ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသက နယ်စပ်ရဲဌာန ၃ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သူတွေကို အာဏာပိုင်တွေက ရှာဖွေရာမှာ တရားမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဗလီနဲ့ နေအိမ်တွေကို မီးရှို့ခြင်း စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက တိုက်တွန်းချက်နဲ့ ပက်သက်ပြီး မြန်မာအစိုးရ ဘက်က တုန့်ပြန်ချေပခဲ့ပါတယ်။
မြန်မာအစိုးရဘက်က တုန့်ပြန်ချက်အသေးစိပ်သိရှိနိုင်ဖို့အတွက် သမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော် က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ရခိုင်မြောက်ပိုင်း မောင်တောဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ တိုက်တွန်း ပြောဆို ချက်တွေ အပေါ်မှာ မြန်မာအစိုးရ အနေနဲ့ ဘယ်လို တုန့်ပြန်ချင်ပါသလဲ။
ဖြေ ။ ။ အဲဒီလို ကြေညာချက်တွေနဲ့ ပတ်သက်လို့ သူတို့(ကုလသမဂ္ဂ) ပြောတာက တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မီးရှို့တယ်။ ဖမ်းဆီးရိုက်နှက်တယ်။ သတ်ဖြတ်တယ်။ ရွာထဲကနေ လူတွေကို မနေနိုင်အောင် မောင်းထုတ်တယ်။ အထောက်အထား မရှိဘဲ လက်နက်မဲ့ ပြည်သူတွေကို ဖမ်းဆီးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိတယ်။ ဒီလို သတင်းအချက်အလက်တွေပေါ့နော်။
အဲဒီလို သတင်းအချက်အလက်တွေ ရှိတယ်လို့ ပြောတယ်။ အဲလို ပြောတာနဲ့ ပတ်သက်ပြီးတော့ ပြောရရင်တော့ ဒီမောင်တောကိစ္စ စကိုင်တွယ်ပြီ ဆိုကတည်းက အစိုးရအနေနဲ့ ဘာကို အဓိကထားသလဲဆိုတော့ ဒီပဋိပက္ခကို အကြောင်းပြုပြီးတော့ စောစောက ပြောခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါ့လေ။ လူ့အခွင့်ဆိုင်ရာ ကျန်တဲ့ဟာတွေနဲ့ ပုံဖျက်ပြီးတော့ အစိုးရအပေါ် ဖိအားပေးမှုတွေ စွပ်စွဲမှုတွေ လုပ်လာမယ်ဆိုတာ ကြိုပြီး မျှော်လင့်ထားပြီးသား ဖြစ်တယ်။
ကြိုတင်မျှော်လင့် ထားပြီးသားအတိုင်းပဲ အစွန်းရောက် အကြမ်းဖက် အားပေးတဲ့သူတွေ၊ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာမှာ ပြန့်နှံ့နေတဲ့ အစွန်းရောက်သူတွေက သတင်းဌာနတွေကို တယ်လီဖုန်းဆက်တယ်။ သတင်းအချက်အလက် အမှားတွေကို ပြောတယ်။ မေးလ်နဲ့ ဆက်သွယ်တယ်။ သတင်းအချက်အလက် အမှားတွေ ပေးတယ်။ အထောက်အထား၊ ဓာတ်ပုံ၊ ဗီဒီယို အမှားအယွင်း တွေပေါ့နော်။ သူများနိုင်ငံမှာ ဖြစ်တဲ့ဟာတွေကို ပေးတယ်။ ဒါမျိုးလုပ်တယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။
