နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေက မြန်မာအစိုးရစစ်တပ်ဟာ ရခိုင်ပြည်နယ်၊ မောင်တောဒေသ စစ်ဆင်ရေးအတွင်း ရွာတွေကို မီးရှို့တယ်၊ ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲပြောဆိုနေပါတယ်။ ဒီလိုစွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ေဋ္ဌးကို ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းက သတင်းထောက်မိုးမြင့်က ဆက်သွယ်မေးမြန်းထားတာများကို ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးထားတာတွေ့ပါတယ်။ မောင်တောမှာ ရွာတွေကို မီးရှို့တာ၊ ရွာသားတွေကို အကြောင်းမဲ့ သတ်ဖြတ်တာမျိုး အစိုးရစစ်တပ်ဘက်က ကျူးလွန်နေတယ်။ ဒါတွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာမျိုး ဘန်ကောက်ပို့စ်သတင်းစာက ရေးထားပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ တိုက်ခိုက်မှုဖြစ်စဉ်ရဲ့ အသေးစိတ်ကိုလည်း မသိရသေးဘူး။ ပြီးတော့ ဒီနယ်မြေတွေမှာ သတင်းရယူခွင့် ဖွင့်ပေးသင့်တယ် ဆိုတာမျိုးပါ ရေးသားထားတယ်။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ တယောက်အနေနဲ့ ဒီရေးသားချက်နဲ့ ပတ်သတ်ပြီး ဘယ်လို တုံ့ပြန်ချင်ပါလဲ။
ဖြေ။ ။ ဒီလိုစွပ်စွဲပြောဆိုမှုတွေ ကြီးကြီးမားမား ပေါ်ထွက်နေတယ်။ ဒီနေ့တောင် အာဆီယံပါလီမန်က လူ့အခွင့်အရေး အမတ်တွေက အဲဒီလို စွပ်စွဲပြောဆိုမှုတွေကို ထုတ်ပြန်တာမျိုး ရှိတယ်။ ပြီးတော့ တရားမဝင် ဝက်ဆိုက်တွေမှာ အခြေအမြစ်မရှိ စွပ်စွဲမှုတွေကို ဖြန့်ဝေနေတာ ရှိပါတယ်။ ဖြန့်တဲ့အထဲမှာ အဓိကတော့ အိမ်တွေ မီးလောင်တဲ့ ကိစ္စတွေပေါ့။ ဒီသတင်းတွေနဲ့ ပတ်သတ်ပြီးတော့ အောက်ခြေမှာ တကယ်ဖြစ်မဖြစ်ကို တပ်မတော်က ပြန်စိစစ်နေတယ်။ ဒါတွေကိုလည်း သတင်းထုတ်ပြန် ပေးထားပါတယ်။ နောက်ပြီး သူတို့ဆီမှာရှိနေတဲ့ သတင်းနဲ့ အိမ်ခြေ မီးလောင်ပျက်စီး ဆုံးရှုံးမှုတွေကို ဖော်ပြသလို၊ ကျေးရွာအလိုက် မီးလောင်ပျက်စီးမှုတွေကိုလည်း ထပ်မံပြီး စိစစ်မယ်။ အတည်ပြုဖို့ လုပ်နေတာ ရှိတယ်။ အဲဒါတွေကိုလည်း အချိန်မီ သတင်းထုတ်ပြန်ပေးသွားမယ်။ ဆိုတော့ ဒီလို စွပ်စွဲပြောကြားချက်တွေနဲ့ ပတ်သတ်ပြီး လုံးဝလျစ်လျူရှုထားတာမျိုး မဟုတ်ဘူး။ ဒါတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲရယ်၊ တပ်မတော်ရယ်ကို ပြန်မေးမြန်းပြီးတော့ သတင်းထုတ်ပြန် ပေးနေတာပါ။
ကိုဖီအာနန်ကော်မရှင် ရခိုင်ကို သွားတယ်။ ပြီးတော့ ကြေငြာချက်လည်း ထုတ်ထားတာ ရှိတယ်။ နံပါတ် (၁) အချက်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့ မောင်တောဒေသမှာ လုံခြုံရေးဆောင်ရွက်တဲ့တပ်ဖွဲ့တွေအနေနဲ့ တရားဥပဒစိုးမိုးရေးကို ဥပဒေနဲ့အညီ ဆောင် ရွက်ဖို့၊ နံပါတ် (၂) အချက်ကတော့ လူ့အသိုင်းအဝိုင်းအားလုံး အကြမ်းဖက် တိုက်ခိုက်မှုကို ဆန့်ကျင်ကြဖို့၊ နံပါတ် (၃) အချက်က သူ့ရဲ့ပေးထားတဲ့ တာဝန်ဖြစ်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးတွေကို ဆက်လက်ဆောင်ရွက်နေတဲ့ အကြောင်းဖြစ်တယ်။ နံပါတ် (၁) အချက် – ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ဆိုတာ ကျနော်တို့ သဘောတူတယ်။ လက်ခံတယ်။ ကျနော်တို့ အစိုးရရော၊ ကျန်တဲ့လုံခြုံရေး အဖွဲ့အစည်းတွေကပါ၊ မူဝါဒ ၃ ရပ် ချမှတ်ပြီး ဆောင်ရွက်နေတာ ဖြစ်တယ်။
ပထမဆုံးအချက်က အကြမ်းဖက် တိုက်ခိုက်သူတွေကို နှိမ်နှင်းတဲ့အခါမှာ ကျနော်တို့သတိကြီးကြီးထား ဆောင်ရွက်ဖို့၊ ဘာကြောင့်လဲဆိုတော့ ရခိုင်ဒေသဟာ ပဋိပက္ခ ဖြစ်ပွားတဲ့နေရာမှာ ဖြစ်ပေါ်ခဲ့တဲ့ စွပ်စွဲမှုတွေ ရှိလာနိုင်တယ်။ အရင်ကလည်း ရှိခဲ့ဖူးတယ်။ နံပါတ် (၂) အချက်က ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့၊ နံပါတ် (၃) အချက်က လူအခွင့်ရေး ချိုးဖောက်မှုတွေ မရှိရေးစတဲ့ အချက်တွေနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်။ နံပါတ် (၂) အချက်ဖြစ်တဲ့ အကြမ်းဖက်မှုကို လူ့အသိုင်းအဝိုင်းက ဆန့်ကျင်တိုက်ဖျက်ဖို့ဆိုတဲ့ကိစ္စ၊ ကျနော်တို့ အပြည့်အ၀ ထောက်ခံပါတယ်။ ဘာဖြစ်လဲဆိုတော့ မောင်တောမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုကို လေ့လာကြည့်လိုက်တော့ အကြမ်းဖက် တိုက်ခိုက်သူတွေဟာ ရွာခံတွေနဲ့ ရောနှောပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆောင်ရွက်နေတယ်။
အဲဒီနယ်မြေခံတွေက အကြမ်းဖက်သမားတွေကို ကာကွယ်ပေးတာ၊ ပုန်းကွယ်ပေးတာ၊ အားပေးကူညီနေတာတွေက အကြမ်းဖက်မှုကို အားပေးနေတာ ဖြစ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက ဒီအခြေအနေတွေကို လေ့လာဖို့ ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်။ မောင်တောဒေသမှာ ရှိနေတဲ့ ဒေသခံအားလုံးက (မွတ်စလင် ၊ရခိုင်) အကြမ်းဖက်သမားကို ကူညီတာမျိုး မလုပ်ပေးဖို့။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့၊ ပြီးတော့ ခုနက ကျနော်ပြောနေတဲ့ အာဆီယံ လူ့အခွင့်ရေး ပါလီမန်အမတ်တွေရော၊ ကျန်တဲ့လူ့အခွင့်ရေး အဖွဲ့အစည်းတွေရော၊ ကမ္ဘာအရပ်ရပ်မှာ ရောက်နေတဲ့ ကျန်တဲ့ အခြားအဖွဲ့အစည်းမျိုးစုံရောပေါ့လေ၊ ဒီအကြမ်းဖက် တိုက်ခိုက်မှုကို ပိုပြီးကြီးထွားမလာအောင်၊ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အားပေးအားမြှောက် လုပ်ရာမရောက်အောင်၊ အကြမ်းဖက် လုပ်ရပ်တွေကို ဆန့်ကျင်ဖို့ ပြန်ပြီးတိုက်တွန်းချင်တာ ရှိပါတယ်။
မေး။ ။ မောင်တောမှာ စနေ၊ တနင်္ဂနွေတုန်းက တိုက်ခိုက်မှုပေါ့။ အနည်းဆုံး လူ ၂၅ ယောက် သေဆုံးတယ်ဆိုတဲ့ ကိစ္စပါ။ ဟယ်လီကော်ပတာတွေ သုံးပြီးတော့မှ တိုက်ခိုက်ရတဲ့အဆင့် ဖြစ်သွားတယ် ဆိုတာမျိုး ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ရေးထားတာရှိတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရဖက်ကို ပြန်ပြီးဝေဖန်တဲ့ အချက်က လယ်ကွင်းထဲမှာ အရပ်ဝတ်နဲ့ သေနေတဲ့သူတွေမှာ လက်နက်လို့လည်း ကြီးကြီးမားမား မတွေ့ရဘူး။ ဒါကို လေကြောင်းနဲ့ တိုက်ခိုက်ဖြေရှင်းဖို့ လိုသလား။ တခြားနည်းလမ်း မရှိဘူးလားဆိုပြီး မေးခွန်းထုတ်ကြတဲ့အပေါ် ဘာပြောချင်ပါလဲ။
ဖြေ။ ။ နိုင်ငံတကာအနေနဲ့လည်း ဒါမျိုးဖြစ်ရပ်တွေနဲ့ ပတ်သတ်ပြီး သူတို့မှာ အတွေ့အကြုံ ရှိပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ပြန်ကြည့်မယ်ဆိုရင် ကလေးနဲ့ မိန်းမတွေကို (လူသားဒိုင်း) ရှေ့မှာထားပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆောင်ရွက်တယ်။ အခင်းဖြစ်တဲ့နေရာက အိမ်ခြေ ၈၀၀ ဝန်းကျင် ရှိတယ်။ အိမ်ခြေ ၈၀၀ ဆိုတော့ လူအနေအထား စဉ်းစားကြည့်ပေါ့နော်။ ရွာလုံးကျွတ်နီးပါးက အဲဒီမှာ ပူးပေါင်းပါဝင်တဲ့အတွက် အဲဒီမှာ စစ်ကြောင်းမှူး ကျဆုံးသွားတဲ့ ဖြစ်စဉ်ကို ပြန်မေးကြည့်တော့ လူအုပ်ကြီးနဲ့ စစ်ကြောင်းကို ရန်ပြုတာနော်။ စစ်ကြောင်းမှူးက အဲဒါကို ထိန်းသိမ်းဖို့၊ နေရာချနေတုန်းမှာ ခြုံကြားမှာပုန်းနေတဲ့ အကြမ်းဖက် တိုက်ခိုက်သူက ပစ်လိုက်တာ ဖြစ်တယ်။ ကျန်တဲ့လူတွေက ဘာလုပ်ကြလဲဆိုတော့ ကျည်ထိသွားတဲ့ စစ်ကြောင်းမှူးကို အမြန်ဆုံးကုသနိုင်ရေးအတွက် ရဟတ်ယာဉ် ခေါ်လိုက်တယ်။ ရဟတ်ယာဉ် မရောက်လာခင် မိနစ်ပိုင်းအတွင်း စစ်ကြောင်းမှူး ကျသွားတယ်။
ရဟတ်ယာဉ်က သူရဲ့ Capacity အကုန်လုံးကို ထုတ်သုံးတာမျိုး မဟုတ်ပါဘူး။ စက်သေနတ်နဲ့ ရမ်းပစ်လိုက်တာ ဖြစ်တယ်။ ဒုံးတွေ၊ ဗုံးတွေသုံးပြီး တိုက်ခိုက်တာမျိုးလည်း မဟုတ်ဘူး။ ဒီစစ်ကြောင်းတကြောင်းရဲ့ အင်အားနဲ့ လူအင်အား ၈၀၀- ၁၀၀၀ ဝန်းကျင်ရှိတဲ့ ရွာကို ဝန်းရံပိတ်ဆို့ဖို့ နိုင်နိုင်နင်းနင်း မရှိဘူး။ လက်တွေ့မြေပြင်မှာ ပတ်လည်ဝန်းရံ ခံရတာ ဖြစ်တယ်။ ရန်လိုတဲ့သူတွေက အယောင်ပြတယ်။ သေနတ်နဲ့ လူတွေက အနောက်ဘက်ကနေ လှမ်းပစ်တယ်။ ပစ်ပီးတာနဲ့ ရွာထဲကို ပြေးဝင်သွားတယ်။ လက်နက်ကို ဖွက်လိုက်ပြီးနောက် သာမန်အရပ်သားတွေနဲ့ ရောနေလိုက်တယ်။ ကျန်တဲ့ရွာသားတွေကလည်း သူ့ကိုဝိုင်းဝန်းပြီး ဖုံးကွယ်ပေးကြတယ်။ လူအုပ်ထဲကနေ ထွက်လာပြီးတော့ လူအုပ်ထဲမှာပဲ ပြန်ပျောက်သွားတယ်။ ဒါမျိုးလုပ်ရပ်တွေက တကယ့် အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတာမျိုးနဲ့ တူနေတယ်။ ပြီးတော့ အခု အမေရိကန်တို့၊ နေတိုးလို အဖွဲ့အစည်းမျိုးတွေ အီရတ်မှာ အကြမ်းဖက်သမားတွေကို နှိမ်နှင်းတဲ့အခါမှာ အရပ်သားတွေကို တိုက်ခိုက်နေပါတယ် ဆိုတာမျိုးတွေ စွပ်စွဲခံရတာ ရှိတယ်။
လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း အော်တယ်။ IS တွေ တိုက်တဲ့နည်းဗျူဟာမျိုးတွေကို မောင်တောမှာ ကျင့်သုံးနေကြတယ်။ လူထုကို ကာကွယ်ပေးဖို့အတွက် ပြောကြတယ်။ ဒါပေမယ့် အဲဒီလူထုက အကြမ်းဖက်မှုကို အားပေးတဲ့သဘော ရှိနေတယ်။ ရှိနေတဲ့အခါကျ လုံခြုံရေးတပ်ဖွဲ့တွေကိုပါ ဓါးတွေ၊ဒုတ်တွေနဲ့ ရန်မူတာမျိုး ဖြစ်နေတယ်။ ပြီးတော့ ရဟတ်ယာဉ်သုံးတယ် ဆိုတာကလည်း အခွင့်ကြုံလို့ ဖြစ်သွားတာပါ။ ဒဏ်ရာရတဲ့ စစ်ကြောင်းမှူးကို သယ်ယူဖို့သွားရင်းနဲ့ ဖြစ်သွားတာ။ လေကြောင်း၊ ကြည်းကြောင်း ပူးပေါင်းပြီး ပစ်ခတ်နေတယ် ဆိုတာမျိုး လုံးဝမဟုတ်ဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တပ်မတော်စစ်ကြောင်း ပူးပေါင်းပြီး နယ်မြေစိုးမိုးရေး ဆောင်ရွက်တဲ့အခါမှာ သာမန်အရပ်သားတွေကို ထိခိုက်မှုမရှိအောင် အထူးသတိထားရတယ်။ ဒါပေမယ့် လူထုကြားကပဲ အကြမ်းဖက်မှုကို လုပ်နေတာ ရှိတယ်။ ဒီနည်းဗျူဟာက မြန်မာနိုင်ငံမှာ စတင်တာမျိုး မဟုတ်ဘူး။ တကယ့်အကြမ်းဖက်မှုတွေ ပေါများတဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ လုပ်ခဲ့ကြတဲ့ သာဓကတွေ ရှိတယ်။
မေး။ ။ နောက်တချက်က အဲဒီခရီးစဉ်ကို သွားတဲ့အခါမှာ ဥပမာ – ဗွီဒီယိုနဲ့တကွ သက်သေခိုင်ခိုင်လုံလုံနဲ့ သတင်းတွေ ထုတ်လွှင့်တင်ပြတာမျိုး မရှိဘူး။ အစိုးရအနေနဲ့ စစ်ကြောင်းလည်း လွှတ်ထားတယ်၊ သတင်းသမားတွေ လွှတ်ထားတာလည်း ရှိတယ်။ ဒါပေမယ့် အခင်းဖြစ်တဲ့နေ့ကတည်းကစပြီး ဒီနေ့အချိန်ထိ စစ်ကြောင်းလှုပ်ရှားတာကို ရိုက်ထားတာမျိုး မတွေ့ရသေးဘူးနော်။
ဖြေ။ ။ အဲဒါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရော၊ တပ်မတော်၊ နယ်ခြားစောင့်တပ်တွေကပါ မှတ်တမ်းယူထားတာ ရှိတယ်။
အနည်းဆုံးတော့ ဓါတ်ပုံမှတ်တမ်း၊ ဖြစ်နိုင်ရင် ဗွီဒီယိုမှတ်တမ်းပေါ့၊ တချို့ဟာတွေက ထုတ်ပြန်ဖို့ မသင့်တာ ရှိတယ်။
ကျနော်တို့က မူဝါဒချမှတ်ထားတာ ရှိတယ်။ သွေးထွက်သံယို၊ လူသေတွေ၊ အလောင်းတွေ အဲဒါတွေကို ထိန်းတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဟာတွေကို နိုင်ငံပိုင်သတင်းမီဒီယာ(သို့မဟုတ်) တပ်မတော်ပိုင်က သော်လည်းကောင်း ထုတ်ပြန်ပေးလိုက်မယ်ဆိုရင် အဓိကစိုးရိမ်တာက ပြည်တွင်းကို ကူးစက်မှာကို ကြောက်တယ်။ ဒါကြောင့် ကျနော်တို့ အကန့်တွေ ခွဲထားတယ်။ မောင်တောမှာ ဖြစ်နေတာတွေက ဘာသာရေးအရလည်း မဟုတ်၊ လူမျိုးရေးအရလည်း မဟုတ်၊ နိုဝင်ဘာ ၉ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်တဲ့သူတွေကို မဖြစ်မနေ အားလုံးမရရအောင် ရှာဖွေ ဖော်ထုတ်ပြီး တရားဥပဒေကြောင်းအရ အရေးယူဖို့၊ ဒုတိယအချက်က ပါသွားတဲ့ လက်နက်တွေကို ပြန်ရဖို့ ဒီဟာတွေကို စစ်ဆင်ရေး ဆောင်ရွက်တာ ဖြစ်တယ်။ ဒီဘက် ပြည်မပိုင်းကို ကူးစက်မလာအောင်၊ ဘာသာရေး၊ လူမျိုးရေးအသွင် မဖြစ်လာအောင်၊ ဘာသာရေး ခေါင်းဆောင်တွေကိုလည်း အစိုးရကနေပြီးတော့ Silent Operation လုပ်နေတာ ရှိတယ်။ ကျနော်တို့ အထူးသတိထားရပါတယ်။ သွေးရဲရဲ သံရဲရဲပုံတွေကို ထုတ်လိုက်မယ်ဆိုရင် ဒီမှာပြောလို့မရတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်။ အရမ်းကို ထိန်းချုပ်ပြီးတော့ ဆောင်ရွက်ရတာ ဖြစ်တယ်။ မောင်တောကိစ္စကို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခလိုမျိုး အသုံးချမယ့် သူတွေလည်း ရှိနေနိုင်တယ်။ ဒါကြောင့် အထူးသတိထားတာပါ။
မေး။ ။ သတင်းမီဒီယာ လွတ်လပ်ခွင့် အပိုင်းပေါ့၊ MOI က စေလွှတ်ထားတဲ့ အဖွဲ့တွေ မဟုတ်ဘဲ၊ တခြား ပြည်တွင်းက မီဒီယာတိုက်တွေကိုလည်း သင့်သလို စီစဉ်သွားမယ်ဆိုတော့ အဲဒါက ဘယ်တော့လောက် စနိုင်မလဲ။
ဖြေ။ ။ ဘယ်တော့လောက် စနိုင်မလဲ ဆိုတာကိုတော့ အတိအကျပြောလို့ မရသေးဘူး။ ကျနော်တို့ ရှေ့ပြေးလွှတ်ထားတဲ့ အစိုးရသတင်းမီဒီယာတွေရဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ မြေပြင်မှာ သတင်းရယူမယ့် အနေအထား ဘယ်လိုရှိမလဲဆိုတာကို သုံးသပ်ပြီးတော့မှ လုပ်ပေးသွားမှာ။ မောင်တောအခြေအနေလည်း အတန်အသင့် တည်ငြိမ်နေရမယ်ပေါ့နော်။ အခုပါမယ့် သတင်းသမားတွေကိုပေါ့ဗျာ စစ်ရေးအခြေခံ သင်တန်းပေးဖို့လည်း အချိန်မရတော့ စစ်ကြောင်းတွေနဲ့လိုက်ပါပြီး သတင်းရယူဖို့ဆိုတာ အဲဒီက မြေပြင် အခြေအနေနဲ့လည်း သက်ဆိုင်တယ်။
မေး။ ။ Foreign Journalist နိုင်ငံတကာ သတင်းမီဒီယာတွေကိုရော သတင်းယူခွင့်ပေးဖို့ အစီအစဉ် ရှိပါလား။
ဖြေ။ ။ အဓိကတော့ ပြည်ပမှာအခြေစိုက်ပေမယ့်လည်း ပြည်တွင်းမှာ ရှိနေတဲ့သူတွေကိုတော့ ခွင့်ပြုပေးသွားမယ်။ ပြည်ပကျတော့ ဒီနယ်မြေကို မသိ ဒီနိုင်ငံအကြောင်း မသိဘဲနဲ့ လွှတ်ဖို့ကတော့ အင်မတန် ခက်ပါလိမ့်မယ်။