အစော်ကားခံ မသန်စွမ်းအမျိုးသမီးတွေ တရားမျှတရေး ခက်ခဲနေတယ်

နန်းဆိုင်နွမ်
တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လူငယ်ရှေ့နေများ ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှု ရရှိရန်၊ လူ့အခွင်အရေး မြှင့်တင်ပေးလိုသည့် ရွယ်ရွယ်ချက်ဖြင့် ဥပဒေရေးရာ ကုစားရေး လူငယ်အဖွဲ့ကို ၂၀၁၁ ခုနစ်တွင် စတင် တည်ထောင်ခဲ့သည်။ လက်ရှိအချိန်တွင် ဥပဒေရေးရာ ကုစားရေးအဖွဲ့သည် အမျိုးသမီးအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုများနှင့် ပတ်သက်ပြီး အခမဲ့ရှေ့နေ့အဖြစ် လိုက်ပါဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ အမျိုးသမီးများ နည်မျိုးစုံဖြင့် အကြမ်းဖက်ခံရမှု၊ သက်ငယ်မုဒိန်းမှုများ လိုက်လံကူညီ ဆောင်ရွက်ပေးချိန်၌ တွေ့ကြုံနေသည့် အခက်အခဲ၊ စိန်ခေါ်မှုများအား လည်းကောင်း၊ သက်ငယ်မုဒိန်းမှု ပြုကျင့်သူများအပေါ် မည်သို့ပြစ်ဒဏ်ချမှတ်သင့်လဲဆိုသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကို ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။      ။ ဒီတနှစ်အတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိန်းမှုပေါင်း ဘယ်လောက်အထိ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ပါလဲ။

ဖြေ။       ။ ၂၀၁၆ ဇန်နဝါရီကနေ အောက်တိုဘာအထိ ကျမတို့ရုံးကို လာရောက်အကူအညီ တောင်းနေတဲ့ အမှု ၂၈၇ မှု ရှိတယ်။ အဲဒီအထဲမှာ ကျမတို့လိုက်ပြီး ဆောင်ရွက်ပေးတာ ၈၂ မှု ဖြစ်တယ်။ ကျန်တဲ့အမှုတွေကို ကျမတို့ ညှိနှိုင်းပေးတယ်။ တချို့အမှုကတော့ လာဆွေးနွေးပြီး တရားမစွဲလိုက်တာတွေ ရှိတယ်။ တရားရုံးမှာ စွဲထားတာက ၈၂မှုပါ။

ဒီ ၈၂ မှုမှာ အမျိုးသမီးတွေကို အိမ်တွင်းအကြမ်းဖက်မှုနဲ့ဆိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမျိုးသား ဖောက်ပြန်မှု၊ တလင်တမယားနဲ့ စွဲထားတဲ့ အမှုတွေပါတယ်။ ၈၂ မှုကို ကျမတို့ လေ့လာလိုက်တဲ့အခါမှာ ၂၀ ကျော် က မုဒိန်းမှု ဖြစ်တယ်။ အဲဒီမုဒိန်းမှုတွေကို ထပ်လေ့လာကြည့်တဲ့အခါမှာ အားလုံးက သက်ငယ်မုဒိန်းမှုတွေ ဖြစ်နေတယ်။

မေး။      ။ ဥပဒေကုစားရေး အဖွဲ့အနေနဲ့ လိုက်လံကူညီပေးနေတဲ့ သက်ငယ်မုဒိန်းမှု ၂၀ ကျော်မှာ ဘယ်နှစ်မှု နိုင်ခဲ့ပါလဲ။

