြောင်း ထောက်ခံချက်၊ ပြီးရင် ဝင်ငွေ ၃ သိန်းနဲ့ ၅ သိန်း ကြား ရှိတယ် ဆိုတဲ့ ထောက်ခံချက်တွေကို လျှောက်လွှာမှာ ပူးတွဲတင်ပြရမယ်။ ဝန်ထမ်း သို့မဟုတ် ကုမ္ပဏီဝန်ထမ်း ဆိုရင် ဌာနဆိုင်ရာ အကြီးအကဲက ထောက်ခံပေးရမယ်။ အဲဒီပေါ်မူတည်ပြီးမှ ဘဏ်မှာချိပ်ထားတဲ့ စည်းမျဉ်းအတိုင်းပဲ ကျနော်တို့မှာ ရှိတဲ့ တိုက်ခန်းတွေကို တန်းစီဇယား အတိုင်း ရောင်းချပေးသွားမယ်။

မေး။ ။ ရောင်းချမယ့် တန်ဖိုးနည်း အိမ်ရာတွေမှာ နေထိုင်ဖို့အတွက် အခြေခံကျတဲ့ လူမှုပတ်ဝန်းကျင်၊ ရပ်ကွက် အင်္ဂါရပ် ကရော အဆင်သင့် ဖြစ်ပြီလား။

ဖြေ။ ။ လူနေထိုင်ဖို့လည်း အဆင်သင့်ပါ။ ဘာတွေ ပါလည်းဆိုတော့ လူမှုရေးအခြေခံဖြစ်တဲ့ ကလေးကစားကွင်း၊ ပန်းခြံ၊ စိမ်းလန်းတဲ့ နေရာတွေ၊ မီးသတ်ကန်၊ လူတွေစုစည်းနိုင်မယ့် ဓမ္မာရုံ၊ ဈေးပါမယ်။ အခု တည်ဆောက်လိုက်တဲ့ နေရာက ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ နီးတဲ့နေရာတွေ၊ သွားလို့လာလို့ လွယ်ကူတဲ့ သယ်ယူပို့ဆောင်ရေးတွေ ဆေးပေးခန်းတွေရှိတယ်။ နောက်တခါ အဆင့်မြင့် တန်ဖိုးမျှတ အိမ်ရာတွေကိုလည်း ထည့်ထားတယ်။ ရေရော မီးရော ပြီးပြီ။ ဒါက ရွှေလင်ဗန်းမှာပါ။ ဒဂုံဆိပ်ကမ်းမှာလည်း လူမှုရေးလိုအပ်ချက် အဆောက်အအုံတွေ အားလုံးထည့်ပြီးတော့ တည်ဆောက် ထားပါတယ်။

မေး။ ။ တိုက်တွေရဲ့ အရည်အသွေးပိုင်း၊ ကြံ့ခိုင်မှုပိုင်းကို ဘယ်လို လုပ်ကိုင်ပေးထားလဲ။

ဖြေ။ ။ အခု ဆောက်ထားတဲ့ အိမ်ရာဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရုံတင် မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ အတွက်ပါ လုပ်ပေးထားတယ်။ အိမ်တွေကို တန်းစီဆောက်ထားရုံနဲ့ အိမ်မဟုတ်ဘူး၊ လူမှုရေး လိုအပ်ချက်တွေ ဖြည့်ဖို့လိုတယ်။ အရည်အသွေးမီလားဆိုရင် ရောင်းတာတောင်မှ မြေတန်ဖိုးကို ထည့်မတွက်ဘူး။ အိမ်တန်ဖိုးကျအောင် မြေတန်ဖိုးမယူဘဲ အခန်းတန်ဖိုး အဆောက်အအုံ တန်ဖိုးပဲ ယူထားတယ်။ ဒီလိုဟာကို ထပ်လျှော့နိုင်အောင်တောင် စဉ်းစားနေတယ်။

