၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်သူတွေရဲ့ ဆန္ဒမဲတွေနဲ့ အပြတ် အသတ်အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲကာလဟာ ၂၀၁၆ နိုဝင်ဘာ ၈ ရက်နေ့မှာ တနှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလမှာ “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်စည်းရုံးခဲ့တဲ့ NLD အနိုင်ရရှိပြီး အစိုးရဖြစ်လာတဲ့အခါ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကိစ္စရပ်တွေ အပါအဝင် ကဏ္ဍ အသီးသီးမှာ ဘယ်လောက်ထိ ပြောင်းလဲနေပြီလဲ၊ ဘယ်လိုကဏ္ဍတွေမှာ ပြောင်းလဲဖို့လိုအပ်နေသေးလဲဆိုတာကို သက်ဆိုင်ရာ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
နိုင်ဟံသာ ဒုဥက္ကဋ္ဌ (ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ -UNFC)
အန်ကယ်မြင်တာကတော့ ပြောင်းလဲတဲ့အပိုင်းမှာ ကြီးကြီးမားမား ပြောင်းလဲတဲ့အပိုင်း၊ တနိုင်ငံလုံးအတွက်ပြောင်းလဲတဲ့ အပိုင်းတွေ ကတော့ ၂၁ ရာစု ပင်လုံကို လုပ်ပေးနိုင်ခဲ့တယ်။ ၂၁ ရာစုပင်လုံကို လုပ်ဆောင်ပေးလိုက်တာကတော့ ငြိမ်းချမ်းရေး အတွက်အစပေါ့ဗျာ။ တို့နိုင်ငံမှာ မတူညီတဲ့ အဖွဲ့အစည်းပေါင်းစုံ လူမျိုးပေါင်းစုံရဲ့ သဘောထားတွေကို ထုတ်ဖော်ပြောကြားခွင့် ပေးတဲ့ သဘောပေါ့လေ။ ဒါကတော့အစပေါ့။
နောက်ပြီးတော့ တဘက်ကနေ မီဒီယာတို့၊ ဘာတို့ စသဖြင့် လွတ်လပ်ခွင့်တွေနည်းနည်းပိုရလာတယ်လို့တော့ မြင်တယ်ဗျ။ ဒါကတော့ တပြည်လုံးအတိုင်းအတာပေါ့။ နောက်တခုက တို့မွန်ပြည်နယ်မှာ တွေ့ရတာကတော့ အခုမူလတန်းမှာ မွန်စာကို အစိုးရကျောင်းမှာ စတင်ဖို့ စီစဉ်နေပြီဗျ။ ဒါကလည်း တိုင်းရင်းသားတွေကို အသိအမှတ်ပြုတဲ့ သဘောပါပဲ။ ဟိုတလောကလည်း တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု အကတွေကို မွန်ပြည်နယ်မှာ လုပ်ဆောင်ပေးတယ်။ မွန်ရယ်၊ ကရင်ရယ်၊ ပအိုဝ်းရယ်ပေါ့ဗျာ။ သူတို့အချင်းချင်း ယှဉ်ပြိုင်ပွဲတွေ လုပ်ပေးတယ်။ ဒါကလည်း တိုင်းရင်းသားတွေကို အသိအမှတ်ပြုပေးတယ်။ တင်ပေးတယ်ဆိုတဲ့သဘောပဲဗျ။ ဒါတွေက အရင်ကမရှိတဲ့ဟာတွေအခုလုပ်ဆောင်ပေးတယ်ဆိုတာကတော့ ဝမ်းသာစရာပဲဗျ။
ဒါပေမယ့် မဖြစ်သေးတဲ့ဟာတွေ လိုအပ်နေသေးတဲ့ဟာတွေကလေ ပြည်တွင်းစစ်ဖြစ်နေတာကတော့ ကြာပြီပေါ့ဗျာ။ ဒါပေမယ့် အခုအစိုးရသစ်တက်လာပြီးတော့ လျော့ကျမသွားဘူးဗျ။ ပိုပြီးတော့တောင် ပြင်းထန်လာနေတယ်လို့ မြင်နေရတယ်။ ကချင်မှာ၊ ကရင်တို့ ရှမ်းတို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာနေတယ်။ စစ်ပြေးဒုက္ခသည်တွေ အများကြီး ဖြစ်နေတယ်။ အဲဒါကလည်း အရေးကြီးတယ်ဗျ အခုထိကို မလျှော့ချနိုင်သေးဘူး။ ဒါကလည်း တဘက်မှာ စစ်တပ်အပေါ်မှာ မလွှမ်းမိုးနိုင်တဲ့ သဘောလည်း ပါတယ်ဗျ။
နောက်တခုကတော့ တောင်သူလယ်သမားအရေးနဲ့ ပတ်သက်ရင် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို အခုထိ ပြန်မပေးသေးဘူးဗျ။ အခုဆိုရင် စပါးစျေးနှုန်းက ပိုပြီးတော့တောင် ကျသွားတယ်ဗျ။ အဲဒီကိစ္စတွေမှာ တောင်သူလယ်သမားတွေ တော်တော်လေးနစ်နာနေတယ်။
အလုပ်သမားအရေးဆိုလည်း ဒီလိုဘဲ လစာတွေ၊ ခံစားခွင့်တွေ ဘာမှ တိုးတက်မလာဘူး။ နောက်ကုန်စျေးနှုန်းကလည်း ပိုပြီး မြင့်တက်လာနေတယ်။ သဘောကတော့ လူထုတွေ ဘဝတွေကတော့ နစ်နာနေတုန်းပဲ။ ဒါတွေကို ခြုံကြည့်လိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်သေးလို့ လို့ပြောလို့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို တပ်မတော်ကနေ ကာထားတော့ အဲဒါကိုပြင်လို့မရသေးဘူး။ ဒါကသူတို့ရဲ့ အခက်အခဲ။ ဒါကို စစ်တပ်ကလည်း နားလည်ရမယ်။ အဲဒါတွေတော့ တွေ့ရတယ်ဗျ။ ဒါတွေကပြင်ဖို့လိုနေတယ်။ လူထုတွေကလည်း တောင်းဆိုနေတယ်။
ဒေါက်တာမောင်မောင်လေး ( မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် – UMFCCI၊ ဒုတိယ ဥက္ကဋ္ဌ)
ဗြူရိုကရေစီယန္တယား ပြောင်းလဲတဲ့ လမ်းကြောင်းမှာ ရုတ်တရက် ကွေ့ရင် မှောက်တတ်တယ်။ အခုက ဘက်စုံကို လုပ်နေတယ်။ တိုးတက်မှုရှိလာတယ်။ စီးပွားရေးမှာ တခုမှ မပြီးဘူးလို့ ပြောလို့မရဘူး။ တဖြေးဖြေး ပြုပြင် ပြောင်းလဲနေတယ်။ အစိုးရက ပြည်တွင်းငြိမ်းရေး၊ ဆင်းရဲမှု ပပျောက်ရေးကို သွားနေတယ်။
ပြုပြင်ဖို့ခက်ခဲနေတာက အသိစိတ်ပါ။ ပုံမှန်လမ်းကြောင်းကို ရောက်ဖို့ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ ခက်ခဲနေတယ်။ စနစ်ဆိုးကို ပြင်ဖို့ နိုင်ငံရေးက စရမယ်။ ငြိမ်းချမ်းရေးကို လုပ်ရမယ်။ ပြီးရင် စီးပွားရေးနဲ့ တွဲရတယ်။ ကျန်းမာရေး၊ ပညာရေးမှာ တိုးတက်ပါတယ်။ ဒါပေမယ့် အများကြီး လုပ်ဖို့ ကျန်ပါသေးတယ်။
