အမေရိကန်နိုင်ငံရဲ့ သမ္မတလောင်းရွေးကောက်ပွဲမှာ စီးပွားရေးလုပ်ငန်းရှင် ဒေါ်နယ်ထရမ့်က ပြိုင်ဘက် ဟီလာရီ ကလင်တန်ကို အနိုင်ရပြီးသွားတဲ့နောက် အမေရိကန်ရွေးကောက်ပွဲကိုစောင့်ကြည့်နေကြတဲ့ မြန်မာတွေကြားမှာ ဒေါ်နယ်ထရမ့် လက်ထက်မှာ မြန်မာပြည် အပေါ်ထားတဲ့ အမေရိကန်မူဝါဒ တချို့ပြောင်းလဲလာမလားဆိုတဲ့ တွေးမြင်မှုတွေရှိသလို တခြားဘယ်လိုရိုက်ခတ်မှုတွေ ရှိလာဦးမလဲ ဆိုပြီး စိုးရိမ်သူတွေလည်း ရှိကြပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့် လက်ထက် အမေရိကန် အစိုးရ ရဲ့ မြန်မာနိုင်ငံအပေါ် မူလ ရှိခဲ့တဲ့ မူဝါဒ အချို့ ပြောင်းလဲနိုင်ခြေ ရှိမရှိနဲ့ စိုးရိမ်စရာ ဘာတွေရှိမလဲဆိုတာကို နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေကို ဧရာဝတီ သတင်းဌာန က ဆက်သွယ်မေးမြန်းထားချက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။
ဦးအောင်မိုးဇော် ဥက္ကဋ္ဌ (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ – DPNS)
ယေဘုယျ ပြောလို့ရတာကတော့ ရီပတ်ဗလစ်ကန်တွေက Senate မှာရော congress မှာရော အများစုဖြစ်နေတယ်။ တချို့ ပြောတာကတော့ မြန်မာတွေ တွက် ကံကောင်းတယ်လို့ ပြောတယ်။ ရီပတ်ဗလစ်ကန် ပါတီကလည်း ဒီမိုကရေစီအရေးနဲ့ ပတ်သတ်လို့ တော်တော်လေးကို ထောက်ခံတဲ့ ပါတီဖြစ်တယ်။ အချို့ သုံးသပ်ချက်ကတော့ မြန်မာပြည်ရဲ့ ဆက်ဆံရေး အလားအလာကောင်းလာနိုင်တယ်။ မြန်မာပြည်ကို ပိုအကျိုးရှိ လာနိုင်တယ်လို့ ပြောကြတယ်။
တခု ကျနော်စိုးရိမ်တာကတော့ သူရဲ့ Foreign ပေါ်လစီတောင် တရုတ်ပင်လယ်မှာစစ်အင်အားတွေ တိုးချမယ်လို့ပြောတယ်။ တရုတ်နဲ့ ပတ်သတ်လို့ တော်တော် Target ထားတယ်။ တရုတ်နဲ့ ပတ်သတ်ပြီးတော့ Trade အမူအကျင့်တွေ နဲ့ပတ်သတ်ပြီး သူရွေးကောက်ပွဲကာလမှာ ဖော်ပြထားတာ တွေ့ရတယ်။
ကျနော်စိုးရိမ်တာက တောင်အာရှမှာကလာပြီး အမေရိကန် စစ်ရေးတိုးချဲ့တွေလုပ်ရင် ကျနော်တို့ နိုင်ငံအတွက် စိုးရိမ်စရာပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံက တရုတ်နဲ့ မိုင်ထောင်ချီတဲ့ အိမ်နီးနားချင်းတွေ ဖြစ်နေတယ်။ တရုတ်ကလည်း အင်အားကြီးနေတယ်။ ဒီဒေသမှာ သူပြိုင်မှာက တရုတ်နဲ့ ပြိုင်မှာကို။ အဲ့တော့ တရုတ်ကို ပြိုင်ဖို့ ဖြစ်လာရင် ကျနော်တို့ နိုင်ငံ နေရထိုင်ရ ခက်လာနိုင်တယ်။ Foreign ပေါ်လစီရဲ့ အကျိုးသက်ရောက်မှုက ကျနော်တို့ နိုင်ငံကို တိုက်ရိုက် ထိခိုက်လာနိုင်တယ်။ ကျနော်တို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လုပ်တယ်။ တဖက်မှာလည်း တရုတ်ကရှိတယ်။ သူတို့ ၂ နိုင်ငံ ရန်ဖြစ်ပြီဆို ကျနော်တို့ နေရထိုင်ရခက်မယ်။
ဦးဇော်ဌေး (နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်)
ဒေါ်နယ်ထရမ့်ရဲ့ပေါ်လစီ ရွေးကောက်ပွဲ စည်းရုံးရေးကာလက ပေါ်လစီကိုသုံးသပ်ကြည့်မယ်ဆိုရင် နံပတ်တစ်က ပြည်တွင်း ကိစ္စတွေကို အလေးထားတယ်။ population ရယ်၊ လူမှုဖူလုံရေးတို့ ပညာရေး၊ လူမှုရေးနဲ့ တိုင်းပြည်ရဲ့ ပြည်တွင်း စီးပွားရေး အဲဒါတွေကို ဦးစားပေးတယ်ဆိုတ ာတွေ့ရတယ်။ အဲဒါတွေ အဓိကယူထားတဲ့အတွက် သူ့ရဲ့ ဆောင်ရွက်ချက်တွေက ပြည်တွင်း ကိုပဲ ဦးစားပေးမယ့်သဘောရှိတယ်။ နိုင်ငံတကာရေးရာတွေမှာ အမေရိကန်ရဲ့ ပါဝင်မှုကတော့ ဝန်ထုပ်ဝန်ပိုးတွေ လျှော့ချမယ်လို့ ပြောတယ်။ လက်တွေ့မှာတော့ ကျနော်တို့က စောင့်ကြည့်ရမယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရေးရာ ကိစ္စတွေမှာ အမေရိကန် အခန်းကဏ္ဍက အရမ်းကြီးမားနေတယ်။ အဲလိုတည်ဆောက်ထားတဲ့ ကမ္ဘာ့ထိပ်သီး World Order ဖြစ်နေတဲ့ အတွက် အမေရိကန် ဒီ World Order ကနေထွက်ဖို့ ဆိုတာကတော့ တကယ် လုပ်နိုင် မလုပ်နိုင် စောင့်ကြည့်ရမယ့် သဘောရှိတယ်။
နံပတ်နှစ်အချက်ကတော့ အာရှ ပစိဖိတ်ဒေသနဲ့ပတ်သက်လို့ ဥပမာ ဂျပန်မှာဆိုရင် အမေရိကန်တပ်တွေ ထားတယ်။ အလားတူ တောင်ကိုးရီးယား၊ ထိုင်ဝမ်လိုနေရာမျိုးတွေ အဲလိုမျိုး သူ့တို့ရဲ့တပ်တွေနဲ့ကာရံထားတယ်။ နောက် ပါကစ္စတန်၊ အာဖဂန်နစ္စတန်ဘက်မှာ ပို့ထားတဲ့တပ်တွေရှိတယ်။ အဲလို နိုင်ငံတကာမှာ အမေရိကန်တပ်တွေ လွှတ်နေရတဲ့အနေအထား တွေကို လျှော့ချပါ့မယ်လို့ ပြောထားတာရှိတယ်။ ဒါကတော့ ရွေးကောက်ပွဲမတိုင်ခင် သူ့ရဲ့ စည်းရုံးရေးကာလမှာ ပြောခဲ့တာ ဖြစ်တဲ့အတွက် တကယ်လုပ်မယ်မလုပ်ဘူးဆိုတာ တချက်စောင့်ကြည့်ရမယ်။ သို့သော် တကယ်လို့သာ ပြောထားတဲ့ ပေါ်လစီ အတိုင်းဆိုရင်တော့ နိုင်ငံတကာရေးရာ ကိစ္စတွေမှာ အာရှ ပစိဖိတ်ဒေသမှာ ရှိတာနဲ့ပတ်သက်လို့ သူတိုက်ရိုက်ပြောတာတော့ တရုတ်ပေါ့နော် တရုတ်ကိုဘာပြောလဲဆိုတော့ စီးပွားရေးအရ သူက ဦးတည်ပြီးပြောတယ်။ ဒေသတွင်း ကုန်သွယ်ရေးသဘော တူညီချက်တွေကို တိုးထွက်မယ်ဆိုတဲ့အတွက် အဓိကကတော့ ကိုယ်ကျိုးစီးပွား ဦးစားပေးပေါ်လစီဖြစ်တဲ့အတွက် ကျနော်တို့ မှန်းတာကတော့ ကုန်သွယ်မှုမှာ ထိပ်တိုက်တိုးတာတွေ ပွတ်တိုက်တာတွေဖြစ်လာနိုင်တယ်။ တကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး ပေါ့။
ကုန်သွယ်ရေးမှာလည်း အထူးသဖြင့် ဒီဘက်မှာ ထွန်းတောက်လာတဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု အငြင်းပွားမှုတွေ ဖြစ်လာ နိုင်တယ်။ နောက်ပိုင်းမှာ ပိုပြီးတော့ပြင်းထန်လာနိုင်တဲ့ သဘောထားတွေ တွေ့ရတယ်ပေါ့နော်။ တွေ့ရတော့ သူ့ရဲ့ ဒေသတွင်း မဟာမိတ်ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ စသဖြင့် နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေပေါ့။ နောက်တခုက အိုဘားမား လက်ထက်မှာထားခဲ့တဲ့ အာရှကို ဗဟိုပြုတဲ့ မူဝါဒပေါ့။ ဒါတွေက ပြန်ကြည့်ရင် အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာပေါ့။ နိုင်ငံခြားရေးမူဝါဒအရ အစိုးရတင်မကဘူး။ လွှတ်တော်ဘက်ပိုင်းကရော ကျန်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အင်စတီကျူးရှင်း တွေ ရှိတယ်။ ဒါတွေရဲ့ ထောက်ခံမှုတွေ အတည်ပြုချက်တွေနဲ့ လုပ်ထားတည်ဆောက်ထားတဲ့ မဟာဗျူဟာ ချိန်ခွင်လျှာ ဖြစ်နေတဲ့ အတွက် ဒေါ်နယ်ထရမ့်အနေနဲ့ တဦးတည်း သဘောဆန္ဒနဲ့လုပ်ဖို့ကိုင်ဖို့ ဒါတွေကို ၃၆၀ ဒီဂရီပြောင်းပြန်လှန်ပြစ်ဖို့ ဆိုတာကတော့ နည်းနည်းလေး မလွယ်တဲ့ကိစ္စလို့ သုံးသပ်တယ်။
သုံးသပ်တော့ ၂၁ ရာစုမှာ အဓိက ဗဟိုချက်ဖြစ်လာတဲ့ အာရှပစိဖိတ်ဒေသပေါ့။ အထူးသဖြင့် ကျနော်တို့ အာရှပစိဖိတ်ဒေသ ဆိုင်ရာ မူဝါဒတွေမှာတော့ လျှော့ချမယ်ပြောလည်း နိုင်ငံရေးမှာ သူ့ရဲ့အခန်းကဏ္ဍတွေကတော့ ဆက်ပြီးတော့ ရှိနေဦးမယ်ဆိုတာကို မှန်းဆလို့ရတယ်။ စီးပွားရေးပိုင်းမှာတော့ ဥပမာဆိုရင် တကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပိုင်းပေါ့ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ချုပ်က ဆိုင်ရာကိစ္စတွေက ပွတ်တိုက်မှုတွေ ပဋိပက္ခတွေဖြစ်လာနိုင်တယ်။ အဲဒီအနေအထားအပေါ်မှာ ကျနော်တို့ နိုင်ငံငယ်လေးတွေပေါ့နော်။ အထူးသဖြင့် တရုတ်နဲ့ နယ်မြေချင်းထိစပ်ပြီးတော့ တရုတ်နိုင်ငံရဲ့ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ပေါ့။ အဲလိုဖြစ်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံအနေနဲ့ သက်ရောက်မှုတွေ ဘယ်လိုဖြစ်လာနိုင်တယ် ဆိုတာကို ကျနော်တို့ဘက် ကတော့ ကြိုတင်မျှော်တွေးသုံးသပ်ပြီးတော့ ဆောင်ရွက်ဖို့တော့လိုလိမ့်မယ်။
Kim ချောစု (Katalysts Investment Group)
ကလင်တန်နိုင်ခဲ့ရင် သူနဲ့ အိုးဘာမားနဲ့က ပေါ်လစီပိုင်းက ပါတီတခုတည်းကဆိုတော့ ပိုပြီး တူညီမှာပေါ့နော်။ အဲဒီလိုဆိုရင် မြန်မာပြည်မှာ သူရှိနေတဲ့ အမြင်ကလည်း သိပ်ပြိးတော့ ပြောင်းလဲမယ်လို့ မထင်ဘူး။ နိုင်ငံခေါင်းဆောင်နဲ့လည်း သူက ရင်းနှီးတဲ့အတွက်ကြောင့် မြန်မာပြည်အနေနဲ့ လုပ်ကိုင်ရ ပိုအဆင်ပြေမယ်လို့ ထင်တယ်။ ထရန့်ကကျတော့ မြန်မာပြည်အကြောင်းကို သိတဲ့ပုံမရဘူး။ သူက စီးပွားရေးမှာ ပြည်တွင်းကို အာရုံစိုက်တယ်။ သူအနေနဲ့ နိုင်ငံခြားမှာ ဘယ်လို ရင်းနှီးမြုပ်နှံမလဲဆိုတာ သိပ်မပြောသွားဘူး။ သူဖြစ်ချင်တာက အမေရိကန်မှာ စီးပွားရေးကျတယ်။ ကုန်သွယ်မှုပေါ်လစီက အမေရိကန်စီးပွားရေးကို ထိခိုက်တယ် ပြောသွားတယ်။ သူကစီးပွားရေး လုပ်ငန်းရှင် ဖြစ်တယ်။ သူရဲ့ စီးပွားရေးအပေါ်လစီက အမေရိကန်မှာ ပိုများတယ် နိုင်ငံခြားမှာ သိပ်မရှိဘူး။ ဒါကြောင့် အမေရိကန် focus ဖြစ်တာပါ။ ဟီလာရီကလင်တန်ကျတော့လည်း နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ခဲ့တယ်။ ပါတီ နှစ်ခုမှာသူတို့လုပ်ချင်တဲ့ ပေါ်လစီတွေက မတူဘူး။ နောက်တက်လာမယ့် အစိုးရက စီးပွားရေး ပေါ်လစီပိုင်းကို ကြည့်ရင် မြန်မာဘက်ပဲဖြစ်ဖြစ် အမေရိကန်ပိုင်းပဲ ဖြစ်ဖြစ် ဘယ်လိုမျိုး ဆက်ဆံရမလဲ ကြည့်ဖို့လိုတယ်။
ဦးအောင်မျိုးမင်း (ဒါရိုက်တာ – ညီမျှခြင်းမြန်မာ)
Foreign ပေါ်လစီပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။ ပထမတခုက သူက ကျနော်တို့ မြန်မာနိုင်ငံအပေါ်မှာ နဂိုကတည်းက စိတ်မဝင်စားတဲ့အရာတွေ ရှိတဲ့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီးတော့ ဒီမိုကရေစီ ဦးတည်လမ်းကြောင်းအတွက် ကိုယ်ရော စိတ်ပါ စိတ်ဝင်စားမှု မရှိနိုင်ဘူးလို့ ကျနော်ပြောချင်တယ်။ နောက်ထပ်တခုက ကျနော်တို့ အရှေ့တောင်အာရှ ဒေသမှာဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်နဲ့ ပတ်သတ်ပြီးတော့ သူပြောကြားချက်တွေက ထိပ်တိုက်ရင်ဆိုင်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်တယ်။ ကျနော်တို့အနေနဲ့ အမေရိကန်နဲ့ တရုတ်လိုနိုင်ငံကြီး ၂ ခု ကြားမှာ ကျနော်တို့ လက်ရှိအစိုးရက ပါးနပ်စွာ ကိုင်တွယ်နေပေမယ့် တကယ်လို့များ တဖက်က အကြမ်းဖက်မှုတွေ တိုက်ခိုက်မှုတွေကို ဦးတည်သွားမယ်ဆိုရင် ကျနော်တို့ နယ်မြေပထဝီ ဒေသလုံခြုံရေးက အခုရှိနေတာထက် ပိုဆိုးသွားနိုင်တယ်။ အထူးသဖြင့် တရုတ်ဘက်ကိုရော အမေရိကန်ဘက်ကိုရော ကျနော်တို့ ဟန်ချက်ညီစွာနဲ့ ရပ်တည်နိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ မြန်မာနိုင်ငံ ပေါ်လစီက နိုုင်ငံခြားပေါ်လစီက အဲ့နေရာမှာ အများကြီး မတည်မငြိမ် ဖြစ်သွားနိုင်တယ်။
သူအနေနဲ့ အစ္စလာမ်မစ် ဝါဒတွေနဲ့ ပတ်သတ်ပြီးတော့ အပြတ်ကိုင်မယ်၊ နောက်တခုက ဒုက္ခသည်တွေနဲ့ ပတ်သတ်ပြီးတော့ လက်မခံနိုင်တဲ့ သဘောဖြစ်တယ်။ ဒါကတော့ တဖက်ကနေကြည့်ရင်သူ့အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီးပြောတာ။ ဒါပေမယ့် သူရဲ့ ဒီလိုမျိုးပြောကြားချက်က နဂိုကတည်းက စစ်တိုက်ဖို့အတွက် အကြမ်းဖက်ဖို့အတွက် တာစူနေတဲ့ အကြမ်းဖက် သမားတွေကိုထပ်ပြီးတော့ သွားပြီးတော့ ဆွ လိုက်သလို ဖြစ်သွားနိုင်တယ်။
ကျနော်တို့ တိုင်းပြည်မှာလည်း အခုဆိုရင် ဘူးသီးတောင် မောင်တောဘက်မှာ အကြမ်းဖက်သမားတွေ ဝင်လာတယ်ဆိုတာ ဖြစ်လာတယ်။ တကယ်လိုများ ကျနော်တို့က ဒီဟာကို သူ့ဖက်ကနေ လုပ်ဆောင်မယ်ဆိုရင် ကျနော်တို့ နယ်မြေကလည်း အကြမ်းဖက်မှုနဲ့ ပတ်သတ်သော နယ်မြေ တနေရာဖြစ်လာမယ်။ နိုင်ငံတခု ဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ နဂိုကတည်းက အမေရိကန်နဲ့ ကျနော်တို့ ရင်းနှီးပြီးသားဖြစ်တဲ့ အရာတွေ ရှိနေတယ်။ ကျနော်တို့မှာ လူမျိုးရေးရာဖိနှိပ်တယ် ဆိုပြီးတော့ ပစ်မှတ်ထားခံနေရတဲ့ နိုင်ငံတခုဖြစ်တယ်။ သူရဲ့ အကြမ်းဖက်လိုတဲ့ စိတ်နဲ့ စိန်ခေါ်တာ မလုံခြုံမှုကို ထပ်ပြီးတော့ ဖန်တီးပေးသလို ဖြစ်မယ်။
လူ့အခွင့်အရေးခြေနေဘက်ကတော့ အရင်တုန်းက အိုဘားမားလက်ထက်တုန်းက တိုးတက်ရေးနဲ့ ပတ်သတ်ပြီးတော့ အကူအညီ ထပ်ပေးမယ်လို့ ပြောထားတာရှိတယ်။ မြန်မာပြည်မှာ ပူးတွဲလုပ်ဆောင်ဖို့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ပေးဖို့ ဆိုတဲ့အရာတွေရှိတယ်။
နောက် အစိုးရမှာတော့ လုံးဝ ဇီးရိုးထိ ပြောင်းသွားမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် သမ္မတ မူဝါဒကလည်း အရေးပါတဲ့အတွက် နိုင်ငံတကာကူညီမှု အကူအညီက ပုံစံပြောင်းသွားနိုင်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သတ်သော လူသားချင်းစာနာမှု အားလုံးက ဒါတွေကို ရပ်တန့်သွားနိုင်တဲ့အဆင့် အနည်းဆုံးတော့ လျော့သွားနိုင်တဲ့ အဆင့် ဖြစ်သွားနိုင်တယ်။ နောက်တခုက သံတမန် မဆန်စွာ ပြောဆိုမှုက ကုလသမဂ္ဂလို နေရာမျိုးတွေ နိုင်ငံတကာမှာ နဂိုကမှ အမေရိကန်ကို လူစွာကြီးဆိုပြီးတော့ တချို့နိုင်ငံတွေ ကြားထဲမှာ အမေရိကန် ဦးဆောင်လုပ်တဲ့ အရာမျိုးကို နဂိုကမှ အထင်သေးတယ်။ နဂိုကမှ သိပ်သဘောမကျတာ သူအပြော အဆိုကြောင့် ပိုမိုပြီးတော့ နိုင်ငံတကာမှာရှုံ့ချမှုတွေ ပြောဆိုမှုတွေ ထောက်ပြမှုတွေ ဖြစ်သွားနိုင်တယ်။
ကိုမြအေး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
တကယ်တမ်းပြောမယ်ဆိုရင် အမေရိကန်အကျိုးစီးပွားက မြန်မာပြည်မှာ နည်းပါတယ်။ ပထဝီနိုင်ငံရေး တခုတော့ ရှိတာပေါ့နော်။ ကျနော်တို့က အမေရိကန်ရဲ့ နှုန်း စံတန်ဘိုးတွေပေါ်မှာ အတုယူတာလေ။ အထူးသဖြင့် ဒီမိုကရေစီရဲ့ နှုန်းစံတန်ဘိုးတွေပေါ်မှာ။ ပြီးခဲ့တဲ့ ဒီမိုကရက်တစ် သမ္မတပဲဖြစ်ဖြစ်၊ ရီပက်ဘလီကန် သမ္မတပဲဖြစ်ဖြစ် တော်တော်များများက ဒီနှုန်း စံတန်ဘိုးတွေအပေါ်မှာ မြန်မာပြည်ရဲ့ အပြောင်းအလဲကို ချည်းကပ်တာ ဖြစ်တယ်ဗျ။
ဒေါ်နယ်ထရမ့်က လက်ထက်မှာ ကျနော်တို့ စံပြုရတဲ့ နှုန်းစံတန်ဘိုးတွေ ယုတ်လျှော့သွားမလားဆိုတဲ့ စိုးရိမ်ချက်တွေရှိတယ်။ ဒါကတော့ တချက်ပေါ့။ နောက်တခု ကျနော်အမြင်က သိပ်တော့ ထူးခြားသွားလိမ့်မယ်လို့ မထင်သေးဘူး။ ဆက်တော့ စောင့်ကြည့်ရမှာ ပေါ့ဗျာ။ အဓိက ကျနော်ပြောချင်တာက တရုတ်နဲ့ အမေရိကားရဲ့ ဆက်ဆံရေးဟာ ဘယ်လောက်အတိုင်း အတာအထိ သွားမလဲ။ ဘယ်လောက်အတိုင်းအတာ ထစ်ငေါ့မှုတွေ ရှိမလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး မြန်မာပြည်နဲ့ အမေရိကန် ဆက်ဆံရေးက အရင်လိုမျိုးရှိမလား တိုးလားမလား။ ယုတ်လျော့သွားမလားဆိုတာက အဲဒီအပေါ်မှာဘဲ သုံးသပ်ရမယ်လို့ ထင်ပါတယ်။
ဦးအောင်သူငြိမ်း (သင်တန်းရေးရာ ဒါရိုက်တာ – မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေး အင်စတီကျူ)
ပြောရမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ မူဝါဒကတော့ အရင်ပုံစံအတိုင်းဆက်သွားဖို့တော့များပါတယ်။ ဒါပေမယ့် ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေးပေါ်လစီ ဘာညာ အရင်ပြောခဲ့တာတွေကြည့်တော့ အာရှနဲ့ပတ်သက်ပြီးတော့ အထူးသဖြင့် ဂျပန်မှာရှိတဲ့ အမေရိကန်တပ်တွေ ပြန်နှုတ်မယ်လို့ အနေအထားအထိတောင် ပြောတာတွေ ရှိတယ်။ နောက်တခုက သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒက အရှေ့အလယ်ပိုင်းကိုပိုပြီးတော့ ဦးစားပေးပြောတာမျိုးတွေရှိတယ်။ အာရှအတွက်ကတော့ သိပ် ထူးထူးခြားခြား ပြောတာမျိုးတွေ မတွေ့ဘူး။
ကျနော်မြင်တာကတော့ အာရှနဲ့ ပတ်သက်လာလို့ရှိရင် အမေရိကန်က သူ့ရဲ့ Position တွေ ဘယ်လိုမျိုးနေရာပြန်ချမလဲဆိုတာ အပေါ်မှာတော့ အရေးကြီးပါတယ်။ အခုအနေအထားမှာတော့ ဒေါ်နယ်ထရမ့် ပြောတဲ့ နိုင်ငံခြားရေးမူဝါဒ ဘာညာဆိုတာကလည်း သေချာမသိရသေးတော့ မှန်းရတော့ ခက်ပါတယ်။
သူရကိုကို ( YGA Capital Limited, Managing Director )
ထရမ့်တက်လာတဲ့အတွက် အမေရိကန်ပေါ်လစီက တော်တော်လေး ပြောင်းလဲလာနိုင်မလားဆိုတာ အားလုံးက ဆွေးနွေး တိုင်ပင်ကြမှာပဲ။ သူပြောထားတဲ့ပေါ်လစီအရလည်း ပြည်တွင်းစီးပွားရေးနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ ဝန်ထမ်းတွေ ပြည်သူ ပြည်သားတွေက နံပါတ်တစ် အနေနဲ့ အဓိကထားမယ်လို့ ပြောပါတယ်။ သူဘက်က မှန်တယ်လို့ မြင်လည်း ရပါတယ်။
သူအမြင်နဲ့ သူပေါ်လစီက ကမ္ဘာ့ကုန်သွယ်မှုကို ပြန်ပြီတော့မှ ပိုတင်းကြပ်မလား။ အာရှဘက်က ထုတ်တာတွေ တောင်အမေရိကဘက်က ထုတ်တာတွေ ကုန်စည်ပစ္စည်းတွေ သူတို့ အမေရိကဘက်ကို ဝင်လာတာတွေကို သူကန့်ကွက်ပြီးတော့မှ အမေရိကန် စီးပွားရေးကို ကာကွယ်ဖို့ ပေါ်လစီတွေ ပေါ်လားမလားဆိုတာ အားလုံးက စောင့်ကြည့်ပြီးတော့မှ စိုးရိမ်စရာလည်း ရှိတယ်လို့ ပြောလို့ရတယ်။ သက်ရောက်မှုက ဘယ်လိုလာမလဲ မသိဘူး။
မြန်မာပြည်အတွက် အနီးစပ်ဆုံး သက်ရောက်မှုက ဒေါ်လာငွေကြေးလဲလှယ်မှုနှုန်း ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့် ရလိမ့်မယ်။ အန်တီစု ခရီးစဉ်မှာ ဆန်ရှင်တွေ ဖြုတ်ချပြီးနောက် အခွင့်အရေးလေး မခံစားလိုက်ရဘဲနဲ့ ပေါ်လစီ တွေက ဘယ်လိုမျိုး အခွင့်အရေးတွေကို ထိခိုက်လာမလဲ ပြောမရဘူး။ ချက်ခြင်းတော့ သိရဦးမှာ မဟုတ်ပါဘူး။ လောလောဆယ်က ချက်ခြင်းသက်ရောက်မှုက ဒေါ်လာလဲလှယ်နှုန်း၊ ကမ္ဘာ့ ကုန်သွယ်မှု ဘယ်လိုဖြစ်လာမလဲဆိုတာ ကျတော်တို့ စောင့်ကြည့်ရမယ်။
တခုသေချာတာက တကမ္ဘာလုံးက အမေရိကန် စီးပွားရေးနဲ့ ပေါ်လစီက ကြပ်တည်းမှု မဖြစ်ပေမယ့် အားလုံးက ဒီအခြေအနေကို စူးစိုက်နေတဲ့ အတွက် မြန်မာပြည်နဲ့ ကုန်သွယ်မှု၊ မြန်မာပြည်နဲ့ ပေါ်လစီတွေက စီစဉ်ဆောင်ရွက်ထား အပေါ်မှာ နည်းနည်း ကျသွား မလားတော့ မသိဘူး။ နောက်လာမည့် သက်ရောက်မှုက နောက်လာမယ့် ပေါ်လစီကို စောင့်ကြည့်ရမယ် ဘယ်လိုဖြစ်လာမလဲပေါ့။ အပြည် ပြည်ဆိုင်ရာ ရင်းနှီး မြုပ်နှံမှု ဘယ်နေရာတွေမှာ ဘာတွေထည့်ကြမလဲ။ ဘာတွေကို ဦးစားပေးမလဲ။ ဘယ်နိုင်ငံနဲ့ ဆက်ဆံမလဲဆိုတာ သူတို့ ပြန်ပြီးတော့မှ သုံးသပ်ရတော့မှာပါ။ ပြည်တွင်းပေါ်လစီကို ပြန်ပြီးအားစိုက်ရမလား။ ပြန်သုံးသပ်ရမှာပါ။
ဦးလှမောင် (စီးပွားရေးကျွမ်းကျင်သူ)
မြန်မာနိုင်ငံကို ဒီမိုကရက်တစ် သမ္မတ အိုးဘားမားက ချစ်ကြည်ရေးလုပ်တယ်။ အခုတက်လာမယ့်သူက မြန်မာပြည် ချစ်ကြည်ရေး လုပ်ခဲ့တဲ့သူတွေ အိုးဘားမားတို့ မဟုတ်တော့ မြန်မာစီးပွားရေး အခက်အခဲ ဖြစ်သွားပြီလားလို့ မေးလာ ကြပါတယ်။ ဒီနေရာမှာ အဓိကက အမေရိကန်သမ္မတ လုံး၀ မဟုတ်ပါဘူး။ အဓိကက မြန်မာပြည်က ခေါင်းဆောင်တွေက အဓိကပါ။
မြန်မာပြည်က ခေါင်းဆောင်တွေက အမေရိကန်က သမ္မတ တွေကို ဘယ်သမ္မတ တက်တက် ပူးပေါင်း ဆောင်ရွက်တတ်ဖို့ပဲ လိုအပ်ပါတယ်။ အမေရိကန်နဲ့ ပေါင်းလိုက်တဲ့ နိုင်ငံတိုင်းက တိုးတက်တယ်။ မြန်မာနိုင်ငံတက္ကသိုလ်မှာ အိုဘားမား လာပြီး မိန့်ခွန်းပြောခဲ့တယ်။ ဘာမှ မတိုးတက်ခဲ့ဘူး။ အခု အမေရိကန်ကို ဒီဘက်က ခေါင်းဆောင်တွေသွားတယ် ဘာစာချုပ်မှ မချုပ်နိုင်ခဲ့ဘူး။ အမေရိကန်သမ္မ မြန်မာပြည် လာတယ် ဘာစာချုပ်မှ မချုပ်နိုင်ခဲ့ဘူး။ အခု ဆန်ရှင်လွှတ်လိုက်တဲ့အတွက် အမေရိကန်ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်တတ်ဖို့ ပဲလိုတယ်။ အမေရိကန်တွေနဲ့ပေါင်းရင် အရင်ဆုံးက စံချိန်စံညွှန်း သတ်မှတ်တဲ့ ကော်မတီတွေဖွဲ့ပေးရမယ်။ အရည်အသွေး မြင့်ရမယ်။
သမ္မတအိုဘားမား မြန်မာကို ၂ ခေါက်လာတယ် မြန်မာမှာ ဘာတိုးတက်လို့လဲ။ ဘာတွေ မြန်မာနိုင်ငံက လုပ်တတ်ခဲ့လို့လဲ။ ကလင်တန်သမ္မတဖြစ်ခဲ့လို့ မြန်မာပြည်ကို ၁၀ ခေါက်လာဦး မြန်မာပြည်က ဘာလုပ်တတ်လို့လဲ။ ဒါကြောင့် ဒေါ်နယ်လ်ထရန့်နဲ့လည်း မဆိုင်ဘူး။ ကလင်တန်နဲ့လည်း မဆိုင်ဘူး။ ဘယ်သမ္မတတက်တက် မြန်မာပြည်က ပေါင်းတက်ဖို့ပဲ လိုတယ်။ နောက်ပြီး အမေရိကန်နိုင်ငံရွေးကောက်ပွဲ နှစ်တိုင်းနှစ်တိုင်း စတော့တွေ ရှယ်ယာတွေ ဈေးကျမယ်။ ဒေါ်လာဈေးကျတတ်တယ်။