ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မူဆယ် ၁၀၅ မိုင်၊ မုံးကိုး၊ ပန်ဆိုင်း၊ နမ့်ခမ်းနဲ့ ကွက်ခိုင်ဒေသတွေမှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က မဟာမိတ်ပူးပေါင်း စစ်ဆင်ရေးတခု နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းကစပြီး ပြုလုပ်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ တပ်မတော်သား ၁ ဦး၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့ပြီး အရပ်သား ၁၈ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ အကောက်အခွန်ဝန်ထမ်း ၂ ဦး စုစုပေါင်း ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုတွေဟာ ဆက်တိုက်ဖြစ်ပွားနေပြီး တံတားအချို့လည်း ဖျက်ဆီးခံခဲ့ရသလို တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းလည်း ပြတ်တောက်သွားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး မဟာမိတ် ၄ ဖွဲ့ထဲက ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တာဘုန်းကျော် ကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးလုပ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ရှင်းပြစေချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ကတော့ ပူးပေါင်းစစ်ဆင်ရေးက လိုအပ်ချက်အရတာလုပ်ရတာပါ။ အဓိက စစ်ရေးပစ်မှတ်တွေ ဖြစ်တဲ့ မြန်မာ့တပ်မတော်တွေနေတဲ့နေရာတွေမှာ ကျနော်တို့တိုက်ပွဲတွေဖြစ်တယ်။ ဒီနေ့အထိလည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့ကတော့စစ်ရေးပဋိပက္ခတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက် အစိုးရ ပိုပြီးတော့ လက်တွေ့ကျကျ စဉ်းစားနိုင်ဖို့အတွက် စစ်ရေးပူးပေါင်းလှုပ်ရှားမှုဖြစ်တယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ ဒီနေ့အထိတိုက်ပွဲတွေဆက်ဖြစ်နေတယ်ဆိုတော့ ဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ရှင်းပြပေးပါဦး။
ဖြေ ။ ။ ဟုတ်ကဲ့ ဒီနေ့ တိုက်ပွဲဖြစ်နေတာကတော့ ၁၀၅ မိုင် မရောက်ခင် ကွတ်ခိုင်-နမ့်ဖက်ကာ ၁၀၅ မိုင်ကြားမှာရှိတဲ့ ကားလမ်းတွေမှာ တောက်လျှောက်တိုက်ပွဲတွေဖြစ်နေတယ်။ ပြီးတော့ မုန်းကိုးမှာလည်း တိုက်ပွဲတအားပြင်းတယ်။ ပြီးတော့ မန်တုံမြို့နယ်ထဲမှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ ဆိုတော့ တိုက်ပွဲတွေက နေရာတိုင်းမှာလိုကိုဖြစ်နေတယ်။
မေး ။ ။ မနေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ အရပ်သားတွေချည်းပဲ စုစုပေါင်း ၃ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရတယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဆိုတော့ မဟာမိတ်အဖွဲ့တွေရဲ့ စစ်ဆင်ရေးက ဘာကိုလိုချင်တာလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ပါ။ အခုစစ်ဆင်ရေးက တကယ့်အရပ်သားတွေကို ပစ်မှတ်ထားလုပ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ဘက် တိုက်ပွဲဖြစ်တယ်ဆိုတော့ ထိခိုက်ကျဆုံးမှုတွေတော့ ရှိတာပေါ့။ ဆိုတော့ အရပ်သားတွေ ထိခိုက်နစ်နာတဲ့ အပေါ်မှာ အများကြီး စိတ်မကောင်းဘူး။ ဒါပေမယ့်လည်း ခုနတုန်းကပြောသွားသလို အစိုးရက သတင်းထုတ်ပြန်သလိုမျိုး အရပ်သားတွေ အများကြီး ထိခိုက်ဒဏ်ရာရတယ်ဆိုတာ မဟုတ်ဘူးလို့ နောက်ပိုင်းမှာ ကျနော်တို့ ပြန်ပြီး သိရပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေ ရှိတော့ ရှိနိုင်တယ်။ ဒါပေမယ့် အဲဒီလောက်ထိတော့ မရှိဘူးလို့ ကျနော်တို့သိရတယ်။ အချို့ဟာတွေက မြန်မာ့တပ်မတော်ထဲက ထိခိုက်ဒဏ်ရာရတဲ့သူတချို့ကို အရပ်သား စာရင်းထဲပေါင်းထည့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့ အနေနဲ့လည်း အခုဖြစ်တဲ့ နောက်ပိုင်းတိုက်ပွဲတွေမှာဆိုရင် ကျနော်တို့ ပိုပြီးတော့မှ အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုမရှိအောင် လေးလေးနက်နက် ထားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲလိုပဲဆောင်ရွက်သွားမှာပါ။
မေး ။ ။ ပူးပေါင်းစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဖြေ ။ ။ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အပစ်ခတ်ရပ်စဲရေး NCA ဆိုတာကို တဘက်လှည့် အကြောင်းပြပြီးတော့မှ ကျနော်တို့ တိုင်းရင်းသားတွေကို တဘက်မှာတော့ လက်မှတ်ထိုး တဘက်မှာ ကြတော့ ကျနော်တို့လိုမျိုး ကချင်လိုမျိုးကို တဘက်သတ် စစ်ဆင်တာမျိုး မလုပ်ဘဲနဲ့ တကယ့်ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဘို့ အပစ်ရပ်ဖို့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်ပြီးလုပ်တာပါ။
မေး ။ ။ မဟာမိတ်အဖွဲ့တွေဘက်ကရော ဒီလိုမျိုးဖြေရှင်းနည်းက မှန်တယ်လို့များ ယူဆထားသလား။
ဖြေ ။ ။ ကျနော်တို့ မြင်တာက အခုလိုရွေးချယ်ရခက်တဲ့ အနေအထားမှာတော့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကို ကျနော်တို့က အခုလိုမျိုးဘဲ ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံးဘဲလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့တပ်မတော်က အခုလောက်အထိ ထိုးစစ်ဆင်နေတာကို ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရတက်လာတယ်ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကလည်း ဘာသံမှ မဟဘူး။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေပဲ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကို ခံရပြီးတော့မှ နိုင်ငံရေး အရ၊ စစ်ရေးအရ ချည်ပြီး တုပ်ပြီး သိမ်းကျုံးသွင်းထားတဲ့ NCA အောက်ကို မြန်မာ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အောက်မှာ အတင်းအပါခိုင်းပြီးတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မလို့ ကျနော်တို့က မလွှဲသာ၊ မရှောင်သာ ပူးတွဲစစ်ဆင်ရေးလုပ်ရတာဖြစ်ပါတယ်။
မေး ။ ။ ဒီစစ်ဆင်ရေးမှာ အရပ်သားတွေကိုထိခိုက်လိမ့်မယ်ဆိုတာ၊ နောက်တခုက တရုတ်-မြန်မာ နိုင်ငံ ကုန်သွယ်ရေးဖြစ်တဲ့ လမ်းကြောင်းပြတ်တောက်ပြီး လူထုရဲ့ ကုန်သွယ်ရေးအကျိုးစီးပွားတွေ ထိခိုက်ပြတ်တောက်လိမ့်မယ်ဆိုတာကို ကြိုတင် တွေးပြီး သားလား ခင်ဗျ။
ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်တို့အနေနဲ့ ကြိုတင်တွေးထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပြဿနာက မရှင်းလို့ မရဘူးဆိုတာမျိုးက အစိုးရရော ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရော တပ်မတော်ရော၊ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ ရှင်းရမယ့် ပြဿနာ ဆိုတာ ပေါ်အောင်လို့ လုပ်ဆောင်ရတာဖြစ်ပါတယ်။ စောစောတုန်းက အရပ်သားတွေထိခိုက်တယ်။ ကုန်သွယ်မှုတွေ ထိခိုက်တယ်။ နစ်နာတယ်ဆိုတာက ကျနော်တို့ တိုင်းရင်းသားတွေ၊ ကချင်ဒေသတွေမှာဆိုရင် လူတွေ သိန်းနဲ့ချီ သတန်းနဲ့ချီ နှစ်ပေါင်းများစွာဒုက္ခရောက်နေတယ်။ ကျနော်တို့ ဒေသမှာဆိုရင် ဒီလထဲမှာဆိုရင် မြန်မာ့တပ်မတော်က လက်နက်ကြီးနဲ့ ပစ်လို့ ကျနော်တို့ တအာင်းလူမျိုးတွေ ဘယ်လောက်ထိ သေပြီးပြီလဲ။ လူထုမလိုအပ်တဲ့ ဒဏ်ရာတွေ ဘယ်လောက်ထိ ရောက်ပြီးပြီလဲ။ လူထုတွေ တောထဲတောင်ထဲမှာ ဘယ်လောက်ပြေးနေရပြီးလဲ ဒါကြောင့်မလို့ ကျနော်တို့ ဒီဒဏ်တွေမခံနိုင်လို့ ဒီလိုလှုပ်ရှားဆောင်ရွက်ရတာဖြစ်ပါတယ်။
မေး ။ ။ ဒီမဟာမိတ်စစ်ဆင်ရေးနဲ့ပတ်သက်ပြီး နောက်ကွယ်မှာ “ဝ” က လက်နက်နဲ့ ငွေအင်အားဖြည့်တင်းပေးတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ဘယ်လိုပက်သက်မှုတွေရှိနေလဲ။
ဖြေ ။ ။ ဒါကတော့ စောင့်ကြည့်လေ့လာသုံးသပ်တဲ့သူကတော့ ပြောနေကြတာပဲလေ။ သေချာတာကတော့ ကျနော်တို့ အခု ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတိုင်းက ရပ်တည်ဖို့အတွက် ကျနော်တို့ ဒီတိုက်ပွဲထဲမှာ ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဝေဖန်နေတဲ့သူတွေကတော့ ဝေဖန်မှာဘဲ။
မေး ။ ။ မဟာမိတ်အဖွဲ့တွေဘက်က ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ မှန်ကန်တဲ့ လုပ်ရပ်လို့ခံယူသလား။ စီးပွားရေး အရရော၊ လူထုတွေကိုရော မထိခိုက်စေနိုင်တဲ့ တခြားနည်းလမ်းရော ရွေးချယ်စရာမရှိတော့ဘူးလား။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ကတော့ ဒါတော်တော်လေးကို ရွေးချယ်စရာ တော်တော်ခက်တဲ့အနေအထားမို့လို့ ဒီလမ်းကို ရွေးချယ်ရတာဖြစ်တယ်။ ဒီလိုကိစ္စတွေကို ရှောင်လွှဲနိုင်ဖို့ ဆိုလို့ရှိရင်တော့ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရအပေါ်မှာ အများကြီး မူတည်ပါတယ်။ သူတို့က ဒါမျိုးမဖြစ်ဖို့ အတွက် ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေ လျှော့ဖို့လိုတယ်။ အပစ်တွေ ရပ်ဖို့လိုတယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေရပ်ဖို့လိုတယ်။ အဲဒါဆိုရင်တော့ ဖြစ်လာမှာပါ။
မေး ။ ။ ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားလဲ။
ဖြေ ။ ။ အကောင်းဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရ ရွေးကောက်တက်လာတဲ့ အစိုးရဖြစ်တယ်ဆိုတော့ ဦးဆောင်သွားနိုင်မယ်လို့ ကျနော်တို့က ဒီလိုမျှော်လင့်တယ်။ မြန်မာ့တပ်မတော် ကလည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားကို နားထောင်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကိုလိုက်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ စစ်ရေး ကိစ္စကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဘယ်လိုကိစ္စဖြစ်ဖြစ် ရင်ဆိုင်သွားဖို့ ကျနော်တို့တိုင်းရင်းသား တွေက အသင့်ပြင်ထား ပါတယ်။