WLB မှာ တိုင်းရင်းသားဒေသ အသီးသီးက အမျိုးသမီးအဖွဲ့အစည်းများစွာနဲ့ စုပေါင်းပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ WLB က အမျိုးသမီးတို့ အခွင့်အရေး တန်းတူ ရရှိနိုင်ရေး၊ ခေတ်နောက်ကျနေတဲ့ ရိုးရာဓလေ့ တွေ အရ အမျိုးသမီးတွေကို နောက်မှချန်ခဲ့တာတွေကို ဖောက်ထွက်နိုင်ရေး စတဲ့ မူဝါဒတွေ အကောင် အထည်ဖော်ဖို့အတွက် ကြိုးစားနေပြီး အိမ်တွင်းနဲ့ လူမှုအသိုင်းအဝိုင်းတွေ ကြားထဲမှာ အကြမ်းဖက်ခံနေရသူ တွေကိုလည်း ဥပဒေရေးရာအရ ရင်ဆိုင်နိုင်ဖို့ ကူညီပေးနေပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအတွင်း အမျိုးသမီးများရဲ့ အခွင့်အရေးရရှိနေမှု အခြေအနေနဲ့ ဘယ်လိုအဖြစ်အပျက် တွေကို အကြမ်းဖက်မှုလို့ ထည့်သွင်းသတ်မှတ်နိုင်မလဲစတဲ့ အချက်အလက်တွေကို ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်က WLB အတွင်းရေးမှူး ဂျူလီယာမရစ်နဲ့ တွေ့ဆုံပြီး မေးမြန်းထားပါတယ်။
မေး ။ ။ မြန်မာနိုင်ငံတွင်းက လူမှုအသိုင်းအဝိုင်းအချို့ကြားမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှု မရှိပါဘူးလို့ ငြင်းခုန်မှုတွေ ရှိတယ်။ ပြည်တွင်းမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့် အခြေအနေ တွေက ဘယ်လို ရှိနေပါသလဲ ။
ဖြေ။ ။ ကျမတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အခြေအနေကို ပြောရမယ်ဆိုရင် ကျမတို့ အခြေအနေ ၂ မျိုးကို စဉ်းစားရမယ်။ မြို့ကြီးပြကြီးမှာ မွေးဖွားလာတဲ့ သူတွေ အနေအထားနဲ့ တိုင်းရင်းသားဒေသတွေမှာ ခေါင်လွန်းတဲ့ ဒေသတွေမှာ နေထိုင်တဲ့ အမျိုးသမီးတွေ အနေအထားကို ခွဲမြင်ဖို့ လိုပါတယ်။
မြို့ကြီးပြကြီးမှာ ဆိုရင် တစုံတရာ ပညာရေး အခွင့်အလမ်းတွေ ရှိကြမယ်။ တိုင်းရင်းသားဒေသတွေမှာ ရှိတဲ့ အမျိုးသမီးတွေကျတော့ စစ်ဖြစ်ပွားပြီး မဖွံ့ဖြိုးတဲ့ နေရာတွေမှာ နေနေရတယ်။ ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ အမျိုးသမီးတွေအတွက်က ပညာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေး တွေကို အပြင်နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုရင် တိုင်းရင်းသားဒေသတွေမှာရှိနေတဲ့ အမျိုးသမီးတွေရဲ့ အနေအထား၊ အခြေအနေတွေက မြို့ကြီးပေါ် က အမျိုးသမီးတွေထက် အခွင့်အလမ်းတွေ အခွင့်အရေးတွေ နည်းပါးနေတာ တွေ့ရပါတယ်။