မေး။ ။ ရေရရှိမှုနဲ့ လျှပ်စစ်ရရှိမှု အပိုင်းကရော အဆင်သင့် ဖြစ်နေပြီလား။

ဖြေ။ ။ အိုးအိမ်ကတော့ အိမ်ဆောက်တယ်။ အခုတော့ ရေမီးကို တခုလုံးကိုပါ လုပ်နေရတယ်။ အမှန်ဆိုရင် သက်ဆိုင်ရာ ဌာနတွေက ပူးပေါင်းဆောင်ရွက်ရမှာ လျှပ်စစ်လုပ်ရင် အခန်းတခန်းရဲ့ ၃၀ ရာခိုင်နှုန်းလောက် ကျတယ်။ လျှပ်စစ်ကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ လုပ်ကိုင်ပေးနိုင်ရမယ်။ ရေဆိုရင် စည်ပင်က ပေးနိုင်ရမယ် ဒါပေမယ့် မပေးဘူး။ ဧရာဝဏ်၊ ရတနာ စီမံကိန်းမှာ မပေးဘူး ပြောနေတာပဲ။ ရေမရလို့ ဘယ်လိုလုပ်မလဲဆိုရင် အဝီစိတွင်းတူးလုပ်မှာ။

ဒဂုံဆိပ်ကမ်းရော ကျန်စစ်မင်းရော သန်လျင်ရော ဒီလိုပဲ။ ဒီအတိုင်း မြေအောက်ရေကို ထုတ်သုံးမယ်ဆိုရင် မြေတွေက ကျွံမယ်။ သစ်ပင် မရှိတဲ့အတွက် မြေအောက်ရေကလည်း နည်းသွားပြီ။ ဒါကို စည်ပင်က သိတယ် လုပ်ဖို့လိုတယ်။ အိုးအိမ် အိမ်ဆောက်တာ ငါတို့နဲ့ မဆိုင်ဘူး ငါရေမပေးနိုင်ဘူး။ လျှပ်စစ်ကလည်း ကိုယ့်ဘာသာမြို့တည်တာ ငါမပေးနိုင်ဘူး၊ စက်မှု ဇုန်လည်း လျှာရှည်တည်တာ မီးက မပေးနိုင်ဘူး။ အရင်ခေတ်က အခုတော့ မပြောဘူး။

အဆောက်အအုံ ဆောက်ရင် ရေမီးကအဓိက ဒါတွေမရှိဘဲ ဆောက်တာသည် မှားယွင်းတဲ့ကိစ္စ၊ သို့သော်လည်း မှားယွင်း တယ်ဆိုပြီး ငြိမ်နေလို့မရဘူး၊ ရတာနဲ့ ရှေ့တိုးသွားရတာပဲ၊ နောက်မှ တဖြည်းဖြည်း ဆက်လုပ်သွားရတာပဲ။ အခု အိမ်ရာ တွေ မှာ ရေလည်း မြေအောက်က ယူတယ်။

မေး။ ။ ငလျင်ဒဏ်ခံနိုင်မှု အပိုင်းအနေနဲ့လည်း ဘယ်လောက်အထိ ရှိပါသလဲ။

ဖြေ။ ။ ငလျင်ကတော့ အထပ်မြင့်တွေမှာ ငလျင်ဒဏ်ကို ခံနိုင်အောင် တွက်ချက်ပြီးတော့ လုပ်ထားတာရှိတယ်။ တန်ဖိုး နည်း မှာ မြေစမ်းသပ်မှု မြေခံနိုင်ရည်အားပေါ် မူတည်ပြီးမှ အထပ်တွေကို တင်ထားတာ။ ၆ ခန်းတွဲ ၄ ထပ်၊ ၈ ခန်းတွဲ ၄ ထပ် တို့ ဆောက်ထားတာ လုံခြုံ စိတ်ချရပါတယ်လို့ ဖြေထားတယ်။ ရစ်ချက်တာစကေး ဘယ်လောက်ထိ ခံနိုင်မလဲတော့ ကျနော်လည်း မသိဘူး။ ငလျင်ဒဏ်ခံနိုင်အောင် အစီအမံ ထပ်လုပ်ရင် တန်ဖိုးနည်းအိမ်ရာ ကုန်ကျစရိတ်က ထပ်တက် သွားမယ်။ တန်ဖိုးနည်းအောင် တန်ဖိုးကို ချလည်း မရဘူး။

မေး။ ။ နောက်ပိုင်း ဆက်လက်ရောင်းချမယ့် အိမ်ရာအခန်း ၈၀၀၀ ကရော ဘယ်လောက်အထိ လုပ်ကိုင်ထားပြီးပြီလဲ။ ဘယ်နေရာတွေမှာ ရည်ရွယ်ထားလဲ။

ဖြေ။ ။ သိန်း ၁၀၀ အောက်ကို အိမ်ခန်းပေါင်း ၈၀၀၀ ကျော် တည်ဆောက်နေပြီ။ တင်ဒါလည်း ခေါ်နေပါပြီ။ သိန်း ၁၀၀ အောက်ကို ဖြစ်ဖို့ ကြမ်းခင်းဧရိယာတော့ ကျဉ်းသွားတယ်။ ၁၈ ပေ၊ ပေ ၂၀ ပတ်လည်တွေ ဖြစ်သွားတယ်။ ရွေးချယ်ထား တာ က နံပါတ် ၁ က လှိုင်သာယာပါ။

အဲဒီနေရာက အကြီးဆုံးသော စက်မှုဇုန်ရှိတဲ့နေရာ၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် ရောက်လာကြတဲ့ သူတွေ ရှိတဲ့ အတွက် အင်မတန်ကို အိမ်ငှားစရိတ် ကြီးတဲ့အပြင် အိမ်ရာ လိုအပ်ချက်လည်း များတယ်။ ဝင်ငွေနည်း ပြည်သူတွေ လည်း အဲဒီမှာ အများကြီးပဲ။ လှိုင်သာယာမှာ လူဦးရေ ၇ သိန်းရှိတယ်။ လူဦးရေ ကြီးမားတယ်။ တကယ်ကို အိမ်ရာ လိုအပ်ချက် ရှိတဲ့အတွက် သိန်း ၁၀၀ အောက် အိမ်ခန်းပေါင်း ၈၀၀၀ကို ဆောက်ဖို့ ရွေးတယ်။
နံပါတ် ၂ သန်လျင် က အထူးစီးပွားရေးဇုန် ရှိတယ်။ ဒလ ကလည်း တံတားထိုးတော့မယ်။ ပဲခူးဘက်ကိုလည်း ချိတ်ဆက် မှာ ဆိုတော့ ရွေးတယ်။ နည်းပညာ တက္ကသိုလ် နောက်ဘက်ပါ။ အခြခံ အဆောက်အအုံတွေ ပြီးပြီ။ နောက်ပြီး ဒဂုံ ဆိပ် ကမ်း က စက်မှုဇုန်ရှိတယ်၊ ဖွံ့ဖြိုးလာမယ့်နေရာဖြစ်တယ်၊ တံတားတဆင်း ထပ်ထိုးရင် သီလဝါနဲ့ နီးမယ်။ နောက် မင်္ဂလာဒုံ ပျဉ်းမပင်မှာလည်း ပရော့ဂျက် ရှိတယ်။

အိမ်ခန်း ၈၀၀၀ ကို တင်ဒါ အကုန်မခေါ်ရသေးဘူး။ ၂ ခုပဲခေါ်ရသေးတယ်။ ကျန်တာတွေက မြေပြင်ရှင်းလင်းရေး လုပ်ရ မယ်။ အခုက လှိုင်သာယာ ကျန်စစ်မင်းနဲ့ နည်းပညာ တက္ကသိုလ် မှာပဲရှိသေး။ နေရာကို အတိအကျ သိရင် ကျူးကျော်နဲ့ လယ်သမားက ရောက်လာမယ်။