ဖြေ။       ။ တချို့အမှုတွေကတော့ ဆုံးဖြတ်ပြီးသွားပြီ။ တချို့ကတော့ တရားရုံးမှာ ရင်ဆိုင်နေရဆဲပါ။ တရားရုံးမှာ ရင်ဆိုင်တဲ့ အမှုတွေက နိုင်တယ်မနိုင်ဘူးတော့ ပြောလို့ မရဘူး။ ကျမတို့ရုံးအနေနဲ့ သက်ငယ်မုဒိန်း လိုက်ပါတဲ့ အမှုတိုင်းလိုလို နိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ရုံးကို လာတိုင်းတဲ့အပိုင်းမှာ အမှန်တကယ် ကျုးလွန်ခံရတဲ့အတွက် ကျမတို့နိုင်ပါတယ်။ ကျမတို့ရုံးက အတော်များများ လိုက်ပါဆောင်ရွက်ခဲ့တဲ့ အထဲမှာ တရားမျှတမှု မရရှိတာ ခက်ခဲတာက မသန်စွမ်းအမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေ ဖြစ်နေတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့က စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မသန်စွမ်းတဲ့အတွက် တရားရုံးကို လာနိုင်တဲ့ အနေအထား မရှိဘူး။ တချို့ခံရတာ သိတယ်။ တိုင်ဖို့ အဆင်မပြေဘူး။ တရားရုံးမှာ လာရောက်ထွက်ဆိုဖို့က အဆင်မပြေကြဘူး။ တရားရုံးတွေမှာ မသန်စွမ်းတွေအတွက် သွားဖို့လာဖို့ လွယ်ကူအောင် ထွက်ဆိုဖို့ လွယ်ကူအောင် ဘာမှမလုပ်ထားပေးဘူး။ ဆွံ့အနားမကြား အမှုမှာဆို ကျမတို့ တရားမျှတမှု ရရှိဖို့ တော်တော်ကြိုးစားရတဲ့ အနေအထား ရှိတယ်။

မေး။      ။ မသန်စွမ်းသူတွေကို အဓမ္မကျင့်ခံရတဲ့ အမှုတွေ ဒီနှစ်ထဲမှာ ဘယ်လောက်ရှိပါလဲ။

ဖြေ။       ။ မသန်စွမ်းသူ အဓမ္မကျင့်ခံရတာ ကျမသိသလောက်တော့ ၅ မှုနဲ့ အထက်မှာ ရှိတယ်။

မေး။      ။ တချို့က တိုင်ကြားဖို့ ခက်တယ်လို့ ပြောကြတယ်။ တိုင်ကြားဖို့ ဘာကြောင့်ခက်ခဲနေတာကို တွေ့ရပါလဲ။

ဖြေ။       ။ ကျမတို့နိုင်ငံမှာ တရားမျှတမှုကို လက်လှမ်းမီ ရယူဖို့အတွက် အဓိကစိန်ခေါ်မှုက ရဲစခန်း၊ တရားရုံးတွေကို ကြောက်တယ်။ ယုံကြည်မှု ကင်းမဲ့တယ်။ အဲဒီနေရာတွေကို သွားရင်လည်း တရားမျှတမှုကို ရချင်မှရမယ်ဆိုတဲ့ယုံကြည်မှု ကင်းမဲ့တဲ့ အနေအထား ရှိနေတယ်။ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ အနေအထားမှာ လွယ်ကူစွာ တိုင်တန်းနိုင်တဲ့ ယန္တရား မရှိဘူး။ နောက်ပြီး အမျိုးသမီး အတော်တော်များများက အမှုစစ်ဆေးနေတဲ့ အပိုင်းတွေကို နားလည်ကျွမ်းကျင်မှု မရှိဘူး။

မေး။      ။ ဥပဒေ ကုစားရေးအဖွဲ့ လိုက်ပါနေတဲ့ သက်ငယ်မုဒိန်းမှုတွေမှာ တရားခံကို ပြစ်ဒဏ်ချတဲ့ အပိုင်းရော ပြစ်ဒဏ်ဘယ်လောက်အထိ ချခံရပါလဲ။

ဖြေ။       ။ ကျမတို့ အတွေ့အကြုံအရဆိုရင် သက်ငယ်မုဒိန်းနဲ့ ပတ်သတ်ပြီး သက်ငယ်မုဒိန်း ကျူးလွန်တာ ပေါ်ပေါက်ရင် တရားရုံးမှာ ထိရောက်ဟန့်တားတဲ့ပြစ်ဒဏ် ချမှတ်ပေးရတယ်။ ဥပမာအနေနဲ့ ပြောရရင် အဖေကသမီးကို အဓမ္မကျင့်တဲ့ အမှုတခုဆိုရင် ကျူးလွန်တဲ့သူကို ၁၀ နှစ် အပြစ်ဒဏ် ချမှတ်တာ တွေ့ရတယ်။