တချို့လည်း သတင်းအချက်အလက်တွေ မှန်တာ ရှိမယ်။ တချို့လည်း လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေက များတယ်ပေါ့နော်။ အဓိကကတော့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ အေဂျင်စီတွေဆီကို ဖုန်းတွေ ဆက်သွယ်မှု အမျိုးမျိုးတွေနဲ့ ဆက်သွယ်ပြီးတော့ လုပ်တယ်လို့ သိရတယ်။
ဒီအပေါ်မှာ ကုလသမဂ္ဂအနေနဲ့ ဒီအပေါ်မှာ အတည်ပြုလို့ မရဘူးဆိုတဲ့အတိုင်း Confirm (အတည်ပြုချက်) တော့ မပေးနိုင်ဘူး။ ဒီလို သတင်း အချက် အလက်တွေ ရနေတယ်ဆိုတဲ့အပေါ်မှာ ကျနော်တို့က နားလည်တယ်။ အခုလို တယ်လီဖုန်းတွေဆက် အီးမေးလ်တွေ ပို့နေတဲ့အပေါ်မှာ လက်တွေ့ အခြေအနေမှန်နဲ့ ထင်ယောင်ထင်မှား ဖြစ်သွားနိုင်တယ်။ အဲဒီလို ဖြစ်နေတာတွေကိုလည်း ကျနော်တို့ အလေးထားတယ်။ အလေးထားပြီးတော့ သူတို့နားလည်အောင် ရှင်းပြမယ်။ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လုပ်သွားမယ်။
သူတို့ဆီမှာ ခိုင်မာတဲ့ အထောက်အထား အချက်အလက်တွေ ရှိရင် သက်ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးတွေက တဆင့်ပေးနိုင် တယ်။ အမြဲတန်း ကိုယ်စားလှယ်ကနေတဆင့် ကျနော်တု့ိဆီကို မျှဝေနိုင်တယ်။ အဲဒါတွေကို အလေးထားပြီး ဆောင်ရွက်သွားမယ်။ ကုလသမဂ္ဂအနေနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ ကျနော်တို့ နိုင်ငံခြားရေး မူဝါဒရဲ့ အဓိက အခြေခံ အုတ်မြစ်တခု ဖြစ်ပါတယ်။
မေး ။ ။ မောင်တော နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း တပ်မတော်က စစ်ဆင်ရေး ပြန်လုပ်နေတော့ နောက်ဆုံး အခြေအနေက ဘယ်လို ရှိလဲ။ ပါသွားတဲ့ လက်နက်တွေရော ပြန်ရပြီလား။ ဘယ်လောက်အထိ ပြန်ရထားလဲ။
ဖြေ ။ ။ အဲဒီနောက်ဆုံး အခြေအနေကိုလည်း ကျနော် နည်းနည်းလေး ပြောချင်တယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စစ်ဆင်ရေးက ဘာလဲဆိုတော့ ရည်မှန်းချက် တာဝန်ပေါ့။ နံပါတ် ၁ က အဲဒီဌာနချုပ်စခန်းက ပါသွားတဲ့ လက်နက်ခဲယမ်းတွေ အကုန်ပြန်ရဖို့ပဲ။ နံပါတ် ၂ က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ ပေါ့နော်။ အဲဒီ ပုဂ္ဂိုလ်တွေ အားလုံးကို ဥပဒေနဲ့အညီ ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူနိုင်ဖို့ လုပ်နေတယ်။
အရေးယူတဲ့အခါမှာ ဝင်ရောက်ရှင်းလင်းတဲ့အခါမှာ ရဲတပ်ဖွဲ့က ဦးစီးပြီးတော့ တာဝန်ယူတယ်။ တပ်မတော်က လုံခြုံရေးအရ အရံအဖြစ် လိုက်သွားတယ်။ တောတွင်း တောင်ပေါ်ကျရင်တော့ တပ်မတော်က တာဝန်ယူတယ်။ ရဲတပ်ဖွဲ့က လုံခြုံရေး အရံအဖြစ် လိုက်တယ်။ အဲဒီလို ရှင်းလင်းတဲ့အခါ သက်ဆိုင်ရာ ရွာတွေမှာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ရပ်မိရပ်ဖတွေကို တွေကို ခေါ်ပြီး သတင်း အချက် အလက်တွေပေါ့နော်။ ရထားတဲ့ သတင်းအချက် အလက်ရှိတယ်။ နောက် ဖမ်းဆီးရမိတဲ့ ပုဂ္ဂိုလ်တွေဆီကနေပြီးတော့ ဝန်ခံချက်၊ ပြောကြားချက် အဲဒီ သတင်းအချက်အလက်တွေပေါ်မူတည်ပြီးတော့ ရှာဖွေ ဖမ်းဆီး ဖော်ထုတ်မှုတွေ လုပ်တယ်။
ပြဿနာက ဘာလဲဆိုတော့ တပ်နဲ့ ရဲဘော်တွေ လာတော့မယ်ဆိုရင် အဲလိုသတင်းကြားရင် ဒီလူတွေက ရွာထဲကနေ ထွက်ပြေးတယ်။ ရွာတော်တော်များများမှာ ဘာတွေ ကျန်လဲဆိုတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ကျန်တယ်။ ကိုယ်တိုင်ကိုယ်ကျ ပါခဲ့တဲ့သူတွေက ဘယ်လိုဖြစ်လဲဆိုတော့ တချို့က လှည့်သွားနေတဲ့ လူအုပ်စုနဲ့ ပါသလို တချို့က ကိုယ့်ရွာကို ပြန်လာတယ်။ ပြန်လာပြီးတော့ လက်နက်တွေကို ဖွက်တယ်။ ကိုယ့်ရွာကိုယ်ပြန်တယ်ဆိုတာကလည်း သူတို့က ရွာသားပဲ။ မူလ ကတည်းက နေနေတာ။
ပြန်လာပြီး သာမာန်အတိုင်းနေလိုက်ပြီးတော့ ရွာသားဖြစ်သွားတယ်။ ဒါပေမယ့် အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါခဲ့တယ်။ အဲဒီလိုမျိုး အသွင်ပြောင်းပြီးတော့ ဒီလိုမျိုး လုပ်နေတဲ့အခါမှာ ကျနော်တို့ဘက်က ဥပဒေနဲ့အညီ အလေးထားပြီးတော့ ဆောင်ရွက်တဲ့အတွက် အထောက်အထား မရှိဘဲ ဖမ်းဆီးတယ်။ နှိပ်စက်တယ်ဆိုတာ လုံးဝ မဟုတ်ဘူး။ ကျနော်တို့ လုံးဝ မလုပ်ဘူး။ အဲဒီအပေါ်မှာ ကျနေ်ာတို့ ငြင်းဆိုတယ်။
ဒီမှာ ပါတဲ့သူတွေကို ဖော်ထုတ်ဖမ်းဆီးမိဖို့ဆိုရင် အဲဒီသူတွေက သူ့ရွာမှာသူ ရှိနေမှ ရမှာ။ ပြေးနေတဲ့သူတွေကို ကျနော်တို့က လိုက်ရှာဖို့ ခက်တယ်။ အောက်ခြေမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ဘာတွေ လုပ်ရလဲဆိုတော့ အဲလူတွေ ကိုယ့်ရွာကိုယ် ပြန်နေဖို့ တွန်းအားပေးနေတယ်။ ရပ်မိရပ်ဖတွေနဲ့ ပေါင်းပြီးတော့ ဆော်သြပြီးတော့ လုပ်နေရတယ်။
ရခိုင်တိုင်းရင်းသားတွေ သူ့နေရာမှာသူပြန်နေဖို့ ဆောင်ရွက်နေသလိုပဲ ဒီလူတွေကိုလည်းသူ့ရွာတွေမှာ သူ ပြန်နေအောင်လို့ လုပ်နေရတယ်။ ဘာကြောင့်လဲဆိုတော့ ရှာဖွေ ဖော်ထုတ်ဖမ်းဆီးမှုတွေ လုပ်ရတာ ခက်ခဲတဲ့အတွက်ကို ပြန်နေခိုင်းရတာ။ အဲဒီတော့ သူတို့(ကုလ) ပြောတဲ့ အချက်တွေက လက်တွေ့မြေပြင်အခြေအနေနဲ့ ကင်းကွာနေတယ်ပေါ့နော်။ ချုပ်ပြောရရင်တော့ သူတို့ဆီကိုလည်း သတင်းအချက်အလက်တွေ ပေးပို့နေတော့ ဒီအပေါ်မှာ ထင်ရောင်ထင်မှား ဖြစ်တာတွေ ရှိနေတယ်။ ကျနော်တို့က နားလည်တဲ့အတွက် သူတို့ကို ရှင်းပြမယ်။ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လုပ်သွားမယ်။
လက်နက်ပြန်ရတဲ့စာရင်းကိုလည်း အမြဲတန်း ထုတ်ပြန်ပေးနေတယ်။ ထုတ်ပြန်ပေးနေတာ အမှန်ပဲ။ ရတဲ့သတင်းတွေကို မထိန်ချန်ထားဘူး။
မေး ။ ။ မောင်တောမှာ မီဒီယာနဲ့ WFP နဲ့ကို လုံခြုံရေးအရဆိုပြီး ဝင်ရောက်ခွင့် ပိတ်ထားတာက ဘယ်လိုအခြေအနေမျိုးမှာ ပြန်ဖွင့်ပေးသွားဖို့ ရှိလဲ။
ဖြေ ။ ။ ဒေသရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ အခုလောလောဆယ် စစ်ဆင်ရေးရဲ့ ရည်မှန်းချက်ကလည်း အဲဒါတွေ လုပ်နေ တာပါ။ ကျနော်တို့က ဥပဒေနဲ့အညီ လုပ်ဖို့။ လုပ်တဲ့အပေါ်မှာ အချိန်မရွေးဆိုပြီး ပြည်ထဲရေးဝန်ကြီးက ပြောထားပြီးသား။ လုပ်နေတာတွေကို အချိန်မရွေး အစစ်ဆေးခံနိုင်တယ်။ အဲဒီတော့ ဒီကန့်သတ်ချက်ဟာ သူ့ဒေသလိုအပ်ချက်သာ ဖြစ်လိမ့်မယ်လို့ ကျနော်တို့က ယူဆတယ်။ ကျနော်တို့ အနေနဲ့လည်း မီဒီယာ Visit ပေါ့နော်။ အဲဒါမျိုးလေး စုပြီးတော့ သွားလို့ရအောင် မြေပြင် အခြေ အနေပေါ်မူတည်ပြီး လုပ်လို့ရအောင် ကျနော်တို့ လုပ်သွားပေးမယ်။
အကူအညီတွေ ကန့်သတ်တယ်ဆိုတာက ကျနော်တို့က ဒုက္ခသည်စခန်းတွေမှာ မပေးစေချင်ဘူး။ သူ့နေရာသူ ပြန်ရောက်သွားတော့ ပေးဗျာ။ သူ့နေရာသူ မပြန်ဘဲနဲ့ အဲဒီမှာ သွားပေးလိုက်ရင် သူတို့က မပြန်တော့ဘူးလေ။ ကျနော်တို့က တဖက်မှာ အဲလူတွေ ကိုယ့်နေရာကိုယ် ပြန်ဖို့အတွက် တိုက်တွန်းနေတယ်။ တိုက်တွန်းတဲ့အထဲမှာ ဒီထောက်ပံ့ကူညီမှုတွေလည်း ပါတယ်။ ထောက်ပံ့ကူညီမှုတွေကို ကျနော်တို့ မပိတ်ပင်ဘူး။ သို့သော် သူ့မူလနေရာကို ပြန်ရောက်တဲ့အချိန်ကျရင် ကောင်းကောင်းပေးလို့ရပါပြီ။
မေး ။ ။ နောက်တခု သိချင်တာက အစိုးရက စွပ်စွဲထားတဲ့ အကြမ်းဖက်ခေါင်းဆောင် ဟာဗစ်တူဟာရ်ကို မိဖို့ ဘယ်လောက် နီးစပ်နေပြီလဲ။ ဘယ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါသလဲ။
ဖြေ ။ ။ အဲဒါတော့ ဖြေမရသေးပါဘူး။