မေး။ ။ တန်ဖိုးနည်း အိမ်ရာကို မဝယ်နိုင်သူတွေအတွက် လုပ်ပေးမယ့် အငှားအိမ်ရာတွေကိုလည်း ဆောင်ရွက်ပေးနေမှု ဘယ်အခြေအနေကို ရောက်ရှိနေပါလဲ။

ဖြေ။ ။ တန်ဖိုးကျလိုက်လို့ သိန်း ၆၀ – ၇၀ ကြားဆိုလည်း မဝယ်နိုင်သေးဘူး။ ဘယ်အချိန်မှာ ဝယ်နိုင်မလဲဆိုရင် ဘဏ်မှာ နှစ်ရှည် ချေးဖို့ဆိုရင် ပုံမှန်ဝင်ငွေ ရှိရယ်။ တန်ဖိုးနည်းအိမ်ရာကို လက်လှမ်းမမီသူတွေက ဘာလုပ်ရမလဲဆိုရင် အငှား အိမ်ရာ လုပ်ပေးရမယ်။ လုပ်ရင် သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိတဲ့နေရာမှာ လုပ်ပေးရမယ်။ အငှားမှာလည်း စည်းမျဉ်း စည်းကမ်းတွေရှိတယ်။ ဘယ်ချိန်ထိ ငှားမှာလဲ ဒီကနေ အိုးပိုင်ဖြစ်လာတဲ့အထိ ဘယ်လို ပြန်ချိတ်ရမလဲ လုပ်ပေး ရမယ်။ ဗန္ဓုလ အငှားအိမ်ရာဆိုပြီးတော့ လုပ်နေပြီ။ ဒါပေမယ့် အဲဒီမှာ ဘာမှ မပါဘူး။ ဝေဖန်ခံနေရတယ်။

မေး။ ။ အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း ပါတနာတွေက ဘယ်သူတွေလဲ။

ဖြေ။ ။ တန်ဖိုးနည်း အိမ်ရာဆောက်ဖို့ အစိုးရက မတည်ပေးထားတဲ့ လှည့်ပတ် သုံးစွဲရန်ပုံငွေ ဘီလီယံ ၁၀၀ ရှိတယ်။ အရင်းပျောက်လို့ မရဘူး။ ထပ်တိုးအောင်လည်း လုပ်ပေးရမယ်။ အမြတ်ကလည်း အများကြီး ယူလို့မရဘူး၊ ဒီမူနဲ့ တန်ဖိုး နည်း အိမ်ရာတွေ ဆောက်ဖို့ ချပေးထားတယ်။

တင်ဒါခေါ်တော့ ကျနော်တို့ဌာနနဲ့ လက်တွဲပြီးတော့ လုပ်နေတဲ့သူတွေ အများကြီး ရှိတယ်။ သူတို့သည် အေတီဝိုင် ၊ ကေ အမ်အမ် ကုမ္ပဏီ ဆိုရင် လှိုင်သာယာနဲ့ ရွှေပြည်သာက သူတို့ ရဲ့နယ်မြေဆိုတော့ အဆောက်အအုံ၊ ရေမြောင်း၊ ကျူးကျော် ကိစ္စတွေဆိုရင် ကျနော်တို့က သိပ်မရှင်းတော့ဘူး။ ရွှေလင်ဗန်းဆိုရင် အပိုင်း ၁ ၊ ၂ ၊ ၃ ကို သူတို့နဲ့ပဲ စဆောက်ခဲ့တာ။

