ရခိုင် အမျိုးသား ပါတီ (ANP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်သည် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင် ယဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၌ လစ်လပ် မဲဆန္ဒနယ် နေရာ တနေရာသာ ရှိသည်။ အမ်း မဲဆန္ဒနယ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ အမာခံနယ်မြေနှင့် စစ်တပ်နယ်မြေ တခုလည်းဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီက ကွင်းလုံးကျွတ် အနိုင်ရခဲ့ပြီး ၂၀၁၅ တွင်လည်း ၂ နေရာ အနိုင်ရထားသည့် မဲဆန္ဒ နယ်လည်း ဖြစ်သည်။
အမ်း မဲဆန္ဒနယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ ကလည်း ဝင်ရောက်ယဉ်ပြိုင်ခဲ့ပြီး လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ယဉ်ပြိုင်မည်ဖြစ်သည်။
ANP ပါတီ၊ NLD နှင့် ကြံ့ခိုင်ရေး ပါတီတို့သည် အမ်း မဲဆန္ဒနယ်၌ အကြိတ်အနယ် ယဉ်ပြိုင်ရဖွယ်ရှိသည်။
ယင်း အခြေအနေများနှင့် ပတ်သက်ပြီး ထိုမဲဆန္ဒနယ်မြေ၌ ပါဝင်ယဉ်ပြိုင်ရန် အဆိုပြုခံထားရသူ ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကို ဧရာဝတီ သတင်းထောက် ခင်ဦးသာ က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ၂၀၁၇ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဆရာ့ကို ပါဝင်ယဉ်ပြိုင်ဖို့ ပါတီက ရွေးချယ်ထားတယ်လို့ သိရတယ်။ ဆရာကလည်းပဲ ယဉ်ပြိုင်ဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ လစ်လပ်တဲ့ နေရာကလည်း တနေရာပဲ ရှိတဲ့အတွက် ဘာကြောင့် ဝင်ပြိုင်ဖို့ ပြင်ဆင်ရတာပါလဲ။
ဖြေ။ ။ ကြားဖြတ် ရွေးကောက်ပွဲကို ANP ပါတီ အနေနဲ့ ဝင်ပြိုင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ အပိုင်း နှစ်ပိုင်းရှိပါတယ်။ တပိုင်းက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပါ။ နောက်တပိုင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲရဲ့ အခင်း အကျင်း ကို ပြန်လည် သုံးသပ်တဲ့ အပိုင်းပေါ့။ ၂၀၁၅ အခင်းအကျင်းကို ပြန်ကြည့်တဲ့အခါမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်သွားတာပေါ့။
၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ဒီမိုကရေစီ အခင်းအကျင်းနဲ့ ပြည်ထောင်စုကြီးကို တိုင်းရင်းသားပါတီတွေနဲ့ အတူပူးပေါင်း ပြီး သွားမလားဆိုပြီးတော့ ကျနော်တို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီအတိုင်းဖြစ်မလာခဲ့ပါဘူး။ အဲဒါကြောင့် ကျနော် တို့ က ၂၀၂၀ ကိုပိုပြီးတော့ အလေးထားတယ်။
ဒါကြောင့် ၂၀၁၇ မှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲသည် ၂၀၂၀ အတွက် အရေးပါနေတယ်။ ပါဝင် ယဉ်ပြိုင်သင့် တယ်လို့ အခြေခံအားဖြင့် ယူဆထားပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲဟာ ၂၀၂၀ အလွန်မှာဖြစ်လာမယ့် ညွန့်ပေါင်း အစိုးရအတွက် အခြေခံအားစမ်းပွဲ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ အမျိုးသား ပြည်နယ်တိုင်းမှာ လူထုထောက်ခံတဲ့ အမျိုးသားပါတီတိုင်းဟာ အာရုံစိုက်လာရတာပေါ့။ ၂၀၂၀ မှာ တိုင်းရင်းသား ပါတီတွေနဲ့ ပြည်မမှာ ဗဟိုပြုတဲ့ ပါတီကြီးတွေနဲ့ပေါင်းပြီးတော့ ညွန့်ပေါင်းအစိုးရများ ဖွဲ့နိုင် မလားလို့ မျှော်မှန်းထားပါတယ်။
အဲဒါကြောင့် ရခိုင်မှာပဲ ဖြစ်ဖြစ်၊ ရှမ်းမှာပဲ ဖြစ်ဖြစ် မိမိတို့ အမျိုးသား ပါတီတွေဟာ မိမိတို့ပြည်နယ်မှာ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ မျှော်မှန်းချက် ထားပါတယ်။ နိုင်အောင်လည်းပဲ လူထုကို စည်းရုံးနိုင်ရမယ်။ ကျနော်တို့ အနေနဲ့လည်းပဲ ရခိုင်ပြည်မှာရှိတဲ့ ၁၇ မြို့နယ်စလုံးကို ဘယ်မြို့ကိုမှ ချန်မထားဘဲ အားလုံးကိုစည်းရုံးနိုင်ရမယ်၊ နိုင်ဖို့လည်း လိုအပ်တယ်။
မေး။ ။ အမ်းမြို့နယ်ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရုံးစိုက်တဲ့ စစ်တပ်နယ်မြေ ဖြစ်တာရယ်၊ ကြံ့ခိုင်ရေးပါတီရဲ့ အမာခံ နယ်မြေတခုလည်း ဖြစ်တဲ့အပြင် ဆရာကလည်းပဲ၂၀၁၅ ရွေးကောက်ပွဲမှာ မာန်အောင်မဲဆန္ဒနယ်က ပါဝင် ယဉ်ပြိုင် ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ ဒါကြောင့် အမ်းမြို့နယ်မှာလည်းပဲ အနိုင်ရနိုင်ခြေ နည်းတယ်လို့ ဝေဖန်သုံးသပ်နေကြတာတွေ ရှိပါတယ်။ အဲဒီလိုနယ်မြေမှာ မြို့ခံတွေက ဝင်မပြိုင်ကြဘဲ ဆရာကိုယ်တိုင် ဘာကြောင့် ဝင်ပြိုင်ရတာပါလဲ။
ဖြေ။ ။ စောစောက ကျနော်ဖြေတဲ့အထဲမှာ အဲဒါတွေ ပါပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲဟာ ၂၀၂၀ အတွက် အလွန် အရေးကြီးတယ်။ ဒါကြောင့် နိုင်ဖို့လိုအပ်တယ်။ နိုင်ဖို့ လိုအပ်တဲ့အခါမှာ လူထုထောက်ခံတဲ့၊ သက်ဆိုင်ရာမြို့နယ်က ပါတီ ဝင်တွေ၊ ဒေသခံတွေက ထောက်ခံတဲ့သူ၊ လူထုကို ကိုယ်စားပြုနိုင်တဲ့သူ ဖြစ်ဖို့ လိုအပ်ပါတယ်။
နောက်တခုက ကိုယ်စားလှယ်လောင်း မရွေးခင် ပါတီရဲ့ အတွင်းရေးမှူး ဖြစ်တဲ့ ဦးထွန်းအောင်ကျော် ဦးဆောင်ပြီးတော့ ဒေသခံ ပါတီဝင်တွေ၊ ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားကို ရယူလေ့လာပြီးမှ ဒေသခံတွေက ဆန္ဒပြုသူကိုရွေးချယ်ဖို့ လုပ်ဆောင်ကြတာပါ။
အလားတူပဲ ဒေသခံ ပါတီဝင်တွေအပြင် သက်ဆိုင်ရာဒေသက လူမှုအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့က ပုဂ္ဂိုလ်တွေ၊ တခြား ပြင်ပကလူတွေရဲ့ အသံတွေကိုပါ ရယူပါတယ်။ ပြီးတော့ အားလုံးက ဆန္ဒပြုတဲ့ ကိုယ်စားလှယ်လောင်းကိုပဲ ရွေးချယ် ဖို့ စီစဉ်ခဲ့ကြတာပါ။
ပြိုင်ဘက်တွေရဲ့ အနေအထား၊ ဒေသရဲ့ အခြေအနေအရပ်ရပ်ကို လေ့လာပြီးမှ လုပ်ဆောင်ကြတာပါ။ အဲဒီတော့ အများစု က ကျနော့်ကိုပဲ ပါဝင်ယဉ်ပြိုင်ဖို့ ဆန္ဒပြုကြတယ်လို့ သိရတယ်။
ဒါဟာလည်းပဲ အတည်တော့ မပြုရသေးပါဘူး။ ဒီရက်ပိုင်းမှာပဲ ပါတီဌာနချုပ်က ကြေညာချက် ထုတ်ပြန်ဖို့ ရှိပါတယ်။ အဲဒီ အခါမှပဲ အတည်ဖြစ်ပြီလို့ ပြောလို့ရမှာပေါ့။ ဝင်ပြိုင်ရတဲ့ အကြောင်းရင်းကိုလည်းပဲ ကြေညာချက်မှာ ဖော်ပြပါလိမ့်မယ်။
မေး။ ။ အမ်းမဲဆန္ဒနယ်ဟာ စစ်တပ်နယ်မြေ၊ ကြံ့ခိုင်ရေးရဲ့ အမာခံနယ်မြေ၊ ကြံံ့ခိုင်ရေးက အနိုင်ရတဲ့ အစဉ်အလာရှိတော့ ANP ပါတီရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် ပါဝင် မပြိုင်သင့်ဘူး၊ ဒေသခံဖြစ်သူ ကိုယ်စားလှယ် တဦးဦးကိုပဲ ဝင်ပြိုင်စေချင်တယ် ဆိုတဲ့ သဘောထားတွေ တွေ့ရတယ်။ တကယ်လို့ ပါတီဥက္ကဋ္ဌ ကိုယ်တိုင်ပြိုင်ပြီး မနိုင်ခဲ့ရင် ဆိုတဲ့ စိုးရိမ်မှု တချို့ကိုလည်း ANP ကို ထောက်ခံသူတွေက စိုးရိမ်နေကြတာလည်း တွေ့ရတယ်။ အဲဒီအပေါ်မှာ ဆရာ့ရဲ့ အမြင်ကို သိပါရစေ။
ဖြေ။ ။ အဲဒီလို အကြောင်းကြောင်းတွေကြောင့်ပဲ အမ်းမဲဆန္ဒနယ်ဟာ အရေးပါတယ်၊ ရှုံးနိုင်မယ်ထင်ရင် အဲဒီလို နေရာမျိုး မှာ ဘယ်ဝင်ပြိုင်မလဲ။ အရေးကြီးနေရာမှာ ပါဝင်ယဉ်ပြိုင်မယ့် ဇာတ်ကောင်ဟာ အရေးကြီးတယ်။ နောက်တခုက ကြံ့ခိုင်ရေး က အနိုင်ရတဲ့နယ်မြေ ဖြစ်နေတာရယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တွေမှာလည်းပဲ NLD က ကြီးစိုး ထားလို့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူးဆိုပြီး တင်ပြကြတာတွေလည်း ရှိပါတယ်။
လွှတ်တော်ထဲမှာ NLD က လွှမ်းမိုးထားလို့ အတိုက်အခံဘာမှ လုပ်လို့မရတော့ဘူး ဆိုတဲ့ အားငယ်နေတာတွေလည်း တွေ့ရ တယ်။ အဲဒီတော့ ၂၀၂၀ မှာ အင်အားကောင်းဖို့ မလိုအပ်ဘူးလား။ ၂၀၂၀ အတွက်ကို အလေးထားပြီး လုပ်ရ တော့မယ့် အချိန်ပါ။ အဲဒီတော့ ၂၀၂၀ မှာ ခိုင်ခိုင်မာမာ ဖြစ်လာနိုင်ဖို့အတွက် ဆိုရင် ၄ နှစ်လောက် လုပ်နိုင်သေးတယ်။
ဒီကြားထဲမှာ လူထုကိုစည်းရုံး ဆွဲဆောင်နိုင်ဖို့ လိုအပ်တယ်။ အဲဒီအတွက် ကျနော်တို့ပါတီမှာ မျှော်မှန်းချက် ရှိပါတယ်။ ကျနော်တို့ရဲ့ အဓိကမျှော်မှန်းချက်ဟာ ၂၀၂၀ ပါ။ အဲဒီတော့ ၂၀၂၀ မှာ နိုင်ဖို့အတွက် အခုကတည်းက လူထုကို စည်းရုံး ထားနိုင်ဖို့ လိုတယ်။ အဲဒါကြောင့် ကျနော်တို့မှာ ရခိုင်ပြည်ရဲ့ ၁၇ မြို့နယ်စလုံးမှာ လူထုကိုစည်းရုံးနိုင်ရမယ်။ နိုင်ဖို့လိုတယ်။
မာန်အောင်မှာ ခဏတာရှုံးခြင်းသည် ရှုံးခြင်းမဟုတ်ပါ။ လူထုက ကျနော်တို့ပါတီရဲ့ သဘောထား ရပ်တည်ချက်ကို မသိ သေးလို့ ခဏတာရှုံးတာပါ။ ပါတီရဲ့ သဘောထား ရပ်တည်ချက်ကို လူထုကို သေချာမရှင်းပြနိုင်လို့ပဲ ဖြစ်တာပါ။ ဒါကြောင့် မြို့နယ်တိုင်းကို စည်းရုံးနိုင်မှသာ ၂၀၂၀ ကိုကျနော်တို့ နိုင်မှာပါ။ နိုင်အောင်လည်း စည်းရုံးရပါမယ်။
NLD ကပဲ နိုင်နိုင်၊ ကြံ့ခိုင်ရေးကပဲ နိုင်နိုင် ပြည်ထောင်စုစနစ် မဖြစ်နိုင်ပါ။ ဒါကြောင့် တိုင်းရင်းသား ပါတီတွေက သက်ဆိုင် ရာ နယ်မြေ အသီးသီးမှာ အနိုင်ရမှပဲ ပြည်ထောင်စုစနစ် တည်ဆောက်လို့ရမှာပါ။ အဲဒီလို နိုင်ဖို့အတွက်ဆိုရင် ဘယ်လို ဇာတ်ကောင်မျိုးကို လူထုက ကြိုက်လဲ ဆိုတာက အရေးကြီးတယ်။
တကယ်လို့ ANP အနေနဲ့ အခုချိန်မှာ ရခိုင်လူထုရဲ့ ရင်ထဲကိုစူးစူးရှရှ ရောက်သွားနိုင်မယ့် စည်းရုံးမှုမျိုး မလုပ်နိုင်ဘူးဆိုရင် ၂၀၂၀ မှာကျနော်တို့ ရှုံးသွားလိမ့်မယ်။ ။