မေး။      ။ သက်ငယ်မုဒိန်းမှုတွေမှာ ဘယ်လိုလူတွေ ပြစ်မှုကျူးလွန်မှုများတယ် ဆိုတာကို တွေ့ရပါလဲ။

ဖြေ။       ။ သက်ငယ်မုဒိန်းမှုအပေါ် လေ့လာချက်အရ အဲဒီရပ်ကွက်မှာနေတဲ့ အိမ်နီးနားချင်း၊ အိမ်ကို ဝင်ထွက်သွားလာတဲ့ ဆွေမျိုးရင်းခြာတွေပြုကျင့်တာ များပြီး တချို့ သက်ငယ်မုဒိန်းမှု တွေမှာ  အဖေ အရင်းတွေ ပြုကျင့်တာ တွေ့ရပါတယ်။

မေး။      ။ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သတ်ပြီး ရှေ့နေတဦးအနေနဲ့ ဘယ်လိုပြစ်မှုတွေ ပေးသင့်တယ်လဲလို့ ထင်ပါလဲ။

ဖြေ။       ။ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သတ်ပြီး ပြစ်မှုဆိုင်ရာဥပဒေ ရာဇာသတ်ကြီး ပုဒ်မ ၃၇၆ မှာ ထောင်ဒဏ် ၁၀ နှစ် ဖြစ်စေ တသက်တကျွန်းဆို နှစ် ၂၀ ဖြစ်စေ ချနိုင်တယ်လို့ ပြောထားတယ်။ သက်ငယ်မုဒိန်းမှာ လူတယောက်ကို နှစ် ၂၀ ချရင် လူတယောက်အတွက် များတဲ့ပြစ်ဒဏ် ဖြစ်နေတယ်။ ဒါပေမယ့် အခုထိ သက်ငယ်မုဒိန်းတွေမှာ ၁၀ နှစ် အများဆုံးပဲ ချထားတယ်။

တချို့က ပြောကြတယ် သေဒဏ်အထိ ပေးသင့်တယ်လို့ ပြောတယ်။ သက်ငယ်ပိုင်းနဲ့ မသန်စွမ်း မုဒိန်းမှုတွေက ပိုများတယ်။ ကလေးတွေဖြစ်တဲ့အတွက် ချည်းကပ်ရတာ လွယ်တယ်။ ကျမအနေနဲ့ပြောရရင် ထိရောက်ဟန့်တားတဲ့ ရာဇာသတ်ကြီးမှာ ပြဌာန်းထားတဲ့ ထောင်ဒဏ် နှစ်၂၀ အထိတော့ အပြည့်အဝ ချစေချင်တယ်။

မေး။      ။ ရဲဌာနတွေရော ဘယ်လိုပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ထင်ပါလဲ။

ဖြေ။       ။ တချို့ကိစ္စတွေကို ရဲရေးမပိုင်တဲ့အတွက် သူတို့က လုပ်ပေးလို့ မရဘူး။ အမျိုးသမီး အကြမ်းဖက်ခံရမှုကို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုလို့မြင်ဖို့ လိုတယ်။ ရဲတွေက အကြမ်းဖက်မှုတွေကို ထိရောက်စွာ စုံစမ်းဖော်ထုတ် တရားစွဲဆိုနိုင်အောင် မူဝါဒပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ အကောင်အထည် ဖော်နိုင်ဖို့ ဥပဒေပြဌာန်းပေးရမယ်။ မူဝါဒတွေ ထုတ်ပြန်ပေးရမယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေကို သွားတိုင်ရင် အမျိုးသမီးတော်တော်များများဟာ ယောကျၤားနဲ့ ခဏတာရန်ဖြစ်တာဆိုပြီး အမှုမဖွင့်ဘဲ ပြန်လွတ်လိုက်တာ များတယ်။ အမျိုးသမီးတွေအတွက် ကြုံတွေ့နေတဲ့ အခက်အခဲက အများကြီးပါ။

မုဒိန်းကျင့်ခံရရင် အမျိုးသမီးတွေကို မျက်လုံးစိမ်းတွေနဲ့ ကြည့်ကြတယ်။ ခွဲခြားဆက်ဆံ ခံရတယ်။ အမျိုးသမီးက အရဲစွန့်ပြီး တိုင်ကြားတယ်ဆိုပါစို့၊ ဥပမာ – ကျေးလက်နေ အမျိုးသမီးတဦးက ရပ်ကျေး အုပ်ချုပ်ရေးမှူးကို သွားတိုင်ရင် အမျိုးသမီးတွေ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရတဲ့ကိစ္စသည် လျှို့ဝှက်ထားရမယ်ဆိုတာ မသိကြဘူး။ အဲဒီကိစ္စမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် အဆင်မပြေဘူး။

ရဲစခန်းကို အမှုသွားတိုင်ရင်လည်း အမျိုးသားရဲတွေပဲ တွေ့နေရတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာက လူမြင်ကွင်းမှာ မဟုတ်တဲ့အတွက် သက်သေ အခက်အခဲ၊ မျက်မြင်သက်သေ အခက်အခဲ စာရွက်စာတမ်း ကိစ္စတွေ အထောက်အထားတွေ ခက်ခဲတယ်။

မြန်မာနိုင်ငံရဲ့ တရားရုံးမှာ အကြမ်းဖက် ခံရတဲ့သူနဲ့ အကြမ်းဖက်တဲ့သူ မမြင်နိုင်အောင် ကာရံထားတာ မရှိဘူး။ ကိုယ်ကို အကြမ်းဖက်တဲ့သူရှေ့မှာ ကိုယ့်ကိုယ် ဘယ်လိုလုပ်ပါတယ်လို့ ပြောရတဲ့ အနေအထားက အဆင်မပြေတဲ့ အနေအထားပါ။ နောက်သွားရေးလာရေး၊ အချိန်နဲ့ငွေကြေးအပိုင်း တချို့ဆိုရင် ဘယ်လောက်ကြာမှာလဲ ကြာချိန်ကိုပဲ မေးတယ်။

ကျမတို့ ရှေ့နေတွေက ကြာချိန်ပြောလို့ မရဘူး။ အမျိုးသမီးတွေက တရားမျှတမှု ရချင်ပေမယ့် သူမှာနေ့စဉ်စားဝတ်နေရေး ရုန်းကန်နေရတဲ့အတွက် သူတို့အချိန်မပေးနိုင်ဘူး။ နေ့စဉ်လုပ်ငန်း တနေ့လုပ် တနေစားရတဲ့အတွက် အခမဲ့ လိုက်ပါ ကူညီပေးနေတဲ့ အဖွဲ့ရှိတာတောင် သူတို့အတွက် မဖြစ်နိုင်ဘူး။ အချိန်အတိုင်းအတာနဲ့ စားဝတ်နေရေး ထိခိုက်ကြတယ်။

မေး။      ။ အမှုလိုက်တဲ့အခါမှာ ဘယ်လိုအရာတွေက စိန်ခေါ်မှုတွေ ဖြစ်နေလဲ။

ဖြေ။       ။ စိန်ခေါ်မှုက အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး ဥပဒေ သီးခြား ပြဌာန်းထားတာ ဥပဒေမရှိဘူး။ အဲဒီတော့ ပြစ်မှုဆိုင်ရာ ဥပဒေ ရာဇာသတ်ကြီးအရပဲ ပြစ်ဒဏ်ပေးတာတွေ ခေတ်နဲ့လျော်ညီမှု မရှိတဲ့ အပိုင်းတွေ သက်သေအခက်အခဲတွေပါ။ အိမ်တွင်းဖြစ်တဲ့အတွက် ကြားမဝင်ရဆိုတဲ့ စကားရှိနေတော့ ဘယ်သူမှ သက်သေ မလုပ်ပေးချင်ကြဘူး။

နောက်တချက်က အိမ်တွင်းအကြမ်းဖက်မှုတွေမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကိုယ်တိုင်က အမျိုးသားတွေကို တရားစွဲဖို့အတွက် အရမ်းခက်ခဲကြတယ်။ ကလေးတွေအဖေကို ထောင်ထွက်မဖြစ်စေချင်ဘူး။ ဒါတွေက အတားအဆီးအဖြစ် ကြုံရတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက တရားရုံး၊ ရဲစခန်းကို မသွားချင်ကြတာကလည်း အတားအဆီး တခုပါပဲ။

မေး။      ။ လက်ရှိ အစိုးရလက်ထက် သက်ငယ်မုဒိန်းမှုနဲ့  ပတ်သတ်ပြီး ဘယ်လိုထင်မြင်ပါလဲ။

ဖြေ။       ။ အမျိုးသမီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ရေးဆွဲနေတယ်။ အဲဒီဥပဒေကို ယုံကြည်ပါတယ်။ သက်ငယ်မုဒိန်းတွေကို ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်တွေ ပါလာနိုင်တယ်။ အခု အစိုးရကတော့ ကျမအနေနဲ့ Silent ( နှုတ်ဆိတ် နေတယ်လို့) မပြောလိုပါဘူး။ သူတို့လည်း တခြားအရေးကြီးကိစ္စတွေ ရှိနေသေးတဲ့အတွက် ဒီဘက်မှာ အသံထွက်ဖို့ တိုးတိတ်နေတယ်လို့ ထင်ပါတယ်။

သက်ငယ်မုဒိန်းဖြစ်တဲ့ အမျိုးသမီးငယ်ရဲ့ နောက်ဆက်တွဲ ကိစ္စတွေကို လုပ်ဆောင်ပေးဖို့ လိုတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကုသပေးဖို့ အကြမ်းဖက်သူက သူတို့ရင်းနှီးတဲ့သူတွေ ဆွေမျိုးသားချင်းတွေ ဖြစ်နေနိုင်တဲ့အတွက် ထိရောက်ဟန့်တား ပြစ်ဒဏ်ချပေးရုံနဲ့ မရပါဘူး။ ကျုးလွန်သူတွေကိုပါ စိတ်ပိုင်းဆိုင်ရာနဲ့ အကျင့်စာရိတ္ထ ပြောင်းပေးဖို့လည်း လိုပါတယ်။

မေး။      ။ ၂၀၁၁ ခုနစ်နဲ့ ၂၀၁၆ ခုနစ်အကြား အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ အမှုတွေ ဘယ်ခုနစ်မှာ အများဆုံး ဖြစ်ခဲ့ပါလဲ။

ဖြေ။       ။ ၂၀၁၁ ခုနစ်မှာ အမြင်ဖွင့် ဆွေးနွေးတာတွေ လုပ်တယ်။ ၂၀၁၂ ခုနစ်မှာ သင်တန်းတွေကို ရန်ကုန်တိုင်းမှာ တွင်တွင်ကျယ်ကျယ် ပေးလာတယ်။ သင်တန်းတွေ ပေးလာပြီး ၂၀၁၂ ခုနစ်မှာ အမှုတွေ နည်းပါတယ်။ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုနစ်တွေမှာတော့ ကျမတို့ ဦးတည်တဲ့နေရာတွေ ယှဉ်လိုက်ရင် ဥပဒေအခွင့်အရေး၊ အမျိုးသမီးတွေနဲ့ဆိုင်တဲ့ အကြမ်းဖက်မှု အခွင့်အရေးတွေကို ဟောပြောပို့ချပြီးနောက်မှ အမျိုးသမီး အကြမ်းဖက်မှုတွေ တနှစ်ထက်တနှစ် ပိုများလာတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အမှုပေါင်း ၂၀၀ ကျော်တယ်။

ယေဘုယျအားဖြင့် ပြောနိုင်တာက ၂၀၁၂ ခုနစ်ကနေ ၂၀၁၆ ခုနစ်အထိ နှစ်စဉ်နှစ်တိုင်း အမှုတွေ၊ အကူအညီတွေ လာတောင်းတာ ပိုများလာတယ်။ အမှုတွေ ပိုများလာတာ အကြမ်းဖက်မှုတွေ ပိုဖြစ်လာတယ်လို့ မပြောချင်ဘူး။ အရင်ကတည်းက အကြမ်းဖက်မှုတွေ ရှိနေပါတယ်။

