မြန်မာတနိုင်ငံလုံးရှိ အစိုးရဆေးရုံများတွင် အသုံးပြုနိုင်ရန် နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားသည့် ကားအစီး၁၀၀ ကျော် ကို ရန်ကုန်မြို့ရှိ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဝင်းထဲတွင် အသုံးပြုခြင်း မရှိဘဲ အချိန်ကြာမြင့်စွာ ရှိနေကြောင်း ရေညှိ တက်နေသည့် ကားများ တန်းစီထားသော ဓာတ်ပုံများ ရက်ပိုင်းအတွင်းက ဖေ့ဘုတ်စာမျက်နှာတွင် ပြန့်နှံ့နေသည်။
မည်သည့်အချိန်ကတည်းက ရောက်ရှိနေခြင်း မသိရသည့် နီပွန်စတေကာကပ်ထားသည့် ကားများ၏ ပုံပန်းသဏ္ဌာန်မှာ ရေ ညှိများ တက်နေရုံတင်မကဘဲ အချို့ကားဘော်ဒီများမှာ သံချေးများ တက်နေသည်ကို တွေ့ရှိရကြောင်း ဧရာဝတီသတင်းဌာ နမှ မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။
ယင်းသို့ နား၊ နှာခေါင်း လည်ချောင်း ဆေးရုံဝင်းအတွင် ရောက်ရှိနေသည့် ကားများနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီး ဌာန လက်အောက်ရှိ စီမံဘဏ္ဍာဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြဝဏ္ဏစိုးကို ဧရာဝတီသတင်းဌာန အကြီး တန်းသတင်းထောက် သူဇာက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ နီပွန်ဖောင်ဒေးရှင်းက ကျန်းမာရေးဝန်ကြီးဌာနကို လှူဒါန်းထားတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံဝင်းထဲမှာ ရှိနေတဲ့ ကားတွေနဲ့ ပတ်သက်ပြီး သိချင်လို့ပါ။
ဖြေ ။ ။ နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ ကားက အစီး ၂၀၀ မဟုတ်ပါဘူး။ တကယ်ရှိတာက ၁၀၁ စီးပါ။ ပထမ အရင့်အရင် လှူဒါန်းထားတာတွေက ၇၀ ကျော်ရှိတယ်။ အဲဒါတွေက ဆေးရုံတွေမှာ လူနာတင်ယာဉ်အဖြစ်နဲ့ အသုံးပြု နေပြီးသားဖြစ်တယ်။
အခု ဒီကားတွေကတော့ ပါမစ်ကြာသွားတဲ့အတွက် အချိန်ကြန့်ကြာသွားတယ်။ နောက်ပြီး အဲဒီကားတွေကို ပြင်ဆင်စရိတ် မရှိသေးတဲ့အတွက် ကားတွေက ချက်ချင်း အသုံးပြုလို့ မရသေးဘူး။ တာယာတွေ ဘတ္ထရီတွေ လဲရဦးမှာ ဖြစ်တဲ့အတွက် ကျနော်တို့က အဲဒါတွေအတွက် ရန်ပုံငွေစောင့်နေတာပါ။
မေး ။ ။ အခု ကားတွေကို ဒီလိုထားထားတော့ တကယ်တမ်း ပြင်ဆင်တဲ့အခါမှာ တာယာတွေ၊ ဘတ္ထရီတွေအပြင် တခြား ပြင်ဆင်မှုတွေရော ပိုလုပ်ရမှာပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။ မှန်ပါတယ်။ အဲဒီကားတွေကတော့ ပြန်လည်ပြင်ဆင်ရင်တော့ အသုံးပြုလို့ ရနိုင်ပါတယ်။ အဲဒီ အတွက် ကျနော်တို့တွေက ဘတ်ဂျက်ကို တင်ပြတောင်းခံမှု ရှိတယ်။ အဲဒါကို စောင့်နေတာ ဖြစ်ပါတယ်။
မေး ။ ။ ဘတ်ဂျတ် တင်ပြတောင်းခံမှု အခြေအနေက ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ရဲ့ ပြင်ဆင်မှုတွေက ဘတ်ဂျက်နဲ့ သွားရမှာဆိုတော့ ဘဏ္ဍာရေး ခွင့်ပြုချက်ရှိမှ ကျနော်တု့ိက သုံးရမှာ ငွေကလည်း အဲဒီအခါမှ ရှိမှာကိုး။ မော်တော်ယာဉ်ပြင်ဆင်စရိတ်တွေကို တင်ပြတောင်းခံပြီးတော့မှ အဲဒါတွေကို ပြင်ဆင်မှာ ဖြစ်ပါတယ်။
မေး ။ ။ ဒါဆို အခု ကားတွေက ၂နှစ်လောက် ကြာပြီလို့ ပြောနေတာ တွေ့ရတယ်။ အဲဒါ ဟုတ်ပါသလားရှင်။ ဒီကြားထဲမှာ ရော ဘတ်ဂျက်တောင်းခံတာတွေ ဘာတွေ မလုပ်ဘူးလား။
ဖြေ ။ ။ အဲဒီပြဿနာက ဘာကြာသွားသလဲဆိုတော့ ပါမစ်နဲ့ လှူဒါန်းခွင့်နဲ့ အဲဒါကြာသွားတဲ့အတွက်ပါ။ အဓိကကြာသွား တာက ဆိပ်ကမ်းမှာကို တနှစ်လောက် ကြာသွားတယ်။ အဲဒါအခု ထုတ်ထားပြီး ကျနော်တို့တွေဆီ ရောက်တာ ၆လ လောက် ရှိပါပြီ။
အဲဒီမှာ နီပွန်ဖောင်ဒေးရှင်းနဲ့ ကျနော်တို့တွေ ညှိနှိုင်းနေရတာ ရှိပါတယ်။ ပြင်ဆင်စရိတ်တွေကို ဘယ်လိုကျခံမလဲ။ ဘယ်လို လုပ်မလဲဆိုတာ အဲဒီကိစ္စတွေ မပြတ်သေးတဲ့အတွက် ကားတွေက ရှိနေတာပါ။ အဲဒီကားတွေကလည်း ဆိပ်ကမ်းက သွား ထုတ်ကတည်းက တခါတည်း အသုံးပြုလို့ရတဲ့ ကားတွေ မဟုတ်သေးတော့ ပြင်ဆင်ရဦးမှာဆိုတော့ အဲဒါတွေ ဖြန့်ပေးလို့ မရသေးတာပါ။
ကျနော်တို့မှာက ဆေးရုံပေါင်း ၁၀၀၀ ကျော် ရှိတော့ ဖြန့်လိုက်ရင် ဟိုဟာ(ပျက်စီး) ဖြစ်သွားမှာ။ ဒါပေမယ့် သူတို့ရဲ့ ပြင် ဆင်စရိတ်နဲ့ နောက် အထူးသဖြင့် လူနာတင်ယာဉ်သုံးမယ်ဆိုရင် ဒီကားတွေက အခွံပဲ ရှိသေးတာ။ ဆေးရုံအတွက် အသုံး ပြုမယ်ဆိုရင် လူနာတင်ယာဉ်တို့ အောက်ဆီဂျင်တို့ အစရှိတဲ့ အတွင်းပြင်ဆင်မှုတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။
မေး ။ ။ ကားတွေအတွက် ပြင်ဆင်စရိတ်ကို ဘယ်လောက်ထိ ကုန်ကျမယ်လို့ မှန်းထားပါသလဲ။
ဖြေ ။ ။ ပြင်ဆင်စရိတ်အနေနဲ့ သိန်း ၂၀၀၀ ကျော်လောက် ကျမယ်လို့ ကျနော်တို့ မှန်းထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူနာတင်ယာဉ်အနေနဲ့ သုံးမယ်ဆိုရင် လူနာတင်ယာဉ်ပါ ပြင်ဆင်မှုတွေ အားလုံးကို လုပ်ရမှာကိုး။
မေး ။ ။ လက်ရှိ နီပွန်က လှူဒါန်းထားတဲ့ ကားအစီး ၁၀၁ စီးက ဘယ်နေရာတွေမှာ အသုံးပြုဖို့ လှူဒါန်းထားတာပါလဲ။
ဖြေ ။ ။ ဆေးရုံတွေမှာ အဓိက သုံးဖို့ပါ။ နီပွန်က လှူဒါန်းထားတာ ကျနော်တို့ကို ၂၀၁၃ ခုနှစ်လောက်ကတည်းက၊ အဲဒီက တည်းက အသုတ်လိုက် ပို့တာပါ။ ပထမက အစီး ၇၀ နောက်အသုတ်က ၄၂ စီး ပြီးတော့ အခု ၁၀၁ စီးပေါ့။
ရှေ့က ကားတွေကတော့ ကျနော်တို့တွေ တနိုင်ငံလုံးကို ဖြန့်ထားတယ်။ သက်ဆိုင်ရာ မြို့နယ်ဆေးရုံလေးတွေ တိုက်နယ် ဆေးရုံလေးတွေကို ဖြန့်ထားတယ်။ တချို့ဆို ကယားပြည်နယ်၊ ဘော်လခဲလောက်အထိကို လူနာတင်လို့ရလောက်တဲ့ ကားအနေနဲ့ကို ဖြန့်ထားပါတယ်။
မေး ။ ။ အခု အပြင်မှာ အသံထွက်နေတာ ရှိပါတယ်။ အခု ဒီကားတွေရဲ့ ပါမစ်တွေ ဈေးကွက်ထဲ ရောက်နေတယ်လို့ အသံ ထွက်ပါတယ်။ အဲဒါ ရှင်းပြပေးပါ။
ဖြေ ။ ။ အစိုးရဌာနမှာက အကုန်လုံးက ပုံသေပိုင်ပစ္စည်းဆိုတာ ရှိတယ်။ နောက် အဲဒီကားတွေက ကျနော်တို့မှာ လိုင်စင် တောင် မလျှောက်ရသေးဘူး။ ပါမစ်ပဲ ရှိသေးတာ။ လိုင်စင်လုပ်ရဦးမယ်။ လိုင်စင်လုပ်ရင် ယာဉ်ကြံ့ခိုင်မှု စစ်ရဦးမယ်။ ပါမစ် ဆိုတာက အစိုးရ ပါမစ်ကြီးဆိုတော့ အပြင်ကို ဘယ်လိုလုပ်ရောင်းစားလို့ရမှာလဲ။
ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအရဆို ဒီကားတွေက ကားလိုင်စင် မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိုင်စင်ဝင်ရဦး မယ်။ လိုင်စင်ဝင်တယ်ဆိုတာကလည်း ကားကြံ့ခိုင်မှာသာ က.ည.န က လိုင်စင်ပေးမှာလေ။
မေး ။ ။ နီပွန်ဖောင်ဒေးရှင်းဘက်ကရော ထပ်မံ လှူဒါန်းဖို့ ရှိပါသေးလား။
ဖြေ ။ ။ ရှိပါတယ်။ သူတို့ကတော့ နှစ်စဉ် နှစ်စဉ် လှူဒါန်းတာတွေ လုပ်ပါတယ်။ ဒီဟာ တသုတ်ပြီးတော့ နောက်ထပ် ၄၂ စီး ထပ်လာဦးမယ်။ အဲဒီကားတွေကတော့ ပြင်ပြီးသားတွေ။ ကျနော်တို့ကတော့ အဲဒီကားတွေကို ဆေးရုံတွေမှာ ဖြန့်ခွဲထား တယ်။
မေး ။ ။ ဒါဆို လက်ရှိ ဒီထဲမှာ ရှိတာက ကား ၁၀၁ စီးပေါ့နော်။
ဖြေ ။ ။ ဟုတ်ပါတယ်။ ၁၀၁ စီးပါ။ ကျနော်တို့မှာကတော့ နယ်တွေမှာရှိတဲ့ ဆေးရုံတွေမှာ အသေးလေးတွေမှာ ဖြန့်ခွဲထား ပါတယ်။ လက်ရှိက ဒီကားတွေကို ကျနော်တို့ ပြင်ဆင်ပြီးတာနဲ့ ဖြန့်/ခွဲမှာ ခွဲတမ်းတောင် ချထားပြီးပြီ။ ဆေးရုံတွေမှာ နယ် တွေမှာက တအားလိုတာဆိုတော့လေ။
ကျနော်တို့က မြို့နယ်ဆေးရုံတွေမှာ လူနာတင်ယာဉ် တစီးလောက် အနည်းဆုံး ရှိစေချင်တာဆိုတော့။ ကျနော်တို့မှာ ဆေးရုံပေါင်း ၂၄၀ ရှိတာဆိုတော့ အမြန်ဆုံးဖြန့်ဖို့ စီစဉ်နေပါတယ်။