“လူမှုဝန်ထမ်းသမားသည် အမြဲတမ်း အဆင်သင့် ရှိနေပါတယ်”

ဧရာဝတီ
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး / သူဇာ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အရွယ်မရောက်သေးသည့် ကလေးသူငယ်များ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှုများ ပေါ်နေသည်။ နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်ခံရသူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကူညီ ဆောင်ရွက်ပေးနေပြီး လိုအပ်ပါက ကျုးလွန်သူများကို ဥပဒေအရ အရေးယူနိုင်ရန် လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် တရားလိုပြုလုပ် တိုင်ကြားကာ ဥပဒေအရ ရင်ဆိုင်မှုများ ရှိနေသည်။

လူမှုဝန်ထမ်း ဦးစီးဌာနက လုပ်ကိုင် ဆောင်ရွက်ပေးနေမှုများကို သိရှိနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။    ။ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်မယ့်ဥပဒေ အတည်မပြုနိုင်သေးတဲ့အချိန်မှာ လူမှုဝန်ထမ်း ဝန်ကြီးဌာနအနေနဲ့ ဘာတွေ ဆောင်ရွက်ပေးနေပါလဲ။

ဖြေ။    ။ လက်ရှိမှာတော့ ဥပဒေပေါ်ပေါက်ရေးကို ကြိုးပမ်းနေတယ်။ အမျိုးသမီး အကြမ်းဖက်မှုကို ထိထိရောက်ရောက် တာဆီးကာကွယ် ပေးနိုင်မယ့် ဥပဒေ ပေါ်ပေါက်လာဖို့အတွက် အားလုံးကြိုးစားနေတယ်။ အစိုးရကလည်း ကြိုးစားတယ်။ လွှတ်တော်ကလည်း ကြိုးစားတယ်။ အမျိုးသမီး အဖွဲ့တွေလည်း ကြိုးစားနေတယ်။ အဲဒီလို ကြိုးစားနေစဉ် ကာလမှာပဲ ကျမတို့က ဥပဒေအသစ်ကို မစောင့်နိုင်ဘူး။ အဖြစ်အပျက်တွေကလည်း ရပ်ထားလို့ မရဘူး။ လူမှုဝန်ထမ်းသမားတွေ ဖြစ်လာလို့ရှိရင် ဥပေဒေနဲ့လည်း စိမ်းလို့မရဘူး။

အခု ဖြစ်ပျက်နေတဲ့ ကလေးသူငယ်အမှုပဲ ဖြစ်ဖြစ်၊ အမျိုးသမီးလေးတွေမှာ ဖြစ်နေတဲ့ အမှုတွေဆိုရင် ကျမတို့ လူမှုဝန်ထမ်း သမားဘက်က ကြည့်တာက ခံရသူမှာ ထိခိုက်နစ်နာသွားတဲ့အတွက် တဖက် ကျူးလွန်သူကို အမြင့်ဆုံးပြစ်မှုတော့ ဖြစ်စေချင်တယ်။ ဒါကျမတို့ လူမှုဝန်ထမ်းဘက်က ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေပေါ့။ ဥပမာ – ကလေးသူငယ်ကို ကျူးလွန်တဲ့အတွက်ကြောင့် ကလေးသူငယ် ဥပဒေမှာ ၆(ဃ) ပေါ့။ ကလေးသူငယ်ကို နာကျင်စွာ မလုပ်ရဘူးပေါ့။ အဲဒီလိုအမှုဆိုရင် အနည်းဆုံး ထောင် ၂ နှစ်ပဲ ကျမယ်။

အဲဒီလို ကလေးသူငယ် အမှုနဲ့လည်း စွဲတယ်။ အဲဒီအပြင် လူကုန်ကူးဆိုရင် ဒီထက် ထောင်ပိုကျတယ်။ အဲဒီ အတွက်ကြောင့် ကျမတို့ရဲ့ လူမှုဝန်ထမ်းက တာဝန်ပေးထားတဲ့သူတွေက ပြည်သူလူထုဘက်က အဲဒီလို အခြေအနေမျိုးတွေနဲ့ ဆောင်ရွက်နေပါတယ်။ လတ်တလောမှာ ဥပဒေအသစ်တွေ မထွက်ခင် ရှိနေတဲ့ တည်ဆဲဥပဒေတွေနဲ့ပဲ မရရအောင် စွဲပေးနေတယ်။ တကယ်လည်း ဖြစ်ခဲ့တဲ့ အင်းဝ အပ်ချုပ်ဆိုင်အမှုဆို လူကုန်ကူးခံရတဲ့ အနေအထားဆိုရင် လူကုန်ကူးနဲ့စွဲဖို့ ဖြစ်လာတာပေါ့။