အခွင့်အလမ်းရှိတဲ့ အမျိုးသမီးတွေကတော့ ပြောမှာပေါ့။ ကျမတို့က အမျိုးသမီးတွေ ပါဝင်ရေးလို့ ပြောလာရင် ဘာစံသတ်မှတ်ချက်မှ မလိုဘူး။ဘာပံ့ပိုးမှုမှ မလိုဘူး။ ကျမတို့မှာ အရည်အချင်းရှိတယ်။ ကျမတို့ လုပ်နိုင်တယ်။ အရည်အချင်း ရှိရင် ရှိသလောက် သွားနိုင်တယ် ဆိုတာမျိုး ရှိတယ်။ ဒါပေမယ့် ကျမတို့ မြန်မာ နိုင်ငံမှာ ရှိတဲ့ အမျိုးသမီးထု အားလုံးအတွက် ပြောမယ်ဆိုရင်တော့ အမျိုးသမီးတွေ ပါဝင်ရေးတွေ ဘာတွေ အတွက်က မူဝါဒတွေ ချမှတ်ပေးဖို့ လိုပါတယ်။ ဒါမှ အာမခံချက် ရှိမယ်။
ကျမတို့ မြန်မာနိုင်ငံက ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာအရ ပညာရေးမှာ အခွင့်အလမ်း အရမ်းနည်းပါးခဲ့ တာတွေ ရှိပါတယ်။ ဒါတွေကို စဉ်းစားပေးပြီးတော့မှ အစိုးရက ယာယီအထူးလုပ်ဆောင်ချက် အနေနဲ့ မူဝါဒ တွေ ချမှတ်ပေးမယ် ဆိုရင်တော့ ကျမတို့ အမျိုးသမီးတွေက ဆုံးဖြတ်ချက် ချတဲ့နေရာတွေမှာ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာပဲ ဖြစ်ဖြစ် ကျမတို့ အမျိုးသမီးတွေ ပါဝင်မှု ပိုမြင့်တတ်လာမယ်လို့ ယုံကြည်ပါ တယ်။
မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီးမှာရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေကတော့ ဟုတ်ပါတယ် သူတို့မှာ အရည်အချင်းတွေ အများကြီး ရှိနေတယ်။ ပညာရေးပိုင်းလည်းရှိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံထဲက အမျိုးသမီးထုလို့ ပြောမယ် ဆိုရင်တော့ မြို့ကြီးပြကြီးတွေမှာရှိတဲ့ အမျိုးသမီးခေါင်းဆောင် တွေ တင် မဟုတ်ပဲ တောထဲတောင်ထဲတွေမှာလည်း ရှိနေတဲ့ အမျိုးသမီးတွေ အားလုံးကို လွှမ်းခြုံနိုင်ဖို့ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။
မေး ။ ။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အခွင့်အရေးချိုးဖောက်မှုတွေက ကိုယ်ထိလက်ရောက် လုပ်လိုက် တာမျိုး ဆိုရင်တော့ ဒါအကြမ်းဖက်လို့ သိနိုင်တယ်လေ။ ကိုယ်ထိလက်ရောက် မဟုတ်ပဲ အခြား ဘယ်လိုနည်းတွေနဲ့ကရော အကြမ်းဖက်တယ်လို့ သတ်မှတ်သလဲ ။ ရှင်းပြပါဦး။
ဖြေ။ ။ ကျမတို့ မြန်မာနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုလို့ ပြောရမယ်ဆိုရင် ရာခိုင်နှုန်းအနေနဲ့ကတော့ သိသိ သာသာ ပြောဖို့ ခက်ပေမယ့် ကျမတို့ ပြောနိုင်တာက အိမ်တိုင်းလိုလိုမှာရှိနေတဲ့ အမျိုးသမီးတွေက အနည်းဆုံး ကိုယ်ခန္ဓာဗေဒအရ အကြမ်းဖက်မှုတွေ မဟုတ်ရင်တောင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံစားနေရတယ်။ အချို့ကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံံစားနေရတဲ့သူတွေလည်း ရှိတယ်။ အားလုံး ၁၀၀ ရာခိုင်နှုန်း မဟုတ်သည့် တိုင်အောင် ၇၀ ရာခိုင်နှုန်းလောက်ကတော့ အိမ်တွင်း အကြမ်းဖက်မှု တွေကို ခံစားနေရလိမ့်မယ်လို့ ကျမပြောနိုင်ပါတယ်။
