ဇူလိုင်လ ၁ ရက်က ကျင်းပခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးမှာ ချမ်းမြသာစည်မြို့နယ် မဲ ဆန္ဒနယ် အမှတ်(၂)က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက မြေယာနှင့် ပတ်သက်တဲ့ အဆို တရပ် တင်သွင်းခဲ့ပါတယ်။
“အစိုးရ အကူးအပြောင်း ကာလများအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာကျယ်ဝန်းသည့် မြေကွက်များ၊ ပလပ်မြေများအား လူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာချထားပေးမှုများ ပြန်လည်စိစစ်၍ အများပြည်သူ အကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲမှု ဆောင်ရွက်နိုင်ရေး”အဆို ဖြစ်ပါတယ်။
အဆိုနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ပါ ဝင် တဲ့ “အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့”ကို ဖွဲ့စည်း စေခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယခု နိုဝင်ဘာလ ပထမအပတ်မှာ မြေယာအမှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေး တွေ့ရှိချက်တွေကို တိုင်းအစိုးရ အဖွဲ့ဆီ အစီရင်ခံစာ တင်တော့မှာ ဖြစ်ပါတယ်။
အဆိုပါအဖွဲ့မှ ခေါင်းဆောင်တဦး ဖြစ်တဲ့ ချမ်းမြသာစည် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင် ကို ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ ဘယ်သူတွေနဲ့ ဖွဲ့စည်းထားပါသလဲ။ အဖွဲ့ဝင် ဘယ်နှဦး ပါဝင်သလဲ။
ဖြေ။ ။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးနဲ့ မြို့ပြ မြေယာ စီမံကိန်းနှင့် မြေစာရင်း ဦးစီးဌာနက တိုင်းဦး စီးမှူး ၁ ဦး စုစုပေါင်း ၁၇ ဦးနဲ့ ဖွဲ့စည်းထားတယ်။
အဖွဲ့ ဥက္ကဋ္ဌ အဖြစ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေးက တာဝန်ယူပါတယ်။ အဲဒီ ၁၇ ဦးထဲက ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးကို ဖယ်ပြီး နယ်မြေ ကွင်းဆင်းတဲ့နေရာတွေမှာ လုပ်ငန်း ပိုမိုမြန်ဆန်အောင် ၅ ဦးတဖွဲ့စီ ထပ်ဖွဲ့လိုက်ပါ တယ်။ ဦးလေးကတော့ အဖွဲ့(၂) ရဲ့ခေါင်းဆောင်ပါ။
မေး။ ။ မြေယာအမှုတွေကို ဘယ်လိုပုံစံ စစ်ဆေးခဲ့ပါသလဲ။
ဖြေ။ ။ စစ်ဆေးတဲ့ပုံစံက ၃ မျိုးခွဲလိုက်တယ်။ ဂရန်စစ်တာ၊ လူတွေ့စစ်တာ၊ ကွင်းဆင်းစစ်ဆေးတာဆိုပြီး ခွဲပြီး စစ်ခဲ့ပါ တယ်။ ဂရန်ပဲ စစ်ဖို့လိုအပ်တဲ့ အမှုတွေရှိသလို လူကို ခေါ်ယူတွေ့ဆုံ မေးမြန်းရတာမျိုးလည်း ရှိပါတယ်။ လူဆိုတာက တော့ မြေယာကိစ္စတွေနဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါ။ စည်ပင် ကော်မတီဝင်ဟောင်းတွေ၊ တိုင်း အစိုးရ အဖွဲ့ဝင်ဟောင်းတွေ၊ မြေစာရင်းတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့ပါ။
ကွင်းဆင်း စစ်တာကျတော့ လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့် ပုံစံ ၃၀(က) ထုတ်ပေးထားတာတွေ ရှိတယ်။ အဲဒီ မြေတွေက ၆ လအတွင်း လုပ်ငန်းလုပ်ရမယ်၊ အဲဒီလိုလုပ်လား၊ မလုပ်လားဆိုတာ ကွင်းဆင်းစစ်တာပါ။ တချို့ကျတော့ ဘိုးဘွားပိုင်တဲ့ လယ်မြေပေါ်မှာ အိမ်လေးဆောက်ချင်လို့ မှန်မှန်ကန်ကန် ရိုးရိုးသားသားလုပ်တာတွေ ရှိသလို တချို့ ကျတော့လည်း အဲဒီလယ်မြေကြီးကို ရောင်းဖို့ အဆင့်သင့်လုပ်ထားတဲ့ ပုံစံတွေ တွေ့ရတယ်။ အခု မြို့ပေါ်ကွင်းဆင်း စစ်တာကတော့ အဖွဲ့ ၃ ဖွဲ့လုံး တူတူသွားစစ်တယ်။ ကျန်တဲ့ ခရိုင်တွေကျရင်တော့ အမှုအနည်းအများပေါ် မူတည်ပြီး အဖွဲ့ ခွဲပြီး စစ်ဆေးသွားမယ်။
မေး။ ။ မန္တလေးတိုင်းထဲက ဘယ်မြို့နယ်တွေကို စစ်ဆေးပြီးသွားပြီလဲ။
ဖြေ။ ။ မန္တလေးခရိုင် ၇ မြို့နယ် ပြီးသွားပြီ။ ကျန်တဲ့ ခရိုင် ၆ ခု ကျန်သေးတယ်။ အဲဒါတွေကို အခု နိုဝင်ဘာလဆန်းက စပြီး ဆက်လုပ်သွားမယ်။ အခုတော့ မန္တလေးခရိုင်နဲ့ ပတ်သက်တဲ့ တွေ့ရှိချက်အားလုံးကို အစီရင်ခံစာရေးဖို့ လုပ်နေပါတယ်။
မေး။ ။ ဘယ်လောက် အချိန်ယူ စစ်ဆေးခဲ့ရပါသလဲ။
ဖြေ။ ။ အချိန်ကတော့ ၂ လနီးပါးကြာတယ်။ စက်တင်ဘာလဆန်းက စလုပ်တာဆိုတော့လေ။ မန္တလေးခရိုင် တခု တည်း အတွက်ပေါ့။
မေး။ ။ အစီရင်ခံစာမှာ ဘယ်လိုအချက်တွေ အဓိက ပါဝင်မလဲ။ ဘယ်တော့လောက် ပြီးမလဲ။
ဖြေ။ ။ အစီရင်ခံစာမှာ Review ၃ ခုခွဲပြီး ရေးပါမယ်။ ပထမတခုက ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ ၃၀ (က)၊ ၃၀ (ခ) လျှောက်လို့ ဂရန် ထုတ်ပေးထားတဲ့မြေ၊ ဒုတိယက စီမံကိန်း အကြောင်းပြုပေး ဂရန်ထုတ်ပေးထားတဲ့ မြေရယ်၊ မြို့ပေါ်က အစိုးရမြေတွေမှာ ဂရန်သစ်ထုတ်ပေးထားတဲ့ မြေဆိုပြီး တပိုင်းစီခွဲရေးပါ့မယ်။ အစီရင်ခံစာမှာ မြို့နယ်တခု ချင်း အလိုက် အမှုတခုချင်းအလိုက် အသေးစိတ် ရေးသားတင်ပြမှာဖြစ်သလို အားလုံးခြုံငုံပြီးလည်း တင်ပြမှာပါ။
ဒါနဲ့ ပတ်သက်ပြီး Press လုပ်ဖို့တော့ စီစဉ်နေတယ်။ အစီရင်ခံစာက မြန်မြန်ရေးနေပြီ။ မြန်မြန်လည်း သိချင်နေပြီလေ။ နိုဝင်ဘာလ ပထမပတ်အတွင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို တင်မယ်။
မေး။ ။ အခု မန္တလေးခရိုင်အတွင်းမှာ စစ်ပြီးတဲ့ မြေဧက စုစုပေါင်း ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ အဲဒါက အစီရင်ခံစာမှာ အသေးစိတ်ပါမှာပါ။ အခု ရေးနေတုန်းမို့ ပြောလို့မရသေးပါဘူး။ Press လုပ်ဖြစ်ခဲ့ရင် အတိအကျပြောပါမယ်။ တချို့နေရာတွေမှာ လူတဦးတည်းနဲ့ ဧက ၂၀၀၊ ၃၀၀ ပိုင်နေတဲ့ မြေတွေလည်း ရှိတယ်ဆို တော့ အကြမ်းဖျင်းအားဖြင့်တော့ ဧက ထောင်ကျော်ပါတယ်။
မေး။ ။ ခုနက Review ၃ ခုထဲမှာ ဘယ်မြေတွေက အများဆုံးဖြစ်ပါသလဲ။
ဖြေ။ ။ စီမံကိန်း ခေါင်းစဉ်နဲ့ မြေတွေကတော့ တော်တော်များတာပေါ့။ စီမံကိန်း ဖြစ်တဲ့အတွက်ကြောင့် ဧရိယာလည်း ကျယ်တယ်လေ။
မေး။ ။ မြေယာအမှုတွေ စစ်ဆေးခဲ့တဲ့ ၂လကျော်မှာ ဘာတွေ အခက်အခဲ ရှိခဲ့ပါသလဲ။
ဖြေ။ ။ အခက်အခဲ အနေနဲ့ သိပ်မရှိခဲ့ပါဘူး။ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေကလည်း ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့ပါ တယ်။ ခေါ်မေးတဲ့ အချိန်မှာလည်း လာကြပါတယ်။
