ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာပြည်မြောက်ပိုင်းတပ်ပေါင်းစု (Northern Alliance Burma) လို့ ခေါ်တဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) တို့ က မဟာမိတ် စစ်ဆင်ရေး ပြုလုပ်လာပြီးတဲ့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိုးရိမ်မှုတွေရှိနေကြပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြောက်ပိုင်း မဟာမိတ်စစ်ဆင်ရေးအခြေအနေ၊ အစိုးရနဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ဆက်ဆွေးနွေးမယ့်အခြေအနေတွေဘယ်လိုဆက်ဖြစ်နိုင်လဲ ဆိုတာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ရဲ့ ဒုဥက္ကဋ္ဌ နိုင်ဟံသာကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ကစပြီး သုံးရက်အကြာ ပြုလုပ်ခဲ့တဲ့ UNFC အစည်းအဝေးမှာ အဓိက ဘာတွေဆွေးနွေး၊ ဆုံးဖြတ်ဖြစ်ခဲ့ကြလဲဆိုတာ အရင်ဆုံးသိချင်ပါတယ်။
ဖြေ။ ။ ပထမကတော့ (UNFC) ညီလာခံလုပ်ဖို့ ပြင်ဆင်တယ်ဗျ။ ပြင်ဆင်ရင်းနဲ့ပေါ့ဗျာ။ အခြေအနေက မြောက်ပိုင်းမှာ တိုက်ပွဲတွေက ပြင်းထန်နေတော့ ညီလာခံကို ရက်ရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
မေး။ ။ အဲဒီသုံးရက်ကြာ အစည်းအဝေးမှာ မြောက်ပိုင်းမဟာမိတ်စစ်ဆင်ရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးတယ်လို့ သိရပါတယ်။ ဘယ်လိုဆွေးနွေးခဲ့ကြတယ်ဆိုတာလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ အခုဖြစ်နေတဲ့ အနေအထားအပေါ်မှာပေါ့နော်။ တဖက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုကို ပြတ်မသွားအောင်လည်း ထိန်းရမယ်။ တဖက်ကလည်း ဖြစ်နေတဲ့တိုက်ပွဲကို သူတို့က နည်းနာအသစ်နဲ့ သဘောကတော့ အစိုးရဘက်က ထိုးစစ်ဆင်နေတာကြာပြီလေဗျာ။ ထိုးစစ်ကို ခုခံနိုင်ဖို့အနေအထားကတော့ ခံစစ်တွေပဲခံနေရင် ကိုယ်ကပဲ ရှုံးမှာပေါ့ဗျာ။ ကိုယ်က နာမှာပေါ့။ အခုကတော့ နည်းနာအသစ်နဲ့ ထိုးစစ်ကို ထိုးစစ်နဲ့ ပြန်လုပ်လိုက်ခြင်းအားဖြင့် ထိုးစစ်ဆိုတာ စစ်နည်းဗျူဟာအရ အကောင်းဆုံး ခံစစ်သဘောလဲဖြစ်တယ်လေ။ အဲလိုပဲပြန်လုပ်လိုက်တာပါ။
မေး။ ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ UNFC တဖွဲ့လုံးအနေနဲ့ရော ဘယ်လိုသဘောထား ရှိလဲဗျ။ ဒီအပေါ်မှာ သဘောထားကွဲလွဲမှုတွေများ ရှိလား။
ဖြေ။ ။ သဘောထားကွဲလွဲမှု မရှိပါဘူး။ ဒါကလည်း အကန့်အသတ်နဲ့ဖြစ်နေတာလေ။ တို့ကတော့ အားလုံးကိုလည်း မကျယ်ပြန့်စေချင်ဘူး။ ဒါကတော့ မလွှဲမရှောင်သာ သူတို့ခံနေရတဲ့ အပိုင်းကနေပြီးတော့မှ နည်းနာအသစ်နဲ့ ထိုးစစ်ပြန်ပြီးတော့ လုပ်လိုက်တဲ့သဘောပါ။
မေး။ ။ ဒီအခြေအနေက အန်ကယ်တို့နဲ့ အစိုးရနဲ့ ကြားမှာ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ တစုံတရာ ရိုက်ခတ်မှုရှိမလား။ နှစ်ဘက်ဆွေးနွေးပွဲတွေကို ဘယ်လိုဆက်သွားကြမလဲ။
ဖြေ။ ။ ဒါကတော့ အစိုးရအပေါ်မှာမူတည်တယ်။ တို့ကတော့ ရရှိထားတဲ့ တွေ့ဆုံဆွေးနွေး၊ ဖြေရှင်းတဲ့ နည်းနာကိုတော့ ပျက်မသွားစေချင်ဘူးဗျ။ အတတ်နိုင်ဆုံးတော့ ထိန်းသိမ်းသွားမယ်။
မေး။ ။ အစိုးရနဲ့ UNFC နဲ့ဆွေးနွေးတဲ့အထဲမှာ UNFC ဘက်က တင်ပြထားတဲ့ အချက် ၈ ချက်ကိစ္စပေါ့။ ဒီအချက် ၈ ချက်နဲ့ ပတ်သက်ပြီး မပြီးပြတ်သေးဘူးလို့ ကျနော်တို့ သိထားပါတယ်။ ဘယ်အချက်တွေမှာ ပြေလည်မှုရပြီး ဘယ်အချက်တွေမှာ တစ်ဆို့နေတာလဲသိပါရစေ။
ဖြေ။ ။ ယေဘုယျအားဖြင့်တော့ တချို့အချက်တွေမှာ နားလည်မှုယူလို့ရတယ်။ တချို့အချက်တွေမှာကတော့ နည်းနည်း ခဲယဉ်းနေတယ်ဗျ။ အဓိက ခဲယဉ်းနေတဲ့ အပိုင်းတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲမှာ အပစ်ရပ်စဲရေးမှာပေါ့ဗျာ။ နောက် JMC မှာ အပစ်ရပ်စဲရေးလုပ်ပြီးတော့မှ ဒါကိုစောင့်ကြည့်ဖို့ ဆိုတဲ့ အပိုင်း မှာလည်း နိုင်ငံတကာအင်အားစုတွေပါဝင်ရေးဗျာ။ သူတို့နဲ့ ကျနော်တို့ နှစ်ဘက်ပေါင်းပြီး ကြားကလူထုတွေနဲ့ပဲ ဆိုရင် သူ့ဟာသူငြင်း၊ ကိုယ့်ဟာကိုငြင်း ပေါ့ဗျာ။ သူ့ဟာသူကာကွယ်၊ ကိုယ့်ဟာကိုကာကွယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဆိုရင်လည်း ဖြေရှင်းရတာ သိပ်မခိုင်မာဘူး ပေါ့ဗျာ။ နိုင်ငံတကာ အင်အားစုတွေပါဝင်လာမှ ပိုပြီးတော့ ခိုင်မာလာမယ်ဆိုတဲ့ သဘောမျိုးပေါ့ဗျာ။ အဲလိုသတ်မှတ်ထားတယ်။
မေး။ ။ မြောက်ပိုင်းမဟာမိတ် စစ်ဆင်ရေးမှာ UNFC ထဲက KIA က ပါဝင်နေတော့ နောက်ပိုင်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ငန်းစဉ်တွေမှာ ဘယ်လိုပုံစံတွေဖြစ်လာနိုင်လဲ။ ဆွေးနွေးမယ့်အထဲမှာ KIA ရောပါလာမလား။
ဖြေ။ ။ သူတို့ (KIO/KIA) လည်းပါမှာပါ။ သူတို့ကလည်း ဆွေးနွေးမှုကို မပျက်အောင်ပေါ့လေ။ ဆွေးနွေးခွင့်ရှိတဲ့ အင်အားစု အားလုံးကတော့ ဆွေးနွေးနေမှာပါ။
မေး။ ။ အန်ကယ်တို့ အပစ်မရပ်ရသေးတဲ့အဖွဲ့တွေအနေနဲ့ပေါ့လေ။ လက်ရှိအစိုးရသစ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးတဲ့ အခါမှာ ဘယ်အရာတွေ၊ ဘယ်အပိုင်းတွေမှာ အခက်အခဲကြုံတွေ့နေရတာမျိုးတွေရှိနေလဲ။
ဖြေ။ ။ အဓိက အခက်အခဲဖြစ်နေရတာကတော့ တပ်မတော်နဲ့ ညှိနှိုင်းရတဲ့ အပိုင်းတွေပေါ့ဗျာ။
မေး။ ။ တပ်မတော်နဲ့ ညှိရခက်တဲ့ အချက်တွေက ဘယ်အချက်တွေလဲ။
ဖြေ။ ။ အဲဒါကတော့ဗျာ။ အားလုံးပါဝင်ရေးလည်း ပါတယ်။ သုံးပွင့်ဆိုင်ကိစ္စလည်း ပါဝင်တယ်။ နောက် JMC မှာ ပိုပြီးတော့ ခိုင်မာ တိကျအောင် နိုင်ငံတကာ အင်အားစုတွေပါဝင်လာဖို့ ကိစ္စတွေလည်း ပါဝင်တာပေါ့။ NCA လက်မှတ်ထိုးထားတဲ့ RCSS ကို အစိုးရဘက်က သွားပြီးတိုက်ခိုက်တဲ့ပုံစံမျိုးကလည်း ရှိနေသေးတော့ NCA အပါအဝင် JMC ကလည်း ပိုပြီးတော့ ခိုင်မာဖို့ လိုတယ်လို့ မြင်တယ်ဗျ။
မေး။ ။ မကြာခင်ရက်ပိုင်းတွေမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့ နှစ်ဘက် ချိတ်ဆက်နေတာတွေများ ရှိနေပြီလား။
ဖြေ။ ။ ရှိတော့ ရှိပါတယ်။ ပြတ်မသွားပါဘူး။ အဲဒါကတော့ ဘယ်တော့ပြန်ဖြစ်မလဲဆိုတာကတော့ DPN အဖွဲ့ကို မေးတာက ပိုပြီးတော့ သေချာမယ်ဗျ။ ကျနော်ကတော့ သိပ်မသိဘူး။
မေး။ ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အရင်တုန်းကပြောတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ်လို့ပြောတယ်။ အခုမြောက်ပိုင်းမဟာမိတ်စစ်ဆင်ရေးမှာတော့ လူထုအကျိုးစီးပွားတွေထိခိုက်တယ်။ အရပ်သားတွေ သေဆုံးတာတွေရှိခဲ့တဲ့ အတွက် လူထုက အရင်ကလိုမဟုတ်တော့ဘဲ ပြစ်တင်ပြောဆိုလာတာတွေရှိလာပါတယ်။ ဒီအပေါ်မှာ ဘာများပြောချင်လဲ။
ဖြေ။ ။ ဒါကတော့ တဖက်သတ် မကြည့်စေချင်ဘူး။ ဥပမာအားဖြင့် အစိုးရဘက်က KIO တွေကို ထိုးစစ်ဆင်နေတာ၊ ပလောင်တွေကို ထိုးစစ်ဆင်နေတာ ဘယ်လောက်ကြာပြီလဲ။ အဲဒီမှာလည်း ဒေသခံလူထုတွေ အများကြီးနစ်နာတာပဲ။ စီးပွားရေးလုပ်ငန်းတွေ အများကြီး ပျက်စီးတာပဲ။ IDP တွေ ဒုက္ခသည်တွေအများကြီးပဲ ဖြစ်ခဲ့ကြတယ်။ အဲဒါတွေကို ထည့်မတွက်ဘဲနဲ့ပေါ့ဗျာ။ မဟာမိတ်တွေက ထိုးစစ်တွေပြန်လုပ်လိုက်တာနဲ့ လူထုတွေအချို့ပေါ်ဗျာ ပြဿနာတွေတက်လာတာပေါ့။ အဖြစ်အပျက်တွေ ရှိလာတာပေါ့။ အဲဒါကိုပဲ သွားမြင်မယ်ဆိုရင် ဒါကတော့ တဖက်သတ်ကျလွန်းတယ်လို့ မြင်တယ်။ နှစ်ဖက်စလုံးမြင်ဖို့ လိုတယ်။
မေး။ ။ ဟိုတနေ့က ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ စင်ကာပူခရီးစဉ်မှာ မြောက်ပိုင်းစစ်ပွဲတွေနဲ့ ပတ်သက်ပြီး ပရိသတ်က မေးတော့ နားလည်မှုမယူလို့ တိုက်ပွဲတွေဖြစ်နေတာ။ ပြည်သူတွေက ငြိမ်းချမ်းရေးလိုချင်တယ်။ တချို့ကသာ မယူရဲတာလို့ပဲ ပြောပါတယ်။ ဒီအပေါ်မှာ အန်ကယ့်အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ ငြိမ်းချမ်းရေးကို တကယ်စစ်စစ်မှန်မှန်နဲ့ ပြည့်ပြည့်ဝဝ လိုချင်မယ်ဆိုရင် ထိုးစစ်ကို ရပ်ပါ။ အစိုးရဘက်က ထိုးစစ်ကို ရပ်ရင် တို့တိုင်းရင်းသားတွေဘက်ကလည်း ထိုးစစ်ကို ရပ်မယ်။ ဒါကတော့ ကျနော်ပြောရဲတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ထိုးစစ်လုပ်ချင်တဲ့ဆန္ဒမဟုတ်ဘူးဗျ။ အခုပြန်ပြီးတော့ ထိုးစစ်လုပ်နေရတာကတော့ ဒါကတော့ ခံစစ်မလုပ်ဘဲနဲ့ ထိုးစစ်နဲ့ ခံစစ် လုပ်တာပါ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလို တချို့ ငြိမ်းချမ်းရေးကို မယူရဲသေးလို့ မရတာ ဆိုတဲ့ အပေါ်ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဒါကတော့ ဘယ်သူတွေက မယူရဲတာလဲ။ တဖက်က အဲဒါကိုလည်း ပြန်လည်သုံးသပ်ကြည့်စေချင်တယ်။ ကိုယ့်ဘက်က အထက်စီးအသေအချာ၊ အခိုင်အမာရပြီးတော့မှဘဲ ငြိမ်းချမ်းရေးကို ယူမယ်ဆိုရင်တော့လဲ တဘက်က သဘာဝ မကျဘူးလေဗျာ။ တခြားတဘက်က ဘယ်ခံနိုင်ပါ့မလဲ။ တရားမျှတမှုရှိရှိနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆိုရင်တော့လည်း ရပါတယ်။ တို့ဘက်က အမြဲ ကြိုဆိုလက်ခံတယ်ဗျ။
မေး။ ။ မြောက်ပိုင်းစစ်ဆင်ရေးကာလမှာဘဲ တရုတ်နဲ့ မြန်မာအစိုးရတို့တွေ့ပါတယ်။ ဒါပေမယ့် တိကျတဲ့ ထုတ်ပြန်မှုတွေတော့ မတွေ့ရသေးပါဘူး။ ဒီမြောက်ပိုင်းစစ်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့မြင်ပါတယ်။ အန်ကယ့်အနေနဲ့ကရော ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ အခုတိုက်ပွဲဖြစ်နေတာကတော့ တရုတ်နယ်စပ်မှာဘဲဖြစ်နေတယ်လို့ ဆိုလို့ရပါတယ်။ အခုက ဒုက္ခသည် တချို့လည်း တရုတ်နယ်ထဲကိုရောက်နေပြီဗျ။ တခါတလေ ကျည်ဆံတွေလည်း တရုတ်နယ်ထဲကိုသွားနေတယ်။ တိုက်လေယာဉ်တွေလည်း တရုတ်နယ်ထဲကနေ ဖြတ်ဖြတ်သွားနေတယ်လို့ ကြားနေရတယ်။ အဲလိုအနေအထားမျိုးမှာကတော့ တရုတ်က ပြောဖို့ တာဝန် ရှိလာပြီလေ။ သူ့နေရာနဲ့ သူ့ပြည်သူ အကျိုးကို ထိခိုက်လာရင်တော့ သူကလည်း ပြောရတော့မှာပေါ့။ နောက်သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကလည်း တကယ်လို့ အေးချမ်းရင် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း အရှိန်မပျက်ဘူးပေါ့ဗျာ။
အဲတော့ တရုတ်ကဒီလိုပြောလာတဲ့အပေါ်မှာ တို့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းမှာ နိုင်ငံတကာက ပါဝင်ပြီးတော့မှ ကြိုးပမ်းပေးရင်၊ ညှိနှိုင်းပေးရင် ဒါမှမဟုတ် သက်သေအနေနဲ့ ရပ်တည်ပေးရင် ဒါကတော့ ပိုပြီးတော့ ကောင်းတယ်လို့ မြင်တယ်။
မေး။ ။ မြောက်ပိုင်းစစ်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ မဟာမိတ် လေးဖွဲ့ကို အကြမ်းဖက်အဖွဲ့စည်းတွေအဖြစ် သတ်မှတ်ဖို့ ဟိုတနေ့ကပဲ လွှတ်တော်မှာ တပ်မတော်က တိုက်တွန်းတာတွေ့ရပါတယ်။ ဒါက အားလုံးပါဝင်ရေးကို ခြိမ်းခြောက်မှု ဖြစ်သွား စေသလား အန်ကယ်အမြင်သိချင်ပါတယ်။
ဖြေ။ ။ အေး အဲဒါပဲလေ။ မသိတဲ့လူတွေကကြတော့ ဒီဘက်ကနေပြန်တိုက်လိုက်တဲ့အခါကြတော့ ဒီဘက်ကလူတွေကို အကြမ်းဖက်သမားလို့ မြင်တယ်။ အစိုးရတပ်မတော်ကနေပြီးတော့ ထိုးစစ်ဆင်နေတာ။ လူထုတွေကို ထိခိုက်နေတဲ့ ဟာတွေ ကိုတော့ ပြန်မကြည့်ဘူးပေါ့ဗျာနော်။ အမှန်ဆိုရင်တော့ နှစ်ဘက်စလုံးကို မျှမှျှတတ ကြည့်စေချင်တယ်လို့ ကျနော်ကတော့ ပြောချင်တယ်။
မေး။ ။ ခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။ ကျနော်မေးတဲ့အထဲမှာ မပါဘူး။ အန်ကယ့်အနေနဲ့ ဖြည့်စွက်ပြောချင်တာများ ရှိမလား။
ဖြေ။ ။ တို့နိုင်ငံမှာ ရှိနေတဲ့ ပဋိပက္ခတွေကို လက်နက်ကိုင်နည်းနဲ့ဖြေရှင်းနေတာ နှစ်ပေါင်း ၇၀ နီးနေပြီနော် ဘယ်လိုမှ ပြေလည်သွားတာ မရှိဘူးလေဗျာ။ ပိုပြီးတော့တောင် ကျယ်ပြန့်နေတယ်။ နိုင်ငံလည်း တော်တော်ထိခိုက်နေပြီ။ နော်တော်လည်း မွဲနေပြီ။ လူထုတွေလည်း အများကြီး ဒုက္ခရောက်နေပြီ။ အဲဒီနည်းနဲ့ ဆက်လက်ပြီးဖြေရှင်းနေရင် နောက်ထပ် နှစ် ၇၀ လည်း ပြီးမှာ မဟုတ်ဘူးဗျ။ ဒါကိုတော့ မြင်ဖို့လိုပြီပေါ့ဗျာ။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းစေချင်တယ်။
လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံမှာ လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာနဲ့ ရပ်တည်နိုင်ဖို့ နည်းလမ်းရှာဖို့ သင့်တယ်လို့ တို့ကတော့ အဲဒီလို အကြံပေးချင်တယ်ဗျ။