ပွင့်လင်းမြင်သာစွာ တင်ဒါတွေ ခေါ်ပါဆိုလို့ ခေါ်လိုက်တယ်။ ကိုယ်နဲ့ လုပ်တဲ့ကုမ္ပဏီအပြင် အခြားလုပ်နေတဲ့ ကုမ္ပဏီ တွေ လည်း အများကြီး ဝင်လာတော့ တချို့က လုပ်ရည်ကိုင်ရည်ရှိတယ်။ တချို့လည်း အားနည်းချက်တွေ ရှိတယ်။ ကိုယ်နဲ့ လုပ်နေကြသူက စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေက မြန်ဆန်ပြီး အစိမ်းသက်သက်က မကျွမ်းတာတွေ့ရတယ်။ အဓိကက ကျူးကျော်နဲ့ လယ်သမား ပြဿနာတွေကို အဟောင်းတွေက ရှင်းပေးနိုင်တယ်၊ အသစ်မကောင်းဘူးလို့ ပြောတာ မဟုတ် ဘူး။ ငွေပေးချေတဲ့စနစ်က သူတို့က အရင် စိုက်ဆောက်ရတယ်။ ၂၀ ရာခိုင်နှုန်း ပြီးရင် ငွေချေတယ်။ နောက်ပိုင်းမှာ ပါဝင် လာတဲ့ ကုမ္ပဏီတွေက စုဖြိုးရဲ ကုမ္ပဏီ၊ ဖွံ့ဖြိုးအောင် ကုမ္ပဏီတွေ။ Developer အကြီးတွေတော့ မဟုတ်ဘူး။ အလယ် အလတ်မှာ ရှိတယ်။

မေး။ ။ ဆရာ့ အနေနဲ့ ဒီတန်ဖိုးနည်း အိမ်ရာကိစ္စမှာ ဖြည့်စွက် ပြောစရာများ ရှိပါသလား။

ဖြေ။ ။ ပြောစရာက အခုလည်း အရစ်ကျပေးသွင်းမှုက ၈ နှစ် ကနေ ၁၀ နှစ် ဖြစ်ပြန်ပြီ။ မူဝါဒဆိုတာ တည်ငြိမ်မှုရှိဖို့ လို တယ်။ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့နဲ့ တည်ငြိမ်ဖို့ လိုတယ်။ ကနဦးငွေပေးချေပြီး ၇၀ ရာခိုင်နှုန်းချေပြီးရင် နေထိုင်ခိုင်း လိုက် တော့လေ။ အခွန်တွေကိုလည်း ဆောက်တဲ့သူရော ဝယ်မယ့်သူရောကို အခန်းတန်ဖိုးကြည့်ပြီး အခွန်ကောက်မယ် ဆိုရင် မကောက်သင့်ဘူး။ တသိန်းခွဲ တံဆိပ်ခေါင်း ကပ်ရမယ်။ အာမခံ ၁၅ မျိုးလုံး ဘယ်သူက ထားမလဲ။ ဒါတွေနဲ့ ပတ်သက်ရင် တန်ဖိုးနည်းအုပ်စုကို သီးသန့် စဉ်းစားပေးဖို့ လိုမယ်။

တန်ဖိုးနည်း အိမ်ရာဆိုတာ အခန်းဧရိယာကို လျှော့ချပြီး တန်ဖိုးနည်းအောင် ဆောက်ရတာ မဟုတ်ဘူး။ တန်ဖိုးနည်းအောင် အခန်းဧရိယာတွေ လျှော့ချတော့ အခန်းကျဉ်းကျဉ်းလေး ဖြစ်သွားတယ်။ စတုရန်းပေ ကျဉ်းကျဉ်းလေးကို အများကြီး မဆောက်တော့နဲ့ လိုသလောက်ပဲဆောက်။ ဘီလီယံ ၁၀၀ ကို တိုင်းဒေသကြီး အစိုးရကို လွှဲလိုက်တယ်ဆိုရင် သူတို့ မရောင်း မချင်း ပိုက်ဆံပြန်မဝင်လာတော့ဘူး။ တန်ဖိုးအလတ်တွေလည်း ထပ်ဆောက်နေတယ်။ ပိုက်ဆံဝင်မလာရင် ငွေက မလည် ပတ်တော့ရင် အရင်းက နည်းသွားတာပေါ့။ အကျိုးတူလုပ်ပြီးမှ ရလာတဲ့ အကျိုးအမြတ်ကို တန်ဖိုးနည်းကို ထည့်ခိုင်းတာ ရှိ တယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading