အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ကဏ္ဍများတွင် ဝင်ရောက် စွက်ဖက်နေသည် ဟု လတ်တလော ဝေဖန်ခံနေရသည်။ ဝေဖန်ချက်များနှင့် ပတ်သက်ပြီး ပါတီခေါင်းဆောင် တဦး ဖြစ်သူ ဦးဉာဏ်ဝင်းကို သွားရောက်တွေ့ဆုံ မေးမြန်းထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး။ ။ NLD က အငြင်းပွားစရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို ဝင်ပြီး လွှတ်တော်ထဲ ရောက်နေတာ ၅ နှစ် ပြည့်ပါတော့မယ်။ နိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည် ဘယ်လောက် ပေါ်ပြီလဲ။
ဖြေ။ ။ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ရတဲ့ အချိန်မှာ အဖွဲ့ချုပ် ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တပ်ခေါင်းဆောင် တွေ အကြား အပြန်အလှန် စာရေးသားမှုတွေ ရှိခဲ့ပါတယ်။ အဓိက အချက်တွေကတော့ NLD ပါတီ ရွေးကောက်ပွဲ ပါတာကို လက်ခံမယ်။ နောက်ထပ် အချက် နှစ်ချက်၊ သုံးချက် ရှိပါသေးတယ်။ သူတို့နဲ့ အပြန်အလှန် ညှိနှိုင်းပြီးတော့ သဘောတူမှ ဒီလို အခြေအနေကို ရောက်တာပါ။
ပြည်သူတွေက ကိုယ့်ကို အုပ်ချုပ်မယ့် သူကို ရွေးချယ်ခွင့် ရလာတာကတော့ အဓိက အချက်ပဲ။ အပြည့်အဝတော့ ရွေးချယ်ခွင့် မရှိပါဘူး။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ကန့်သတ်ချက်အရ (လွှတ်တော်ထဲ အလိုအလျောက် နေရာ ရတဲ့ တပ်မတော်သား ကိုယ်စားလှယ်များ) ၂၅ ရာခိုင်နှုန်းကို ပြည်သူက ရွေးချယ်တာ မဟုတ်ဘူး။
မေး။ ။ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပါတီက ကြိုးပမ်းနေတာ ဘယ်ကာလလောက်မှာ အတိုင်းအတာ တခုထိ အောင်မြင်မှုတွေ ရှိလာမလဲ။
ဖြေ။ ။ တချိန်မှာတော့ ရှိမှာပဲ။ ဘယ်တော့ လုပ်မယ်သာ မပြောနိုင်တာပါ။ ကျနော်တို့က ဒီမိုကရေစီ သွားမယ်လို့ ပြောထားတာ။ ဒီမိုကရေစီမှာ ရွေးကောက်ခံ မဟုတ်တာ မရှိပါဘူး။ တနေ့ကျရင်တော့ ဒီရွေးကောက်ခံ မဟုတ်တာ တွေကို ပယ်ရမှာပါပဲ။ အချိန်အခါပဲ လိုတာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရရော၊ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ အရရော တပ်မပါဘဲနဲ့ ရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့ မရဘူး။
မေး။ ။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အချက်အလက်တွေနဲ့ ရွေးချယ်နေပါသလဲ။
ဖြေ။ ။ အခုလတ်တလောမှာက နိုင်ငံရေးအတွေ့အကြုံ၊ နိုင်ငံရေးလုပ်သက် အတွေ့အကြုံ ရင့်ကျက်တာ၊ ဘာသာရပ် အလိုက် ကျွမ်းကျင်မှု ရှိတာ၊ ဥပမာ-အင်ဂျင်နီယာ တယောက်ဆိုရင် အင်ဂျင်နီယာဘာသာရပ်မှာ ကျွမ်းကျင်တယ်၊ ဆရာဝန်ဆိုရင်လည်း ဆရာဝန်ဘာသာရပ်မှာ ကျွမ်းကျင်တာမျိုး၊ ဥပဒေသမားဆိုရင်လည်း သူ့ဘာသာရပ်မှာ ကျွမ်းကျင်တာမျိုး ပေါ့၊ ဒါတွေကိုလည်း ထည့်စဉ်းစားပါတယ်။ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုကို လည်း ကြည့်ပါတယ်။ နိုင်ငံရေး အတွေ့အကြုံမှာ ဆိုရင်လည်း တခြားမှာ ဖြစ်ဖြစ်၊ NLD မှာပဲ နှစ်ပေါင်းများစွာ လုပ်လာတဲ့ ရင့်ကျက်တဲ့ အတွေ့အကြုံ ရှိတဲ့ လူတွေကို စဉ်းစားပါတယ်။
မေး။ ။ ယခင် ရွေးကောက်ပွဲတွေ အတွက် တိုင်းရင်းသား၊ လူငယ်၊ အမျိုးသမီး ဆိုပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်ခဲ့ပါတယ်။ အခုရော ဘာတွေများ ကွာခြားပါသလဲ။
ဖြေ။ ။ အဲဒါက ဦးစားပေးကို ပြောတာပါ။ ကျနော် ခုပြောတာက ရွေးချယ်ရေး မူကို ပြောတာပါ။ တူရင် ဦးစားပေးမှာ တိုင်းရင်းသား၊ လူငယ်၊ အမျိုးသမီးပေါ့။ ရွေးချယ်တဲ့ အခါမှာတော့ ပညာအရည်အချင်း၊ လုပ်ငန်း အတွေ့အကြုံ၊ ဘာသာရပ် ကျွမ်းကျင်မှု၊ ဒါတွေကို ဦးစားပေးပါတယ်။
မေး။ ။ ဒီလိုမျိုးရွေးချယ်ဖို့ အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ထဲမှာ ဘယ်လိုမျိုး ညှိနှိုင်းခဲ့ရပါသလဲ။
ဖြေ။ ။ ကျနော်တို့ ဒီမူကို အရင်ချတယ်။ ပြီးတော့ ဒီမူနဲ့ ရွေးမယ်ပေါ့။ အဖြစ်နိုင်ဆုံးပေါ့။ ကိစ္စတိုင်းမှာ ကိုယ်လိုချင် တဲ့ ပုံစံမျိုးတော့ မရပါဘူး။
မေး။ ။ CEC ထဲမှာ အဖွဲ့ဝင် အဖြစ် ထပ်မံရွေးချယ် တင်မြှောက်ထားတာတွေ ရှိပါသလား။ ဘယ်လို မူနဲ့ ရွေးချယ်ပါ သလဲ။
ဖြေ။ ။ CEC ကို ညီလာခံနေ စပြီး ဖွဲ့တာပါ။ ညီလာခံက အားလုံး အောက်ခြေကနေ တက်လာတဲ့ ဗဟိုကော်မတီ ဆိုတာ ရှိလာတယ်။ ပထမဆုံး ပါတီဥက္ကဋ္ဌကို ရွေးတယ်။ ပါတီဥက္ကဋ္ဌက ပါတီခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးတော့ CEC ကို ရွေးလိုက်တယ်။ ပြီးတော့ ဗဟိုကော်မတီကို ချပြတယ်။ ဗဟိုကော်မတီက အတည်ပြုလိုက်တဲ့ အတိုင်း CEC ကို ဖွဲ့တယ်။ ဒါက ညီလာခံကနေ လာတာ။ ညီလာခံ မရှိတဲ့ အခုလိုအချိန်မှာ ကိုဖြိုးမင်းသိန်းတို့ ကိုအောင်စိုးတို့ကို ခန့်တယ် ဆိုတာ ဒါက CEC ဆုံးဖြတ်ချက်နဲ့ ခန့်တာ။ ပြီးခဲ့တဲ့လက လုပ်တဲ့ ဗဟိုကော်မတီမှာ ကိုဖြိုးမင်းသိန်းတို့ အကျုံးဝင်သွားတယ်။ ဒါသူတို့က အတည်ပြုပြီးသား။ အဲဒီလို ရွေးချယ်ပါတယ်။
မေး။ ။ ပါတီ CEC ကနေ ဒုဝန်ကြီးတဦးကို တာဝန်က နှုတ်ထွက်ဖို့ ဖိအားပေးခဲ့တာတွေ ရှိပါသလား။
ဖြေ။ ။ မရှိပါဘူး။ လုံးဝ မရှိဘူး။ ကျနော်တို့ မသိဘူး။ ကျနော် မသိဘူး။ အဲဒီတော့ ဒီ ဒုဝန်ကြီးကို ဖြုတ်တယ် ဆိုတာ သမ္မတရုံးက ဖြုတ်တာပဲ။ ကျနော်တို့ ဖြုတ်တာမှ မဟုတ်တာ။ ပါတီက မဟုတ်ဘူး။ သမ္မတရုံးရဲ့ အမိန့် ကြော်ငြာစာပဲ လေ။
မေး။ ။ ဒါပေမယ့် ဦးထွန်းဝင်းက အင်တာဗျူးတွေမှာ ပြောပါတယ်၊ သူ့ကို နှုတ်ထွက်ဖို့ CEC ထဲက တယောက်က ဖိအား ပေးတယ် တဲ့။
ဖြေ။ ။ အဲဒါက သီးခြားကိစ္စပဲ ဖြစ်မယ်။ ကျနော်တို့ မသိဘူး။ ကျနော်တို့ CEC ကိုလည်း တင်ပြတာ မျိုးလည်း မရှိဘူး။ CEC မှာလည်း ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးတာ မရှိဘူး။ ပါတီက အုပ်ချုပ်ရေးမှာ ဝင်ရောက်ပါဝင်ပတ်သက် တာ မျိုးက မသင့်တော်ဘူးလို့ ထင်ပါတယ်။
မေး။ ။ လက်တလော ဖြစ်နေတဲ့ တောင်ကြီးက ဒေါ်ခင်မို့မို့တို့။ လွှတ်တော်ကိုယ်စားလှယ် သုံးဦးတို့ကို ပါတီ တာဝန်တွေက အနားပေးတာတွေ ကရော CECရဲ့ ဆုံးဖြတ်ချက်တွေ ပါလား။
ဖြေ။ ။ ဒေါ်ခင်မို့မို့ကိစ္စမှာ ဆိုရင် ပထမက CEC ရဲ့ဆုံးဖြတ်ချက် မဟုတ်ဘူး။ ဒါကြောင့်မို့ မမှန်ဘူးလို့ သတင်း မီဒီယာတွေကို ကျနော်တို့ ပြောတာပါပဲ။ နောက်ကျတော့ ဒါနဲ့ပတ်သက်ပြီး သူ့ကို ခုခံချေပခွင့် အပြည့်ပေးတာပါပဲ။ အပြီးမှာ ကြားနာပေးတယ်။ နောက်ဆုံးဟာ ကတော့ စည်းကမ်းထိမ်းသိမ်းရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါကိုCEC က အတည်ပြုပေးခဲ့ပါတယ်။ ပထမဆုံးဟာ ကတော့ CEC လုံးဝ မပါပါဘူး။
လွှတ်တော် ကိုယ်စားလှယ် သုံးဦးကိစ္စကတော့ CEC ရဲ့ဆုံးဖြတ်ချက်ပါ။ သူတို့ သုံးယောက်မှာ သီးခြားပြသနာတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် ရပ်ထားလိုက်။ အချက်အလက်တွေ အားလုံးကို ပြန်စုမယ်။ စုပြီးတော့မှ ဘာဆက်လုပ်ရမယ် ဆိုတာ ဆက်စဉ်းစားမယ်။
မေး။ ။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို NLD လူကြီးပိုင်းတွေက ကန့်သတ်၊ ထိန်းချုပ်မှုတွေ ရှိတယ်လို့ ကြားသိနေရပါတယ်။ ပါတီက ဒါတွေလုပ်ဖို့ ဆုံးဖြတ်ထားတာများ ရှိပါသလား။
ဖြေ။ ။ ပါတီက ထိန်းချုပ်ခွင့် မရှိပါဘူး။ ဒါပေမယ့် ဆော်သြရေးမှူးတွေတော့ ရှိပါတယ်။ ဆော်သြရေးမှူးတွေ ကတော့ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဆော်သြရေးမှူးတွေရဲ့ အဓိပ္ပာယ်ထဲမှာ အဲဒီလိုလုပ်ခွင့်တော့ မရှိပါဘူး။ ဒါက ပါတီနဲ့ မဆိုင်ဘူး။ ပါတီက အဲဒီလိုလုပ်ခွင့်လည်း မရှိပါဘူး။ အဲဒီတော့ ဥပဒေပြုရေး အပိုင်းကိုင်တဲ့ လွှတ်တော်က သူ့ကဏ္ဍနဲ့ သူပေါ့။ ပြောကြပါတယ်၊ ကျနော်တို့လည်း ကြားတယ်၊ ကိုယ်နဲ့ မဆိုင်တာဆိုတော့ မပြောတာပါ။ လွှတ်တော်က ကိစ္စက ကျနော်တို့နဲ့ မဆိုင်ဘူးလေ။ ကျနော်တို့က ပါတီကလေ။
မေး။ ။ ဒီအပေါ်ရော ဘာများ မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ ပါတီမှာ အဲဒီလို ဆုံးဖြတ်ဆောင်ရွက်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပေးထားပါဘူး။
မေး။ ။ လတ်တလောမှာ ဝန်ကြီးချုပ် တဦးကို အင်တာဗျူးဖို့ ခွင့်တောင်းတော့ ပါတီက သူ့ကို အင်တာဗျူးခွင့် ပိတ်ထားတယ် လို့ အဲဒီဝန်ကြီးချုပ်က ဆိုပါတယ်။ ဒီလိုမျိုး CEC က ဆုံးဖြတ်ပြီး ပိတ်ပင်ထားတာမျိုးတွေများ ရှိပါသလား။
ဖြေ။ ။ ကျနော် မသိဘူး။ တခါမှ မကြားဖူးဘူး။ သူ့ကို တစုံတယောက်က ပြောတာမျိုးလည်း ရှိကောင်းရှိမှာ ပေါ့။ ဒါပေမယ့် ကျွန်တော့တို့ ပါတီအနေနဲ့တော့ အဲဒီလို လုပ်တာမျိုး ညွန်ကြားတာမျိုး တခါမှ မရှိဘူး။ စွက်ဖက်တယ် ဆိုရင်တော့ မဖြစ်သင့်ဘူး။ တခါတလေလည်း အဓိပ္ပာယ်တွေက အမျိုးမျိုး ဖြစ်တယ်။ ပါတီဝင် အချင်းချင်းပဲ အထက်မှာ တယောက်ရှိတယ်၊ အောက်မှာ တယောက်ရှိတယ်၊ နှစ်ယောက် ရင်းရင်းနှီးနှီးနဲ့ တိုင်တိုင်ပင်ပင်နဲ့ လုပ်တာကို အမိန့်ပေးတာလို့ ယူဆတဲ့လူက တမျိုး ယူဆတယ်။ အမိန့်ပေးတာ မဟုတ်ဘူး ဂိုက်လိုင်းပေးတာ၊ ကောင်းအောင် လုပ်တာ ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီဟာက အဓိပ္ပာယ်ဖွင့်တာ သိပ်အရေးကြီး ပါတယ်။ ဘယ်သူမှ မတိုင်ပင်ဘူး။ ငါက Independent ပဲ ဆိုတာမျိုး၊ ဒီလို ရပ်တည်တယ် ဆိုရင်လည်း ဘယ်မှန်နိုင်မလဲ။ အဲဒီတော့ မစွက်ဖက်ရဘူး ဆိုတဲ့ အခြေခံကိုတော့ လုံးဝ လက်ခံပါတယ်။
မေး။ ။ ပါတီအတွက် အရေးကြီးလို့ CEC က ဆုံးဖြတ်ရမယ့် အချက်တွေကို ရန်ကုန် ဗဟိုဌာနချုပ်ရုံးမှာပဲ ဆုံးဖြတ်တာလား။ နေပြည်တော်မှာ ဆုံးဖြတ်ကြတာလား။
ဖြေ။ ။ တချို့ဟာတွေ သူတို့ ဆုံးဖြတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် ပြောရရင်တော့ အနည်းစုပါ။ အဓိကကတော့ CEC အနေနဲ့တော့ ဗဟိုအနေနဲ့ပဲ ဆုံးဖြတ်ပါတယ်။ အနည်းစုကိုလည်း ကျနော်တို့ သဘော မတူကြောင်းလည်း ပြောခဲ့တယ်။ ဆက်သွယ်ရေးတွေ အပေါ်လည်း မူတည်တာပေါ့ ဗျာ။ တချို့ အမိန့်တွေမှာ ကျနော်တို့ မသိလိုက်ဘူး၊ မြို့နယ်တခုက လူအစားထိုးတဲ့ ကိစ္စတွေ ပေါ့။ ကျနော်တို့ မသိဘဲ အမိန့်တွေ ထွက်တယ်။ ဒါမျိုး မလုပ်သင့်ဘူး ဆိုတာကို ကျနော်တို့ ဆွေးနွေးတာ ပါ။ သူတို့ကလည်း အရေးပေါ်ပေါ့ ဗျာ။ အရေးပေါ်ဆိုတိုင်းလည်း (ပါတီစည်းမျဉ်း၊ စည်းကမ်း) ဥပဒေတွေကို ချိုးဖောက်လို့တော့ ဘယ်ရမလဲဗျာ။
မေး။ ။ ပါတီတွင်းမှာ အုပ်စုဖွဲ့တဲ့ ပုံစံတွေများ မြင်နေရပါသလား။
ဖြေ။ ။ ကျနော်က မဖွဲ့ဘူး။ ဒါပေမယ့် ကျနော် ရိုးရိုးပဲ ပြောပါ့မယ်။ မီဒီယာတွေက ကျနော်တို့ကို အုပ်စုဖွဲ့ခိုင်းချင်နေ တာ။ ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းထိန်နဲ့က အုပ်စုပေါ့။ ဘယ်သူမှလည်း မလုပ်ပါဘူး။ အဲဒါကို မီဒီယာတွေက အဲဒီလို ရေးတာ ပါ။ ဖြစ်စေချင်လို့ ရေးနေတာလားတော့ မသိပါဘူး။ ကျနော်တို့မှာ အဲဒီလိုမျိုး မရှိပါဘူး။ ။