မေး။ ။ ဇူလိုင်လဆန်းက လွှတ်တော်မှာ ဒီမြေယာကိစ္စနဲ့ပတ်သက်တဲ့ အဆိုကို တင်ခဲ့ပြီး ဝန်ကြီးချုပ်ကလည်း စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့မယ်ဆိုပြီး ချက်ချင်း ကတိပေးခဲ့တယ်လေ။ ဒါပေမယ့် ကြားထဲမှာ တလကျော်လောက် မဖွဲ့ဖြစ်ခဲ့ဘဲ ကြန့်ကြာမှှုတွေရှိနေခဲ့တာ ဘာကြောင့်ပါလဲ။
ဖြေ။ ။ ဒီကိစ္စကြီးက ကျယ်ပြန့်တယ်လေ။ ဥပဒေကြောင်း ဆိုင်ရာတွေလည်း ပါတယ်။ လုပ်ငန်းတွေကလည်း အများ ကြီး ဖြစ်တယ်။ ပြီးတော့ အစိုးရအဖွဲ့ကလည်း ဘယ်သူ့ကို တာဝန်ယူပေးရမလဲဆိုတာ စဉ်းစားရတယ်လေ။ ဒီလိုကိစ္စ မျိုးမှာ ဘယ်သူက ဘယ်လောက်ထိ မှန်ကန်မှု ရှိနိုင်၊ မရှိနိုင်ဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ကိစ္စလေ။ အင်မတန်မှ ယုံ ကြည် စိတ်ချရတဲ့သူ ဖြစ်ဖို့ လိုတယ်လေ။ ဒါကြောင့် ကြန့်ကြာနေတယ်လို့ မြင်ပါတယ်။
မေး။ ။ တင်ပြလာတဲ့ အစီရင်ခံစာ အပေါ် အစိုးရအဖွဲ့က ဘယ်လိုတုံ့ပြန်မယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ ဆရာတို့အနေနဲ့ကတော့ စစ်ဆေး တွေ့ရှိခဲ့သလောက်ကို ဘက်ပေါင်းစုံကနေ တင်မှာပဲလေ။ ဥပဒေပါအတိုင်း စဉ်းစားကြမယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ပြီး အားမရဘူးဆိုရင်တော့ လွှတ်တော်မှာ မေး ခွန်းမေးတာ၊ အဆိုတင်သွင်းတာတွေနဲ့ ဆက်တွန်းအားပေးသွားမယ်။
မေး။ ။ ကျန်တဲ့ခရိုင် ၆ ခုကို ဘယ်တော့လောက် အပြီးစစ်သွားမလဲ။
ဖြေ။ ။ အခု အစီရင်ခံစာ ရေးနေတယ်။ အဲဒါရေးပြီးတာနဲ့ တပြိုင်နက်စစ်မယ်။ ဘယ်တော့လောက် ပြီးမယ် ဆိုတာ ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ ဘယ်လောက်များမယ်ဆိုတာ မသိသေးလို့ အချိန်ဘယ်လောက် ကြာမယ်ဆိုတာ မ ပြောနိုင်သေးဘူး။
အခုက ဒေတာတောင် မကောက်ရသေးဘူး။ အမှုအနည်းအများပေါ်မှာ မူတည်တဲ့အတွက် နည်းရင်တော့မြန်နိုင် တယ်။ ဒါပေမယ့် မိုးကုတ်၊ ပြင်ဦးလွင်၊ သပိတ်ကျင်းတို့မှာတော့ များနိုင်တယ်။ ဘာလို့လဲ ဆိုတော့ ရွှေတောတွေလည်း ရှိတဲ့ နေရာတွေမို့လို့လေ။
မေး။ ။ ဥပဒေ ပညာရှင်တယောက်ဖြစ်လည်းဖြစ်၊ ပြီးတော့ ဒီလိုမြေယာ အမှုကိစ္စတွေလည်း စုံစမ်းစစ်ဆေးနေတဲ့ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တယောက်ဖြစ်တဲ့အတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနဲ့ ပတ်သက် ပြီး ဆရာ့ အမြင်ကို သိပါရစေ။
ဖြေ။ ။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေဟာ လယ်ယာမြေတွေကို ဆုံးရှုံးအောင် လုပ်လိုက်တဲ့ ဥပဒေလို့ မြင်တယ်။ အဲဒီ ဥပဒေမှာ လယ်ယာမြေကို အခြားနည်းနဲ့ သုံးစွဲခွင့် ပေးထားတယ်။ အဲဒီလို ပေးထားတဲ့နေရာမှာ ဘယ်လိုပုံစံဆို ခွင့်ပြု တယ်၊ ဘယ်လိုပုံစံမှ ရနိုင်မယ် ဆိုတာမျိုး နည်းဥပဒေက တိတိကျကျ ပြဌာန်းထားတာမျိုး မရှိဘူး။
လယ်သမားတွေမှာ လယ်မြေဆုံးရှုံးဖို့ အခွင့်အရေး ပိုများသွားတယ်။ လယ်ယာမြေ ဥပဒေဖြစ်တဲ့အတွက် လယ်သမား အတွက် အာမခံချက် ရှိရပါမယ်။ အခုတော့ လယ်သမားက လယ်လုပ်တော့ လယ်ရှုံး၊ သူ့ပိုင်ဆိုင်မှုက မသေချာ၊ အဲဒီ တော့ အခွင့်အရေးရတဲ့ အချိန်မှာ ရောင်းမှာပဲလေ။ ဝယ်တဲ့သူကလည်း ဒီမြေကို အခြားနည်းနဲ့ သုံးဖို့ ဝယ်မှာလေ။ ။