မန္တလေးမြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တခုအပါအဝင်ဖြစ်တဲ့ ကျောက်စိမ်းလုပ်ငန်းဟာ ၂၀၁၅ နှစ်လယ်ပိုင်းမှ စတင်ပြီး စျေးကွက်ပျက်လာပြီးနောက် အရောင်းအဝယ် ကျဆင်းသွားခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်မီက NLD အစိုးရ တက်လာတဲ့အခါ ကျောက်စိမ်းစျေးကွက် ပြန်လည် ဦးမော့လာမယ်လို့ ကျောက်သမားအများစုက မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာတော့ စျေးကွက်ပိုမိုကျဆင်းလာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ကျောက်စိမ်း စျေးကွက်ပြန်လည် မြှင့်တင်ရေး ကော်မတီက ဦးဆောင်ခဲ့ပြီး ကျောက်စျေးကွက် ပြန်လည် ကောင်းမွန်လာစေမယ့် ဆန္ဒပြတောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါကိစ္စတွေနဲ့ပတ်သက်လို့ ကျောက်စိမ်းလုပ်ငန်းမှာ နှစ် ၃၀ ကျော် ကျင်လည်ခဲ့ပြီး ကျောက်စိမ်းစျေးကွက်ပြန်လည်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ မန္တလေးမြို့ ပွင့်ကောင်းကျောက်မျက် ပွဲရုံပိုင်ရှင်ဦးသန်းဝင်းကို ဧရာဝတီ မန္တလေး အခြေစိုက် သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ကျောက်စိမ်းလုပ်ငန်း လုပ်ကို်ုင်သူတွေက ဆန္ဒပြရတဲ့ အကြောင်းအရင်းကို သိပါရစေ။
ဖြေ။ ။ မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းကို မှီခိုလုပ်ကိုင်နေတဲ့ ကျောက်သမားတွေထဲက ၉၀ ရာခိုင်နှုန်းဟာ အခြေခံကျောက်သမားတွေ၊ ဆင်းရဲသားကျောက်သမားတွေဖြစ်ပါတယ်။ အဲဒီကျောက်သမားတွေဟာလည်း ဖားကန့်၊ ခန္တီးက ရေမဆေးသမားတွေကို အားကိုးနေရပါတယ်။ ရေမဆေးသမားတွေကို ဖမ်းမယ်ဆိုရင် မန္တလေးကျောက်စိမ်းစျေးကွက်ကို ဖျက်တာနဲ့ တူတူပါပဲ။ အခုလက်ရှိ မန္တလေးစျေးကွက်ကို ကျောက်စီးဆင်းမှုနည်းလာတယ်၊ စျေးကွက်ကလည်း ပျက်လာတယ်။ အဲဒါကို ဒီတိုင်းဆက်သွားမယ်ဆိုရင် အခြေခံကျောက်သမားတွေ ဒုက္ခရောက်ရတော့မှာပါ။ ဒါကြောင့် သူတို့ကိုယ်စား ပရဟိတအလုပ်ကြီးတခုကို လုပ်တဲ့သဘောပါပဲ။
မေး။ ။ ကျောက်စိမ်းစျေးကွက်ပြန်ကောင်းလာဖို့ ဘယ်အချက်တွေကို တောင်းဆိုခဲ့ပါသလဲ။
ဖြေ။ ။ ဆန္ဒပြပွဲမှာ အချက် ၆ ချက်ကို တောင်းဆိုခဲ့ပါတယ်။ ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းပေးရန်၊ ကျောက်စိမ်းများ အလွန်အကျွံတူးဖော်မှုကို ထာဝစဉ်ရပ်ဆိုင်းပေးရန်၊ ကျောက်စိမ်း၊ ကျောက်မျက်များ တရားမဝင်ပြည်ပသို့ တင်ပို့ရောင်းချနေခြင်းအား တားဆီးပေးရန်၊ ဖားကန့်နှင့် ခန္တီးရှိ ရေမဆေး ကျောက်သမားများအား တရားဝင်ရှာဖွေခွင့်ပေးရန်၊ ဒုတိယအကြိမ်ပြင်ဆင်ထားသည့် ကျောက်မျက်ဥပဒေကို ဖျက်သိမ်းပေးရန်၊ သတ္တုတွင်းဦးစီးဌာနက အတွင်းဝန်၊ ညွှန်မှူး၊ ညွှန်ချုပ်များအား ပြောင်းလဲပေးရန် ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။
မေး။ ။ မျှော်လင့်ထားသလို ဖြစ်မလာတာမျိုး ရှိခဲ့တဲ့အခါ ဘယ်လိုဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ဒီရက်ပိုင်းအတွင်းမှာ ခန္တီးနဲ့ ဖားကန့်မှာ ဆန္ဒပြခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး ၀ုိင်းဝန်းဆွေးနွေးမယ်။ ဘာဆက်လုပ်သွားမလဲဆိုတာ တိုင်ပင်ကြမယ်။
မေး။ ။ သြဂုတ်လကတည်းက ကျောက်စိမ်းစျေးကွက် ပြန်ကောင်းဖို့အတွက် ကျောက်သမားတွေ လက်မှတ်တွေနဲ့ တောင်းဆိုခဲ့တဲ့ကိစ္စအပေါ် အစိုးရဘက်က ဘာတွေအကြောင်းပြန်လာပြီးပြီလဲ။ အဲဒီအခြေအနေကို သိပါရစေ။
ဖြေ။ ။ မန္တလေး၊ ဖားကန့်၊ ခန္တီးက ကျောက်သမား ၂ သောင်းကျော် လက်မှတ်တွေနဲ့ ပြည်ထောင်စုသယံဇာတ ၀န်ကြီးဌာနကို ဦးတည်ပြီး ပို့ခဲ့ပါတယ်။ ပို့ပြီး တလလောက်အတွင်းမှာ သယံဇာတဝန်ကြီးဌာန အတွင်းဝန်က အန်ကယ့်ဆီကို ဖုန်းဆက်လာပါတယ်။ လက်မှတ်ထိုး ကမ်ပိန်းခေါင်းဆောင်နဲ့ သူတွေ့ချင်ပါတယ် ဆိုပြီးတော့ပေါ့။ အဲဒါကြောင့် ဖားကန့်နဲ့ ခန္တီးက မိတ်ဆွေတွေကို တိုင်ပင်လိုက်တော့ အများဆန္ဒအရ ပြည်ထောင်စုဝန်ကြီးနဲ့ဆိုရင်တော့ တွေ့ချင်ပါတယ်၊ အတွင်းဝန်နဲ့တော့ မတွေ့တော့ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ အဲနောက်ပိုင်းမှာ ခုထိဘာမှဆက်သွယ်လာတာမျိုးမရှိသေးပါဘူး။
မေး။ ။ ကျောက်စိမ်းစျေးကွက်အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ တရုတ်ရဲ့ဝယ်လိုအားက ပြီးခဲ့တဲ့ သုံးလေးနှစ်နဲ့ ယှဉ်ရင် ၄ ပုံ ၃ ပုံလောက်လျော့သွားတယ်။ ၀ယ်လိုအား လျော့သွားတဲ့အတွက် စျေးကလည်း ကျသွားတယ်။ မြင်သာအောင်ပြောပါဆိုရင် သိန်း ၁၀၀ တန်ကျော်ကို ခုချိန်မှာ သိန်း ၃၀ တောင် ရောင်းထွက်ဖို့ မနည်းပြောရတဲ့အချိန်ဖြစ်သွားတယ်။
မေး။ ။ မြန်မာ့ကျောက်စိမ်းရဲ့ အဓိကဝယ်လက် တရုတ်ရဲ့ ၀ယ်လိုအားကျသွားတဲ့အပေါ် ဆန္ဒပြ လက်မှတ်ထိုးတောင်းဆိုတာ ဘာမှမထူးဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတော့ ဘယ်လို တုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ သယံဇာတဝန်ကြီးဌာနရဲ့ မူဝါဒမှာ ပါပါတယ်။ သယံဇာတ သားစဉ်မြေးဆက်တူးဖော်မယ်ဆိုတာ။ အခုတော့ သားစဉ်မြေးဆက်မပြောနဲ့ တောင်တလုံးကို ရ ရက်ပဲခံတယ်။ အဲဒီလို အလွန်အကျွံတွေတူးပြီးရင် အခွန်မဆောင်ဘဲ တရုတ်ပြည်ကို ပို့တယ်။ တရုတ်ပြည်မှာ ကျောက်ကောင်းတွေ ပုံနေတော့ ဒီဘက်မှာ စျေးကွက်ဘယ်လိုမှ မကောင်းနိုင်ဘူးလေ။ တရားမဝင်ကျောက်စီးဆင်းမှုတွေ ထိန်းချုပ်နိုင်မှ၊ အလွန်အကျွံတူးတာတွေ တားဆီးနိုင်မှ ပြည်တွင်းကျောက် စျေးကွက်ပြန်ဦးမော့လာမှာပါ။ အခုတော့ ပြည်တွင်းမှာ ကျောက်ရောင်းသူက အယောက် ၁၀၀ မှာ ၀ယ်သူက ၁ ဦးဖြစ်နေတယ်။ ဒီလိုအခြေခံကိစ္စတွေကို မသိတာဟာ သူဌေးကျောက်သမားတွေများပါတယ်။
မေး။ ။ ကျောက်စိမ်းစျေးကွက်ပြန်ကောင်းလာဖို့ အစိုးရက အဓိကဘာတွေလုပ်ပေးဖို့လိုအပ်ပါသလဲ။
ဖြေ။ ။ လူရော၊ မူရောပြင်ပေးဖို့ လိုပါတယ်။ လက်ရှိ ကျောက်တူးဖော်ခွင့်ရထားတဲ့ ခရိုနီတွေရယ်၊ အဲဒီခရိုနီတွေကို ခွင့်ပြုခဲ့တဲ့ သတ္တုတွင်းက အရင်လူတွေရယ်ကို ပြောင်းလဲပေးဖို့လိုပါတယ်။ အဲဒီလိုပဲ အခြေခံ ကျောက်သမားတွေကို မကာကွယ်နိုင်ဘဲ ခရိုနီပဲအကျိုးရှိတဲ့ ဒုတိယအကြိမ်ပြင်ဆင်ထားတဲ့ ကျောက်မျက် ဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးဖို့လိုပါတယ်။
မေး။ ။ ကျောက်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လက်ရှိသယံဇာတပြည်ထောင်စုဝန်ကြီးက သယံဇာတလုပ်ငန်းတွေ အတွက် တကယ်အလုပ်လုပ်ပေးနိုင်တဲ့သူလို့ မြင်ပါသလား။
ဖြေ။ ။ ၀န်ကြီးက သစ်တောနဲ့ ကျောင်းပြီးတယ်လို့ သိထားပါတယ်။ သစ်တောနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေမှာ သူ့လုပ်ဆောင်ချက်တွေကို သတင်းစာကနေဖတ်ရတယ်။ အဲဒီအပိုင်းမှာတော့ မဆိုးဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ သယံဇာတလုပ်ငန်းအပိုင်းမှာ မအားလပ်လို့ မလုပ်နိုင်သေးတာလားတော့ မသိဘူးပေါ့လေ။ သယံဇာတဒေသတွေမှာ လက်တွေ့ကွင်းဆင်းမှု အားနည်းတယ်လို့ မြင်တယ်။ အဲဒီလိုအားနည်းတာကြောင့် လွှတ်တော်မှာ ရေမဆေးသမားတွေနဲ့ ပတ်သက်ပြီး သူဖြေခဲ့တာလေ။ ပြီးတော့ သက်တမ်းကုန်လုပ်ကွက်တွေကို ၀န်ကြီးဌာနက ကြေညာတယ်။ ဒါပေမယ့် လုပ်ကွက်တွေမှာ လုပ်ပိုင်ခွင့်ရခဲ့တဲ့ ကုမ္ပဏီက ခုချိန်ထိဆက်လုပ်နေလား၊ မလုပ်လားဆိုတာမျိုးတွေ အန်ကယ်တို့က သိချင်တယ်။ အဲဒါမျိုးတွေ မသိရတဲ့အတွက် ဌာနက တာဝန်ရှိသူတွေ လုပ်ကိုင်ဆောင်ရွက်မှုအပိုင်းမှာ အားနည်းတယ်လို့ မြင်ပါတယ်။ အဲလိုမျိုး ကြပ်မတ်ဆောင်ရွက်မှုမရှိရင် နောင်နှစ်အနည်းငယ်အတွင်းမှာ ဖားကန့်ဟာ မိုးကုတ်လို ဖြစ်သွားနိုင်တယ်။
မေး။ ။ ခုနောက်ပိုင်းမှာ အသံထွက်လာတဲ့ ရေမဆေးကျောက်ရှာသူတွေအတွက် အစိုးရက ဘယ်လိုပုံစံ နေရာချထားပေးဖို့ လိုအပ်သလဲ။
ဖြေ။ ။ လွှတ်တော်မှာ ၀န်ကြီးပြောသွားတဲ့ထဲမှာ အပိုင်း ၂ ပိုင်းပါတယ်။ ရေမဆေးရှာသူတွေကို ကျောက်ရှာဖွေခွင့်၊ ကိုင်ဆောင်ခွင့်၊ လွတ်လပ်စွာ ရောင်းချခွင့် ရလာအောင် လုပ်ပေးရမယ်။ အသင်းအဖွဲ့တွေ ဖွဲ့ပြီး တရားဝင် ဥပဒေဘောင်အတွငး် ဆွဲသွင်းဖို့လိုအပ်ပါတယ်။ ရေမဆေးတွေအတွက် တပိုင်တနိုင်လုပ်ကွက်တွေ ချထားပေးသင့်ပါတယ်။ ဒါဆို နိုင်ငံတော် အခွန်ရနိုင်သလို ရေမဆေးတွေအတွက် လူသာမက ကျောက်လည်း တရားဝင်ဖြစ်သွားပြီ။ ဒါပေမဲ့ ဖမ်းဆီးပြီး နေရပ်ပြန်ပို့မယ်ဆိုတဲ့စကားကိုတော့ အန်ကယ်တို့ မန္တလေးက ကျောက်သမားတွေ လက်မခံပါဘူး။ ဘာလို့လဲဆိုတော့နိုင်ငံသားတိုင်း မိမိနိုင်ငံအတွင်းမှာ လွတ်လပ်စွာ သွားလာ နေထိုင်ခွင့်ရှိပါတယ်။