ဘာလို့လည်း ဆိုတော့ ကျမတို့ကို ကိုယ်ခန္ဓာအရ အကြမ်းဖက်တာမျိုး မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက် ခံရမယ့် အနေအထားတွေကို ထည့်သွင်းစဉ်းစား တွက်ချက်တာကြောင့်ပါ။
အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်တယ်ဆိုတာက ပါးစပ်နဲ့လည်း အကြမ်းဖက်တာ ရှိတယ်။ ကျမတို့ လည်း ငယ်ငယ်က ကြုံခဲ့ရပါတယ်။ မိန်းကလေး ကိုယ်ခန္ဓာမှာ အချို့က ရင်သားတွေ ကြီးနေမလား။ တင်ပါး တွေ ကြီးနေမလား။ ဒါမျိုးကို ယောက်ျားလေးတွေက အနောက်ဘက်ကနေ ကြည့်ပြီး လှောင်ပြောင် ပြောဆို တာမျိုးတွေ ရှိတယ်။ မဖွယ်မရာ စကားလုံးတွေနဲ့ ပြောတာတွေ ရှိတယ်။ ဒါတွေကလည်း အမျိုးသမီးတွေ အပေါ် အကြမ်းဖက်နေတယ်လို့ကျမတို့က ယူဆပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်တာပါ ။
အမျိုးသမီးတွေက လူမှုအသိုင်းအဝိုင်းကြားမှာ သွားလာနေတဲ့ အခါမှာ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အပေါ် မှာ ကြည့်ပြီး အမျိုးသားတွေက အနောက်မှာ လှောင်ပြောင်မယ်ဆိုရင် အပြင်ကိုလည်း မိန်းကလေး တွေက တယောက်တည်း သွားလာရဲတော့မှာ မဟုတ်ဘူး။ အဲဒီ နောက်ဆက်တွဲက အိမ်ထဲမှာပဲ နေနေရမယ်။
အမျိုးသမီးတယောက်အနေနဲ့ လူထုကို ဦးဆောင်ဦးရွက် ပြုတဲ့နေရာတွေမှာ အများကြီး အခက်အခဲ ဖြစ်လာ နိုင်ပါတယ်။ ပါးစပ်နဲ့ နောက်ကနေ ပြောပြီး အကြမ်းဖက်တာတွေလည်း ရှိသလို ကျမတို့ရဲ့ ခင်မင်ရင်းနှီးတဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ဖြစ် သူငယ်ချင်းယောက်ျားလေးတွေ ဖြစ်ဖြစ် အမျိုးသမီးတွေကို ခန္ဓာကိုယ်အရ ထိကပါး ရိကပါး လာကိုင်တွယ်တာတွေ ရှိပါတယ်။ ဒါတွေက တမင်တကာ လုပ်တာမျိုးမဟုတ်ပဲ မတော်တဆ ပုံစံနဲ့ အမျိုးသမီးတွေရဲ့ အဓိက နေရာတွေကို ကိုင်တွယ်ခံရတဲ့ အနေအထားတွေလည်း ရှိပါတယ်။
နောက်တခုက အမျိုးသားတွေပဲ အကြမ်းဖက်တာလည်း မဟုတ်ပါဘူး။ တခါတလေ အမျိုးသမီးအချင်းချင်း အကြမ်းဖက်တာမျိုးလည်း ရှိပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတဦးတွေ့ပြီဆိုရင် အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း ဒီလိုဖြစ်တာ သူ့ကြောင့် ဆိုပြီး အပြစ်တင်တာတွေ ရှိတယ်။ အပြစ်ပုံချတာတွေပေါ့။
ဒါတွေက ဆက်လက်ပြီး လူထုအသိုင်းအဝိုင်းကြားမှာ အမြင်ဖွင့်ပေးရမယ်။ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေ ကိုလည်း နှစ်သိမ့်ဆွေးနွေး အားပေးတာက အားလုံးမှာ တာဝန်ရှိတယ်။ ဒါမှ အမျိုးသမီးတွေက အကြမ်း ဖက်ခံရတာပဲ ဖြစ်ဖြစ် ၊ ထိကပါးရိကပါးလုပ်ခံရတာပဲ ဖြစ်ဖြစ် ပြောရဲဆိုရဲလာမယ်။ ပြောရဲဆိုရဲမှပဲ ပြုလုပ်တဲ့ သူတွေ ကျုူးလွန်တဲ့ သူတွေက နောက်ဆို မလုပ်ရဲတော့မှာ။ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုနဲ့ လူထု အသိုင်း အဝိုင်းကြားမှာ သွားလာရဲလာမှာ။ ဦးဆောင်ဦးရွက်ပြုတဲ့ အခါမှာလည်း သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချစွာနဲ့ သွားလာနိုင်မှာ ဖြစ်တယ်။
ဒါတွေက အမျိုးသမီးတိုင်း၊ အမျိုးသားတိုင်း၊ အစိုးရအာဏာပိုင်တိုင်း အားလုံးမှာ တာဝန်ရှိပါတယ်။
မေး ။ ။ ပြည်တွင်းမှာ အမျိုးသမီးတွေ အများစုက သူတို့ကိုယ်တိုင် အမျိုးသမီးတွေကို အကာ အကွယ် ပေးတဲ့ ဥပဒေ တွေကို မသိကြဘူး။ ဆိုတော့ အကြမ်းဖက်မှု တခုခု ခံရရင် ဘာတွေ လုပ်လို့ ရမလဲ အမျိုးသမီး တွေကလေ။
ဖြေ။ ။ကျမတို့ မြန်မာနိုင်ငံက CEDAW သဘောတူညီမှု စာချုပ်ကို ၁၉၉၇ လက်မှတ်ရေးထိုးထားပေမယ့် တကယ့် တကယ် အမျိုးသမီးအခွင့်အရေး ရှိတယ်ဆိုတာကို မြနန်မာနိုင်ငံက အမျိုးသမီးတိုင်း မသိကြသေးပါဘူး။ နောက်ပိုင်းမှာ လူမှုအရပ်ဘက်အဖွဲ့တွေက CEDAW ဆိုတာ ဘာတွေပါလဲ ဆိုတာကို ပြောပြပေးတယ်။ ဒီအမျိုးသမီးအခွင့်အရေးက အစိုးရက လက်မှတ်ထိုးထားတယ်။ အစိုးရက ဘာတွေ လုပ်ပေးရမလဲ ဆိုတာကို ထောက်ပြတယ်။
ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် လူထုအသိုင်းအဝိုင်းတွေမှာ အသိပေးစည်းရုံးတဲ့ နောက်ပိုင်းမှာတော့ တချို့ အမျိုးသမီး တွေကြားမှာ CEDAW ကို နှံ့နှံ့စပ်စပ် သိလာတာတွေ ရှိတယ်။ ဒါပေမယ့် အစိုးရက ဆက်လက် ပြီးမှ အမျိုးသမီးတွေ အခွင့်အရေး ဖော်ဆောင်ပေးဖို့မှာ ဆက်လက် အားစိုက်ရမယ့် အခြေအနေ ရှိပါ တယ်။ ကျမတို့ မြန်မာနိုင်ငံက မတူညီတဲ့ တိုင်းရင်းသားပေါင်းစုံ ဖြစ်တာကြောင့် တိုင်းရင်းသားတွေမှာ အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်ချုပ်ခြယ် ထားတာတွေ ရှိတယ်။ ဒီတော့ အစိုးရက ဒီလိုခွဲခြားဖိနှိပ်မှုတွေကို ပပျောက်အောင် လုပ်ပေးဖို့ လိုပါတယ်။
ဖျောက်လိုက်တော့ မရှိနဲ့တော့ ပြောလို့ မရဘူးပေါ့ ။ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ ခေါင်းဆောင်တွေကို အစိုးရက အသိပညာပေး ညှိနှိုင်းပေးရင် အမျိုးသမီးတွေကို ပုံစံခွက် သွင်းတာ ကျဆင်းသွားမယ်။ အခွင့်အရေးတွေကိုလည်း ပိုပြီးတော့ ပေးနိုင်မယ့် လူမှုအသိုင်းအဝိုင်းလည်း ဖြစ်လာမှာပါ။
မေး ။ ။ ပြည်တွင်းမှာ သက်ငယ်မုဒိန်းမှုတွေက ပိုများလာတယ်။ အဲဒီအပေါ် တရားရေးအရ အစိုးရရဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေ အပေါ် ဘယ်လို မြင်ပါသလဲ ။
ဖြေ။ ။ ၂၀၁၅-၂၀၁၆ မှာ မြန်မာပြည်တွင်းမှာ သက်ငယ်မုဒိန်းတွေ ပိုပြီးတော့ များလာတယ်။ ကျမတို့ အဖွဲ့အစည်း မှာလည်း တိုင်ကြားလာတာတွေ အများကြီးရှိပါတယ်။ ဒီအချိန်မှာ အစိုးရအနေနဲ့ သက်ငယ်မုဒိန်းမှုတွေကို ဘယ်လိုမျိုးအပြစ်ပေး အရေးယူမလဲ။ သေချာတာကတော့ ကြီးလေးတဲ့ အပြစ်ပေး အရေးယူမှုမျိုးတော့ ရှိရမယ်။ အစိုးရကနေ ဥပဒေတွေကို အမြန်ပြဌာန်းပေးပြီးတော့မှ အကောင်အထည် ဖော်ဖို့ လိုအပ်တယ်။
ဥပဒေပိုင်းဆိုင်ရာ အရေးယူပေးတဲ့စနစ်၊ တရားရုံး၊ ရှေ့နေ၊ တရားသူကြီးတွေ၊ ရဲအဖွဲ့တွေရယ်က ဥပဒေကို နှံ့နှံ့စပ်စပ်သိပြီး အကောင်အထည်ဖော်မှုပိုင်းဆိုင်ရာ မှာ လူမှု အသိုင်းအဝိုင်းတွေကရော ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာတွေကို အသိပညာပေးဖို့လည်း လိုအပ်တယ်။
အစိုးရက လက်ရှိဖြစ်နေတဲ့ သက်ငယ်မုဒိန်းတွေကို ကာကွယ်တားဆီးပေးဖို့အတွက် ဥပဒေတွေ အလျင်အမြန် ထုတ်ပြန်ပြဌာန်းပေးဖို့ လိုပါတယ်။
မေး။ ။ တချို့ ကိုယ်ထိလက်ရောက်စော်ကားမှုတွေမှာ အစ်ကိုတွေ အဖေတွေ ကိုယ်တိုင်က ပြန်လည် ကျူးလွန် တာမျိုးတွေလည်း ရှိတယ်။ ဒီလို ကိစ္စတွေမှာ အမျိုးသမီးငယ်တွေက မတိုင်ရဲ မပြောရဲတာတွေ တွေ့ရ တယ်။ ဒီလို ကြုံတွေ့နေရတဲ့ သူတွေအပေါ် ဘယ်လို အကြံပေးချင်ပါသလဲ ။
ဖြေ။ ။ ကျမတို့က အမျိုးသမီးတွေ အပေါ်မှာ ဘယ်ပုံစံပဲ အကြမ်းဖက်ဖက် ဆန့်ကျင်ပါတယ်။ ထိုနည်း လည်းကောင်းပဲ ကျမတို့က အမျိုးသမီးတွေကို အားပေးချင်တယ်။ ဘယ်လိုမျိုးလဲ ကြုံရရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပဲ ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပဲ ဖြစ်ဖြစ် ကျမတို့နဲ့ အရင်းနှီးဆုံး လူကို ဆွေးနွေးတိုင်ပင်ပါ။ ဥပဒေကြောင်းအရလည်း အကာကွယ် ပေးဖို့ အရေးကြီး ပါတယ်။ ဒါတွေကို ထုတ်ဖော်ပြောဆိုဖို့လည်း လိုအပ်ပါတယ်။ မဟုတ်ရင် ကျူးလွန်တဲ့ တရားခံက ဆက်လက်ပြီး ကျူးလွန်နေမှာပဲ ။
ကိုယ့်မိသားစုထဲက မိသားစုဝင်တွေကို အကြမ်းဖက်မယ်။ မပြောခံရဘူး။ ကိုယ်လုပ်ခဲ့တဲ့ ပြစ်မှုအတွက် သူက အရေးယူမခံရတဲ့အခါ တဆင့်တတ်ပြီးတော့ လက်ရဲဇက်ရဲ ဖြစ်လာရင် အမျိုးသမီးတွေက ဘယ်နေရာ နေနေ လုံခြုံမှု မရှိနိုင်တော့ဘူး။ ဒါ့ကြောင့် အကြမ်းဖက်ခံရရင် သတ္တိရှိရှိနဲ့ ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုအပ်တယ်။
ကျမတို့ WLB အတွေ့အကြုံအရ ဖအေက မုဒိန်းကျင့်ပြီး ကလေးကို ထောင်က ပြန်ထွက်လာရင် သတ်မယ် ဆိုပြီးတော့မှ ခြိမ်းခြောက်မှုတွေ ရှိတယ်။ အစိုးရအနေနဲ့က အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ အမှန်တရား ကို ရင်ဆိုင်နိုင်ဖို့ ပံ့ပိုးပေးရမှာ ဖြစ်သလို လုံခြုံရေးကိုလည်း ဆောင်ရွက်ပေးဖို့ လိုပါတယ်။
သက်ငယ်မုဒိန်းမှာဆိုရင် ကလေးတွေရဲ့ အနာဂတ် သူတို့ ပညာဆက်လက်သင်ကြားနိုင်အောင် ပတ်ဝန်းကျင်အသစ်ကို ပို့မှာလား ။ အဲဒီလို ပံ့ပိုးပေးရမယ့် အပိုင်းတွေ ရှိပါတယ်။