အခုက အမျိုးသမီးတွေကို ဥပဒေအရ ကူညီပေးတဲ့အဖွဲ့တွေ ရှိလာတဲ့အခါမှာ အမျိုးသမီးတွေက အားရှိလာပြီး ထုတ်ဖော်ပြောလာတယ်လို့ ယုံကြည်တယ်။ အခုထိ အမှု အတော်များများ လိုက်ပါဆောင်ရွက်ပေးခဲ့ပြီ။ ကျမတို့ရုံးကို တက်လာတဲ့အမှု ၂၀၀ ကျော် အားလုံးက အမျိုးသမီး အကြမ်းဖက်ခံရတဲ့ အမှုတွေပါ။

မေး။      ။ ဥပဒေကုစားရေး အဖွဲ့အနေနဲ့ အမျိုးသမီး အကြမ်းဖက်ခံရတဲ့ အမှုတွေကိုပဲ ဘာကြောင့်အခမဲ့  လိုက်လံကူညီ ပေးနေတာပါလဲ။ ဒီလိုအခမဲ့ လိုက်လံကူညီတဲ့နေရာမှာ ဘယ်အဖွဲ့ကနေ ထောက်ပံ့ပေးထားပါလဲ။

ဖြေ။       ။ ကျမတို့  ပြည်သူတွေကို အမြင်ဖွင့်ပေးတာတွေ ဥပဒေအရ အကူအညီပေးတာတွေက မြန်မာပြည်မှာ ဥပဒေမူဝါဒ ပြောင်းလဲလာနိုင်အောင် လုပ်နေခြင်းဖြစ်တယ်။ ကျမတို့အဖွဲ့ကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ ထားပါတယ်။

မေး။     ။ ဥပဒေရေးရာ ကုစားရေးအဖွဲ့အနေနဲ့ ဦးတည် (Target)  လုပ်ပေးနေတဲ့မြို့ ဘယ်နှစ်မြို့လောက် ရှိပါလဲ။

ဖြေ။       ။ ၂၀၁၂ ခုနစ်က ဦးတည်လုပ်ပေးတာက ရန်ကုန်တိုင်းမှာ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ ၊ ဒလ၊ ဒေါပုံ၊ သာကေတ မြို့နယ် ၅ မြို့နယ်ပါ။ ၂၀၁၃ ခုနစ် ကတည်းက ရန်ကုန်မှာ နေ့ချင်းပြန်သွားလို့ရတဲ့ ဒေသတွေအားလုံး သွားပါတယ်။ ပြီးတော့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေကိုလည်း လိုက်ပါကူညီ ပေးနေပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ရုံးခွဲ ၆ ခု ရှိပါပြီ။

မေး။      ။ ဘာများ ထပ်ဖြည့်ပြောချင်ပါသေးလဲ။

ဖြေ။       ။ အမျိုးသမီးထုတွေကို ပြောချင်တာက အိမ်တွင်းအကြမ်းဖက်မှု အပါအဝင်  အကြမ်းဖက်မှုတွေ ဖြစ်လာရင် တိုးတိတ် မနေပါနဲ့။ တရားမျှတမှု ရရှိအောင် ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေ ရှိနေပါတယ်။ တရားဥပဒေ အကာအကွယ် ရယူပါ။ ပတ်ဝန်းကျင်ကလည်း အမျိုးသမီးတွေကို ဖေးမဆောင်ရွက်ဖို့ လိုပါတယ်။ ဥပဒေ အကောင်အထည်ဖော်တဲ့ သူတွေအနေနဲ့လည်း အမျိုးသမီးကိစ္စတွေကို အရေးမကြီးဘူးလို့ သဘောမထားဘဲ ဥပဒေ ချိုးဖောက်ခံရတဲ့ကိစ္စလို့ သဘောထားပြီး အကောင်အထည်ဖော်တဲ့အခါမှာ တရားမျှတမှုရှိစွာ လာဘ်စားမှုကင်းစွာနဲ့ မှန်မှန်ကန်ကန် အကောင်အထည် ဖော်စေလိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading