ရွေးကောက်ပွဲ တနှစ်ပြည့် ဘာတွေပြောင်းလဲနေပြီလဲ (အပိုင်း - ၂)

ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်သူတွေရဲ့ ဆန္ဒမဲတွေနဲ့ အပြတ် အသတ်အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲကာလဟာ ၂၀၁၆ နိုဝင်ဘာ ၈ ရက်နေ့မှာ တနှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလမှာ “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်စည်းရုံးခဲ့တဲ့ NLD အနိုင်ရရှိပြီး အစိုးရဖြစ်လာတဲ့အခါ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကိစ္စရပ်တွေ အပါအဝင် ကဏ္ဍ အသီးသီးမှာ ဘယ်လောက်ထိ ပြောင်းလဲနေပြီလဲ၊ ဘယ်လိုကဏ္ဍတွေမှာ ပြောင်းလဲဖို့လိုအပ်နေသေးလဲဆိုတာကို သက်ဆိုင်ရာ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်လှထွန်း
ဦးအောင်လှထွန်း

ဦးအောင်လှထွန်း (ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာသတင်းမီဒီယာ ကောင်စီ)

မီဒီယာနဲ့ ပတ်သက်ရင် နှစ်ပိုင်း ပြောရမယ်။ မီဒီယာအခြေအနေက လွတ်လပ်ခွင့်တော့ ရှိတယ်။ သတင်းသမားတွေ သတင်းရရှိပိုင်ခွင့်ဘက် အပိုင်းမှာတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် လုံးဝ မထူးခြားသေးဘူး။ လောလော လတ်လတ် ရေးလို့ရတယ်။ ဝေဖန်လို့ရတယ်။ ဒါပေမယ့် မှန်ကန်တိကျတဲ့ သတင်းအချက်အလက် ရရှိမှုကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အားနည်းချက်တောင် ရှိတယ်လို့ ထင််တယ်။ အချက်တွေက အများကြီးပဲ။ အစိုးရဌာန ဘက်ကို ဆက်သွယ်တဲ့အခါမှာ တာဝန်မယူနိုင်တာတွေ ရှိတယ်။

အစိုးရသစ်လက်အောက်မှာ အစိုးရဝန်ထမ်းပိုင်းဘက်မှာကို စိုးရိမ်မှုတွေ ရှိနေတယ်။ သူတို့က ဟိုဘက်က ကြီးလာတာကိုး။ သူတို့ရဲ့ မသိစိတ်တွေကိုက အစိုးရအသစ်နဲ့ အစိုးရအသစ်က ၀န်ကြီးအဆင့်နဲ့ ၀န်ထမ်းပိုင်းက ညွှန်ကြားရေးမှူး အဆင့်တွေအပိုင်းမှာ အချိတ်အဆက် မမိဘူး ထင်တယ်။ အဲဒီအပိုင်းမှာ သတင်းမီဒီယာတွေအတွက် အခက်အခဲ ဖြစ်စေတယ်။ တချို့ကိစ္စတွေ ပြောရမှန်း မသိ၊ မပြောရမှန်း မသိ။ ဟိုက မပြောရသေးဘူး။

ဟိုကို ပြန်တိုင်ပင်ရဦးမယ် ခွင့်ပြုရဦးမယ်။ နည်းနည်း အဲဒီအပိုင်းမှာ အားနည်းမှု ရှိပါတယ်။ လက်ရှိအစိုးရဘက်ကရော ပြောင်းလဲမှုကို ကြိုးစားနေတာတော့ တွေ့ရတာပဲ။ အခုလဲ အခုလို ညီလာခံတွေမှာ ဆွေးနွေးနေတာ တွေ့ရတာပဲ။ ဒါပေမယ့် ပိုပြီးတော့ ဒီထက်မက ထဲထဲဝင်ဝင် ပိုပြီးတော့ သိစေချင်တယ်။

အစိုးရအရာရှိတွေကို မီဒီယာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ လုပ်တာတွေ့ရတယ်။ အဲဒါတွေက ကောင်းတဲ့ လက္ခဏာတွေပါ။ အရင်ကထပ်တော့ တိုးတက်မှုရှိပါတယ်။ ပိုပြီးတော့လဲ ပွင့်လင်းလာတာတွေ့ရတယ်။ ကျနော်တို့က နှစ်ပေါင်း ငါးဆယ်လောက် ဖိနှိပ်ပြီး နေခဲ့ရတာ ဆိုတော့ တဖြေးဖြေးနဲ့ သွားနေတာပေါ့။

မီဒီယာသမား လေးထောင်ကျော်လောက်ရှိတယ်။ သူတို့ဘက်ကလဲ အရည်အချင်း မြှင့်တင်မှုတွေ လုပ်ရမှာပေါ့။ ဒီမီဒီယာပွဲမှာ အစိုးရဌာနဆိုင်ရာက အများကြီး တက်လာတာ တွေ့ရတယ်။ ဒီလိုတက် လာတာ ကောင်းပါတယ်။ နောက်နှစ်အခြေအနေကို ပြောရမယ်ဆိုရင် ကျနော်အနေနဲ့တော့ ကျနော့်အတွေ့အကြံုအရ နောက်နှစ်မှာ အများကြီးတော့ မမျှော်လင့်ထားဘူး။ သတိထားပြီးတော့ မျှော်ပါ။ တန်ရာ တန်ရာ မျှော်ပါဆိုပြီး ပိုပြီးတော့ သဘောပေါက်သွားတယ်။  နားလည်ဖို့လည်း လိုတယ်။

ဦးသန်းလွင်
ဦးသန်းလွင်

ဦးသန်းလွင် ( ကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေး)

စီးပွားရေးကို အတိအကျ ပြောလို့ မရသေးဘူး။ တချို့့ပြောသလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံခြား သွားနေတာက အလကားသွားနေတာ မဟုတ်ဘူး။ တရုတ်နဲ့ ဖြစ်မလား၊ ဂျပန်နဲ့ဖြစ်မလား၊ ဥရောပနဲ့ ဖြစ်မလား၊ အိန္ဒိယနဲ့ ဖြစ်မလား ချိတ်ဆက်နေတာ။ သုံးသပ်နေချိန်ပဲ ရှိသေးတယ်။ ဒီနိုင်ငံတွေထဲမှာမှ ကြည့်ရရင် ဂျပန်က အအောင်မြင်ဆုံးပေါ့။ အမေရိကား သွားတဲ့ခရီးစဉ်မှာ ဆန်ရှင်တွေ ပယ်ဖျက်ပေးနိုင်ခဲ့တယ်။

ဥရောပခရီးစဉ်မှာကျတော့ သူတို့လည်း အခက်အခဲ ရှိနေတော့ ကြီးကြီးမားမားတော့ မရနိုင်ဘူး။ ဒါတွေ့ခဲ့ရတယ်။ အိမ်နီးချင်း ဆက်ဆံရေးမှာလည်း ပြေလည်အောင်လုပ်နေ တယ်။ ထိုင်းခရီးစဉ်မှာလည်း ထိုင်းမှာရောက် နေတဲ့ အလုပ်သမားတွေအတွက် ဆွေးနွေးခဲ့တာရှိတယ်။ ငြိမ်းချမ်းရေး လုပ်ပြီးသွားနိုင်ရင် စီးပွားရေးမူဝါဒတော့ ခိုင်ခိုင်မာမာ ချလာနိုင်မယ်လို့ ယုံကြည်တယ်။

ပြောစရာက အစိုးရ အနေနဲ့က ယခင်က စစ်တပ်က အုပ်ချုပ်တယ်။ နောက် ဦးသိန်းစိန်လက်ထက် အများစုက တပ်က ပုဂ္ဂိုလ်တွေဖြစ်နေတယ်။ သူတို့က ပညာရှင်ကို အားကိုးရတယ်။ အကြံပေးဖွဲ့တယ်။ အရပ်သားအစိုးရ တက်လာချိန်မှာ ဒါတွေ မလိုတော့ဘူးဆိုတဲ့အခါ နည်းနည်းတော့ စဉ်းစားဖို့ လိုတဲ့အချက်ပေါ့။

အခု တွေ့နေရတာက အစိုးရဌာနတွေမှာ အကြံပေး အဖွဲ့တွေ ဖွဲ့ထားတာ သိပ်မတွေ့ရဘူး။ ဘယ်လို အစိုးရ ပဲဖြစ်ဖြစ် အကြံပေးဆိုတာ အမြဲလိုပါတယ်။ ပညာရှင် ကဏ္ဍကို သိပ်ပြီးတော့ အားထားပုံ မရဘူး။ လုပ်ချင်ကိုင် ချင်စိတ်ရှိတာ ကောင်းတယ်။ လုပ်ကိုင်ချင်စိတ်ရှိ တိုင်းလည်း မရဘူး ကျွမ်းကျင်မှုက လိုပါတယ်။ နိုင်ငံက နှစ် ပေါင်း ၅၀ လောက် ကျွမ်းကျင်မှု လျစ်ဟင်းလာတာ ဒီအပိုင်းကိုလည်း ဖြည့်ဖို့လိုမယ်။

ဘဏ်ကဏ္ဍမှာ အရေးကြီးဆုံးက ဗဟိုဘဏ် ပြုပြင်ပြောင်းလဲရေးလို့ မြင်တယ်။ ဗဟိုဘဏ်မှာ ကျွမ်းကျင်မှုအပိုင်း အတော်အားနည်းနေတယ်။ တွေ့ဆုံဖို့ကိစ္စတွေဆိုရင် တွန့်နေတယ်။ မီဒီယာကို အတွေ့မခံဘူး၊ စကားမပြောဘူး၊ မီဒီယာပြောတာကိုလည်း လက်မခံချင်ဘူး ဆိုတာက ကျွမ်းကျင်မှု လိုအပ်ချက်တွေက တော်တော်လေး ကြီးမား နေတယ်။ အဲဒီအပိုင်းကို ဖြည့်ဖို့လိုတယ် ဗဟိုဘဏ်ရဲ့ ပြုပြင်ပြောင်းလဲမှုကလည်း အရေးကြီးလာပြီလို့မြင်တယ်။

ဒါရိုက်တာ မောင်မျိုးမင်း
ဒါရိုက်တာ မောင်မျိုးမင်း

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

ရှေ့ဆက်ပြီး ရုပ်ရှင်ဘက်က တိုးတက်လာဖို့ ကြိုးစားနေကြတဲ့သူတွေလည်း ရှိပါတယ်။ ကြိုးစားနေကြပါတယ်။ ကိုသူရ (ဇာဂနာ) တို့၊ ကိုဇင်ဝိုင်းတို့ ၊ ဦးဌေးအောင်တို့ အကုန်လုံး  ကျန်တဲ့သူတွေရော အပါအဝင် အကုန်ဝိုင်းပြီးလုပ် နေကြ ပါတယ်။ အဲဒါတွေကလည်း ရုပ်ရှင်ကို အဆင့်အတန်းမှီလာအောင် တတ်နိုင်သလောက်ကြိုးစားပြီးလုပ်နေကြတာပါ။

ရုပ်ရုံရှင်တွေဘက်ကလည်း မင်္ဂလာရုံဘက်က သူတွေကလည်းတတ်နိုင်သလောက် ပါလာကြပါတယ်။ အဲဒီလို ပါလာကြတော့ ကောင်းတဲ့အဖြေတွေထွက်လာမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အရမ်းကြီးကြာလို့လည်း မဖြစ်ဘူးလေ။ အဲဒီအတွက် အကုန်လုံးက လုပ်နေကြတော့ ဒါကို ဘာမှမတိုးတက်သေးဘူးလို့လည်း မဝေဖန်ချင်ဘူးလေ။ ကိုယ်တကယ်လုပ်ရမယ့် အလုပ်ကိုတောင်မှ ကိုယ်လေ့လာနေတုန်းပဲ ရှိပါသေးတယ်။ တကယ်တမ်းလေ့လာပြီးသိခါစပဲ ရှိသေးတာပေါ့။

အရင်ဆုံးအလုပ်စလုပ်ရင် ဘာလုပ်ရမလဲဆိုတာကို ကျနော်တို့က ကြည့်ရမှာလေ။ ဘာအရင်စလုပ်မလဲဆိုတာကို ကြည့် ရမှာ။ အဘက်ဘက်က ယိုယွင်းနေတော့ တခုချင်းစီ အရင်စလုပ်ရမှာပေါ့။ အားလုံးကို တပြိုင်နက်ကြီးလုပ်ဖို့ကလည်း မ လွယ်လှဘူးလေ။

ဦးအောင်မျိုးမင်း
ဦးအောင်မျိုးမင်း

ဦးအောင်မျိုးမင်း – Equality Myanmar (ညီမျှခြင်း တန်းတူ မြန်မာ) ဒါရိုက်တာ

အစိုးရသစ်ကာလအတွင်းမှာ ပထမဆုံး ကြိုဆိုချင်တာကတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ကိုယ့်ယုံကြည်ချက်ကြောင့် အကျဉ်းချခဲ့လို့ အစောကြီး ကတည်းက အဖမ်းဆီး မခံ သင့်တဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို မူဝါဒပြောင်းပြီး ပြန်လွှတ်ပေးတာ ကြိုဆိုချင်ပါတယ်။

နောက်တခုကတော့ အစဉ်အဆက်ရှိခဲ့တဲ့ ဥပဒေ ထဲက တချို့သောဥပဒေတွေကို ပြင်ဆင်ခဲ့တယ်။ နောက်ထပ် ဥပဒေ တွေ ပြင်ဆင်ဖို့အတွက် ကြိုးစားနေတာကို အသိအမှတ်ပြုပါတယ်။ ကျနော်တို့ အမြင်ကပ်တဲ့သူတိုင်းကို ဖမ်းဆီးနို်င်တဲ့ အရေးပေါ် အက်ဥပဒေတွေ ဖယ်ဖျက်ပေးတာတွေ၊ ဧည့်စာရင်းနဲ့ ပတ်သတ်ပြီး တိုင်ကြား ရမယ်ဆိုတဲ့ လုပ်ထုံး လုပ် နည်းကို ဖယ်ဖျက်ပေးတာကို ကြိုဆိုပါတယ်။ နောက်ထပ် ဥပဒေ ကတော့ ရှိနေပါသေးတယ်။ ဆက်လက်ကြိုးပမ်းမှုပါ။

အခု မြန်မာပြည်သူတွေ အားလုံး တမ်းတနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်နိုင်တဲ့နည်းလမ်းမှာ စတင်လုပ်ဆောင်နေပြီး ငြိမ်းချမ်းရေး လမ်းဆုံ အတွက် အရေးကြီးကဏ္ဍကို တခုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါကတော့ ၂၁ရာစု ပင်လုံညီလာခံ ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းချက်အားလုံး မရသည့်တိုင်အောင် ဒါတွေအားလုံး လုပ်ဆောင်လိုတဲ့ ဆန္ဒတွေ လုပ်ဆောင် မှုကို ကြိုဆိုပါတယ်။

ကျနော်တို့ အစိုးရသစ်ပြောင်းလာပေးမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အသားမသေ သေးပါဘူး။ အထူးသဖြင့် ကျ နော်တို့ တိုင်းရင်းသားဒေသအတွင်းမှာ လူ့အခွင့်အရေး နဲ့ ပတ်သက်ပြီး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေတုန်းပဲ။ အဲ့လို ကိစ္စတွေကို အရေးယူဖို့ ကြိုးစားနေတဲ့အချိန်မှာ ပြည်သူများ စစ်တပ်နဲ့ ပါဝင်ပတ်သတ်နေရင် အရေးယူမှု ပိုအားနည်းနေ တာ အခုထိရှိနေတုန်းပါပဲ။

တဖက်မှာ လွှတ်တော်အတွင်းမှာ ဆွေးနွေးမှု ရှိပေမယ့် ကျန်မဏ္ဍိုင်တွေ၊ အုပ်ချုပ်ရေးကဏ္ဍ က မှန်ကန်တိကျစွာ မလုပ် ပေးနိုင်အောင် လုပ်ဆောင်ချက်တင်ပြချက်တွေကို  အကောင်အထည် ဖော်ဆောင်ခြင်းမရှိတာခြင်းက  ကောင်းမွန်တဲ့ မဏ္ဍိုင် ၃ ခု ဟန်ချက်ညီမှုလို့ မပြောနို်င်ပါဘူး။

တရားစီရင်ရေး ဥပဒေတွေ ပြောင်းနေပေမယ့် တရားစီရင်ရေး ကဏ္ဍနဲ့ ရဲတပ်ဖွဲ့လိုနေရာမျိုးမှာ အဂတိ လိုက်စားမှုတွေ ရှိနေတယ်။ ငွေများတရားနိုင်၊ ငွေနည်း တရားရှုံး က ဆက်လက်ဖြစ်နေတုန်းပါပဲ။ ဟန်ချက် ညီညီ ဖြစ်ဖို့လိုအပ်ပါတယ်။

မိဆူးပွင့်- ဗဟိုကော်မတီဝင်
မိဆူးပွင့်- ဗဟိုကော်မတီဝင်

မိဆူးပွင့်- ဗဟိုဦးဆောင်ကော်မတီဝင် (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး- ABSDF)

ဘာတွေအရမ်းတိုးတက်လာသလဲ။ ဘာတွေအရမ်းဆိုးဝါးနေသလဲဆိုတာမျိုးကို ပိုင်းဖြတ်လို့မရသေးဘူးလို့ထင်တယ်။ လူ တွေရဲ့ မျှော်လင့်ချက်တွေက အရမ်းကြီးတဲ့အခါကြတော့ အများကြီး တိုးတက်စေချင်ကြတယ်။ နှစ်ပေါင်းများစွာ ပျက်စီး ယိုယွင်းလာတဲ့ စနစ်တခုကို စပြီး ပြင်ရတဲ့အချိန် ဆိုတော့ အဲလိုပြင်တဲ့နေရာမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအောက် ကနေ သွားနေရတယ်။ စစ်တပ်ရဲ့ သဘောထားတွေလည်း ရှိနေတယ်ဆိုတဲ့အနေအထားမှာ အများကြီး ထိန်းညှိပြီး၊ ချိန်ဆပြီး တော့ လုပ်နေရတဲ့ အနေအထားတွေ ရှိတယ်။

အဓိက အစိုးရအသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးပြီး တစိုက်မတ်မတ် လုပ်လာ တာတော့ တွေ့တယ်။ အဲဒီအနေအထားမျိုးမှာလည်း အရင်အစိုးရအဟောင်းလက်ထက်က တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့သွားခဲ့တဲ့ NCA (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) ဆိုတဲ့လမ်းကြောင်းမှာ အခြေခံပြီးတော့ ပထမအဆင့်ပေါ့။

သူ့အနေနဲ့ တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေးဖြစ်ပြီးတဲ့အချိန်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေက တဆင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင် နိုင်တဲ့ အနေအထားအထိရောက်အောင် လုပ်သွားချင်တယ်ဆိုတဲ့ ဆန္ဒမျိုးတွေပေါ့နော်။ ပြီးခဲ့တဲ့ NCA တနှစ်ပြည့်ပွဲမှာ ထွက်လာတဲ့ လုပ်ငန်းစဉ်ချပြတဲ့အပေါ်မှာ ဒါမျိုးတွေထွက်လာတာလေးတွေ အပေါ်မှာတော့ ဘာလုပ်မယ် ဆိုတာကို သူ (ဒေါ်အောင်ဆန်းစုကြည်) အတိအလင်း ပြောပြလိုက်တယ်လို့မြင်တယ်။

တဘက်မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကြည့်ရမယ်ဆိုရင်တော့ တပ်မတော်အနေနဲ့လည်း အစိုးရရဲ့ သဘော ထား အပေါ်မှာ အာရုံစိုက်လာတာတွေရှိတယ်။ သို့သော်လက်တွေ့မှာ ဘယ်လောက်အတိုင်းအတာအထိ တပ်မတော်ကို ပါဝင် လာအောင်၊ တပ်မတော်ကို ဒီထက်ပိုပြီးတော့မှ စိုးရိမ်မှုတွေ တတ်နိုင်သရွေ့လျှော့ပြီးတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်း စဉ်မှာ ပါဝင်လာအောင် အစိုးရသစ်က ဘယ်လောက်အထိ ချည်းကပ်နိုင်မလဲဆိုတာတွေကတော့ ကြည့်နေရတုန်း အ ခြေအနေ ပေါ့နော်။ နောက်ဆုံး စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာကတော့ လူတွေရဲ့ စိတ်အားထက်သန်မှုတွေကတော့ ရှိနေဆဲပဲလို့ မြင်တယ်။

ဒေါက်တာ မနာမ် တူးဂျာ
ဒေါက်တာ မနာမ် တူးဂျာ

ဒေါက်တာ မနာမ် တူးဂျာ  ( ဥက္ကဋ္ဌ – ကချင်ပြည်နယ် ဒီမိုကရေစီပါတီ)

အထူးသဖြင့် ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာတော့ တိုးတက်လာတယ်လို့ မြင်တယ်။ ၂၁ရာစု ပင်လုံညီလာခံ ပထမအစည်းအဝေးက အောင်မြင်တဲ့ ညီလာခံတရပ်ဖြစ်တယ်။ ဒီလိုသာ ဆက်သွားမယ်ဆို အောင်မြင်မှု ရရှိနိုင်တယ်။ ဒါပေမယ့် တဖက်မှာ တိုက်ပွဲတွေ ရှိနေသေးတာကတော့ ပြောစရာရှိပါတယ်။ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေနဲ့ညှိနှိုင်းပြီး ပြေလည်ရာ ပြေလည်ကြောင်း ရှာနိုင်ဖို့ မျှော်လင့်ပါတယ်။

နောက်ဒီမိုကရေစီနဲ့ ပတ်သက်ရင်တော့ အရင်အစိုးရထက် အခုအစိုးရက ဒီမိုကရေစီအနှစ်သာရကို ဖော်ဆောင်လာ တယ် လို့ မြင်တယ်။ ခုဏပြောတဲ့ ညီလာခံမှာ ပြည်သူလူထုကို Live လွင့်ပေးတယ်။ တိုက်ရိုက် ဆက်သွယ်တယ်။ ဒီမိုကရေစီ နည်းအရပေါ့။ ကန့်သတ်ချုပ်ချယ်မှုတွေ မရှိဘူး။ တာဝန်ရှိသူတွေကိုလည်း လွတ်လွတ်လပ်လပ်တင်ပြခွင့် ရကြတယ်။ ပြည်သူတွေလည်း သိခွင့်ရတယ်။ ဒါကောင်းတယ်။

တပ်နဲ့ အစိုးရကလည်း Parallel မသွားနိုင်သေးတာ မြင်ရတယ်။ တပ်ကလည်း သူလုပ်ချင်ရာလုပ်၊ အစိုးရ ကလည်း သူ့ အပိုင်း သူလုပ်။ အစိုးရနဲ့ တပ်နဲ့ကတော့ အများကြီး ညှိနှိုင်းဖို့ လိုသေးတယ်။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာတော့ တပ်က လုံးဝ မပူးပေါင်းတာ မဟုတ်ဘူး။ ပူးပေါင်းတာတွေ ပူးပေါင်းတယ်။ အပြည့်အဝ ပူးပေါင်းမှုတော့ မပြသေးဘူး။

ဒီမိုကရေစီသွားဖို့ ခြေလှမ်းတွေကတော့ ကျဲလာပြီဆိုပေမယ့် တိုင်းရင်းသားဒေသမှာ တို်က်ပွဲတွေ စိပ်လာတာကတော့ စိတ်မကောင်းစရာပါ။ ဒါတွေက တပ်မတော်နဲ့ အစိုးရနဲ့ အများကြီး ညှိနှိုှုင်းဖို့ လိုသေးတယ် ဆိုတာကို ပြနေတာတွေပါ။

နောက်ပြီး ဖွ့ံဖြိုးရေးပိုင်းဆိုင်ရာမှာတော့ သိပ်ပြီး မထူးခြားပါဘူး။ တိုင်းပြည် တည်ဆောက်တဲ့ နေရာ ၊ ဒေသ ဖွံ့ဖြိုးရေး နေရာတွေမှာလည်း အားနည်းတယ်။ တရားဥပဒေစိုးမိုးရေးမှာလည်း အားနည်းနေတယ်လို့ မြင် ပါတယ်။

အထူးသဖြင့် ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေး၊ သွားလာရေး ခက်ခဲတာတွေ၊ ဒေသတည်ငြိမ်မှု မရရှိတာတွေ ဖြစ်နေတယ်။ ဒေသတည်ငြိမ်မှု မဖြစ်အောင် လုပ်ဖို့လည်း လိုတယ်။ ဒါတွေက မလုပ်နိုင်သေးတော့ ဖွံ့ဖြိုးရေး ကိုလည်း အင်နဲ့ အားနဲ့ မလုပ်နိုင်ဘူးပေါ့ ။ အများကြီး တွေ့ရပါတယ်။ ဒါတွေကတော့ ဆက်လုပ်ရမယ့် အပိုင်းဖြစ်တယ်။ ရှေ့ဆက်ပြီး ပြည်နယ် တွေကို ဦးစားပေး လုပ်ပေးဖို့ ၊ နိုင်ငံတကာက အကူအညီ တွေလည်း တိုင်းရင်းသားတွေ အတွက်ပါတယ် ကြားပေမယ့် ဘယ်မှာသုံးနေလဲ ဆိုတာတွေ ၊ တိုင်းရင်းသား ဒေသက သက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ အစိုးရက ညှိနှိုင်းတိုင်ပင်ပြီး စနစ်တကျ လုပ်စေချင်ပါတယ်။

ဦးဝင်းထိန်
ဦးဝင်းထိန်

ဦးဝင်းထိန် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD)

အဲလို လုပ်နေတဲ့အခါမှာ ကြိုက်တာ၊ မကြိုက်တာ၊ အရည်ချင်း မရှိတာ၊ ရှိတာ ထားလိုက်တော့ အစိုးရအဖွဲ့တွေလည်း အထိုက် အလျောက် ယန္တရားတွေ လည်ပတ်နိုင်ပြီ။ လွှတ်တော်တွေလည်း အလားတူပဲ။ သူ့လုပ်ငန်းတွေ လုပ်နိုင်ပြီဆို တဲ့အခါကျတော့ ကအစ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများအဖွဲ့ ၊ အစိုးရအဖွဲ့ ယန္တရားက ပုံမှန်မောင်းနှင် နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဒါက အပြောင်းအလဲ အစစ်ပဲ။

ဘယ်လို ပြောင်းလဲခဲ့သလဲဆိုတော့ အရင်တုန်းက စစ်အစိုးရ၊ ပြီးတော့ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သား တပိုင်း အစိုးရကနေ လုံးဝ အရပ်သား အစိုးရအဖြစ်ကို ပြောင်းလဲတာက ဒါက တကယ်ပြောင်းလဲတာ။ ခုနက အစိုးရ ယန္တရားတွေ လည်ပတ်နိုင်ပြီ ဆိုသော်လည်း နိုင်ငံတော် အတိုင်ပင်ခံကိုလည်း တင်ပြပြီးပြီ။ သူလည်း သဘောတူတယ်။ ဘာလဲဆိုရင် မျှော်လင့်ချက် တကြီးနဲ့ မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ဘဝကို မြှင့်တင်အောင် မလုပ်နိုင်သေးဘူး။ သူတို့ရဲ့ အလုပ်အကိုင် ရှာ ဖွေရေး အပြည့်အဝ လုပ်မပေး နိုင်သေးဘူး။

ဒါကိုတော့ လုပ်ပေးဖို့ လိုပြီ။ အခက်အခဲတွေ ရှိနေပေမယ့် လုပ်ရတော ့မယ်ဆိုတာကို ဒေါ်စုက သဘောတူတယ်။ အဲလို သဘောတူတဲ့ အခါမှာ ဒီလက စပြီးတော့ စီးပွားရေးကို NLD အစိုးရကနေ ဇောက်ချလုပ်မယ်။ ဇောက်ချလုပ်တဲ့အခါမှာ အ ထောက်အကူပြုမယ့် အချက်တွေက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတယ်။ ပထမအချက်က ရင်းနှီးမြှပ်နှံမှု ဥပဒေကို အတည်ပြုနိုင်ခဲ့တယ်။ ဒုတိယ တိုက်ဆိုင်တဲ့ အချက်က မြန်မာနိုင်ငံကို အနှစ်နှစ်အလလက ပိတ်ဆို့ထားခဲ့တဲ့ ဆန်ရှင်တွေ အဲဒါတွေ ဖွင့်လိုက်ပြီ။

ပြီးတော့ ကျနေ်ာတို့ အခု နယ်တွေကို သွားကြည့်တဲ့အခါ ကျနော်တို့ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးအဖွဲ့တွေဟာ ပြည့်ပြည့်ဝဝ တာဝန် မထမ်းဆောင်နိုင်သေးဘူး။ ကန့်သတ်ချက်တွေ ရှိတယ်။ ခုနက ကျနော်ပြောသလိုပေါ့။ ဒီပုဂ္ဂိုလ်တွေ ဟာ ဒီရာထူးမှာပဲ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိတဲ့အတွက်ကြောင့်မိုလို့ ပြည်ထောင်စု အဆင့်မှာ ပြည်ထဲရေးရယ်၊ ကာ ကွယ်ရေးရယ်၊ နယ်စပ် ရေးရာတို့က တပ်မတော်က။ အလားတူ တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ရေးမှာလည်း အဲလို ပုဂ္ဂိုလ်တွေ ရှိတဲ့အတွက်ကြောင့်မိုလို့ ဝန်ကြီးချုပ်တွေ ကျနော်တို့ ဝန်ကြီးတွေက တိုးတက်အောင် လုပ်ဖို့ဆိုတာ တော်တော် ခက်ခဲနေ တယ်။ သိပ်တော့ မခက်သော်လည်း အနှောက်အယှက်တွေ ရှိတယ်။

အခုချိန်ထိ ဒီလို ဖြစ်နေတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်မှ ဖြစ်မယ်။ အဲဒါပြင်နိုင်ဖို့ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းတွေ အောင်မြင်မှ ဖြစ်မှာ။ နိုင်ငံတော်အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ အဖြေရတော့မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုနိုင် မယ်။ အဲဒီလို ပြုနိုင်မှ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်နိုင်မယ်။ ဒါက လမ်းကြောင်းတခု။

လွှတ်တော်ထဲကနေလည်း ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ကြိုးစားနေတဲ့ လမ်းကြောင်းတခု ရှိမယ်။ အဲဒီလမ်းကြောင်း ၂ ခုက တချိန်မှာ သွားစုံမယ်။ စုံတော့မှ ဖွဲ့စည်းပုံလည်း ပြင်ပြီးသား ဖြစ်မယ်။ နိုင်ငံတော် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ပြီးသားလည်း ဖြစ်မယ်။
ဒါတွေ ဖြစ်လာဖို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အရေးကြီးသလို ကျန်တဲ့ပါတဲ့သူတွေက လုပ်ငန်း ကျွမ်းကျင်ဖို့ အရေးကြီးတယ်။ အားလုံး စိတ်ရှည်သည်းခံနိုင်ပြီးတော့ပေါ့။

 ဦးခင်ရီ
ဦးခင်ရီ

 ဦးခင်ရီ – USDP ပြောရေးဆိုခွင့် ရှိသူ

အခုက ရွေးကောက်ပွဲ တနှစ်ပြည့်တဲ့ အချိန်ပေါ့ဗျာ။ ဘာတွေ ပြောင်းလဲသလဲဆိုတာ သိအောင် လက်ရှိ အစိုးရ လက်ထဲမှာ ဘာတွေရှိနေသလဲဆိုတာ အရင်ပြောရမယ်။ အဲဒါကို မူတည်ပြီးမှ ပြောင်းလဲခြင်း၊ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း ဆိုတာကို ပြောလို့ရမှာကိုး။ သူတို့လက်ထဲမှာ အချက် ၂ ချက် ရှိတယ်ဗျ။

ကျနော်တို့ အစိုးရဟောင်း တိုင်းပြည်ကို ဘယ်လိုအနေအထားနဲ့ လွှဲပေးခဲ့လဲဆိုတဲ့ အချက်ရှိတယ်။ ဒုတိယအချက်က ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူတို့ တိုင်းပြည်ကို ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ကတိပေးခဲ့တာ ရှိတယ်။ တာဝန် ယူခဲ့တဲ့အခါမှာ တိုင်းပြည်ကို ပြောခဲ့တာတွေ ရှိတာပေါ့ဗျာ။ ဒီအချက်ပေါ် မူတည်ပြီး ပြောရရင် ဒါတွေက သူတို့လက်ထဲမှာ တကယ်ရှိနေတဲ့ဟာပေါ့။ တနှစ်အတွင်းမှာ ရှိနေတဲ့ဟာထက် ဘယ်လောက်အထိ တိုးတက်သွားတယ်ဆိုတာကို နှိုင်းယှဉ်မှ ပိုမိုပေါ်လွင်မယ်လို့ ထင်ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာပြောင်းသလဲပြောရရင် ကဏ္ဍတွေကတော့ အများကြီး ရှိတာပေါ့ဗျာ။ အဲဒီထဲမှာ ကဏ္ဍလေး ခွဲပြီး တခု၊ နှစ်ခု ပြောရရင် နိုင်ငံတော် လုံခြံုရေးနဲ့ တရား ဥပဒေ စိုးမိုးရေး ဆိုပါစို့။ ဒီကဏ္ဍမှာဆိုရင် ထူးထူးခြားခြား ပြောင်း လဲတာ မတွေ့ဘူးလို့ ကျနော် ဒီလိုဖြေချင်တယ်။

အခုလက်ရှိ အခြေအနေမှာ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြံုရေးနဲ့ ပတ်သက်ပြီးတော့ ရခိုင်ကိစ္စတွေ ရှိတယ်။ ကချင် ဘက်မှာ ဖြစ်စဉ်တွေ ရှိတယ်။ ‘ဝ’ ၊ မိုင်းလား ဘက်မှာလည်း တင်းမာမှုတွေ ဖြစ်နေတယ်။ ဒါတွေက မူလအခြေအနေနဲ့ နှိုင်းယှဉ်ရင် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးပိုင်းမှာ ထူးပြီးတိုးတက်လာတယ်လို့ ကျနော်မမြင်ဘူးဗျ။

တရားဥပဒေစိုးမိုးရေး အပိုင်းမှာလည်း အရေးကြီးတဲ့ လူသတ်မှုကို ကြည့်မယ်ပေါ့။ ဒီအစိုးရကာလရဲ့ လက်ရှိ ရ လ ကာလအတွင်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မှု ကိန်းကဏ္ဍန်းတွေ ရှိတယ်ဗျ။ ကျနော်ထင်တယ် အမှုပေါင်း ၆၀ လောက် ပိုများ လာတယ်။ ကိန်းကဏန်း အရ ကျနော် ပြောတာနော်။ အလားတူပဲ အဓမ္မမှု၊ မုဒိန်းမှုပေါ့ဗျာ။ အဲဒါကလည်း အခု ရ လနဲ့ အရင် ရ လနဲ့ နှိုင်းယှဉ်ကြည့်ရင် ၁၀၀ ကျော် လောက်ပိုတယ်ဗျ။ ဆိုတော့ တရားဥပဒေ စိုးမိုးရေးပိုင်းမှာလည်း ထူးပြီးတော့ တိုးတက်တယ် မမြင်ဘူး။ ဆောင်ရွက်နေတာပဲ။

နောက်ငြိမ်းချမ်းရေး။ အရင်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့။ အခုတော့ ၂၁ ဖွဲ့ပေါ့လေ။ အဲဒီထဲမှာ ၈ ဖွဲ့နဲ့ ကျနော်တို့ NCA စာချုပ် ချုပ်နိုင်ခဲ့တယ်။ အဲဒါပြီးတော့ နိုင်ငံရေးဆွေးနွေးမှုနဲ့ သွားမယ်ဆိုတဲ့အခါ ပြည် တွင်း ငြိမ်းချမ်းရေး ညီလာခံ လုပ်ပြီးတော့ ဒီအစိုးရကို လွှဲပေးခဲ့တယ်။ အဲဒါကို လက်ရှိ အစိုးရကို လွှဲပေးခဲ့တဲ့ ငြိမ်းချမ်းရေး အခြေအနေပေါ့။ အဲဒါကို သူတို့ ဘာအသစ်ထပ်ပြီး လုပ်နိုင်ခဲ့လို့လဲ။ ခင်ဗျားတို့လည်း သိနေတာပဲလေ။

အခု မလာသေးတဲ့သူတွေကို လာအောင် လုပ်ဖို့ သူတို့ ကြိုးစားနေကြတယ်။ ဒါပေမယ့် တခုမှ မတိုးတက်သေးဘူး။ နဂိုအ တိုင်းပဲ ရှိသေးတယ်။ ကျနော်တို့ ပေးခဲ့တဲ့ Political Dialogue ကိုလည်း ၂၁ ပင်လုံ ညီလာခံဆိုပြီး ဆက်ဆောင်ရွက်တာ ခင်ဗျားတို့လည်း သိပါတယ်။ ဒီအပေါ်မှာလည်း ပင်လုံကတိကဝတ် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားစရာတွေ ဖြစ်တယ်ဗျာ။ အဲဒါကြောင့် ငြိမ်းချမ်းရေး ကိစ္စ မှာလည်း ပိုပြီး များများစားစား လုပ်နိုင်တာ မတွေ့ပါဘူး။

စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောရရင် ရွေးကောက်ပွဲ ကာလမှာ ပါတီတွေက ရွေးကောက်ပွဲ ကြေညာစာတမ်း ထုတ်တယ်။ ကိုယ်သာ အစိုးရ ဖြစ်ခဲ့ရင် ဘာတွေ လုပ်မလဲဆိုတာပေါ့။ ကျနော် အဲဒီပါတီရဲ့ စာတမ်းကို ဖတ်ကြည့်တော့ ဘဏ္ဍာရေးနဲ့ ပတ်သက်တာ မတွေ့ဘူးဗျ။ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိဘူး။ အကြောင်းအကျိုး တော့ ရှိမှာပေါ့ဗျာ။ ကျနော် အပြစ်တင်တာ မဟုတ်ပါဘူး။

သူတို့ဘက်ကလည်း ၆ လ၊ ရ လအတွင်းမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး တိုးတက်တာ မရှိဘူးလို့ တရားဝင် ပြောခဲ့တာ ရှိပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ ညွှန်းကိန်းတွေကိုလည်း IMF တို့၊ World Bank တို့ဆီက ထုတ်ပြန်ချက်တွေကို ကြည့်လိုက်ရင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု အခြေအနေတွေ ရှိတယ်။ ပြည်ပ ကုန်သွယ်မှု လုပ်ငန်းတွေ ရှိတယ်။ ဒီနေ့ စပါးစျေး တွေ နှမ်းစျေးတွေ ကျနေတဲ့ ကိစ္စတွေ ရှိတယ်။ ဒေါ်လာတွေ ရွှေတွေ တက်နေတဲ့ ကိစ္စတွေ ရှိတယ်။ ဒီအညွှန်းကိန်း တွေ အရ ကြည့်မယ်ဆိုရင်လည်း တိုးတက်မှု မရှိတာ သွားတွေ့ရတယ်။

စီးပွားရေးကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေကိုလည်း ထိထိရောက်ရောက် လုပ်နိုင်တာ မတွေ့ရဘူး။ အရင်အစိုးရ ၅ နှစ် မတိုင်ခင်က မိုဘိုင်းလ် တယ်လီဖုန်း ကိုင်တဲ့သူက ၄ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းပဲ ရှိတယ်။ အစိုးရ သက်တမ်း ၅ နှစ် လည်း ကုန်ရော ၈၀ ရာခိုင်နှုန်းအထိ တိုးလာတယ်။ ကိန်းဂဏ္ဍန်းအရ ပြောချင်တာပါ။ အခုဒီမှာ အဲဒါမျိုး မတွေ့ရဘူး။ စီးပွားရေးမှာလည်း အသေးအဖွဲaလး တိုးတက်တာ ရှိရင် ရှိမယ်။ ထင်သာ မြင်သာတဲ့ဟာ မရှိဘူး။ ဒီနေ့ အခြေခံ စားကုန်တွေ စျေးတက်နေတာရှိတယ်။
အဲဒါကြောင့် လူထု မြင်သာတဲ့ တိုးတက်မှုတော့ မတွေ့သေးဘူးလို့ ယူဆပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်
မသဉ္ဇာရွှန်းလဲ့ရည်

မသဥ္ဇာရွှန်းလဲ့ရည် – (လူငယ်ရေးရာ တက်ကြွဆောင်ရွက်လှုပ်ရှားသူ)

အဓိကက ဒီအစိုးရသစ်ကာလမှာ လူငယ်တွေနဲ့ ပတ်သက်တဲ့ လူငယ့်ရေးရာမူဝါဒ၊ လူငယ့်ရေးရာမူဝါဒ ဆိုတာ လူငယ်တွေရဲ့ ပူးပေါင်းပါ၀င်မှုကို အမြင့်မားဆုံးသော နိုင်ငံတော်ကနေ ပြဌာန်းတဲ့ မူဝါဒ တခု ပေါ့။ ဒီလိုမူဝါဒကို နိုင်ငံတော်အစိုးရက ဦးစားပေးအနေနဲ့ ရက် ၁၀၀ စီမံကိန်းမှာ ထည့်သွင်း ပေးခဲ့တယ်။ အခုချိန်မှာ ၀န်ကြီးဌာနနဲ့ လူငယ်ထုနဲ့ အရပ်ဘက်အဖွဲ့အစည်း၊ တက်ကြွလှုပ်ရှားသူ၊ ကျောင်းသား လူငယ် စသဖြင့် မတူကွဲပြားတဲ့ လူငယ်တွေနဲ့ ၀န်ကြီးဌာနက ပူးပေါင်းပြီးတဲ့အခါမှာ ဒီလူငယ်မူဝါဒ အကောင်အထည်ဖော်လာဖို့ အတွက်ကို ကြိုးစားနေတယ်။

ကြိုးစားနေတဲ့ ဖြစ်စဉ်ဟာ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံ သမိုင်းမှာ ပထမဆုံးသော လူငယ်တွေ အတွက် အောင်မြင်မှုတခု ရရှိတယ်လို့ ပြောလို့ရတယ်။ နောက်တခုကဘာလဲဆိုတော့ မအောင်မြင် သေးတာလို့ ပြောရမလား၊ မပေါ်လွင်သေးတာလို့ ပြောရမလား လူငယ်မူဝါဒ အခုထိ မပေါ်သေးဘူး။ မပေါ်သေးဘူးဆိုတာ အားနည်းချက်တွေ အများကြီးရှိတယ်။ မြန်မာနိုင် ငံ အတွက်ဆိုရင် ဒါပထမဦးဆုံး အကြိမ် လုပ်ဆောင်တာ ဖြစ်တယ်။ အတွေ့အကြံုအားဖြင့်လည်း နည်းတယ်။ လူငယ်တွေ ဘက်က အတွေ့အကြံုနည်းတာ ရှိတယ်။ ၀န်ကြီးဌာနတွေဘက်က ပံ့ပိုးမှု အပိုင်းကလည်း ရသင့်ရသလောက်၊ ပံ့ပိုးသင့်သ လောက် မပံ့ပိုးနိုင်တဲ့ အခက်အခဲ သူတို့မှာရှိတယ်။

လူငယ့်ရေးရာ မူဝါဒသည် ၀န်ကြီးဌာနတခုတည်းကပဲ မဟုတ်ဘူး။ လူငယ်နဲ့ ပတ်သက်ပြီး ဆက်နွယ် လုပ်ကိုင်နေတဲ့ ၀န်ကြီးဌာနများစွာရှိပါတယ်။ အဲဒီဝန်ကြီးဌာနတွေကလည်း ပူးပေါင်းပါ၀င်လာမှုနဲ့ အာရုံစိုက်လာမှုတွေက အမှန်တိုင်း ပြောရင် မရရှိဘူး။ ဒါကို အဓိက တာဝန်ခံလုပ်ရတဲ့ ၀န်ကြီးဌာန တခုတင် မဟုတ်ဘဲ အခြားသော ၀န်ကြီးဌာနတွေလည်း အာရုံစိုက်မှု၊ ပံ့ပိုးကူညီမှုတွေလည်း မျှော်လင့်တယ်။ အဲဒါ အားနည်းနေတယ်။ အဲဒါအားကောင်းဖို့ လိုအပ်တယ်။ လူငယ်ထု ကလည်း လူငယ့်ရေးရာမူဝါဒအပေါ်မှာ စိတ်ဝင်တစားနဲ့ ပညာရပ်ပိုင်းဆိုင်ရာလေ့လာတဲ့ လုပ်ငန်းမျိုးတွေ လူငယ်တွေကြား မှာ ပေါ်ပေါက်လာဖို့ အများကြီးလိုအပ်တယ်။

ခြံုပြီးပြောရရင် အစိုးရသစ်လက်ထက်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍသည် မူဝါဒပိုင်းဆိုင်ရာမှာ ၀င်ရောက်ပြီး ဦးဆောင် ရေးဆွဲနိုင်တဲ့ အဆင့်ဖြစ်လာပြီ။ အဲဒါကို တည်တံ့ဖို့ အတွက် ကျမတို့ လူငယ်တွေက သတိထားပြီး လူကြီးတွေ ယုံကြည်မှု မပျက်အောင် ကြိုးစားဖို့ လိုအပ်တယ်။ လူကြီးတွေကလည်း လူငယ်တွေအပေါ်မှာ ဆက်လက် ယုံကြည်ပေးကြဖို့ လိုအပ် တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading