နိုဝင်ဘာ၂၁ ရက်က ရှမ်းမြောက် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အတွင်းကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦး သေနတ်ထိမှန် သေဆုံးခဲ့ကာ ၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယနေ့အချိန်ထိ မြန်မာမြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု မှာ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်မတော်( AA) တို့ ပူးပေါင်းကာ တပ်မတော် နဲ့ ရှမ်းမြောက် နယ်မြေ အတွင်း ထိုးစစ်ဆင်ကာ ရှမ်းမြောက် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို ယာယီ ပိတ်ထားပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူများ၊ လူမှုအဖွဲ့အစည်းများကို ဧရာဝတီသတင်းဌာန သတင်းထောက်များက ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးအောင်မျိုးမင်း (Equality Myanmar)
ပထမဆုံးကတော့ ဒီလို စစ်ပွဲတွေ ဖြစ်နေတဲ့ဟာက လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဆိုရင် တကယ် ရှေ့တမျိုး၊ နောက်တမျိုးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ နေပြည်တော်မှာ ဆွေးနွေးတာ မဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ အသီး၊ အပွင့်တွေကို ပြည်နယ်နဲ့ တိုင်းတခုလုံးကို လွှမ်းခြံုမှု ရှိပြီးတော့ ပြည်တွင်းစစ်တွေ လုပ်ဆောင်ရမယ့် သဘောဖြစ်တယ်။ ဒါပေမယ့် အခုလိုမျိုး သေနတ်တွေဖောက်၊ စစ်ပွဲတွေ ဖြစ်နေခြင်းက ကျနော်တို့ သွားနေတဲ့ ငြိမ်းချမ်းရေးမှာ အနှောင့်အယှက် အတားအဆီးတွေ ဖြစ်နေတယ်။ တတိုင်းပြည်လုံး ငြိမ်းချမ်းရေး ရချင်တယ်။
နောက်တခုက အရပ်သားတွေ ထိခိုက်နစ်နာမှုတွေ တွေ့ရတယ်။ အဲဒီတော့ တဖက်က ပြောတဲဲ့အထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်တယ်ပြောတယ်။ တိုင်းရင်းသား လက်နက်ကိုင် တွေက ပြည်သူတွေကို မတိုက်ဘဲနဲ့ စစ်တပ်နဲ့ ရဲကိုပဲ ဦးတည်တိုက်တယ်လို့ ပြောပေမယ့် သေဆုံးသွားတာက အပြစ်မဲ့ ပြည်သူတွေ ဖြစ်တယ်ဆိုတာ အများကြီးတွေ့ရတယ်။ ဘယ်နှစ်ဖွဲ့ပဲ တိုက်တိုက်၊ ဘယ်နေရာမှာပဲ တိုက်တိုက် တိုက်ပွဲအတွင်းမှာ အပြစ်မဲ့ ပြည်သူတွေကို ကာကွယ်ပေးရမယ့် စစ်ပွဲ ဥပဒေ (Geneva Conventions) အရ အရပ်သားတွေ ရှိတဲ့နေရာကိုလဲ မတိုက်ရဘူး။ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာမျိုးအပြင် တိုက်ပွဲတွေ အတွင်းမှာ အရပ်သားတွေ မထိအောင် ကြိုတင်ပြင်ဆင်ရမယ်ဆိုတာမျိုး ဖြစ်တယ်။ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ကြံုတွေ့နေရတဲ့ ပြည်သူတွေရဲ့ ဘဝမျိုး ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့က ဘယ်သူတိုက်တိုက် လက််မခံနိုင်ဘူး။ တိုက်ပွဲအတွင်းမှာ အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်အောင် လုပ်ဆောင်ခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကဘဲနဲ့ စစ်ရာဇဝတ်မှုပါ မြောက်တယ်ဆိုတာကို သတိပေးချင်ပါတယ်။
မိုင်းမျိုးအောင် (တအာင်း ကျောင်းသားနှင့် လူငယ်များ အဖွဲ့ တွဲ့ဖက်အတွင်းရေးမှူး(၂))
ဒီတိုက်ပွဲကတော့ ပြည်သူလူထု ထိခိုက်အရာမှန်သမျှ မကောင်းဘူး။ တခါတလေမှာ ဘယ်နေရာမှာပဲ တိုက်တိုက်၊ မြို့ပေါ်မှာဖြစ်ဖြစ် တောထဲမှာပဲဖြစ်ဖြစ် ပြည်သူလူထုတွေကတော့အမြဲခံနေရပါတယ်။ မနေ့ကတော့ မြို့နားတဝှိက် စီးပွားရေး ကုန်သွယ်ရေးဇုန် နေရာလည်း ဖြစ်နေတော့ ထိခို်က်မှုတွေက ပျံံ့နှံ့သွားတာပေါ့။ ပြည်သူလူထုကို ထိခိုက်တာတွေက မနေ့က တိုက်ပွဲမှ မဟုတ်ပါဘူး။ ဒီအရင်တိုက်ပွဲကလည်း ပြည်သူလူထုကို ထိခိုက်တာ ပေါ်ပေါ်လွင်လွင် မသိကြဘူး။
တိုက်ပွဲဖြစ်ရင် လူထုတွေ အများဆုံးရှိတဲ့နေရာ ကို ရှောင်နိုင်ရင်တော့ ကောင်းတာပေါ့။ တိုက်ပွဲ ဖြစ်ချင်ရင် တောင် လုံခြံုရေး တပ်စခန်းတွေ တိုက်တာ ပိုပြီးကောင်းပါတယ်။
အဓိကတော့ ဒီလမ်းကြောင်းက မြန်မာတနိုင်ငံလုံး စီးပွားရေး အတွက် အသက်သွေးကြောလည်းဖြစ်တယ်။ အခုတော့ ယာယီ ပိတ်ထားတော့ ထိခိုက်မှု အများကြီး ရှိမယ်။ အဲဒီမှာ ရေရှည်ပိတ်တဲ့ အနေအထားဆိုရင် တော့ ကုန်စျေးနှုန်းတွေ တက်လာမယ်။ မြန်မာနိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းက ဒီလမ်းကြောင်းပေါ် ဆက်သွယ်နေရတဲ့အတွက် ပြည်သူလူထုကို ထိခိုက်နိုင်ပါတယ်။
ငြိမ်းချမ်းရေးကို အပေါင်းလက္ခဏာ ဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့လိုပါတယ်။ ပူးပေါင်းတိုက်တဲ့ အဖွဲ့တွေက NCA လက်မှတ်မထိုးတဲ့အဖွဲ့နဲ့ NCA လက်မှတ်ထိုးဖို့ တပ်မတော်က လက်မခံထားတဲ့ အဖွဲ့တွေ ပါနေပါတယ်။ အဓိက ဒီလို ဖြစ်သွားရတဲ့အကြောင်းရင်းကလည်း တပ်မတော်ဘက်က NCA ထိုးဖို့ လက်မခံတဲ့အခါကျတော့ တိုက်ပွဲ က ဆက်ရှိနေမှာပါ။ တကယ်လို့ ဒီအဖွဲ့တွေကို ငြိမ်းချမ်းရေး ပွဲမှာပဲဖြစ်ဖြစ်၊ NCA လက်မှတ်ထိုးဖို့ လက်ခံထားရင် ဒီလို ဖြစ်မှာ မဟုတ်ဘူူး။ NCA လက်မှတ်ထိုးဖို့ အားလုံး ပါဝင်ရေး လက်ခံပေးဖို့ အရေးကြီးပါတယ်။
ဂျူလီယာ မာရစ်(ပ်) အထွေထွေအတွင်းရေးမှူး (အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ – WLB)
ပြည်သူတွေကို ဦးတည်ထားတဲ့ တိုုက်ခိုုက်မှုက အစိုုးရ စစ်တပ်ဖြစ်စေ၊ ဘယ်တိုုင်းရင်းသား လက်နက်အဖွဲ့ ဖြစ်စေ မလုုပ်သင့်ပါဘူး။ မြန်မာနိုုင်ငံမှာ ဖက်ဒရယ်စနစ်အခြေမခံဘဲ ဗဟိုုချုပ်ကိုုင်မှု စနစ် ဆက်လက်ပြီး ကျင့်သုံုးနေမယ်။ အခြားတိုုင်းရင်းသားတွေရဲ့ နိုုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုုင်ရာ အခွင့်အရေးတန်းတူ မဖော်ဆောင်နိုုင်သေးသရွေ့ ဒီလိုု တိုုက်ခိုုက်မှုတွေနဲ့ ပြည်တွင်းစစ်မီးက ဆက်လက်တောက်လောင် နေအုံုးမှာဘဲ။ ဒါကြောင့် ယခုုလက်ရှိ နိုုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု မှာ သတ်မှတ်ချက်အရ လက်နက်ကုုိင် အစုုအဖွဲ့ အချို့ ပါ၀င်ခွင့်ကန့်သတ်မှု ရှိနေတာကိုု ပြန်လည် သုံုးသပ်ပြီး အားလုံုး ပါ၀င်နိုုင်ရေးကိုု အလေးထား ဆောင်ရွက်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါမှ စစ်မှန်ပြီး ရေရှည်တည်တံ့ ခိုုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုု တည်ဆောက်နိုုင်မှာ ဖြစ်ပါတယ်။ တိုုက်ပွဲဖြစ်ပြီဆိုုရင် ပြည်သူလူထုု၊ အဓိကတော့ အမျိုးသမီးနဲ့ ကလေးတွေ ကိုု ထိခိုုက်ခံရပါတယ်။ ဒါကြောင့် ပြည်တွင်းစစ် အမြန်ဆုံုး ချုပ်ငြိမ်း ဖိုု့လိုုအပ်ပါတယ်။
ဒေါ်ခွန်ဂျာ (ကချင် ငြိမ်းချမ်းရေး ကွန်ရက််)
အခုချိန်မှာဆို ထိုးစစ်တွေ တအားဆင်နေတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာဆိုရင် မုန်းကိုး တနေရာပဲ ကျန်သလို ဖြစ်နေတယ်။ အဲဒီ မုန်းကိုးဘက်ကိုလည်း တပ်တွေက ထပ်ပြီးတိုးနေတာကို တွေ့ရတယ်။ မြန်မာ့ တပ်မတော်က ဖြတ်သွားမယ့် နေရာကတော့ ဟိုလေးဖွဲ့စလုံးရဲ့ နေရာကို ထိပြီးတော့မှ သွားရမှာ။ ဒါက မြေပုံကို ကြည့်ပြောတာပေ့ါ။ ဒီလမ်းကြောင်းကို ကြည့်လိုက်မယ်ဆိုရင် မုန်းကိုးကို သွားမယ့် လမ်းကြောင်းတခုလုံးကို ကျနေတယ်။
ကျမကြည့်ခဲ့တဲ့ ဗီဒီယိုကို အစအဆုံးကြည့်လိုက်တဲ့အခါမှာ လမ်းနဲ့ မဆိုင်တဲ့နေရာ၊ လုံခြံုရေးဂိတ်၊ စစ်တပ်ဂိတ်နဲ့ မဆိုင်တဲ့နေရာ တခုမှ ဖောက်ခွဲသွားတာ မရှိဘူးပေါ့။ ဥပမာဆိုရင် ဘဏ်တို့ ဘာတို့ဆိုရင် မထိဘူးလေ။ အကယ်လို့များ ပြည်သူလူထုကို ပစ်မှတ်ထားတယ်ဆိုရင် စျေးတို့ ဘဏ်တို့ကို ထားမှာကိုး။ လူများတဲ့အချိန်ကို တားမှာဘဲ။ အခုက လူနည်းတဲ့အချိန်၊ ပြီးတော့ လူတွေ လမ်းပေါ်သိပ်မရှိတဲ့ အချိန်ဆိုတော့ အတက်နိုင်ဆုံး လူထုကို ညှာပြီးတော့မှ သူတို့ရဲ့ စစ်ရေးဗျူဟာ အရကိုပဲ ထပ်ပြီး တက်လာမယ့် အဖွဲ့တွေ မရှိနိုင်အောင် မြန်မြန်ဆန်ဆန်နဲ့ မတက်လာနိုင််အောင် တားဆီးတာလို့ပဲ သဘောပေါက်တယ်ရှင့်။
တိုက်ပွဲကြောင့် ပြည်သူတွေ သေဆုံးတာက အခုမှ သေဆုံးတာ မဟုတ်ဘူး။ မြန်မာ့ တပ်မတော်ကြောင့်မို့လို့ သေဆုံးတာ အများကြီး ရှိပြီ။ ဥပမာ မိုင်းရော်မှာ သေဆုံးတာ ရ ယောက် အသတ်ခံရတယ်။ ၅ ယောက်က တပ်မတော်ကြောင့် ထောင်ကျသွားသေးတယ်ပေါ့။ ဒါမျိုး အခြေအနေတွေကို ကျမတို့ ပြောတာ အရမ်းများပြီ။ သတင်းမီဒီယာ အများစုက ဒီဟာတွေကို ထိထိရောက်ရောက် တင်ပြပေးတာက မရှိသလောက် ရှားတယ်။ ဒီနေရာမှာ ဆိုရင် ဒုက္ခသည်တွေ အများကြီးရှိတယ်။ နမ့်ခမ်းမှာဆိုရင် ဒုက္ခသည်စခန်း သုံးခု မတ်ဝင်းကြီးမှာ ဆိုရင် ဒုက္ခသည်စခန်းတွေ ရှိတယ်။ ဒါတွေရှိတာတွေကို သိပေမယ့် ဒုက္ခသည် အချင်းချင်း မှာကိုတောင် ဗမာကို မထိရင် ဘာမှ မဖြစ်သလို ဖြစ်နေတယ်။
ပြည်သူလူထု သေတယ်လို့ ပြောရင် ရဲနဲ့ စစ်တပ်ကတော့ လုံခြံုရေး တာဝန်ကို ထမ်းဆောင်လို့ ရဲနဲ့ စစ်တပ်သေတာ မဆန်းဘူး။ သူတို့ တာဝန်အရ ထမ်းဆောင်လို့ တာဝန်ချိန်တွင်းမှာ သေဆုံးတာ ဖြစ်တယ်။ အဲဒီတော့ နိုင်ငံတော်အနေနဲ့ ဒါကို ဂုဏ်သရေရှိတဲ့ လေးစားသမှုနဲ့ ပြန်ပြီးတော့မှ သူတို့မိသားစုတွေကို စောင့်ရှောက်တာတွေ လုပ်ပေးရမှာ ဖြစ်တယ်။ ဒါပေမယ့် အများပြည်သူသေဆုံးတဲ့နေရာမှာ အကယ်လို့များ ဒီနေရာမှာ ကြည့်မယ်ဆိုရင် ဒီလောက်ထိ တပ်မတော် တက်လာရင် နောက်ထပ် တိုင်းရင်းသားတွေ အများကြီး သေဆုံးအုံးမှာပဲ။ အဲဒီတော့ ဒါကို အချိန်မှီ တားဆီးတယ်။ အနည်းဆုံး ဖြစ်တယ်လို့ပဲ ယူဆပါတယ်။ နောက်တခုကတော့ မနေ့တုန်းက သေဆုံးသူတွေအတွက် တာဝန်အရှိဆုံးကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကြီးပဲ မဟုတ်ဘူး။ မြန်မာ့တပ်မတော်ကလည်း တန်ပြန် ပစ်ခတ်တဲ့အတွက်ကြောင့် သူတို့ရဲ့ လက်နက်နဲ့ သေဆုံးသူများ ရှိနိုင်သေးတယ်။
တိုင်းရင်းသား ဒေသတွေမှှှာ ထိုးစစ်ဆင်နေသမျှ ပြည်သူတွေကို ထိခိုက်မှု ရှိလာနိုင်တာပဲ။ တိုက်ခိုက်မှုတွေက ရွေ့လျားနေတဲ့ အခြေအနေကို တွေ့ရတော့ ရွေ့လျားတိုက်ပွဲတွေ ဖြစ်နေသမျှ ပြည်သူတွေ ထိခိုက်နိုင်တာပဲ။ အဲဒီတော့ အဓိကကတော့ ဒီအရာအားလုံးကို စားပွဲပေါ်မှာ ခေါ်ယူပြီးတော့ ဖြေရှင်းဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တောင်းဆိုနေတာပဲ ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးက စားပွဲပေါ်ရောက်အောင် ကြိုးစားနေတာပဲ ဖြစ်တယ်လို့ မြင်တယ်။
ကိုစိုင်းအောင်ကျော်မိုး(သစ်သီး ဝလံ ကုန်သည်)
ပြည်သူတယောက် အနေနဲ့ ပြောချင်တာက မြို့ပေါ်တိုက်ပွဲတွေဟာ ဒေသခံတွေ၊ ကိုယ့်လူမျိုးတွေပဲ ထိခိုက်စေတယ်။ အစိုးရက နောက်ဆုံး ဒီတပေါက်က ဖွင့်မရရင် နယ်စပ်ကုန်သွယ်ရေး နောက်တပေါက် ပြောင်းလုပ်မှာပဲ။ အဲဒီတော့ အခုလိုအချိန်မှာ ငြိမ်းချမ်းစေချင်တယ်။ ဖွံဖြိုးရေး ကို တွန်းတင်အောင် ဝိုင်းကြိုးစားစေချင်တယ်။
တိုက်ပွဲကြောင့် နယ်စပ်ကုန်သွယ်မှု အများကြီး ထိခိုက်သွားတယ်။ အထူးသဖြင့် ဒီအချိန်က အသီး ပေါ်ချိန်ဆိုတော့ ဖရဲသခွား စိုက်တဲ့ တောင်သူတွေ အဓိက နစ်နာသွားတယ်။ အသီးစျေး ရလာလို့ တက်လာကြတဲ့ သစ်သီးကားတွေ လမ်းမှာ ပိတ်ကုန်တယ်။ ရက်ရှည်တော့ အရည်အသွေး ကျတယ်။ မရောင်းရတော့ဘူး။ တနေ့ကို တန်ချိန် ၂၀၀၀၀ ကျော် ရှိတယ်။ တတန်ကို ပျှမ်းမျှ တရုတ်ငွေ ယွမ် ၂၅၀၀ ကနေ ၃၀၀၀ ကြား ရှိတယ်။ တခြားကုန်စည်တွေ မပါသေးဘူး။
နောက်တခုကတော့ မအိ ဆိုတဲ့အမျိုးသမီး သေသွားတာကိုတော့ ခံပြင်းတယ်။ လက်နက်မဲ့ အရပ်သား တယောက်ကို တမင်ပစ်သွားတာ။ သူတို့မှာ နိုင်ငံရေး ခံယူချက် ရှိပေမယ့် လက်တွေ့မှာ သူတို့ကြောင့် ဒေသခံတွေ ဒုက္ခရောက်တာ အမှန်ပဲ။ ဒေသ မငြိမ်းချမ်းရင် ဖွံဖြိုးရေး ဘာမှ လုပ်မရဘူး။
တိုင်းပြည်ကို တကယ်ချစ်ရင် လူမျိုး ကို တကယ်ချစ်ရင် လက်နက် မကိုင်သင့်တော့ဘူး။ ဆက်ကြေး၊ လူသစ်စု မရရင် ကျည်ဆံကို စာအိပ်နဲ့ပို့။ အဲလိုမျိုးတွေကြားမှာ ကုန်သွယ်မှု လုပ်နေရတာ စီးပွားရေး လုပ်ရတာ rick အရမ်းများတယ်။ လက်နက်ကိုင်ကလည်း ပြည်သူထိခိုက်အောင် မလုပ်ပါနဲ့။
စိုင်းအောင်မြင့်ဦး (အမျိုးသားဗဟိုပြု ပညာရေးနှင့် သုတေသနအဖွဲ့ (ရှမ်းလူငယ်အဖွဲ့ – ရန်ကုန်))
မြို့ထဲမှာ ပြည်သူတွေရှိတယ်၊ မြို့ထဲမှာ မတိုက်ဖို့တော့ ကျနော်ပြောချင်ပါတယ်။ ကုန်သွယ်ရေးဇုန်မှာ လာတိုက်တာ တကယ်ထိရောက်တဲ့အရာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ထိခိုက်မှာက ပြည်သူတွေပါပဲ။ အခြေခံလူတန်းစားတွေ၊ ကုန်ရောင်းကုန်ဝယ်တွေ၊ ကုန်ကူးသန်းရောင်းဝယ်တဲ့သူတွေ ကုန်သွယ်စီးဆင်းမှု တွေက တကယ် ကျဆင်းမယ်ဆိုရင် ပြည်သူပဲထိပါတယ်။
နိုင်ငံရေးအရ လာတိုက်တဲ့ကိစ္စကို ကျနော်အနေနဲ့ မပြောလိုပါဘူး။ ထိခိုက်ဒဏ်ရာရ ဘယ်သူပဲထိထိ ဘယ်သူပဲ ဖောက်ဖောက်ပါ။ သွားလာလှုပ်ရှားနေတဲ့သူတွေ ထိပြီး ပြည်သူတွေရဲ့ စိတ်ခံစားမှု၊ စိတ်ဒဏ်ရာ ကြောက်လန့်သွားပြီး မသွားလာရဲတော့ဘူး။ တရွာနဲ့ တရွာ၊ တမြို့နဲ့တမြို့သွားဖို့က စိ်တ်ခံစားမှုတွေ ဖြစ်လာမယ်။ တစ်ကိုုယ်ရေ လုံခြံုမှုတွေ မရှိဘူးလို့ ခံစားမိရင်တော့ အနာဂတ်မှာ စိုးရိမ်စရာ ဖြစ်လာမယ်။
ဒေါ်တင်တင်ညို ( မြန်မာနိုင်ငံ အမျိုးသမီး သမဂ္ဂ ဥက္ကဋ္ဌ )
ဘယ်သူကပဲ ထိုးစစ် ဆင်ဆင် အဓိကက ထိခိုက်နစ်နာတာက လူထုတွေပါပဲ။ အရပ်သားတွေက ဘယ်လောက် ထိခိုက်တယ်။ စစ်တပ်က ဘယ်နှစ်ယောက်၊ ရဲက ဘယ်နှစ်ယောက်လို့ပဲ ပြောပြောပါ။ ကျမတို့ မြင်တာကတော့ ပြည်သူလူထုလို့ပဲ မြင်ပါတယ်။ ဒါကြောင့် သူတို့တွေ အားလုံးရဲ့ ထိခိုက်နစ်နာမှုက ကျမတို့အတွက် အများကြီး စိတ်မကောင်း ဖြစ်ရတယ်။ ဒါကြောင့် စစ်တပ်တွေက ထိုးစစ်ဆင်ခဲ့တုန်းက ကျမတို့တွေ ပြစ်တင်ဝေဖန် ခဲ့ကြတာတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေရဲ့ အို်းအိမ် ထိခိုက်နာကျင်ရတယ်။ အခုလည်း တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က နေပြီးတော့ အခုလို အစိုးရရဲ့ စစ်တပ်၊ ရဲဌာနတွေကို ပစ်မှတ်ထားပြီးတော့ ထိုးစစ်ဆင်တယ်လို့ ပြောတယ်ဆိုပေမယ့် ပြည်သူလူထုကို ထိခိုက်ရတာပေါ့။ ဒါက ငြိမ်းချမ်းရေးအတွက် ဖြေရှင်းတဲ့ နည်းလမ်းတခုလို့ ကျမတို့ကတော့ မမြင်ပါဘူး။ တဖက်က ပြောမယ်ဆိုရင်လည်း သူတို့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ လမ်းကြောင်းပေါ်မှာ ပါလာဖို့ကလည်း အစိုးရဘက်ကရော၊ စစ်တပ်ဘက်ကရောက အမြင်ကျယ်ကျယ်ထားပြီး တွဲခေါ်ရမယ့် အနေအထားမှာ တွဲမခေါ်လာတဲ့ အပေါ်မှာ ထိုးစစ်တွေ တောက်လျှောက်ဆင်ခဲ့တဲ့ အပေါ်မှာ ပြန်ပြီးတော့ လက်တုန့်ပြန်တာလို့ ကျမက မြင်တယ်။ မှန်ကန်တဲ့ လမ်းကြောင်းလို့တော့ မမြင်ပါဘူး။ ထိုးစစ်ဆင်တာတွေ၊ ၂ ဖက်လုံးက ထိုးစစ်ဆင်တဲ့ ကိစ္စရပ်တွေကို အမြန်ဆုံး ရပ်တန့်ပြီးတော့မှ တကယ်ပဲ ပြည်သူလူထုတွေအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းတခုကို ရွေးချယ်ပြီးတော့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းကြဖို့ ကျမတို့ တိုက်တွန်းချင်ပါတယ်။
စစ်ပွဲတွေ ပြုလုပ်ဖန်တီးဖို့ကို ကျမတို့ အမျိုးသမီးတွေ၊ ကလေးတွေက ဖန်တီးခဲ့တာ၊ တိုက်တွန်းခဲ့တာ တခုမှ မရှိခဲ့ဘူး။ ဒါပေမယ့် တကယ်တမ်း အဓိက နစ်နာခံစားနေရတာက သူတို့တွေ ဖြစ်တယ်ပေါ့။ အခုဆိုရင်လည်း အဲဒီမှာ နေထိုင်တဲ့ ကျမတို့ သူငယ်ချင်း၊ မိတ်ဆွေတွေကိုယ်တိုင်က ကျီးလန့်စာ စားနေရသလို ဖြစ်နေတယ်။ ကြောက်ရွ့ံမှုတွေနဲ့ နေနေရတယ်။ ဒီကြောက်ရွံ့မှုတွေက ပပျောက်အောင်လို့ ကျမတို့ တောက်လျှောက် တရားသော စစ်ဆိုတဲ့ နာမည်နဲ့ တိုက်ပွဲတွေ ၀င်ခဲ့တယ်။ အမျိုးသမီးတွေလည်း ပုံစံမျိုးစုံနဲ့ တရားမျှတမှု ရရှိဖို့၊ ငြိမ်းချမ်းတဲ့ အဆောက်အဦအတွင်းမှာ နေထိုင်နိုင်ဖို့ဆိုပြီးတော့မှ လှုပ်ရှားခဲ့ပေမယ့် လက်တွေ့အခြေအနေမှာ အရပ်သား အစိုးရတွေ ပြောင်းလဲသွားပေမယ့် တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဆဲပဲ။ အခုပုံစံ အတိုင်း ကြည့်ရင် ပိုပြီး ဆိုးဝါးလာတဲ့ ပုံစံမျိုးလို ကျမတို့လို မိခင်တွေ၊ ဇနီးမယားတွေ၊ ကလေးတွေ သူတို့တွေ အတွက် တုန်လှုပ်ချောက်ခြားစရာ ကောင်းတဲ့ အနေအထား တခုလို့ မြင်တယ်။ ဒီအနေအထားကို ရှေ့ရူပြီးတော့ တဖက်နဲ့ တဖက် ငြိမ်းချမ်းရေးစကားတွေ ပိုပြီးတော့ ပြောစေချင်တယ်။
ဦးအင်ထုံးခါးနော်ဆန်း (ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး)
လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ သဘောထားအမြင်ပြောင်းလာတယ်လို့ထင်တယ်။ အရင်က တောထဲမှာပဲ ဖြစ်နေကြတော့ လူတွေမမြင်ကြဘူး၊ နိုင်ငံတကာက မသိဘူးလို့ ယူဆပြီး မြို့တွေဘက်ကို ပြောင်းလာတယ်လို့ ထုတ်ဖော်ပြောထားတာတွေ တွေ့ရတယ်။ တပ်ဘက်ကလည်း ဒါကို ပြန်လည်တိုက်ခိုက်ဖို့ ပြောထားတယ်ပေါ့။ တိုင်းရင်းသားတွေဘက်ကလည်း အားလုံးကဆိုသလို တပ်မတော်ဘက်က သူတို့ဆီ ထိုးစစ်တွေ ဆင်နေတဲ့ အတွက် သူတို့က ခုခံစစ်နဲ့ တုံ့ပြန်ရတယ်ပေါ့။ အခုက ပြည်တွင်းငြိမ်းချမ်းရေးကို မျက်နှာချင်း ဆိုင်တွေ့ဆုံပြီး ဆွေးနွေးတဲ့ပုံစံကိုသွားနေတာမှာ ဒီလမ်းကြောင်းက သွေဖယ်တဲ့ပုံစံတွေဖြစ်လာတော့ မကောင်းဘူးပေါ့။ အရင်က တောထဲမှာပဲတိုက်ပွဲတွေဖြစ်တော့ ဒေသခံပြည်သူတွေက ဒုက္ခတွေရောက်ကြတယ်၊ စစ်ဒဏ်ကို ခံစားခဲ့ရတယ်။ အခုသူတို့က မြို့တွေဘက်လည့်လာတဲ့အခါကျတော့ စစ်ဒဏ်ခံရမယ့် ပြည်သူတွေက အရင်ထက်များလာမယ်၊ စစ်မီးကလည်း ပိုပြင်းထန်လာမယ့်သဘောရှိတယ်။ စီပွားရေးအရ လည်း လမ်းကြောင်း တွေပိတ်ဆို့တာတွေရှိလာတော့ ဒီအပေါ်မီခိုနေတဲ့ ကုန်သည်တွေ၊ ဒေသခံတွေ အကုန် ဒုက္ခရောက်ကုန်မယ်။ နိုင်ငံစီးပွားရေးအရလဲ ထိခိုက်မယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းတွေ ကြိုးစားလုပ်ဆောင်နေကြချိန်မှာ ထိုးစစ်ဆင်တာတွေကို ဘယ်ဘက်ကမှ မလုပ်တာ အကောင်းဆုံးပဲ။