စံချိန်စံညွှန်းမီဖို့ အများကြီးလိုတယ်။ ခေါက်ရိုးကျိုး၊ အချောင်လိုက်၊ အလွယ်လိုက်တဲ့ အကျင့်ဆိုးတွေကို ပြုပြင်မှ ကောင်းမှာပါ။ အကြီးအကျယ် ပြောင်းလဲတာ မရှိသေးဘူး။ ပုံမှန် လမ်းပေါ် ရောက်အောင် သွားနေတယ်။ လူထုက သဘောသဘာဝတွေကို နားလည်ဖို့လည်း လိုတယ်။
ဒေါ်မေစံပယ်ဖြူ ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) မှ ပြောရေးဆိုခွင့်ရှိသူ
အမျိုးသမီးများ အပေါ် နည်းမျိုးစုံ နဲ့ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး CEDAW အစီအရင်ခံစာ တစောင်ကို အစိုးရသစ် အနေနဲ့အောင်မြင်စွာ တင်သွင်းနိုင်ခဲ့တယ်။ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ တရားမျှတမှုရအောင် သိသာထင်ရှားအောင်လုပ်ဆောင်မပေးနိုင်သေးဘူးဆိုတာ တွေ့ရတယ်။
အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ အတွက် Hot Line တွေ၊ ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့ စင်တာတွေ လူမှုဝန်ထမ်းက စတင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တနေ့နဲ့တနေ့ တိုးမြှင့်လာတဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု သိသာထင်ရှားတဲ့ လျော့ကျနိုင်မှု ဥပဒေ အရ အကာအကွယ်ပေးမှု အဲ့ဒါတွေကို မလုပ်ပေးနိုင်သေးပါဘူး။ သက်ငယ်မုဒိန်းတွေ ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ အများကြီး။ နိုင်ငံတော်အစိုးရ အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးတာ သိပ်မတွေ့ရသေးဘူး။ ဒါပေမယ့် အစိုးရ က အမျိုးသမီးအဖွဲ့တွေနဲ့ ပိုပြီး ပူးပေါင်းလုပ်ဆောင်လာပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ကျား၊မ တန်းတူညီမျှရေး ဘတ်ဂျက် ချထားပေးတာ၊ နို်င်ငံတော် အဆင့်လွှတ်တော်မှာ ဒီအကြောင်းအရာတွေကို အလေးထား ဆွေးနွေးတာ မတွေ့ရသေးဘူး။
အမျိုးသမီး တွေလုံခြံုစိတ်ချတဲ့ ပတ်ဝန်းကျင် ဖန်တီပေးဖို့ အတွက် နိုင်ငံတော် အစိုးရအနေနဲ့ လုပ်ဆောင်ပေးရမှာ အများကြီးပါ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်တဲ့ မူကြမ်းကလည်း ပြဌာန်းနို်င်ခြင်း မရှိတဲ့အတွက် အကြမ်းဖက်မှုတွေကို ထိရောက်ကိုင်တွယ် ဖြေရှင်းဖို့ အားနည်းနေတာ ကို တွေ့ရပါတယ်။
ရဲတိုင်ဖို့ တရားစွဲဖို့ ကို အမျိုးသမီးတွေ မှာလက်လှမ်း မမီနိုင်ဘူး။ သူတို့မှာ အဟန့်အတားတွေ အတားအဆီးတွေ အများကြီး ရှိတယ်။ အဲဒီအဟန့်အတားတွေ အတားအဆီးတွေ ကျော်လွှားနိုင်အောင် ဥပဒေတွေ မူဝါဒတွေပြဋ္ဌာန်းပြီး လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုလည်း လုပ်ပေးရမှာ ဖြစ်တယ်။
အဲ့ဒါတွေ ပတ်သက်ပြီး အခုထိ တိကျတဲ့ မူဝါဒတွေမရှိသလို ဘယ်လို ဝန်ဆောင်မှုမျိုးမှလည်း အမျိုးသမီးတွေ မရသေးပါဘူး။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေမှာ နစ်နာနေပေမယ့် ထိရောက်တဲ့ ဥပဒေ မရဘူး။ အကြမ်းဖက်မှုကို ဥပဒေတွေနဲ့ မဖြေရှင်းပေးနိုင်ဘူးဆိုရင် အကြမ်းဖက်မှုက ဆက်လက်တိုးပွားနေဦးမှာပါ။
ဒေါက်တာသန်းလွင်ဦး (လက်ထောက်ကထိက၊ IR ဌာန၊ ရန်ကုန်တက္ကသိုလ်)
ထူးထူးခြားခြား ဘာမှမပြောင်းလဲသေးဘူး။ ၂၀၁၅ အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းထားတယ်။ ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ အညီကို အခုအချိန်မှာ ဘာမှဆက်လက်လိုအပ်တဲ့အဆင့်မြင့်ပညာနည်းဥပဒေ၊ အခြေခံပညာနည်းဥပဒေ ထွက်မလာသေး ဘူး။ ဒါပေမယ့် အမျိုးသားပညာရေးဥပဒေမှာသတ်မှတ်ထားတာက ၅ နှစ်အတွင်းမှာ အကျိုးသက်ရောက်မှုရှိရမယ်ဆိုပြီး သတ်မှတ်ထားတယ်။ ၅ နှစ်အတွင်း အချိန်ဆွဲပြီးလုပ်နေတဲ့သဘောလို့မြင်တယ်။
အမျိုးသားပညာရေး ဥပဒေရဲ့နောက်ပိုင်းမှာ တက္ကသိုလ်တွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့အုပ်ချုပ်ခွင့်ရှိတဲ့ တက္ကသိုလ်တွေ ပေါ်လာရမှာ ဆိုပေမယ့် အခု အချိန်အထိလည်း တက္ကသိုလ်အသိုင်းအဝိုင်းမှာ ဘာမှထိထိရောက်ရောက် ပြင်ဆင်လုပ်ကိုင်မှုတွေ မတွေ့သေးဘူး။ ဒါတွေ တောက်လျှောက်လည်း ကျနော် ပြောခဲ့ပါတယ်။
အမျိုးသားပညာရေးဥပဒေပြဋ္ဌာန်းနိုင်တယ်ဆိုတာလည်း ဒီအစိုးရလက်ထက်မှာမဟုတ်ဘူး။ အရင်အစိုးရလက်ထက်မှာ ကျောင်းသားသပိတ်တွေဘာညာနဲ့မှ ပြဋ္ဌာန်းနိုင်ခဲ့တာမျိုး။ အခု အမျိုးသားပညာရေးဥပဒေဟာလည်း ကျနော်တို့ပညာရေး ရှုထောင့်ကပြန်ကြည့်ရင် စင်းလုံးချောပြည့်စုံနေတဲ့ဥပဒေတော့မဟုတ်ဘူး။ သို့သော် လတ်တလောမှာ ဒီဟာလေးကို လက်ခံလို့ရနိုင်တဲ့အနေအထား။ ဒါပေမယ့် အဲဒီဥပဒေလောက်ကိုတောင် သူတို့ အကောင်အထည်ဖော်ပေးနိုင်တဲ့ အခြေ အနေလည်းမရှိဘူး။ စိတ်စေတနာလည်းမရှိတဲ့သဘောမြင်နေရတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် မျှော်လင့်ချက်ကတော့ တော်တော်လေး အားလျော့တယ်။ တနှစ်နီးပါးဖြစ်လာတဲ့အချိန်မှာ။ ဘာမှပြောင်းလဲမှု သိပ်မရှိဘူး။ ကျနော်တို့မြင်တာတခုက လက်ရှိဗြူရိုကရက်တစ်ယန္တရား။ အစိုးရပိုင်း ပြောင်းလဲသွားပေမယ့် ဗြူရိုကရေစီယန္တရားမှာ ပညာရေးအာဏာပိုင်တွေက အရင်လူဟောင်းတွေနဲ့ ဆက်လုပ်နေတယ်။ အဲဒါတွေဟာ အစိုးရသစ်ရဲ့ပေါ်လစီပိုင်းမှာ သက်ရောက်မှုမရှိတဲ့ပုံစံမျိုးတွေရှိနေတယ်လို့ မြင်တယ်။
ပညာရေးပြုပြင်ပြောင်းလဲမှုမရှိဘဲ ဒီမိုကရေစီထူထောင်ဖို့မဖြစ်နိုင်ဘူး။ ဒီမိုကရေစီနိုင်ငံထူထောင်ရာမှာ ပညာရေးဟာ အဓိကအခန်းကဏ္ဍက အရေးပါပါတယ်။ ဒီနေ့ဖြစ်နေတာတွေအားလုံးဟာ ပညာရေးစနစ်ယိုယွင်းခဲ့မှုတွေရဲ့အကျိုးဆက်တွေပဲ။ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အဓိကပြောချင်တာက ပညာရေး ပြုပြင်ပြောင်းလဲမှုကို အချိန်မဆွဲဘဲ အမြန်ဆုံးလုပ်ဖို့လိုနေပါပြီ။ လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေးလုုပ်ဖို့ တောင်းဆိုချင်ပါတယ်။
ဦးသိန်းသန်းဦး (အထက်မြန်မာပြည် ရှေ့နေကွန်ရက်)
အရင်အစိုးရ လက်ထက်နဲ့ အခု အစိုးရလက်ထက်ရဲ့ တရားစီရင်ရေး စနစ်က ဘာတခုမှ ပြောင်းလဲ မသွားဘူး။ ဒုံရင်း က ဒုံရင်းပဲ။ ဘာကြောင့်လဲ ဆိုတော့ သမ္မတဟောင်း ဦးသိန်းစိန် ခန့်အပ်ထားခဲ့တဲ့လူတွေ ဖြစ်နေတာကိုး။ အစစ အရာရာ တိုးတက်ဖို့ ဆိုရင် ပြင်ကို ပြင်ရမှာ။ အရင်ဆုံး စိတ်နေစိတ်ထားတွေ ပြောင်းလဲပစ်ရမယ်။ အခု က တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး။
ပြည်သူကို ဗဟိုပြုကာကွယ်တဲ့ စနစ်၊ အနှစ်သာရ ပြည့်ဝအောင် လုံးဝ ပြောင်းလဲပစ်မှရမယ်။ စစ်တပ်က တရားစွဲရင် ထောင်ချဖို့ပဲ။ လူထုအလှည့်ဆိုရင်တော့ ကယ်မယ်ဆိုတာ မရှိဘူး။ ထိပ်ဆုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေ စပြီး ပြင်ရမယ်။ လူပုဂ္ဂိုလ်ကို မပြောဘူး။ မူကို ပြောနေတာ။ မူကို ပြောင်းလဲရမှာ။ ဒီလို ကိစ္စတွေကိုလည်း ရှေ့နေကွန်ရက်က လုပ်ဆောင်နေပြီ။
ဦးဇော်ရမ်း (လယ်သမားအရေးဆောင်ရွက်သူ)
ရွေးကောက်ပွဲ တနှစ်ပြည့်ခဲ့ပြီဆိုပေမယ့် အရပ်သားအစိုးရလက်ထဲကို စီမံခန့်ခွဲမှုအာဏာက အပြည့်အဝ မရောက်သေးပါဘူး။ အောက်ခြေကဆောင်ရွက်မယ့် ဝန်ထမ်းတွေရဲ့ စိတ်ကိုမပြောင်းလဲပေးနိုင်သေးဘူး။
လယ်ယာမြေပြဿနာတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတာ၊ လယ်ယာမြေ ဥပဒေတွေအားလုံးက အမှား အယွင်းတွေဖြစ်ခဲ့တာတွေ။ အဂတိလိုက်စားမှုတွေ စတာတွေကို ပပျောက်အောင်မလုပ်နိုင်ဘူး။ လယ်သမား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ကလည်း ထင်သာမြင်သာမရှိသေးဘူး။ လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုတွေအပေါ် ပြည်သူတွေက အားမရပေမယ့် ဒီထက်ပိုလုပ်နိုင်မယ့် အခင်းအကျင်းတွေကလဲ မပေါ်သေးဘူး။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးနဲ့လည်းဆိုင်ပါတယ်။ အခြေခံဥပဒေကြောင့် လုပ်လို့မရတာက တပိုင်း။ ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးတွေ အားနည်းမှုကြောင့်မလုပ်နိုင်တာက တပိုင်း။ အခြေခံဥပဒေကို မပြင်ဘဲ လုပ်လို့ရတဲ့ လယ်သမား၊ အလုပ်သမားအရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးတွေ၊ အဂတိလိုက်စားမှုတွေ စတဲ့လုပ်လို့ရတာတွေကို ထိထိရောက်ရောက် မလုပ်နိုင်ဘူး။
အခုက တရားဥပဒေစိုးမိုးမှု အားနည်းပြီး ရာဇဝတ်မှုတွေ ပိုဖြစ်လာသလိုတောင် ဖြစ်နေတယ်။ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိဖို့ သမ္မတက အမိန့်ထုတ်ပြီးလုပ်ပေးမယ်ဆိုပေမယ့် အောက်ခြေ ဝန်ထမ်းတွေကို စီးဆင်းမှုမရှိတဲ့အတွက် လယ်ယာမြေပြဿနာတွေက ပိုပြီးတော့ရှုပ်ထွေးမှုတွေလည်း ရှိနေပါတယ်။
ဦးအောင်လင်း (အလုပ်သမားအရေးဆောင်ရွက်သူ)
အစိုးရသစ်နဲ့ ပတ်သက်လို့ ဥပဒေပြုရေးအပိုင်းမှာ အလုပ်သမားဥပဒေတွေနဲ့ပတ်သက်လို့ ထင်ရှားတဲ့အ ပြောင်းအလဲတွေ ဖြစ်ပေါ်လာတာမတွေ့ရဘူး။ ဘာကြောင့်လည်းဆိုတော့ လုပ်ငန်းခွင်ဘေးကင်းလုံခြံုရေးနှင့် ကျန်းမာရေးဥပဒေလို အရေးကြီးတဲ့ဥပဒေတွေက အခုအချိန်ထိ ရှေ့နေချုပ်ရုံးမှာ သောင်တင်နေတုန်းပဲ။
ပြဋ္ဌာန်းပြီးဖြစ်တဲ့ အလုပ်သမား ဥပဒေ ၁၈ ခုရှိတာမှာလည်း အရေးပါတဲ့ အခြား ဥပဒေ ၄ ခုလောက်ရှိပါတယ်။ အခကြေးငွေ ဥပဒေလို သတ်မှတ်နှုန်းထားတွေကို ပြုပြင်ပြောင်းလဲပေးတာမရှိသေးဘူး။ အစမ်းခန့်ကာလမှာ လုပ်ခကို အပြည့်မဝမရတာတွေ ရှိနေတယ်။ တခြားပြင်ဆင်စရာဥပဒေတွေလဲ ရှိနေပါသေးတယ်။
အုပ်ချုပ်ရေးပိုင်းမှာလည်း အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုတွေ ဖြစ်တဲ့နေရာမှာ ညှိနှိုင်းရေးလမ်းကြောင်းကို သွားနေတယ်ဆိုပေမယ့် ပြေလည်အောင်မဆောင်ရွက်နိုင်တဲ့အတွက် အလုပ်သမားတွေ လမ်းပေါ်ကို ထွက်လာကြတယ်။ စစ်ကိုင်းအလုပ်သမား သပိတ်လို အလုပ်သမားတွေ ထောင်ဒဏ် ၅ လစီကျခံခဲ့ရတယ်။ အလုပ်သမားတွေက ရာဇဝတ်သားတွေ မဟုတ်ဘဲ ရာဇဝတ်သားတွေလို အရေးယူခံခဲ့တယ်။ ဒါဟာ အုပ်ချုပ်ရေးပိုင်း လျော့ရဲမှုကို ပြသနေတာပါပဲ။
တရားစီရင်ရေးပိုင်းမှာလည်း အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါမှာ အတင်းအဓမ္မခိုင်းစေတဲ့ ထောင်ဒဏ်ထိုက်တဲ့ပြစ်မှုတွေကို အငြင်းပွားမှုဖြေရှင်းရေး ဥပဒေထဲ ထည့်သွင်းစေတဲ့လုပ်ရပ်တွေ တွေ့ရတယ်။ အဲဒီတော့ ၃ ပိုင်းလုံးမှာ အလုပ်သမားတွေကို အကာအကွယ်ပေးနိုင်တဲ့အခြေအနေတွေ ဖြစ်ပေါ်မလာသေးဘူး။
နှောင့်နှေးနေတဲ့ ဥပဒေကြမ်းတွေ လွှတ်တော်ထဲရောက်ဖို့လိုတယ်။ ပြည်သူကိုကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း အလုပ်သမားအရေးတွေဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းတယ်။ ဒီအပိုင်းမှာ ထဲထဲဝင်ဝင် နားလည်ဖို့ အချိန်ယူတာလည်း ကြာလွန်းတယ်ထင်တယ်။ အခုလက်ရှိ ရင်းနှီးမြုပ်နှံတွေဖွင့်ပေးထားပေမယ့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေ သိသာထင်ရှားစွာ မလာသေးတဲ့အချိန်မှာ အလုပ်သမားတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အလုပ်အကိုင် အခွင့်အရေးတွေကလည်း အားရစရာမရှိသေးပါဘူး။ အခွင့်အရေးတွေက စာရွက်ပေါ်မှာဘဲ ရှိနေပါသေးတယ်။
ဦးသီဟစော( အမှုဆောင် ဒါရိုက်တာ၊ မြန်မာသတင်းပညာသိပ္ပံ)
ဆင်ဆာ မရှိတာ ၂၀၁၂ ခုနှစ််လောက်မှာ စခဲ့တာဆိုတော့ အခုဆို လေးနှစ်ပေါ့။ ဆင်ဆာ ရှိခဲ့တဲ့အချိန်ကထက် ဒီဘက်မှာတော့ ရေးခွင့်ရလာပါတယ်။ ဒါပေမယ့် တနှစ်အတွင်းမှာ ဘာပြောင်းလဲသလဲ ဆိုတော့ ဟိုမှာဘက်က အနှစ် ငါးဆယ်လိုမျိုး အကြီးအကျယ် ပြောင်းလဲလာတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် အခု ကျနော်တို့ သတင်းမီဒီယာ ကောင်စီအနေနှင့် လုပ်ခွင့်ရလာတာကတော့ သတင်းရယူခွင့်တွေကို ပိုရအောင်လို့ တိုက်တွန်းတယ်။
အစိုးရအနေနဲ့ ပြောရေးဆိုခွင့် ရှိတဲ့သူတွေကို ခန့်ထားပေးတယ်။ ဒါပေမယ့် အဲဒါက အဆင်မပြေဘူး။ အဲဒီတော့ သူတို့ကို ဘယ်လိုပုံစံ ပြင်မလဲ။ သူတို့ဆီမှာ ရှိတဲ့အခက်အခဲတွေ သိရအောင် ကျနော်တို့ workshop လုပ်တယ်။ အဲဒီမှာသူတို့မှာလည်း အခက်အခဲတွေ ရှိတာတွေ့ရတယ်။ သူတို့မှာ ပြင်ပတာဝန်တွေရှိတယ်။သူတို့ရဲ့ပြင်ပအလုပ်တွေပစ်ပြီး မီဒီယာတွေကို သတင်းမဖြေကြားပေးနိုင်ဘူး။ မအားဘူး။ အစည်းအဝေးရှိတယ်လို့ ပြောတယ်။
အဲဒီလိုမလုပ်သင့်ပါဘူးလို့ ကျနော်တို့ပြောခဲ့တယ်။ ၀န်ကြီးဌာနတခုချင်းဆီမှာတော့ မီဒီယာဖြေကြားခွင့်ရှိသူ ထားပေးဖို့ လိုတယ်လို့ ပြီးခဲ့တဲ့ workshop မှာ အကြံပြုခဲ့တယ်။ လုပ်တာမလုပ်တာ သူတို့ ကဏ္ဍပဲ။ ပြောချင်တာကတော့ အခု ဒီဘက် သတင်းမီဒီယာထဲမှာ သတင်းလွတ်လပ်ခွင့်က ရေးတာပဲ ဆိုတဲ့ အဆင့်မှာတော့ ပိုရေးလို့ရလာတယ်။
နောက်ပြီး တရားစွဲဆိုတဲ့ အစိုးရကနေ အရေးယူထောင်ချတဲ့ ပြဿနာတွေလည်း အစိုးရသစ်တက်လာတဲ့ ခြောက်လ၊ ခုနှစ်လမှာ နည်းသွားတယ်လို့ ပြောရမယ်။ ဒါပေမယ့် ရှိတော့ရှိတုန်းပဲ။ သတင်းရယူခွင့်နဲ့ ပတ်သက်လို့ ပိုကောင်းမလာသေးဘူး။ နောက်ပြီး ရုပ်သံမီဒီယာတွေနဲ့ ပတ်သက်ပြီး ရုပ်သံမီဒီယာတွေကတော့ တကယ် အကောင်းကြီး မဟုတ်သေးဘူး။
ရုပ်သံမီဒီယာတွေမှာ မြန်မာ့အသံ ရှိတယ်၊ မြဝတီ ရှိတယ်။ Skynet စတဲ့ တကယ့်မီဒီယာကြီးတွေ ရှိတယ်။ တခြားမီဒီယာ အသေးလေးတွေက လုပ်ချင်တာကို ပြောတဲ့အခါမှာ ရုပ်သံလိုင်း ငါးလိုင်း ချပေးဖို့ သူတို့ ပြင်ဆင်နေတယ်။ မရသေးပါဘူး။ ပြင်ဆင်တုန်းပဲ ရှိသေးတယ်။
ကျနော်တို့ မြင်ချင်တာကတော့ တကယ်ကို လွတ်လပ်အားကောင်းတဲ့ မီဒီယာတွေ ဖြစ်လာစေချင်တယ်။ တကယ်တမ်း တနှစ်ဆိုတာက ရွေးကောက်ပွဲ တနှစ်ပြည့်တာ အစိုးရပြောင်းတာက ခြောက်လ၊ ခုနှစ်လပဲ ရှိသေးတယ်။
သူတို့လည်း လိုက်လျောနိုင်သလောက် လိုက်လျောတယ်။ ဒါပေမယ့် တကယ်ဖြစ်စေချင်ကတော့ လွတ်လပ် အားကောင်းတဲ့ မီဒီယာတွေ ဖြစ်စေချင်တယ်။ အခုထိတော့ လွတ်လပ် အားကောင်းတဲ့ မီဒီယာတွေ မဖြစ်သေးဘူး။ တချို့က ဖုတ်လိုက်ဖုတ်လိုက်ပဲ ရှိသေးတယ်။ အားကောင်းဖို့ ဆိုရင် အစိုးရ လုပ်ပေးရမှာလဲ ရှိတယ်။ ကိုယ့်ဟာကိုယ် လုပ်နေတာတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီဘက်အစိုးရက ဟိုဘက်အစိုးရထက် ပိုပြီး တာဝန်ကြီးတယ်။
အခုကတော့ လွှတ်တော်ထဲမှာ စစ်တပ် ၂၅ ရာခိုင်နှုန်းကလွဲရင်် ကျန်တာ အရပ်သား အများစု အစိုးရ ဖြစ်လာပြီဆိုတော့ ပုံစံ ပုံစံ ပြောင်းလဲလာပေမယ့် သတင်းသမားတွေ တကယ် ဖြစ်စေချင်တဲ့ပုံစံ ဖြစ်ပြီလားဆိုတော့ လိုပါသေးတယ်။ ဒါပေမယ့် သူတို့ရဲ့ ခြေလှမ်းတွေ မှန်ပါစေလို့တော့ ဆုတောင်းတာပေါ့။