မေး။    ။ အင်းဝ အပ်ချုပ်ဆိုင်အမှုက လူသိရှင်ကြား ဖြစ်သွားတယ်ပေါ့။ တကယ်လို့ လူသိရှင်ကြား မဖြစ်ခဲ့တဲ့ အမှုတွေဆိုရင် လူမှုဝန်ထမ်းအနေနဲ့ ဘယ်လို ဆောင်ရွက်ပေးတာတွေ ရှိပါလဲ။

ဖြေ။    ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ကျမတို့ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေး ရောက်လာပြီး ရက် ၁၀ဝ စီမံကိန်းထဲက ကျမတို့ရဲ့ အခက်အခဲတွေကို ပြောပြတယ်။ နောက်ပြီး လူမှုဝန်ထမ်း ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိနိုင်ဖို့ မီဒီယာတွေကိုလည်း ချပြထားတာ ရှိတယ်။ ကျမတို့ ဆောင်ရွက်ထားတဲ့ အရေးပေါ် ဆက်လို့ရမယ့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် Hotline တို့၊ အကူအညီ တောင်းခံနိုင်တဲ့ Helpline ဖုန်း တို့ပေါ့။ လူမှုဝန်ထမ်းသမားတွေက ပြည်သူနဲ့ အနီးကပ် ဖြစ်စေချင်တယ်။ ဒါပေမယ့်် မနက်ဖြန်၊ ချက်ချင်း မဖြစ်နိုင်ဘူး။ ကျမတို့ရဲ့ ဖွဲ့စည်းပုံ အနေအထားနဲ့လည်း မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အဆင့်လိုက်၊ အဆင့်လိုက် တိုးချဲ့သွားမယ်။ လူမှုဝန်ထမ်း ဦးစီးဌာနကိုလည်း အဲဒီလိုပဲ တိုးချဲ့သွားမယ်။

အခုဆို ဖေ့စ်ဘုတ်တွေထဲမှာ ထင်ရှားလာပြီဆို လူတွေက အာရုံစိုက်ကြတယ်။ ကျမတို့ ငယ်ငယ်က သင်ဖူးသလိုပါပဲ။ အဲဒီအရာက ရေပေါ်မှာ ပေါ်လာတဲ့ အရာလေးပါ။ ရေအောက်မှာ အများကြီး ရှိနေသေးတယ်။ မပေါ်သေးတဲ့ အမှုတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် ပြည်သူလူထုကို အသိပေးချင်တာက လူမှုဝန်ထမ်းဝန်ကြီးဌာနရဲ့ helpline, hotline က ၂၄ နာရီလုံး ဖွင့်ထားပါတယ်။ ဝ၆၇- ၄၀၄၆၆၆၊  ဝ၆၇- ၄၀၄၇၇၇ အဲဒီကို အချိန်မရွေး ဆက်သွယ်ပါ။ ၂၄ နာရီလုံး ဆက်သွယ်ပါ။ ဒီ Hotline က လာတဲ့ အရေးကိစ္စတွေကို လူမှုဝန်ထမ်းနဲ့ သက်ဆိုင်တဲ့ ကိစ္စဆိုရင် တာဝန်ယူ ဆောင်ရွက်ပေး နေပါတယ်။ ကယ်ဆယ်ရေးဆိုရင်လည်း ကယ်ဆယ်ရေးနဲ့ ဆိုင်တာကို တာဝန်ယူပေးနေပါတယ်။

အဲဒီလို Helpline, Hotline ဖွင့်ပေးထားတဲ့အခါမှာ ဆက်သွယ်လာတဲ့ အကြောင်းအရာတွေမှာ လူမှုဝန်ထမ်း လုပ်ငန်းတွေကို ၈၀ ရာခိုင်နှုန်းလောက်က တကယ် အသုံးဝင်တာတွေကို ဆက်သွယ်ပါတယ်။ ဒါပေမယ့် ၂၀ ရာခိုင်နှုန်းလောက်က မသက်ဆိုင်တဲ့ အင်ဖော်မေးရှင်းလိုမျိုးပေါ့။ လင်မယား ကွဲတာတို့ ဘာတို့ပေါ့။ အဲဒါတွေကိုတော့ ကျမတို့ ဝင်ပါစရာမလိုတဲ့ကိစ္စ၊ ပြည်သူလူထုကတော့ အလုံးစုံ ဘယ်သိမလဲ။ တကယ်ခံရတယ်ဆိုရင် ဆက်သွယ်ကြဖို့ မီဒီယာတွေက ပြောပေးပါ။ ကျမတို့ အမြဲတမ်း ရှိနေပါတယ်။ ကျမတို့ လုပ်ဆောင်နေတဲ့ အလုံးစုံ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအမံမှာ စနစ်တခုဖြစ်အောင် လုပ်မယ်ဆိုရင် ကျမတို့အနေနဲ့ တာဝန်ပေးထားတဲ့ ဦးစီးအရာရှိတွေကို တမြို့နယ် တယောက်ထားဖို့ အစီအစဉ် ရှိတယ်။

အခုတော့ မဖြစ်နိုင်သေးဘူး။ မဖြစ်နိုင်သေးခင်ကာလ ပြည်သူလူထုကို ကျမတို့ အကာအကွယ် အစောင့်အရှောက် မပေးတာ မဟုတ်ဘူး။ လက်တလောမှာတော့ ဘာတွေလုပ်ပေးနေသလဲဆိုရင် Hotline နဲ့ လုပ်ပေးနေတယ်။ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအတွက် အချိန်မရွေး ဆက်သွယ်ပါ။ ဒီမှာ ဆက်သွယ်လာတဲ့ အရာတွေကို ပြည်သူလူထုကို ချပြဖို့ မဟုတ်ဘူး။ ဒီလိုဖြစ်ပျက်နေတာကို ဖြေရှင်းပေးနိုင်ဖို့၊ လူမှုဝန်ထမ်းသမားသည် အမြဲတမ်း အဆင်သင့် ရှိနေပါတယ် ဆိုတာကို အသိပေးပေးပါ။

မေး။    ။ ပြောသွားတဲ့အထဲမှာ သိချင်တာ တခုရှိပါတယ်။ လင်မယား အရေးကိစ္စတွေပါ။ လင်မယားကိစ္စတွေမှာ အမျိုးသမီးတွေကို ရုပ်ပိုင်း၊ စိတ်ပိုင်း အကြမ်းဖက်ခံရတာတွေ ရှိနေတော့ လူမှုဝန်ထမ်းအနေနဲ့ လင်မယားကိစ္စမျိုးကို ဖြေရှင်းမပေးဘူးလား။

ဖြေ။    ။  ကျမတို့အနေနဲ့က လင်မယားကြား နိစ္စဓူဝဖြစ်နေတဲ့ ကတောက်ကဆကိစ္စမျိုးတွေ ဆိုရင်တော့ ဝင်မပါတော့ဘူး။ ဘယ်လိုဟာမျိုးတွေကို ဝင်မပါသလဲဆိုတော့ အိမ်တွင်းအကြမ်းဖက်မှုမျိုးပေါ့။ တကယ်ကို မဖွင့်မဟတာမျိုးတွေ ရှိတယ်။ အဲဒီလို ဖြစ်နေတဲ့ အမျိုးသမီးတွေမှာလည်း သူ့မှာ ဖိအားတွေ အများကြီး ရှိနေတယ်။ အမြဲတမ်း အကြမ်းဖက်နေတဲ့ သူ့ရဲ့အမျိုးသား၊ ပြီးတော့ သူ့ရဲ့အမျိုးသား အသိုင်းအဝိုင်း စသဖြင့်ပေါ့။ ဒါတွေ ရှိနေတဲ့အတွက်ကြောင့် ကျမတို့အနေနဲ့ သိပ်မကြာဘူး၊ ၁၆ ရက်တာ လှုပ်ရှားမှုအတွင်း ကျမတို့အနေနဲ့ အမျိုးသမီးတွေအတွက် One-stop Service ဖွင့်မယ်ပေါ့။ ဖွင့်တာကတော့ ဆိုင်းဘုတ်အကြီးကြီးနဲ့ ဖွင့်တာမျိုးတော့ မဟုတ်ဘူး။

အမျိုးသမီးတွေ အုပ်စုတွေထဲမှာပဲ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင်လို့ ပြောထားမယ်။ ပြီးလို့ရှိရင် နတ်မောက်လမ်းမှာရှိတဲ့ အမျိုးသမီး အသက်မွေးဝမ်း ကျောင်းသင်တန်းကျောင်းမှာ အစ်မတို့ One-stop စင်တာတခု ထားထားပေးမယ်။ အဲဒီ One-stop စင်တာက ဘာကို ရည်ရွယ်တာလဲဆိုတော့ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာတဲ့ အမျိုးသမီးတွေ၊ နောက်ပြီး လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတဲ့ ကလေးတွေ၊ အမျိုးသမီးငယ်လေးတွေမှာ ဖြစ်တဲ့ကိစ္စမျိုးတွေဆို ရဲကိုတခါ ပြောရမယ်။ အစ်မတို့ လူမှုဝန်ထမ်းကို တခါပြောရမယ်။

ပြီးရင် လိင်ပိုင်းစော်ကားမှု ပြဿနာဆိုရင် ကျန်းမာရေး စစ်ဆေးမှု အခြေအနေမှာ တခါပြောရမယ်။ အဲဒီတော့ ကျမတို့ လူမှုဝန်ထမ်းဘက်က ကြည့်မယ်ဆိုရင် လူတယောက်က အရမ်း စိတ်နာကျည်းစရာဖြစ်တဲ့ ကိစ္စတွေကို ၃ ခါ၊ ၄ ခါလောက် ပြန်ပြောမယ်ဆိုရင် သူသူကိုယ်ကိုယ် ဘယ်တော့မှာ ပြောချင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် One-stop ကို လုပ်လိုက်တာပါ။ ကျမတို့ လူမှုဝန်ထမ်းသမားတွေက ၂၄ နာရီ အဲဒီ သင်တန်းကျောင်းမှာ ရှိနေမယ်။ လူမှုဝန်ထမ်းက တာဝန်ပေးထားသူတွေရှိမယ်။ အဲဒီ လူမှုဝန်ထမ်းက တာဝန်ကျတဲ့ သူတွေက ကျန်တဲ့ ကျန်းမာရေး ဌာနရယ်၊ ရဲရယ်၊ ရှေ့နေရယ် ဒီသုံးဖွဲ့ကို ကျမတို့က ထားထားတယ်။

ဘယ်အချိန်မှာ ဘယ်သူ့ကို ခေါ်လို့ရတယ်ဆိုတဲ့ On-call ထားထားတယ်။ အဲဒါကတော့ ဒီ ၁၆ ရက်တာ လှုပ်ရှားမှုမှာ အဲဒီစင်တာ တခါတည်း ဖွင့်မယ်။ အဲဒါတွေမှာ အိမ်တွင်းအကြမ်းဖက်မှုလည်း ပါမယ်။ ကလေးငယ်တွေ အကြမ်းဖက်ခံ ရတာတွေလည်း ပါလိမ့်မယ်။ ဒါပေမယ့် ပြောစရာ ရှိပါတယ်။ ရန်ကုန်တမြို့တည်း မဟုတ်ဘဲ မြန်မာတပြည်လုံးမှာ ဖြစ်နေတာဆိုတော့ ကျမတို့ အနေနဲ့တော့ ရန်ကုန်မြို့မှာ အရင်စဖွင့်မယ်။ နောက်ပိုင်းနယ်တွေပါ ထားနိုင်ဖို့ ကြိုးစားသွားပါ မယ်။

မေး။    ။ လက်ရှိ ဝန်ကြီးဌာန Helpline ကို ဘယ်လိုအကြောင်းအရာမျိုးတွေ အဓိက ဆက်သွယ်တာမျိုး ရှိပါလဲ။

ဖြေ။    ။ ဘယ်လို အကြောင်းအရာမျိုးလဲဆိုတာ အတိအကျကတော့ ဝန်ကြီးဌာန အစီရင်ခံစာတွေမှာ ရှိပါတယ်။ အများစုကတော့ ကလေးသူငယ်ကနေ အဘိုး၊ အဘွား အခြေအနေတွေအထိ ပါတယ်။ အဲဒီတော့ ကလေးအမှုတွေ ပါတယ်။ အမျိုးသမီးအမှုတွေ ပါတယ်။ သက်ကြီးရွယ်အိုနဲ့ သက်ဆိုင်တဲ့အမှုတွေ ပါတယ်။ နောက်တခုကတော့ မသန်စွမ်းသူတွေ။ အများစု ၈၀ ရာခိုင်နှုန်း ပါနေတာ။ လတ်တလော လူတွေသိနေတာက မသန်စွမ်းသူတွေအတွက် ချိုင်းထောက် လိုတယ်။ ဝှီးချဲလိုတယ် စသဖြင့်ပေါ့။ အဲဒါမျိုးတွေနဲ့ ဆက်သွယ်လာတာ ရှိတယ်။ နောက်ပြီး ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေ နောက်တခုက အမျိုးသမီးငယ်လေးတွေကို အကြမ်းဖက်တဲ့အမှုတွေ အများဆုံး ပါပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading